Friday, June 21, 2013

ခြင်းဝိုင်းကလေးက ပေးသော သင်ခန်းစာ


( ၂၀၀၆- ၂၀၀၇ ခုနှစ်တွေမှာ ပြန်ကြားရေးတာဝန်နဲ့ အမျိုးသားညီလာခံမှာ တွဲဘက်ခံရပါတယ်။ ကိုယ်တိုင်ဝင်ဆွေး နွေး ခွင့်မရှိပေမယ့် အစုအဖွဲ့ဆွေးနွေးပွဲတွေကို တက်နားထောင်ခွင့်၊ သတင်းယူခွင့်ရပါတယ်။ အဲဒီစုံညီအစည်းအဝေးများမှာ အယူအဆ အမျိုးမျိုးကို ဆွေးနွေးကြတာကို နားထောင်ပြီး အတွေး ပေါ်လာလို့ ၂၀၀၇ သြဂုတ်လထဲ ကျတော့ အမျိုးသား ညီလာခံ သတင်းလွှာမှာ ဗညားအောင် နံမည်နဲ့ ဆောင်းပါးလေး တစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာလည်း ဒီ ဆောင်းပါးလေးက အသုံးဝင် ဦးမယ်ထင်လို့  ပြန်ပြီး တင်ပေးလိုက်ပါတယ်။ )

ကျွန်တော် ထိုင်နေသည့် ပြူတင်းပေါက်မှ လှမ်းကြည့်လျှင် သစ်ပင်ရိပ်အောက်မှ ခြင်းဝိုင်းလေးကို လှမ်းမြင် နေရသည်။ ခြင်းခတ်နေသူတွေက အသက်အရွယ်ကလည်း အမျိုးမျိုး၊ ပိန်သူ၊ရှည်သူ၊ ဝသူ ပုံစံမျိုးစုံနှင့်၊ အဝတ်အစား ကျတော့လည်း ဘောင်းဘီတို ဝတ်သူကဝတ်၊ ခါးတောင်း ကျိုက်သူကကျိုက်၊ သူတို့ ခြင်းပေါက်တွေကို ကြည့်လျှင် ကျွမ်းကျင်မှု အဆင့် ကလည်း အမျိုးမျိုး ကွဲပြား နေသည်ကို တွေ့နိုင်သည်။ သို့သော် သူတို့ အားလုံးတွင် တစ်ခုတည်းသော ရည်ရွယ်ချက်သာ ရှိသည်ကိုတော့ ထင်ထင်ရှားရှား မြင်နိုင်သည်။ ဒါကတော့ ခြင်းလုံးလေး မြေပေါ်မကျပဲ လေတွင် ပျံဝဲနေစေရန်သာ ဖြစ်သည်။

ခြင်းဝိုင်းတွင် ပါဝင်သူအားလုံး အပေးအယူ မျှမျှတတဖြင့် ကစားနေကြသည်။ တော်သူကလည်း မိမိ တစ်ယောက်တည်း ခြင်းကို ခတ်မနေ၊ ကျန်သူတွေ ခတ်ခွင့်ရအောင် ပို့ပေးသည်။ တစ်ချက်တစ်လေ တိမ်းစောင်းပြီး ဝိုင်းပြင်သို့ ခြင်းလုံးလေး ထွက်သွားလျှင် သူ့တာ ကိုယ့်တာမခွဲပဲ လိုက်လံဆယ်မပြီး ဝိုင်းအတွင်းသို့ ပြန်ပို့ရန် ကြိုးစားကြသည်။ လိုက်လံဆယ်သူ နောက်ကလည်း ကူညီရန် နောက်တစ်ယောက်က စောင့်နေသည်။ အကယ်၍ ခြင်းလုံးလေး မြေကျသွားလျှင်လည်း ပြစ်တင်သံများ၊ ငြူစူသည့် အမူအယာများ မတွေ့ရ။ နောက်တစ်ကြိမ် အကောင်းဆုံး ခတ်နိုင်ရန် ပြန်ကြိုးစားကြသည်။ တစ်ယောက်ယောက်က အလွန်လှပ သော ခြင်းပေါက်ကို ခတ်ပြလိုက်လျှင် ကျန်သူတွေထံက အားပေးသည့် အသံတွေ လွင့်ပျံလာသည်။ သူတို့ လှုပ်ရှားမှုတွေ အသံတွေကို မြင်ရ၊ ကြားရသည်မှာ ပီတိဖြစ်ဖွယ်ရာ ကောင်းလှပေသည်။

