Monday, October 14, 2013

ဂါရ၀ဖြင့်

ကျွန်တော် ဗိုလ်မှူး ဘ၀က ကွပ်ကဲမှု ဌာနချုပ် တစ်ခုရဲ့ တပ်မှူးကြီး လက်အောက်မှာ စစ်ဦးစီး အရာရှိ အဖြစ် အမှု ထမ်းဆောင်ခွင့် ရခဲ့သည်။ ကျွန်တော့် တာဝန်တွေ ထဲက တစ်ခု ကတော့ တပ်မှူးကြီး ထံရောက် လာသော စာတွေ၊ သူက ပို့တဲ့ စာတွေကို မှတ်ပုံ တင်ထား ရခြင်းပင် ဖြစ်သည်။
ကျွန်တော်တို့ တပ်မတော်မှာ နှစ်စဉ် လွတ်လပ် ရေးနေ့ သ၀ဏ်လွှာများ အပြန် အလှန် ပေးပို့သော အစဉ် အလာ ရှိသည်။ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ် အားလုံးက ကိုယ်စီ လွတ်လပ် ရေးနေ့ သ၀ဏ်လွှာများ ရိုက်နှိပ်ပြီး အထက် တပ်ဖွဲ့များ၊ အထက် အရာရှိများ၊ လုပ်ဖော် ကိုင်ဘက် တပ်ဖွဲ့များ၊ လုပ်ဖော် ကိုင်ဘက် အရာရှိ များထံ ပေးပို့ ကြသည်။
ဒီတော့ ကျွန်တော် ကလည်း ကျွန်တော့် တပ်မှူးကြီးထံ ရောက်လာသော သ၀ဏ်လွှာ တွေကို စုစည်း တင်ပြရ သလို သူ ပေးပို့မည့် သ၀ဏ်လွှာ များကိုလည်း စီစဉ် ပေးရသည်။ အဲဒီမှာ တပ်မှူးကြီးရဲ့ ထူးခြား မှုကို သတိပြု မိသည်။ သူ့ထံ ရောက်လာသော သ၀ဏ်လွှာ များကို သေသေ ချာချာ ဖတ်သလို  သူပို့မည့် သ၀ဏ်လွှာ များကိုလည်း သူကိုယ်တိုင် ရေးသား လက်မှတ် ထိုးသည်။ များသော အားဖြင့် တပ်ရင်း မှူးလောက် ဖြစ်လာလျှင်ပင် လေးစား စွာဖြင့် ဆိုသည့် စာသားနှင့်  တပ်ရင်းမှူးနှင့် အရာရှိ၊ အရာခံ အကြပ် တပ်သားများ ဆိုသည် စာသားကို တံဆိပ်တုံး လုပ်ပြီး သ၀ဏ်လွှာမှာ ရိုက်နှိပ် ပေးပို့ လေ့ရှိရာ တပ်မှူးကြီး၏ အပြုအမူက အထူးအဆန်း ဖြစ်နေသည်။
ဒါနဲ့ သူရေးသား လက်မှတ် ထိုးထားသော သ၀ဏ်လွှာ များကို စာအိပ်တွင်း ထည့်ရင်း ဖတ်ကြည့်တော့ အခုလို တွေ့ရသည်။
လက်အောက် တပ်ဖွဲ့ များရဲ့ တပ်မှူးများ ထံပေးပို့ သော သ၀ဏ်လွှာမှာ ဆိုလျှင်  သင့်ရဲဘော်   ဟု ရေးပြီး လက်မှတ်ထိုး သည်။ တစ်ခါ တစ်လေ ဘာမှမရေး ၊ လက်မှတ် မထိုးပဲ ××× နှင့် အရာရှိ အရာခံ အကြပ် တပ်သားများ ဟုသာ  တံဆိပ်တုံး ရိုက်ပေး လိုက်သည်။
