Tuesday, October 8, 2013

အာဖရိကမှ ရွှေမည်းများ

၂ဝဝ၅ ခုနှစ်ထဲက စပြီး တရိပ်ရိပ် တက်နေခဲ့သော ရေနံ ဈေးနှုန်းသည် ယခုအခါ ဒေါ်လာ ၆ဝ နှင့် ၇ဝ ကြားတွင် အတက်အကျ ဖြစ်နေသည်။ ကမ္ဘာ့ ရေနံသိုက် အများစု ရှိနေသည့် အရှေ့ အလယ်ပိုင်း ဒေသ၏ အခြေအနေ ကလည်း တည်ငြိမ်မှု မရှိသလို လာမည့်နှစ် အနည်းငယ် အတွင်းမှာလည်း အကောင်းထက် အဆိုး ဖြစ်ဖို့က ပိုများ နေသည်။ စစ်မီးလျှံ ကြားက အရှေ့ အလယ်ပိုင်း၊ တစ်နှစ်ထက် တစ်နှစ် ပိုတိုး လာနေသော ရေနံ လိုအပ်ချက်၊ တရိပ်ရိပ်တက် နေသော ရေနံ ဈေးနှုန်း၊ ဒါတွေ အားလုံး ပေါင်းလိုက်တော့ ကမ္ဘာ့ နိုင်ငံများ အကြားတွင် စွမ်းအင် လုံခြုံမှု Energy Security ဆိုသည့် စကားက ရေပန်းစား လာသည်။ စွမ်းအင် လုံခြုံမှု ဆိုရာ မှာလည်း ရေနံ အရင်း အမြစ်က အဓိက ကျပေသည်။ ထိုသို့ စွမ်းအင် လုံခြုံမှု အတွက် စိတ်ချ ရသော ရေနံ အရင်း အမြစ်များကို ရှာဖွေ ကြရာတွင် နောက်ဆုံး တွေ့လာသော နယ်ပယ်သစ်က ဆဟာရ သဲကန္တရ တောင်ပိုင်းရှိ အာဖရိက တိုက်နိုင်ငံ များပင် ဖြစ်သည်။
ရေနံ ထုတ်လုပ်မှု အခြေအနေ
အာဖရိက တိုက်၏ တိုင်းတာ ရရှိထား ပြီးသည့် ရေနံသိုက် ပမာဏ (Proved Reserve) မှာ ရေနံ စည်ပေါင်း ၇၅.၄ ဘီလီယံ ရှိပေရာ ကမ္ဘာ့ ရေနံသိုက်၏ ၁ဝ% နီးပါးရှိ၏ ထို့ပြင် အာဖရိက တိုက်မှ တစ်နေ့လျှင် ရေနံ စည်ပေါင်း ကိုးသန်းကျော် ထုတ်လုပ် လျှက်ရှိရာ ကမ္ဘာ့ရေနံ ထုတ်လုပ်မှု၏ ၁၁% ရှိနေ ပေသည်။ လက်ရှိ အချိန်တွင် အရှေ့ အလယ်ပိုင်း ဒေသက ၂၉.၇% ၊ မြောက် အမေရိက တိုက်က ၁၈.၉%၊ ဗဟို အာရှ ဒေသက ၁၃.၆% ထုတ်လုပ် လျှက်ရှိရာ အာဖရိက တိုက်က စတုတ္ထ နေရာတွင် ရပ်တည် နေပေသည်။ အစဉ်အလာ အရ အဓိက ရေနံ တင်ပို့ နေသည့် အာဖရိက တိုက်နိုင်ငံများ ဖြစ်သည့် အယ်လ် ဂျီးရီးယား၊ လစ်ဗျား စသော နိုင်ငံများ အပြင် အသစ် ပေါ်ထွန်း လာနေသည့် ရေနံ တင်ပို့သော နိုင်ငံများမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က)