ကျွန်တော့် အခန်းကထဲက ရုပ်မြင်သံကြားမှာ နိုင်ငံခြားမှ ဘော်လီဘောပွဲ တစ်ပွဲလာနေသည်။ အသင်း နှစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။ တစ်ဘက်အသင်း နလံမထူနိုင်အောင် စပေးဘောတွေ၊ အထောင်တွေ၊ ရိုက်ချက်တွေနဲ့ အားသွန်ခွန်စိုက် ကစားနေကြသည်။ မိမိရိုက်ချက်ကို တစ်ဖက်အသင်းက ဆယ်မနိုင်ခြင်း မရှိလျှင် ဝမ်းပန်းတသာ အောင်ပွဲခံကြ၊ လက်ဆွဲနှုတ်ဆက်ကြ၊ လက်ဝါးခြင်း ရိုက်ကြနှင့်။ မိမိ ဘက်က မဆယ်နိုင်သဖြင့် ရှုံးခဲ့လျှင်မူ ဆယ်မရန် ပျက်ကွက်သူကို ပြစ်တင်သည့် အကြည့်တွေဖြင့် ကြည့်သလို အောင်ပွဲခံနေသည့် တစ်ဖက် အသင်းသား များကိုလည်း မျက်စောင်း တစ်ထိုးထိုး။ ပြိုင်ပွဲကို ကြည့်ရသည်မှာ စိတ်နှလုံး ပူပန်ရသည်။

စိတ်ပျက် လက်ပျက်ဖြင့် နောက်ထပ်တစ်လိုင်း ပြောင်းကြည့်မိသည်။ လက်ဝှေ့ပွဲကို တွေ့ရသည်။ အနိုင်ရရေးအတွက် ကြိုးဝိုင်းလယ်မှာ လူနှစ်ဦး ချွေးသံ တရွှဲရွှဲနဲ့ ထိုးသတ် နေကြသည်။ ပူးလိုက်၊ ခွာလိုက်၊ တွန်းလိုက်၊ ထိုးလိုက်နှင့်၊ နှစ်ဦးလုံး မျက်နှာတွေမှာ ဒေါသတွေ၊ မာန်မာနတွေ အထင်းသား တွေ့နေရသည်။ အားကစားပွဲတော့ အားကစားပွဲပါဘဲ၊ သို့သော် စိတ်နှလုံး နောက်ကျိဖွယ် အားကစားပွဲ တစ်ခုဖြစ်သည်။

ကျွန်တော်အားလုံး ကျောင်းသားဘဝတွင်ရော၊ လုပ်ငန်းခွင်တွင်ပါ ပြိုင်ဆိုင်ကြ ဖူးပါသည်။ အပြိုင် အဆိုင်ရှိမှလည်း တိုးတက်ပါသည်။ သို့သော် ဘယ်လို ပြိုင်ဆိုင်ကြမလဲ ဆိုသည်ကို စဉ်းစားသင့်ကြပါသည်။ ဘောလီဘောပွဲလို၊ လက်ဝှေ့ပွဲလို တစ်ဖက်သားနလံ မထူနိုင်အောင် ရှုံးနိမ့်သွားအောင် လုပ်ဆောင်ခြင်းဖြင့် ယှဉ်ပြိုင်ကြမည်လား၊ သို့မဟုတ် ခြင်းပွဲမှာကဲ့သို့ ပါဝင်ခတ်သူတွေ အချင်းချင်းခြင်း ရန်လိုမုန်းထားမှု၊ နစ်နာစေ လိုမှုမရှိပဲ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ယှဉ်ပြိုင်မည်လား၊

ခြင်းပွဲကိုကြည့်ပါ၊ ခြင်းဝိုင်း တစ်ဝိုင်းထဲတွင် ပါဝင်သူ အချင်းချင်း ကျွမ်းကျင်မှု ပြိုင်ကြမည်မှာ မလွဲဧကန် ဖြစ်သည်။ သို့သော် ထိုယှဉ်ပြိုင်မှုသည် ခြင်းလုံးကို မြေကျစေရန်မဟုတ်ပဲ ခြင်းလုံးလေး လေထဲတွင် ဝဲနေ စေရန်သာ ဖြစ်သည်။ ခြင်းအဖွဲ့ အချင်းချင်း ပြိုင်ကြလျှင်လည်း အခြားအဖွဲ့၏ ခြင်းလုံးကို မြေကျသွားအောင် ဆောင်ရွက်ခြင်းဖြင့် အနိုင်ယူခြင်းမဟုတ်ပဲ မိမိခြင်းလုံးလေးကို အလှပဆုံး ခတ်ပြခြင်းဖြင့်သာ အနိုင်ယူကြ ပါသည်။