သူနဲ့ အဆင့်တူ တပ်မှူးများ ထံသို့ ပေးပို့လျှင်တော့   ခင်မင်စွာဖြင့်  နှင့် ခင်မင် လေးစားစွာဖြင့်  ဟု နှစ်မျိုးေ ရးပြီး လက်မှတ်ထိုး သည်ကို တွေ့ရသည်။
သူရဲ့ အထက် အရာရှိများ၊ အထက် အရာရှိ ဖြစ်ခဲ့ဖူးသူ များထံ ပေးပို့လျှင်တော့ ဂါရ၀ဖြင့်၊ ရိုသေ လေးစား စွာဖြင့် ၊ လေးစား စွာဖြင့်  ဟု သုံးမျိုး ရေးပြီး လက်မှတ် ထိုးသည်ကို တွေ့ရသည်။
ပထမ တစ်နှစ်တော့ ဘာ့ကြောင့် ဆိုတာ မမေးရဲ။ နောက်နှစ် ကျတော့ သားအဖလို ဖြစ်နေသဖြင့် အရဲစွန့်ပြီး အဲဒီလို အမျိုးမျိုး ခွဲခြား ရေးရသည့် အကြောင်းကို မေးကြည့်မိတော့ တပ်မှူးကြီးက အခုလို ရှင်းပြ ခဲ့သည်။
လက်အောက် တပ်ရင်း တွေက သ၀ဏ်လွှာ ပို့သည့် အခါ တစ်ချို့ တပ်မှူး တွေက ကိုယ်တိုင် လက်မှတ် ထိုးသည်။ တစ်ချို့က လက်အောက် ရဲဘော်ကို တံဆိပ်တုံး ရိုက်ခိုင်းပြီး တာဝန်ကျေ ပို့လိုက်သည်။ ဒါ့ကြောင့် ကိုယ်တိုင် လက်မှတ်ထိုး ပို့သူ တွေထံ သူကိုယ်တိုင် လက်မှတ် ထိုးပြီး ပြန်ပို့ခြင်း ဖြစ်သည်။ လက်မှတ် မထိုးသူတွေ ထံတော့ လက်မှတ် မထိုးပဲ ပြန်ပို့သည်။
သူနဲ့ အဆင့်တူ တပ်မှူးတွေ ထဲမှာ လုပ်ဖော် ကိုင်ဘက် အဖြစ် ခင်မင် ရင်းနှီး သူတွေ ရှိသည်၊ ဒီလူတွေ ကိုတော့ ခင်မင်စွာဖြင့်   ဟု ရေးသည်။ တစ်ချို့ အဆင့်တူ တပ်မှူးတွေ ထဲမှာ အရည် အချင်း အရ၊ ကိုယ်ကျင့် တရား အရ သူကိုယ်တိုင် လေးစားရ သူ တွ ရှိသည်။ ဒီလို လူတွေ ကိုတော့ ခင်မင် လေးစား စွာဖြင့်  ဟု ရေးပါ သတဲ့။
ဒီလိုပါပဲ။ လက်ရှိ အထက် အရာရှိများ ထဲမှာ ၊ ဟိုတုန်းက အထက် အရာရှိ ဖြစ်ခဲ့ သူတွေ ထဲမှာ ရာထူး တာဝန် အရသာ လေးစား နိုင်ပြီး ကိုယ်ကျင့်တရား အပါအ၀င် အကြောင်း တစ်ခုခုကြောင့် သူ မနှစ်သက်တဲ့ လူတွေ ရှိသည်။ အဲဒီလူ တွေ ကိုတော့ လေးစား စွာဖြင့် လို့ပဲ ရေးသည်။ ရာထူး တာဝန် အရ အပြင် အရည် အချင်း အရ၊ ကိုယ်ကျင့် တရား အရလည်း လေးစားရ၊ တန်ဖိုး ထားရ သူတွေ ကိုတော့ ရိုသေ လေးစား