စစ်တက္ကသိုလ်မှာ Baptism of Fire ဆိုတဲ့ အီဒီယမ်အကြောင်း သိခဲ့ရသည်။
ထိုစကားလုံးက စစ်သားတွေ အတွက်ဆိုလျှင် ပထမဆုံး တိုက်ပွဲ အတွေ့အကြုံ (A soldier's
first experience of actual combat conditions) ဖြစ်သည်။ ဆရာတွေက စစ်သားတစ်ယောက် ဖြစ်လာရင်
တိုက်ပွဲတွေ ရာချီပြီးတွေ့ရလိမ့်မယ်၊ ဒါပေမယ့် ပထမဆုံး တိုက်ပွဲကိုပဲ မင်းတို့ အမြဲသတိရ
နေလိမ့်မယ်ဟု သွန်သင်ခဲ့သည်။
၁၉၈၁ ခုနှစ်မှာ ကျွန်တော်တို့ ကျောင်းဆင်းသည်။ တာဝန်ကျရာ တိုင်း၊
တပ်မလက်အောက်ခံ တပ်ရင်းတွေမှာ တာဝန် ထမ်းဆောင်ကြသည်။ နောင်တစ်နှစ်၊ နှစ်နှစ်နေတော့
သင်တန်းတွေမှာ သူငယ်ချင်းတွေ ပြန်ဆုံမိကြသည်။ အဲဒီလို ပြန်ဆုံ သည့်အခါတိုင်း ပထမဆုံး
မေးတာကတော့ တာဝန်ကျရာ တပ်ရင်းကို ရောက်ပြီးနောက် ပထမဆုံး တိုက်ပွဲအတွေ့အကြုံ ဖြစ်သည်။
ထိုအချိန်က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲတွေက ပြင်းထန်နေဆဲ ဖြစ်ရာ ထိုဒေသတွေမှာ
တာဝန်ကျသည် တိုင်းတပ်၊ တပ်မတပ်က သူငယ်ချင်းတွေမှာ တိုက်ပွဲ အကြောင်းတွေ ပြောစရာအပြည့်ရှိသည်။
ကျွန်တော်ကလည်း နိုင်ငံ၏ အရှေ့တောင်ဘက် နယ်မြေတွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည့်
တပ်မတစ်ခုတွင် တာဝန် ထမ်းဆောင်ရ သည်ဖြစ်ရာ တိုက်ပွဲ အတော်များများနှင့် ကြုံခဲ့သည်။
သို့သော် ကျွန်တော့် သူငယ်ချင်းတွေလို ပထမဆုံး တိုက်ပွဲမှာ ရန်သူ့ အလောင်း၊လက်နက် ဘယ်လောက်
ရတယ်ဆိုတာကို မကြွားဝါနိုင်၊ ဘာ့ကြောင့်လည်း ဆိုတော့ သူတို့ရဲ့ ပထမဆုံး ရလဒ်က ရန်သူဖြစ်ပေမယ့်
ကျွန်တော့် ပထမဆုံးရလဒ်က ဆိတ်တွေ ဖြစ်နေသောကြောင့် ဖြစ်၏။
ကျောင်းဆင်းပြီး တာဝန်ကျရာ တပ်ရင်းရောက်တော့ တပ်ရင်းက ရှေ့တန်းမှာ၊
ဒီလိုနဲ့ ရှေ့တန်းကို လိုက်သွား၊ တပ်ရင်းမှူးကို သတင်းပို့ပြီးတော့ တပ်ရင်းမှူးက တာဝန်ထမ်းဆောင်ရမည့်
တပ်ခွဲကို သတ်မှတ်ပေးသည်။ တပ်ခွဲမှူးက ရဲဘော်ဘ၀ကနေ တာဝန်ထမ်းဆောင်ပြီးမှ အဆင့်ဆင့်