လာရောက်အားပေးသူ ပရိသတ်ကိုလည်း ကြည့်ပါဦး၊ ဘောလီဘောပွဲလို၊ လက်ဝှေ့ပွဲလို အားကစားပွဲ တွေမှာ မိမိအားပေးသော အသင်းအနိုင်ရလျှင် ပျော်ကြသည်။ တစ်ဖက်အသင်းအနိုင်ရလျှင် ငြူစူကြသည်။ လာကြည့်သည့် ရည်ရွယ်ချက်ကိုက ဆန့်ကျင်ဘက် အသင်းရှုံးတာကို မြင်ချင်သည့် စိတ်အခြေခံဖြင့် လာရောက် အားပေးကြသူက အများစုဖြစ်သည်။ ခြင်းပွဲတစ်ပွဲတွင် အားပေးသူများသည် အလှပဆုံး ကစားပြနိုင်သည့်သူ၊ ကစားပြနိုင်သည့် အသင်းကို လာကြည့်ခြင်း ဖြစ်သည်။ အကောင်းဆုံး ကစားပြနိုင်သူအတွက် မုဒိတာ ပွားကြသည်။ ကွာခြားလှပေ၏။

အဖွဲ့အစည်း တစ်ခုတွင် ပါဝင်ဆောင်ရွက်သည့်အခါ လုပ်ဖော်ကိုင်ဖက်များအတွင်း တစ်ဦးချင်းလည်း ယှဉ်ပြိုင် ကြပါသည်။ အုပ်စုလိုက်လည်း ယှဉ်ပြိုင်ကြပါသည်။ တစ်ခါတစ်ရံတော့လည်း မိမိ သို့မဟုတ် မိမိ အုပ်စု၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် ယှဉ်ပြိုင် ရသည်များလည်း ရှိပါသည်။ ထိုအခါ အယူအဆ ကွဲလွဲမှု၊ သဘောထား ကွဲလွဲမှုများကြောင့် ယှဉ်ပြိုင်မှုများမှသည် ဝိရောဓိများ၊ ပဋိပက္ခများအထိ ဦးတည်သွားတတ် ကြသည်။ ထိုသို့သော ယှဉ်ပြိုင်မှုများကြောင့် အဖွဲ့အစည်း တစ်ခုလုံး ထိခိုက်ခဲ့ရပြီး နောက်ဆုံး ယှဉ်ပြိုင်ကြသူတွေ အားလုံး နစ်နာခဲ့ရသည့် ဖြစ်စဉ်များကိုလည်း မြင်ခဲ့ရ၊ ကြားခဲ့ရ၊ ကိုယ်တွေ့လည်း ကြုံခဲ့ရပြီး ဖြစ်ပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ ယှဉ်ပြိုင်သူအများစုက ဘော်လီဘောပွဲလို၊ လက်ဝှေ့ပွဲလို သဘောထားပြီး ယှဉ်ပြိုင်၊ ငြင်းခုန် ကြခြင်းကြောင့် ဖြစ်ပါသည်။ သူတို့အတွက် မနိုင်လျှင် အရှုံးဟု ခံယူထားခြင်းကြောင့် အပေးအယူတို့ နားလည်မှုတို့ ဆိုသည်ကို မသိနိုင်၊ သရေဆိုတာ အဖြေမဟုတ်၊ သူတို့ လက်မခံနိုင်ကြပါ။

ခြင်းကစားခြင်းကမူ ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်ကောင်း စေတနာကောင်းဖြင့် ယှဉ်ပြိုင်ခြင်း တို့အတွက် အကောင်းဆုံး ဥပမာပင်ဖြစ်၏။ ကျွန်တော်တို့ ဘဝတွင် ယှဉ်ပြိုင်မှုများစွာ ကြုံရဦးမည် ဖြစ်ပေရာ ထိုသို့ကြုံတွေ့ရသည့် အခါတိုင်း ခြင်းဝိုင်းလေးက ပေးသော သင်ခန်းစာကိုသာ သတိရခဲ့မည် ဆိုလျှင် ကျွန်တော်တို့အားလုံး လှပသည့် အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရမည်မှာ သေချာနေပါသည်။

No comments:

Post a Comment