နိုင်ဂျီးရီးယား။ နေ့စဉ် စည်ပေါင်း ၂.၅ သန်း ထုတ်လုပ် လျှက်ရှိရာ အာဖရိက တိုက်တွင် အများဆုံး ဖြစ်သည်။ တိုင်းတာပြီး ရေနံသိုက် ပမာဏမှာ စည်ပေါင်း ၃၅.၂ ဘီလီယံ ရှိပြီး အစိုးရက ၂ဝ၁ဝ ပြည့်နှစ်တွင် ဘီလီယံ ၄ဝ အထိ ရှိအောင် တိုးချဲ့ ရှာဖွေရန် စီမံ ဆောင်ရွက် နေသည်။
(ခ)
အင်ဂိုလာ။ ဒုတိယမြောက် ရေနံ အများဆုံး ထုတ်လုပ်သော နိုင်ငံ ဖြစ်သည်။ နေ့စဉ် စည်ပေါင်း ၁.၄ သန်း ထုတ်လုပ် နေပြီး ၂ဝဝ၈ ခုနှစ်တွင် ၂ သန်းအထိ တိုးချဲ့ ထုတ်လုပ်ရန် မျှော်မှန်း ထားသည်။
(ဂ)
ဆူဒန်နိုင်ငံ။ နေ့စဉ် ရေနံ စည်ပေါင်း ငါးသိန်း ထုတ်လုပ် လျှက် ရှိသည်။ တိုင်းတာပြီး ရေနံသိုက် ပမာဏမှာ ၅၆၃ သန်းသာ ရှိသော်လည်း လက်နက်ကိုင် သောင်းကျန်း မှုများ ရှိနေသည့် တောင်ပိုင်းနှင့် ဒါဖောဒေသ များတွင် နောက်ထပ် ရေနံသိုက်များ ရှိနိုင်သည့် အလားအလာ ကောင်းများ တွေ့နေ ရသည်။
(ဂ)
အီကွေတိုရီယ်လ်ဂီနီ။ အာဖရိက တိုက် အနောက်ဘက် ကမ်းခြေမှ နိုင်ငံငယ် လေးတွင် တိုင်းတာပြီး ရေနံသိုက် ပမာဏမှာ ၁.၂၈ ဘီလီယံ ရှိပြီး နေ့စဉ် ရေနံ စည်ပေါင်း သုံးသိန်းခွဲ ထုတ်လုပ် လျှက်ရှိသည်။
(ဃ)
ဂါဘွန်။ တိုင်းတာပြီး ရေနံသိုက် ပမာဏ ၂.၅ ဘီလီယံ ရှိပြီး နေ့စဉ် ရေနံ စည်ပေါင်း နှစ်သိန်း သုံးသောင်းကျော် ထုတ်လုပ် လျှက်ရှိသည်။
(င)
ကွန်ဂို သမ္မတ နိုင်ငံ။ တိုင်းတာပြီး ရေနံသိုက်ပမာဏ ၁.၅ ဘီလီယံ ရှိပြီး နေ့စဉ် ရေနံစည်ပေါင်း နှစ်သိန်း သုံးသောင်းကျော် ထုတ်လုပ် လျှက်ရှိသည်။
အထက်ပါ နိုင်ငံများ အပြင် ချဒ်၊ အိုင်ဗရီကို့စ်၊ ကွန်ဂို ဒီမို ကရက်တစ် သမ္မတနိုင်ငံ (ယခင် ဇိုင်ယာ)၊ စသော နိုင်ငံများ တွင်လည်း ရေနံ သိုက်များ တွေ့ရှိနေ သကဲ့သို့ မိုဇမ်ဘစ်၊ တန်ဇန်နီးယား အစရှိသည့် နိုင်ငံများ မှာလည်း သဘာဝ ဓာတ်ငွေ့ သိုက်များ တွေ့ရှိ နေပြီ ဖြစ်၏။ ထို့ကြောင့် အာဖရိက တိုက်၏ စွမ်းအင် ကဏ္ဍ အလားအလာမှာ အလွန် ကောင်းနေ သည်ဟု ဆိုနိုင် ပေသည်။ သို့သော် ထို အခြေအနေက ဆဟာရ တောင်ပိုင်း အာဖရိက တိုက်နိုင်ငံ များအတွက် ကောင်းကျိုး တွေပေးနိုင် သကဲ့သို့ နောက်ဆက်တွဲ အန္တရာယ် များကလည်း ကပ်ပါ နေပြန်သည်။
အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှု
အာဖရိက အနောက်ဖက် ကမ်းခြေ၊ ဂီနီ ပင်လယ် ကွေ့တွင် တည်ရှိနေသည့် နိုင်ဂျီးရီးယား၊ ဂါဘွန်၊ အင်ဂိုလာ နိုင်ငံ တွေက ရေနံတွေကို စိတ်ဝင်စား နေသူများ ထဲတွင် အမေရိကန် က ရှေ့ဆုံးမှ ပါဝင်နေ ပေသည်။ ဂီနီ ပင်လယ်ကွေ့ ဒေသမှ ရေနံများ ရယူခြင်းက အမေရိကန်အ တွက် မဟာဗျူဟာ အကျိုးများစွာ ရှိသည်ကို တွေ့ရ၏။ စီးပွားရေး အရ ကြည့်လျှင် ပါရှန် ပင်လယ်ကွေ့ နှင့် နှိုင်းယှဉ် ပါက အမေရိကန်နှင့် လမ်းကြောင်း ပိုသင့်ပြီး သယ်ယူစရိတ် သက်သာသည်။ ထို့ပြင် ထိုဒေသမှ ထွက်သော ရေနံများက ကန့်ဓာတ် နည်းပါးသဖြင့် ရေနံ ချက်ရာတွင် ကုန်ကျစရိတ် သက်သာသည်။ အရေး အကြီးဆုံး ကတော့ ထိုဒေသမှ ရေနံမြေ အများစုသည် ကမ်းလွန် ပင်လယ်ပြင်မှာ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဗဟိုအာရှက ရေနံတွင်း များလို နိုင်ငံ ပေါင်းစုံကို ဖြတ်ပြီး ပိုက်လိုင်း သွယ်ရန် မလိုသည့် အတွက် ပိုမို လုံခြုံသည်။ နောက်ပြီး အာဖရိက နိုင်ငံတွေမှာက အရှေ့ အလယ်ပိုင်း၊ လက်တင် အမေရိက၊ ရုရှားနှင့် ဗဟိုအာရှ နိုင်ငံ တွေမှာလို အင်အား ကောင်းသော နိုင်ငံပိုင် ရေနံ ကုမ္ပဏီ ကြီးများ မရှိသဖြင့် နိုင်ငံပိုင် သိမ်းမည့် အန္တရာယ်၊ အကျပ်ကိုင် တောင်းဆိုမည့် အန္တရာယ် တွေနှင့် ဝေးသည်။ နိုင်ငံပိုင် သိမ်းချင် ဦးတော့ ကမ်းလွန် ရေနံတွင်း များကို လုပ်ကိုင် ရသည်မှာ ခက်ခဲပြီး အရင်းအနှီး များပြား လှသဖြင့် လွယ်လွယ်နှင့် နိုင်ငံပိုင် မလုပ်နိုင်ပေ။ နိုင်ဂျီးရီးယား မှာ ရေနံ ကုမ္ပဏီ များအပေါ် တိုက်ခိုက်မှုများ ရှိသည့်တိုင် အီရတ်နှင့် ယှဉ်လိုက်လျှင် စာမဖွဲ့ လောက်သည်ကို တွေ့ရ သည်။
ထိုအခြေအနေ များကြောင့် အမေရိကန် နိုင်ငံသည် အာဖရိက တိုက်မှ ရေနံကို ပိုမို ရရှိအောင် ကြိုးစား လာခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ဂီနီ ပယ်လယ်ကွေ့ နိုင်ငံများ ထံမှ တင်သွင်း သော ရေနံ ပမာဏသည် ဆော်ဒီ အာရေး ဗီးယားနှင့် ကူဝိတ် နိုင်ငံတို့မှ တင်သွင်းသော ရေနံ ပမာဏထက် ကျော်လွန် သွားခဲ့သည်။ လက်ရှိ အချိန်တွင် နိုင်ဂျီးရီယား တစ်နိုင်ငံ တည်းက အမေရိကန် နိုင်ငံ၏ နေ့စဉ် ရေနံ လိုအပ်ချက် ၁၁ %ကို တင်ပို့နေပြီ ဖြစ်သည်။ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီ National Intelligence Council ကတော့ ၂ဝ၂ဝ ခုနှစ်တွင် အမေရိကန် နိုင်ငံ၏ ရေနံ လိုအပ်ချက် ၂၅%ကို ဂီနီ ပင်လယ်ကွေ့မှ ရယူ ရမည်ဟု ခန့်မှန်း ထားသည်။
