Tuesday, October 8, 2013

ဘယ်သွားမလဲ အိန္ဒိယ

၂၁ ရာစုကို အာရှ ရာစုနှစ်ဟု နိုင်ငံရေး အကဲခတ် အချို့က သတ်မှတ် ကြသည်။ ၂၁ ရာစု အဝင်မှာ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံက အာရှ၏ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ အဖြစ် ပေါ်ထွက် လာခဲ့ ကြသည်။ ထိုအထဲတွင် အိန္ဒိယက တရုတ်ထက် စာလျှင် စီးပွားရေး အင်အားကြီး နိုင်ငံ အဖြစ်သို့ အရောက် နောက်ကျ ခဲ့သော်လည်း တရုတ်ထက် သာလွန်သော အခြေအနေ များကို ပိုင်ဆိုင် ထားခဲ့သည်။ ထိုအခြေ အနေများ အနက် အရေးကြီး ဆုံးမှာ အိန္ဒိယသည့် လွပ်လပ်ရေး ရချိန်မှ စပြီး ယနေ့အထိ လူဦးရေ အများဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ပြင် အိန္ဒိယ နိုင်ငံ၏ ဥပဒေ၊ အစိုးရ အုပ်ချုပ်မှု ယန္တရား၊ ငွေကြေး ဈေးကွက်၊ ကုမ္ပဏီ စည်းမျဉ်းများ၊ အများသုံး ဘာသာစကား စသည် တို့မှာ အင်္ဂလိပ် စနစ်ကို အခြေခံ ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အပါအဝင် အနောက် အုပ်စု အနေဖြင့် တရုတ်ထက် စာလျှင် အိန္ဒိယနှင့် ဆက်ဆံ ရသည်က ပိုပြီး သက်တောင့် သက်သာ ရှိသည်။ အလားတူပင် တတိယ ကမ္ဘာ နိုင်ငံများ အနေဖြင့်လည်း ကွန်မြူနစ် တရုတ် နိုင်ငံထက် စာလျှင် အိန္ဒိယနှင့် ဆက်ဆံခြင်းက ပြည်တွင်း၊ ပြည်ပ၏ အမြင် မကြည်လင်မှု နည်းပါး နိုင်သည်ဟု ယူဆကြသည်။ ထိုအခြေ အနေတွေက အိန္ဒိယနိုင်ငံကို စီးပွားရေး တွင် သာမက ပထဝီ နိုင်ငံရေး တွင်ပါ အရေးပါ သော ဇာတ်ကောင် ဖြစ်လာအောင် တွန်းပို့နေ၏။ အိန္ဒိယ နိုင်ငံကရော ထိုအခြေ အနေများကို ဖမ်းဆုပ်ပြီး မည်ကဲ့သို့ အသုံးချ မည်နည်း။
ရေခံမြေခံ အကြောင်းများ
အိန္ဒိယသည် စီးပွားရေး အင်အား တောင့်တင်းသည့် ဒီမိုကရေစီ နိုင်ငံ ဖြစ်သည့် အပြင် အာရှတိုက် ၏ အနုမြူ လက်နက် ပိုင်ဆိုင်သော နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ ထို အခြေအနေ များက အာရှတိုက်မှ အိန္ဒိယ နိုင်ငံ၏ အခန်း ကဏ္ဍကို ပြဋ္ဌာန်း ပေးနေသည်။ အာရှေ ဒသတွင် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့က ဒေသခံ အဓိက ဇာတ်ဆောင်များ ဖြစ်ပြီး အမေရိကန်က ပြင်ပက ဝင်လာသည့် အဓိက ဇာတ်လိုက် ဖြစ်သည်။ ရုရှား ကတော့ စစ်အေးလွန် ကာလတွင် ဆုံးရှုံး သွားခဲ့သော ၎င်းအရေးပါမှု များကို ပြန်လည် ရယူရန် ကြိုးစား နေဆဲ ဖြစ်သည်။ သူတို့ရဲ့ နောက်မှာတော့ သံယာဇာတ ကြွယ်ဝသော နိုင်ငံများ၊ မြောက် ကိုရီးယားနှင့် ပါကစ္စတန် တို့လို စီးပွားရေး အားမကောင်း ပေမယ့် အနုမြူ လက်နက် ပိုင်ဆိုင်သော နိုင်ငံများ ကလည်း အာရှတိုက် အရေး ကို လှုတ်ခတ်အောင် လုပ်နိုင်စွမ်း ရှိနေ ကြသည်။ ဤ အခြေအနေတွင် အိန္ဒိယ နိုင်ငံ၏ ဒေသတွင်းနှင့် နိုင်ငံ တကာ ဆက်ဆံရေးကို အောက်ပါ နယ်မြေ လေးခုတွင် အလေးထား ဆောင်ရွက်ရန် လိုအပ် လာနေပြီ ဖြစ်သည်။