ရာထူးတက်လာသူ ဖြစ်တော့ တိုက်ပွဲ အတွေ့အကြုံ များသည်။ ကျွန်တော်လို့ ဗိုလ်ပေါက်စ မနူးမနပ်တွေကို
ဘယ်လို တာဝန် ပေးရမယ်ဆိုတာ ကောင်းကောင်း နားလည်သည်။ ဒီတော့ တပ်ခွဲမှာ အတွေ့ အကြုံအများဆုံး
ဖြစ်သည့် တပ်စု တပ်ကြပ်ကြီးနဲ့ တွဲပြီး တာဝန်ပေးသည်။
တကယ်တော့ စစ်မြေပြင်က လက်တွေ့ တပ်စုမှူးဘ၀သည် ကျောင်းမှာ သင်ခဲ့ရသည့်
တပ်စုမှူး ဘ၀နှင့် အတော်ကွာခြား သည်။ စစ်ကြောင်း ချီတက်သည့်အခါ အလှည့်ကျ ရှေ့ပြေးတပ်စု
( Point ) တာဝန်ယူတဲ့ အချိန်မှာ ဒုက္ခတွေ့ပြီ။ ကျောင်း မှာတုံးက တပ်စိတ်တစ်ဘယ်၊ တပ်စိတ်နှစ်ညာ
စသည်ဖြင့် သင်ခန်းစာပါ အတိုင်း အမိန့်ပေးလျှင် ရပြီ။ လက်တွေ့မှာတော့ ဒီလို မဟုတ်။ တောင်ကုန်း၊
မြေပြန့်၊ လယ်ကွင်း၊ လမ်းသွယ်၊ လမ်းခွဲ စသည့် မြေပြင် အခြေအနေတွေကို ကြည့်ပြီး တပ်ဖြန့်ရသည်။
နောက်ပြီး ကျောင်းမှာတုံးကလို အသံကုန်အော်လို့ မရ၊ အချက်ပြ သင်္ကေတနဲ့ ပြောရသည်။ လမ်းခွဲတွေ
များလျှင် နောက်က လိုက်လာသည့် စစ်ကြောင်း လမ်းမမှားအောင် လမ်းပိတ်သည့် သင်္ကေတတွေ ထားရသည်။
မြေအခြေအနေ ပေါ်မူတည်ပြီး ပြေးတန်ပြေး၊ ၀ပ်တန်ဝပ်ရသည်။ ရှေ့တန်းရောက်ပြီး ပထမဆုံးနေ့
ခရီးစထွက်သည် နှင့် ရှေ့ပြေးတပ်စု တာဝန်ကျသည့် တပ်စု တပ်ဖြန့် သွားလာနေပုံကို ကြည့်ပြီး
ဟင် ငါအလှည့်ကျရင် ဘယ်လိုလုပ်ရပါ့ ဆိုပြီး သွေးပျက်ခဲ့သည်။ သို့သော် ကျွန်တော့် ဆရာကြီးက
ဒီလို ဗိုလ်ပေါက်စတွေနဲ့ ကြုံဖူးတာ များပြီဖြစ်ရာ ကျွန်တော်ကို အားပေးသည်။ ရှေ့ပြေးတပ်စု
အလှည့်ကျရင် ကျွန်တော့် အနားမှာနေပြီး တပ်ကို ဘယ်လိုဖြန့်ရမယ် ဆိုတာ ကပ်ပြီးပြောပြ
ပေးသည်။ ဒီလိုနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရလာသည်။ ဒါပေမယ့် ရှေ့တန်းမှာ သုံးပတ်လောက်
ကြာသည်အထိ တိုက်ပွဲ ကမဖြစ်။ ကျွန်တော်ကလည်း ဘယ်တော့များ လက်စွမ်းပြရ မလဲဆိုပြီး ဟန်တပြင်ပြင်။
ဖြစ်မယ့်ဖြစ်တော့ ကျွန်တော်ရှေ့ပြေး တပ်စု အလှည့်ကျသည့်နေ့ မဟုတ်။