အာဖရိကမှ ရေနံကို စိတ်ဝင်စား နေသည်မှာ အမေရိကန် တစ်ဦးတည်း တော့မဟုတ်။ ပြင်သစ်၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယ တို့ကလည်း ပြိုင်ပွဲထဲမှာ ဝင်ပါနေပြီ ဖြစ်သည်။ ထိုအထဲတွင် ခြေအသွက်ဆုံး ကတော့ တရုတ် ဖြစ်၏။ အမေရိကန် ထက်စာလျှင် တရုတ် နိုင်ငံက ၁၉၅ဝ ပြည့်လွန် နှစ်များမှ စတင်ပြီး အာဖရိက နိုင်ငံ အများစုနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင် ထားနိုင် ခဲ့သည်။ ထို့ကြောင့် ယခု ရေနံ ဈေးကွက် တွင်လည်း တရုတ် ကုမ္ပဏီများက အမေရိကန် တို့ထက် နှာတဖျား သာနေ သည်ဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ် နိုင်ငံပိုင် ရေနံ ကုမ္ပဏီ က နိုင်ဂျီးရီးယား ကမ်းလွန် ရေနံမြေ တစ်ခု၏ ပိုင်ဆိုင်မှု ၄၅%ကို ၂.၅ ဘီလီယံ ဒေါ်လာဖြင့် ဝယ်ယူခဲ့ သကဲ့သို့ အင်ဂိုလာ နိုင်ငံ၏ ကမ်းလွန် ရေနံတွင်း များတွင်လည်း ၂.၂ ဘီလီယံ ရင်းနှီး မြှပ်နှံခဲ့သည်။
တရုတ် နိုင်ငံ သည်လည်း အမေရိကန် ကဲ့သို့ပင် အာဖရိက ဒေသမှ ရေနံကို ပိုမို တင်သွင်း လာခဲ့ရာ လက်ရှိ အချိန်တွင် ဆူဒန် နိုင်ငံမှ တင်ပို့သော ရေနံ၏ ၆၄% ကို တရုတ်က ဝယ်ယူ နေခြင်း ဖြစ်သည်။ အလားတူ ပင် အင်ဂိုလာ နိုင်ငံ၏ ရေနံ ၂၅%ကို တရုတ်က ဝယ်ယူနေပြီး ၂ဝ၄၅ ခုနှစ် တွင် ၄၅% အထိ တိုးတက် ဝယ်ယူရန် စီစဉ် နေသည်။ အမေရိကန် စွမ်းအင် ဝန်ကြီး ဌာန၏ တွက်ချက်မှု အရ အမေရိကန် နိုင်ငံ ရေနံ လိုအပ်ချက် တစ်နေ့ စည်သန်း ၂ဝ ၏ ၆ဝ%ကို ပြည်ပမှ တင်သွင်း နေရသည်။ အလားတူ တရုတ် နိုင်ငံ သည်လည်း ၂ဝ၂၅ ခုနှစ်တွင် တစ်နေ့လျှင် ရေနံ လိုအပ်ချက် ၁၄.