(က)
တောင်အာရှ ဒေသ။ အိန္ဒိယသည် ပါကစ္စတန်၊ နီပေါ၊ မောလ်ဒိုက်ဗ်၊ သီရိလင်္ကာ၊ ဘူတန်၊ ဘင်္ဂလား ဒေ့ရှ် တို့နှင့် အတူ တောင်အာရှ နိုင်ငံများ South Asian Association of Regional Cooperation, SAARC ကို ဖွဲ့စည်း ထားသည်။ သို့သော် အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့နှင့် မတူ ညီသည့် အခြေအနေမှာ တောင်အာရှ တစ်နိုင်ငံချင်း စီတွင် နိုင်ငံရေး လုံခြုံရေး၊ ပြဿနာများ ရှိနေသည့် အပြင် ကျန်အဖွဲ့ဝင် နိုင်ငံများက အိန္ဒိယ နိုင်ငံကို စိုးမိုး ချယ်လှယ် လိုသည့် နိုင်ငံအဖြစ် ရှုမြင် နေကြခြင်း ဖြစ်သည်။ ထို့ပြင် အဖွဲ့ အတွင်းမှ နောက်ထပ် အနုမြူ လက်နက် ပိုင်ဆိုင် ထားသော ပါကစ္စတန်နှင့် ဆက်ဆံရေး မှာလည်း စိုတစ်လှည့် ခြောက်တစ်လှည့် ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံ အနေဖြင့် တောင်အာရှ နိုင်ငံများ အဖွဲ့ကို တင်းပြည့် ကျပ်ပြည့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်စေရန် အတွက် အချိန်ပေး ဆောင်ရွက် ရမည် ဖြစ်သည်။
(ခ)
အနောက် အုပ်စုနှင့် ဆက်ဆံရေး။ အမေရိကန်နှင့် ဥရောပ သမဂ္ဂ တို့သည် အာရှ- ပစိဖိတ် ဒေသတွင် တရုတ်က သြဇာ ချဲ့ထွင် လာခြင်းကို စိုးရိမ်မကင်း ဖြစ်နေ ခြင်းကြောင့် အိန္ဒိယကို တရုတ်ကို အင်အား ချိန်ခွင် လျှာညှိမည့် အင်အား အနေဖြင့် မဟာဗျူဟာ အရ အရေးထား ဆက်ဆံ လာနေပြီ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ်၏ စိုးရိမ်စိတ်ကို နှိုးဆွရာ မရောက်စေပဲ အနောက် အုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတကာ ဆက်ဆံ ရေးတွင် အိန္ဒိယ၏ အခန်း ကဏ္ဍကို မြှင့်တင် နိုင်ရန် ဆောင်ရွက် ရမည် ဖြစ်သည်။
(ဂ)
အာရှ ဒေသ နိုင်ငံများနှင့် ဆက်ဆံရေး။ တရုတ် နိုင်ငံသည် အာရှ ဒေသတွင် အထူးသဖြင့် အရှေ့တောင် အာရှ ဒေသ နိုင်ငံများနှင့် နိုင်ငံရေး စီးပွားရေး အရ ဆက်ဆံမှု ခိုင်မာနေပြီ ဖြစ်သည်။ အလားတူပင် ဗဟိုအာရှ နိုင်ငံများ နှင့်လည်း ဆက်ဆံမှု ကောင်းမွန် နေပြီ ဖြစ်သည်။ အိန္ဒိယ နိုင်ငံ အနေဖြင့် နိုင်ငံ၏ တိုးတက် လာနေသော စီးပွားရေး အရှိန် အဟုန်ကို ရေရှည် ထိန်းသိမ်း နိုင်ရန် အတွက် ထိုနိုင်ငံ များမှ သယံ ဇာတများ၊ အထူး သဖြင့် ရေနံနှင့် ဓာတ်ငွေ့ကို ရရှိနိုင်ရန်နှင့် ကုန်သွယ်မှုကို တိုးမြှင့် နိုင်ရန် အတွက် ဆောင်ရွက် ရမည် ဖြစ်သည်။
(ဃ)