စွာဖြင့် လို့ ရေးသည်။ တစ်ချို့ ပုဂ္ဂိုလ်တွေ ကျတော့ တပ်မတော် ထဲမှာ တာဝန် ထမ်းဆောင်ဆဲ သူတွေ သာမက အခုအချိန်မှာ အငြိမ်းစား ယူနေ သူများ ဖြစ်နေ သည့်တိုင် သင်ဆရာ၊ မြင်ဆရာ အဖြစ် လေးစား ရသူ၊ ကိုယ်ကျင့် တရား အရရော၊ အရည် အချင်း အရရော လေးစား ရသူတွေ ဖြစ်လို့ ဂါရ၀ဖြင့် လို့ ရေးသား ခြင်း ဖြစ်ပါသတဲ့။
တပ်မှူးကြီး ရှင်းပြတာ ကြားရတော့ စကားလုံး များရဲ့ လေးနက်မှုကို သဘောပေါက် သွားခဲ့သည်။ သူပို့သည့် သ၀ဏ်လွှာ တွေကို တစ်ခုခြင်း ပြန်ကြည့်တော့ အဲဒီပုဂ္ဂိုလ် တွေကို သူ့ဘာကြောင့် ဒီလို ခွဲခြား ရေးတယ် ဆိုတာကို သဘောပေါက် မိသည်။ မှတ်မှတ်ရ ရ ထိုအချိန်က ဘုန်းမီး နေလ တောက်ပ လှသော ပုဂ္ဂိုလ် တစ်ဦးကို ကိုယ်ကျင့် တရားအရ မကြိုက်လို့ ထင်ပါရဲ့  လေးစား စွာဖြင့် လို့ပဲ ခပ်တိုတို ရေးထား သည်ကို တွေ့ရသည်။
ထိုအချိန်က ကျွန်တော့် ဆရာ သမား ရှင်းပြသည့် အချက်ကို ဘယ်သူ ကိုမှ မပြောပြခဲ့၊ သူ ကိုယ်တိုင်လည်း ကျွန်တော်က လွဲလို့ ဘယ်သူ့ ကိုမှ ပြောပြပုံ မရ။ ပြောပြ လိုက်ရင်လည်း အတော် ပြဿနာ တက်မည့် ကိစ္စ ဖြစ်သည်။ အခုတော့ မိဘ လို ချစ်ခင် လေးစား ရသည့် ဆရာလည်း ကွယ်လွန် သွားခဲ့ပြီ။  ဒါပေမယ့် သူသင်ပြ ပေးခဲ့သော အယူအဆ ကတော့ ရင်ထဲမှာ စွဲနေ ခဲ့သည်။ သို့တိုင်အောင် သူ့လို ကျင့်သုံး ဖို့တော့ အတော် လက်တွန့် ခဲ့သည် ကိုလည်း ၀န်ခံ ရမည် ဖြစ်ပါသည်။
သြဂုတ်လ ၁၁ ရက်နေ့ က ဆရာ မောင်ဝံသ အိမ်သို့ နာရေး သတင်း မေးရန် ရောက်သွား ခဲ့သည်။ စာဖတ် ဝါသနာ ပါသော ကျွန်တော့် အတွက် အချို့ စာရေး ဆရာများကို လူချင်း ခင်သော်လည်း သူတို့ စာတွေကို လေးစားလို့ မရတာ ရှိသည်။ အချို့ ဆရာ သမားများ ကြတော့လည်း စာတွေ ဖတ်ပြီး လေးစား ခဲ့သမျှ ကိုယ်တိုင် ထိတွေ့ ဆက်ဆံ ရသော အခါ၊ ဒါမှမဟုတ် သူတို့ အကြောင်းတွေ ကြားရသည့် အခါ လူအပေါ် လေးစားမှု လျော့ရ ပြန်သည်။ အချို့ စာရေး ဆရာ၊ စာနယ်ဇင်း ဆရာများ ကြတော့လည်း စာကိုရော၊ လူပုဂ္ဂိုလ် ရော လေးစား ရပါသည်။ သူတို့နဲ့ အယူအဆ ကွဲပြားမှု ရှိသည့် တိုင် သူတို့အပေါ် လေးစား မှုက မလျော့။ ဆရာ မောင်ဝံသ ကား ဆက်ဆံ ဖူးသူ တိုင်းက စာ အတွက်ရော၊ အရည် အချင်းနှင့် ကိုယ်ကျင့် တရား အရပါ လေးစား ရသူ ဖြစ်သည်။
ဒါပေမယ့် ကျွန်တော့် အတွက် ဆရာ မောင်ဝံသက မြင် ဆရာလည်း ဖြစ်သည်။ ကျွန်တော်တို့ ဗိုလ်လောင်း ဘ၀မှာ ဆရာ့ စာအုပ် တွေက နိုင်ငံတကာ အရေးကို စိတ်ဝင် စားအောင် ပို့ဆောင် ပေးခဲ့သည်။ နောက်ပိုင်း ကျွန်တော် နိုင်ငံတကာ ရေးရာ ဆောင်းပါးများ ရေးတော့ ဆရာ့ ဘာသာ ပြန်ဟန်၊ စကားလုံး အသုံး အနှုန်း များကို အတုယူ ခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှာတော့ ကျွန်တော် ဌာန ဆိုင်ရာ တာဝန်ဖြင့် ချင်းတွင်းမြစ် အတိုင်း စုံဆင်းခ ရီးသွားခဲ့သည်။ ခရီးမှ အပြန် ဆောင်းပါး တစ်ပုဒ် ရေးပြီး ဖေ့ဘွတ်မှာ တင်တော့ ဆရာ မောင်ဝံသက ပြည်သူ့ခေတ်မှာ ထပ်ဆင့် ဖော်ပြပေး ခဲ့သည်။ ဒါ့အပြင် ကျွန်တော်ကို ရသ လက်ရှိတယ်၊ ရေးပါ ဆိုပြီး အားပေးခဲ့သည်။ ဘယ်လို ခံစားပါ၊ ဘယ်လို ရေးပါ ၊ စကားလုံးကို ဘယ်လို သုံးပါ ဆိုပြီး သင်ပေး ခဲ့သည်။ ဒီလိုနဲ့ အခု နောက်ပိုင်း ရသ စာတမ်း ဆန်ဆန်  စာစု လေးများကို ထုံ့ပိုင်း ထုံ့ပိုင်း ရေးဖြစ် သွားသည်။ ကြိုက်သွား မှာပါလို ဆောင်းပါး ကိုတော့ အတွေး အမြင် မှာပင် ထပ်ဆင့် ဖော်ပြပေး ခဲ့သည်။ ဒီတော့ ဟိုတုံးက မြင် ဆရာသာ ဖြစ်ခဲ့သော ဆရာသည် ကျွန်တော့် အတွက် သင်ဆရာပါ ဖြစ်ခဲ့သည်။
အခုတော့ ဆရာ မရှိတော့။ ဆရာ့ အတွက် ၀မ်းနည်းခြင်း မှတ်တမ်းမှာ ရေးပြီးသည့် အခါ အောက်မှာ ဂါရ၀ဖြင့်  ဟု ရေးသား လက်မှတ် ထိုးခဲ့သည်။ လူတွေကို တစ်ဦးချင်း အကဲဖြတ်ပြီး သ၀ဏ်လွှာကို အမျိုးမျိုး ရေးခဲ့သည့် ကျွန်တော့် ဆရာ သမားက တော့ ကျွန်တော် ဘာ့ကြောင့် ဒီလို ရေးသည်ကို နားလည်ပြီး ကျေနပ် နေလိမ့်မည် ထင်ပါသည်။
ရဲထွဋ်

Facebook စာမျက်နှာမှ 

No comments:

Post a Comment