၂ သန်း ရှိလာကာ ၎င်း၏ ၇၅%ကို ပြည်ပမှ တင်သွင်း ရမည် ဖြစ်သည်။ ထို့ကြောင့် အဓိက ရေနံ တင်သွင်းသော နိုင်ငံ နှစ်ခု ကြားတွင် အာဖရိက ဒေသသည် အားပြိုင်ရာ ဒေသ ဖြစ်လာ မည်မှာ သေချာ နေပေသည်။ ယခုပင်လျှင် အမေရိကန် နိုင်ငံ ၂ဝဝ၈ ခုနှစ် စက်တင် ဘာလမှ စတင်ပြီး အာဖရိက ဒေသ စစ်ဌာနချုပ်ကို တည်ထောင်မည် ဖြစ်ကြောင်းနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် အာဖရိက တိုက်တွင် တက်ကြွစွာ လှုပ်ရှားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်ကို တွေ့ရသည်။ ယခင်က အာဖရိက တိုက်နှင့် ပတ်သက်လျှင် အမေရိကန် တပ်မတော်၏ ဥရောပ ဒေသ စစ်ဌာနချုပ်နှင့် အရှေ့ အလယ်ပိုင်း ဒေသ စစ်ဌာနချုပ် တို့က ခွဲဝေ တာဝန်ယူ ထားရာမှ ယခုကဲ့သို့ သီးခြား စစ်ဌာနချုပ် ထူထောင်ပြီး အာဖရိကတွင် တပ်ဖွဲ့များ ချထား နိုင်ရေး စီစဉ် လာခြင်းက အမေရိကန် အမျိုးသား လုံခြုံရေး မဟာဗျူဟာတွင် အာဖရိက တိုက်၏ အရေးပါ လာမှုကို ဖော်ပြ လာပေသည်။
ရေနံကျိန်စာ သင့်ခြင်း
ရေနံ တင်ပို့သော နိုင်ငံများကို လေ့လာသည့် စီးပွားရေး ပညာရှင် များက ရေနံကြောင့် ချက်ခြင်း တိုးပွား လာသည့် ဝင်ငွေများကို စနစ်တကျ စီမံ ခန့်ခွဲမှု မပြုနိုင်လျှင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ သည်ဟု ဆိုကာ ရေနံကြောင့် ကျိန်စာ သင့်ခြင်း Curse of Oil ဟုတင်စား ပြောဆိုခဲ့ ကြသည်။ ယခုပင်လျှင် အနောက် အာဖရိကမှ ရေနံ တင်ပို့သော နိုင်ငံ များသည် ထိုကျိန်စာနှင့် ကြုံနေရပြီ ဖြစ်သည်။ နိုင်ဂျီးရီးယား ဆိုပါက ၁၉၆ဝ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ် အတွင်း ရေနံမှ ဒေါ်လာ ဘီလီယံ ၄ဝဝ ကျော် ဝင်ငွေ ရရှိခဲ့ သော်လည်း လူဦးရေ၏ သုံးပုံ နှစ်ပုံမှာ ဆင်းရဲ နွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင် နေရပြီး သုံးပုံ တစ်ပုံမှာ စာလုံးဝ မတတ်သည်ကို တွေ့ရသည်။ ရေနံမှ ဝင်ငွေ အများစု မှာလည်း လက်တစ်ဆုပ်စာ လူနည်းစု ထံသို့ ရောက်သွားပြီး ထိုရေနံဝင်ငွေကို ချုပ်ကိုင် နိုင်ရေး အတွက် အာဏာ ပြိုင်ရာမှ အာဏာ သိမ်းမှု ခြောက်ကြိမ် ကြုံခဲ့ရကာ ပြည်တွင်းစစ် တွင် လူ တစ်သန်းကျော် သေဆုံး ခဲ့ရသည်။ အလားတူ ပြဿနာ များကို အင်ဂိုလာ၊ ဂါဘွန်နှင့် အီကွေ တိုရီယယ်လ် ဂီနီ တို့တွင်လည်း ကြုံနေရပြီ ဖြစ်သည်။ ဂါဘွန် နိုင်ငံ ဆိုပါက နိုင်ငံ၏ ဓနဥစ္စာ ၈ဝ%မှာ လူ ၁၅ဝဝ ကျော်၏ လက်တွင် ရှိနေသည်ဟု ဆိုသည်။ အင်ဂိုလာ နိုင်ငံတွင် ၂ဝဝ၅ ခုနှစ် တွင် ရေနံမှ ဒေါ်လာ ၁ဝ ဘီလီယံ ဝင်ခဲ့ သည့်တိုင် လူဦးရေ ၇ဝ%မှာ ဆင်းရဲ နွမ်းပါးမှု မျဉ်းအောက်တွင် ရောက်ရှိ နေသည်။
ထို့ပြင် ရေနံမှ ရသော ဝင်ငွေကိုသာ မှီခိုနေပြီး အခြား စီးပွားရေး ကဏ္ဍများကို တိုးတက်အောင် ဆောင်ရွက်ရန် ပျက်ကွက်ခြင်း ကလည်း အန္တရာယ် ကြီးလှသည်။ နိုင်ဂျီးရီးယား၏ ပို့ကုန် ၉၅%၊ အင်ဂိုလာ၏ ၉ဝ% နှင့် ဂါဘွန်၏ ၇၇% မှာ ရေနံမှ ရရှိနေခြင်း ဖြစ်ရာ ထိုရေနံများ ကုန်သွားလျှင် သို့မဟုတ် ရေနံဈေး ထိုးကျ သွားလျှင် နိုင်ငံ စီးပွားရေး အခြေအနေမှာ မတွေးဝံ့စရာ ပင်ဖြစ်သည်။ ယခုပင်လျှင် ဂါဘွန် နိုင်ငံ၏ ရေနံ ထွက်နှုန်းမှာ ၁၉၉၇ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ခဲ့ ပြီးနောက် တစ်စတစ်စ ကျဆင်း လာရာ နောက်ထပ် ရေနံမြေ အသစ်များသာ ရှာမတွေ့ ပါက လာမည့် ၂ဝ နှစ်တွင် ရေနံများ ခမ်းခြောက် သွားမည်ဟု ခန့်မှန်း ထားကြသည်။
ရေနံ ဈေးနှုန်း မြင့်မားမှုနှင့် ရှာဖွေ တွေ့ရှိ လာနေသော ရေနံ အရင်းအမြစ် များက အာဖရိက နိုင်ငံများ အတွက် အခွင့်အလမ်း ကောင်းများကို ဖန်တီး ပေးနေပြီ ဖြစ်သည်။ သို့သော် ထိုအခွင့် အလမ်းများ နောက်က လိုက်ပါ လာသည့် အင်အားကြီး နိုင်ငံများ၏ ပြိုင်ဆိုင်မှု ဆိုသည့် ပြင်ပက လာသော စိန်ခေါ်မှု များနှင့် သယံဇာတ အရင်းအမြစ် များကို စနစ်တကျ စီမံ ခန့်ခွဲ အသုံးပြုရန် ပျက်ကွက်မှု ဆိုသည့် အတွင်း ရန်သူ တို့ကို မှန်မှန် ကန်ကန် ကိုင်တွယ် ဖြေရှင်းခြင်း မပြုနိုင်လျှင်မူ ထိုနိုင်ငံများ အတွက် ရေနံ ကျိန်စာ သင့်တော့ မည်မှာ သေချာ လှပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Aferica's Oil Derams, Time, 11-6-2007
၂။
A diferent Kind of Great Game by Paul McLeary, Foreign Policy, March 2007
၃။
China Oil Need, New York Time, 19-4-2007
၎။
World Energy Outlook 2007, EIA report

No comments:

Post a Comment