အာဖရိကနှင့် လက်တင် အမေရိက နိုင်ငံများနှင့် ဆက်ဆံရေး။ အိန္ဒိယ နိုင်ငံ အနေဖြင့် နှစ်ပေါင်း များစွာ မေ့လျော့ ထားခဲ့သော ထိုဒေသ များတွင်လည်း စွမ်းအင် အရင်းအမြစ် ရရှိနိုင်ရန်နှင့် ကုန်သွယ်မှု တိုးမြှင့်ရန် အတွက် တရုတ်နှင့် အပြိုင် ကြိုးစား ရတော့မည် ဖြစ်သည်။
အမျိုးသား လုံခြုံရေး
အိန္ဒိယ နိုင်ငံ အနေဖြင့် မိမိ၏ အမျိုးသား အကျိုး စီးပွား များကို အကောင် အထည် ဖော်နိုင်ရန် အတွက် နိုင်ငံတကာ လုံခြုံရေး၊ ပြည်တွင်း လုံခြုံရေး၊ စွမ်းအင် လုံခြုံရေး၊ ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများ လုံခြုံရေး၊ တို့ကို ထိန်းသိမ်း ထားရန် လိုအပ် သကဲ့သို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း ထားနိုင် ရန်နှင့် ခေတ်မီ နည်းပညာ များကို ဆက်လက် ရရှိနိုင်ရေး တို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပေသည်။
အခြား နိုင်ငံများ နည်းတူ အိန္ဒိယ နိုင်ငံ အတွက်လည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက် ထိန်းသိမ်း ထားရန် အတွက် တည်ငြိမ်သော နိုင်ငံတကာ အခြေအနေ တစ်ရပ် ရရှိထားရန် လိုအပ် နေပေသည်။ ဒေသတွင်း တည်ငြိမ်မှု ရရှိစေရန် အတွက်မူ အိန္ဒိယ အနေဖြင့် ပါကစ္စတန် နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို တိုးတက် ကောင်းမွန် စေရန် အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ဘောင်အတွင်းမှ လည်းကောင်း၊ တောင်အာရှ နိုင်ငံများ အဖွဲ့ ဘောင်အတွင်း မှ လည်းကောင်း၊ ဆောင်ရွက် လျှက်ရှိသည်။ သို့သော် နိုင်ငံတကာ နယ်ပယ် တွင်မူ မဟာ အင်အားကြီး နိုင်ငံ ဖြစ်သည့် အမေရိကန်၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲနှင့် အီရတ် စစ်ပွဲ များကြောင့် အရှေ့ အလယ်ပိုင်း နှင့် အာဖဂန် နိုင်ငံတွင် ပေါ်ပေါက် လာနေသည့် မတည်ငြိမ် မှုများသည် အိန္ဒိယ နိုင်ငံအပေါ် သိသိသာသာ ရိုက်ခတ်မှုများ ရှိလာ သည်ကို တွေ့ရသည်။ ထို့ပြင် တရုတ်နှင့် အမေရိကန် တို့ကြား အာရှ ဒေသတွင် အားပြိုင် လာမှုကလည်း အိန္ဒိယ နိုင်ငံ၏ လုံခြုံရေး မဟာဗျူဟာ အပေါ် အကျိုး သက်ရောက်မှု ရှိနေသည်ကို တွေ့ရသည်။
အလားတူပင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အကျိုး ကျေးဇူးကို ခံစားခွင့် မရသေးသည့် သန်းပေါင်း များစွာသော ဆင်းရဲ နွမ်းပါး သူများ၏ အခြေအနေ သည်လည်း နိုင်ငံ၏ လူမှုရေး တည်ငြိမ်မှုကို ခြိမ်းချောက်မှု အဖြစ်ရှိ နေဆဲ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ အနေဖြင့် အာရှဒေသ အထူးသဖြင့် တောင်အာရှ ဒေသတွင် လုံခြုံမှုနှင့် တည်ငြိမ်မှုကို ဖော်ဆောင် ပေးနိုင်မည့် နိုင်ငံခြားရေး မူဝါဒနှင့် ပြည်တွင်းတွင် ဆင်းရဲချမ်းသာ ကဟ ကွာဟမှုကို လျှော့ချနိုင်မည့် စီးပွားရေး၊ လူမှုရေး မူဝါဒများ ရှိရန် လိုအပ်နေပြီ ဖြစ်သည်။
နိုင်ငံခြားရေး မူဝါဒ
၁၉၉၈ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံနှင့် အပြိုင် အနုမြူ ဗုံးစမ်းသပ် ဖောက်ခွဲမှုတွေ တစ်သီကြီး လုပ်ခဲ့ပြီး နောက်တွင် အိန္ဒိယ နိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးတွင် ပိုမို တက်ကြွစွာ ပါဝင် လာသည်ကို တွေ့ရသည်။ အိန္ဒိယ အနေဖြင့် နေရူး ချမှတ်ခဲ့သည့် ဘက်မလိုက် မူဝါဒ အခြေခံကို စွန့်ပယ်ခြင်း မရှိသည့်တိုင် အိန္ဒိယ၏ နိုင်ငံခြားရေး မူဝါဒသည် သဘောတရား ရေးတွေ၊ စံနှုန်းတွေကို စွန့်ပယ်ပြီး အမျိုးသား အကျိုးစီးပွားကို အခြေခံကာ လက်တွေ့ ကျကျ လှုပ်ရှား လာသည်ကို တွေ့ရသည်။ အထူးသဖြင့် အရှေ့တောင် အာရှ ဒေသနှင့် ဗဟိုအာရှ ဒေသတွင်း နိုင်ငံများနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများ တိုးမြှင့် လုပ်ဆောင် လာသကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများ တွင်လည်း အနည်းဆုံး လေ့လာသူ အဆင့်ဖြင့် ပါဝင် လှုပ်ရှားခွင့် ရအောင် လုပ်ဆောင် လာသည်ကို တွေ့ရ မည် ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယ နိုင်ငံ၏ အရှေ့မျှော် Look East မူဝါဒကို စတင် ကျင်သုံး ချိန်မှစပြီး အာဆီယံ နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုကို ပိုမို တိုးမြှင့် ဆောင်ရွက် လာခဲ့သည်။ အရှေ့တောင် အာရှ ဒေသတွင် တရုတ် နိုင်ငံသည် အိန္ဒိယ နိုင်ငံ ထက်စောစွာ ခြေကုတ်ယူ ထားနိုင်ပြီး အာဆီယံ ဆွေးနွေးဖက် နိုင်ငံ အဖြစ် လည်းကောင်း၊ အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး ARF အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး East Asia Summit အဖွဲ့ဝင် အဖြစ်လည်းကောင်း ပါဝင် လှုပ်ရှားနေပြီ ဖြစ်သည်။ ထို့ပြင် ဗဟို အာရှဒေသ နိုင်ငံများ နှင့်လည်း ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး Shanghi Cooperation Organization SCO မူဘောင် အတွင်းမှ ပူးပေါင်း ဆောင်ရွက် နေပြီ ဖြစ်သည်။ အိန္ဒိယ နိုင်ငံမှာမူ စစ်အေး တိုက်ပွဲ ကာလ တစ်လျှောက်လုံးနှင့် ၁၉၉ဝ ပြည့်လွန် နှစ်များ အတွင်းတွင် နိုင်ငံခြားရေး မူဝါဒကို ပါကစ္စတန် နိုင်ငံနှင့် အင်အား ပြိုင်ဆိုင်မှု ပေါ်တွင်သာ အခြေခံ နေခဲ့ရာမှ ယခုမှသာ ရုန်းထွက်ပြီး တောင်အာရှ ဒေသ အပြင်ဖက်သို့ မျှော်ကြည့် လာခြင်း ဖြစ်သည်။ သို့သော် အရှေ့တောင် အာရှ နိုင်ငံများ အနေဖြင့်လည်း အိန္ဒိယ နိုင်ငံက အရှေ့တောင် အာရှဒေသ အပေါ် စိတ်ဝင်စား လာမှု အပေါ် တရုတ်နိုင်ငံ အပေါ် အင်အား ချိန်ခွင်လျှာ ထိန်းညှိ ပေးနိုင်မည့် ဖြစ်ပေါ် တိုးတက်မှု အဖြစ် ရှုမြင်ပြီး ကြိုဆို ခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် အိန္ဒိယ နိုင်ငံအနေဖြင့် ပါရှန် ပင်လယ်ကွေ့ ဟိုမုဇ် ရေလက်ကြား မှသည် မလက္ကာ ရေလက်ကြား အထိ ကျယ်ပြန့်သော အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ နိုင်ငံတကာ ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်း များ၏ လုံခြုံရေး ကိုလည်း ပိုမို အလေးထား လာသည်ကို တွေ့ရသည်။ အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ကုန်သွယ်ရေး လမ်းကြောင်းများမှာ ကမ္ဘာပေါ်တွင် ရေနံ အပါအဝင် ကုန်စည် အများအပြား ဖြတ်သန်းရာ နေရာ ဖြစ်သည့် အတွက် အိန္ဒိယ နိုင်ငံ၏ စွမ်းအင် ရရှိမှုနှင့် ပို့ကုန် ကဏ္ဍ တိုးတက်ရေး အတွက် အထူး အရေးပါလျှက် ရှိပေသည်။ ထို့ပြင် တရုတ်နှင့် ဂျပန် နိုင်ငံသို့ တင်ပို့ နေသော ရေနံ အများစုနှင့် ထိုနိုင်ငံများ၏ ကုန်သွယ်မှု အများစု မှာလည်း ထိုလမ်းကြောင်း များမှပင် ဖြတ်သန်း နေရာ ထိုလမ်းကြောင်း များကို စိုးမိုး ထားနိုင်မှု သည် အိန္ဒိယ နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာ ရည်မှန်းချက် ဖြစ်လာ သည်ကို တွေ့ရသည်။ ၂ဝဝ၆ ခုနှစ် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ပါရှန် ပင်လယ်ကွေ့ကို ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာ ထဲသို့ နေ့စဉ် ရေနံစည် ၁၅.၅ သန်း ဝင်ရောက် နေကြောင်း၊ ၎င်းမှ ၁ဝ.၃ သန်းသည် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းပြီး အရှေ့ အာရှဘက်သို့ သယ်ယူ နေကြောင်း ဖော်ပြပြီး အဆိုပါ လမ်းကြောင်း များတွင် ဖြစ်ပေါ် လာသည့် အရေးပေါ် အခြေအနေများကို တုံ့ပြန် နိုင်ရန် အတွက် အိန္ဒိယ တပ်မတော်ကို အသင့်ပြင် ထားရမည်ဟု ဖော်ပြထား သည်ကို တွေ့ရသည်။ ထို့ပြင် အာရှ ဒေသနှင့် ကမ္ဘာ့နေရာ အနှံ့ အပြားတွင် အိန္ဒိယ၏ အမျိုးသား အကျိုး စီးပွား များကို အကောင်အထည် ဖော်နိုင်ရန် အတွက် ထိရောက်သော နိုင်ငံခြားရေး မူဝါဒနှင့် ထိုနိုင်ငံခြားရေး မူဝါဒကို ကျောထောက် နောက်ခံ ပေးမည့် ခေတ်မီအင်အား တောင့်တင်းသည့် ကာကွယ်ရေး အင်အား ရှိရမည်ဟု ဖော်ပြထား သည်ကိုလည်း တွေ့ရပါသည်။
ကမ္ဘာ့ဇာတ် ခုံပေါ်မှာ
ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အိန္ဒိယ အတွက် အရေးအပါဆုံး အပြောင်းအလဲမှာ အမေရိကန်နှင့် ဆက်ဆံရေးပင် ဖြစ်သည်။ စစ်အေး တိုက်ပွဲ ကာလနှင့် စစ်အေး လွန်ကာလ အစောပိုင်း အချိန်များတွင် အမေရိကန်နှင့် အိန္ဒိယသည် ရန်စောင် နေသည့် ဒီမိုကရေစီ နိုင်ငံများ အဖြစ် ရှိနေခဲ့ရာမှ ၂၁ ရာစုတွင် ဒီမိုကရေစီ မိတ်ဖက် နိုင်ငံများ အဖြစ်သို့ ရောက်လာပြီ ဖြစ်သည်။ အမေရိကန်၏ တောင်အာရှ ဆိုင်ရာ မူဝါဒသည် လည်း ပါကစ္စတန်ကို ဗဟိုပြုရာမှ အိန္ဒိယကို ဗဟိုပြုသည့် မူဝါဒ အဖြစ်သို့ ပြောင်းလာပြီ ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့် ရရှိခဲ့သည့် သဘော တူညီချက်က အမေရိကန် အနေဖြင့် အိန္ဒိယကို အနုမြူ အင်အား နိုင်ငံ တစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်းကို ဖော်ပြရာ ရောက်ပြီး ပြိုင်ဖက် ပါကစ္စတန် နိုင်ငံထက် ခြေတစ်လှမ်း ပိုလှမ်း နိုင်ခဲ့သည်မှာ ထင်ရှား နေပေသည်။ ထိုအချက် ကြောင့်ပင် အိန္ဒိယ နိုင်ငံ၏ ဒေသတွင်း နှင့် နိုင်ငံတကာ အခန်းကဏ္ဍ ကိုလည်း ပိုမို မြင့်မား လာစေ ခဲ့သည်။
ထို့ကြောင့်ပင် အိန္ဒိယ နိုင်ငံအနေဖြင့် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ဖြစ်သင့်သည် ဆိုသော အယူအဆ သည် အိန္ဒိယ နိုင်ငံရေး လောကတွင် ကျယ်ကျယ် လောင်လောင် ဆွေးနွေးစရာ ဖြစ်လာ ခဲ့သည်ကို တွေ့ရသည်။ အနောက်အုပ်စု နိုင်ငံများ အနေဖြင့်လည်း အိန္ဒိယ နိုင်ငံကို လုံခြုံရေး ကောင်စီတွင် ပါဝင် စေခြင်းဖြင့် လက်ရှိ အချိန်တွင် တရုတ် နိုင်ငံသည် လုံခြုံရေး ကောင်စီ အတွင်းတွင် ဖွံ့ဖြိုးဆဲ နိုင်ငံ များကို ကိုယ်စားပြု နိုင်သည့် တစ်ခု တည်းသော နိုင်ငံ ဖြစ်နေခြင်းကို ထိန်းညှိ နိုင်မည်ဟု ယူဆ လာသည့် အရိပ်အယောင် များလည်း ပေါ်ပေါက် လာနေသေည်။
သို့သော် အိန္ဒိယ အနေဖြင့် အမေရိကန်နှင့် မဟာဗျူဟာ ဆက်ဆံရေး အပေါ် ဒေသတွင်း နိုင်ငံများနှင့် တရုတ် နိုင်ငံက လုံခြုံရေး အန္တရာယ် အဖြစ် ရှုမြင် မလာစေရန် အတွက် လိမ္မာ ပါးနပ်စွာ ကိုယ်တွယ် ဆောင်ရွက်ရန် လိုအပ် ပေသည်။ ယခုအချိန်တွင် အိန္ဒိယသည် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ များတွင် ဇာတ်ကောင် အသစ်အဖြစ် ပေါ်ထွက် လာနေပြီ ဖြစ်ရာ အိန္ဒိယ ခေါင်းဆောင်များ အနေဖြင့် ထိုအခန်း ကဏ္ဍသစ် နှင့်အတူ ပါလာသော အခွင့်အလမ်း သစ်များ၊ စိန်ခေါ်မှု အသစ်များကို မည်ကဲသို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်ကို ဒေသတွင်း နိုင်ငံများက အလေးထား စောင့်ကြည့် ရမည့် အချိန်ပင် ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
India's Role in the Emerging World Order by Ummu Salma Bava, FES paper, March 2007
၂။
Defence Report 2006 by India Ministry of Defence

No comments:

Post a Comment