နောက်ချန် တပ်စုနဲ့ လိုက်ရသည့်နေ့။ ချီတက်ရင်း လယ်ကွင်းစပ် တစ်ခုအရောက်မှာ တစ်ဖက်က
ရန်သူအဖွဲ့ငယ်က လက်နက်ငယ်နဲ့ စပစ်သည်။ နောက်တော့ လော (LAW, Light Anit Tank Weapon
) နဲ့ပစ်သည်။ အစတုံးက ငါရှေ့ပြေး တပ်စု တာဝန်ကျနေချိန်
ရန်သူပစ်ပါက ဘယ်လို ဘယ်ပုံ လုပ်လိုက်မည်ဆိုတဲ့ စိတ်ကူးတွေက ဘယ်ရောက်ကုန်မှန်းမသိ။ တပ်စုကို
ဘာအမိန့် ပေးရမှန်းမသိ။ ဗုံးသီး ကွဲသံတွေ ကြားမှာ
မြေကြီးနဲ့ နှာခေါင်း ထယ်ထိုးအောင် ၀ပ်နေမိသည်။ ဆရာကြီးကသာ အလိုက်တသိနဲ့ နောက်ပိုင်း လုံခြုံရေးအတွက်
တပ်ဖြန့်နေရာယူ ခိုင်းရသည်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကျွန်တော်တို့ တပ်စုကို ညာဘက်က
ပန်းတက်ရန် အမိန့်ပေးသည်။ ဒီတော့ဆရာကြီးက တပ်စုကို အမိန့်ပေးသည်။ ကျွန်တော်ကတော့ ဆရာကြီးနောက်က
လိုက်ပြီပေါ့။
တပ်စုတစ်စုလုံး ပြေးလိုက်ဝပ်လိုက်နဲ့ ကိုက်သုံးရာလောက် သွားမိတော့
လယ်ကွင်းဆုံးပြီး တောစပ်ကို ရောက်သည်။ ဒီတောစပ်အတိုင်း ရန်သူကို နောက်ကြောက ပတ်နိုင်အောင်
အတင်းတက်ရသည်။ ဒီလိုသွားနေတုံး ရှေ့ဆုံးက တပ်စိပ်က ၀ပ်ချလိုက်ပြီး ရှေ့မှာ လှုပ်ရှားမှု
တွေ့တယ်ဆိုပြီး အချက်ပြ၏။ ကျွန်တော်နဲ့ ဆရာကြီး လှမ်းကြည့်လိုက်တော့ ကိုက်တစ်ရာ ကျော်မှာ
သစ်ပင်တွေကြားက ရိပ်ရိပ် ရိပ်ရိပ်နဲ့ပြေးနေသည့် လှုပ်ရှားမှုတွေကို လှမ်းတွေ့ရသည်။ ချက်ခြင်းပဲ
ဒါဟာ ရန်သူ တွေဆုတ်နေတာပဲ ဆိုပြီး ကျွန်တော်က ပစ်မိန့်ပေးလိုက်သည်။ ဆရာကြီးက ဗိုလ်ကြီး
ခဏနေဦးလို့ ပြောတာတောင် ဂရုမစိုက်မိ။
ရှေ့ပြေးတပ်စိတ်လည်း ကျွန်တော့်အမိန့်အတိုင်း ဝိုင်းပစ်သည်။ ဒါပေမယ့်
ရန်သူတွေဘက်က ဘာမှပြန်မလုပ်။ ဒါ့ကြောင့် ဆရာကြီးက အပစ်ရပ်ခိုင်း လိုက်သည်။ လှမ်းကြည့်တော့
သစ်ပင်ကြားတွေထဲမှာ လှုပ်ရှားမှုတွေက တွေ့နေရတုံး။ ခဏနေ တော့ တပ်ခွဲမှုးတို့ဘက်ကလည်း
သေနတ်သံတွေ ရပ်သွားပြီးမို့ တပ်ဖြန့်ပြီးရှင်းသည်။ စောစောက ကျွန်တော်တို့ ရန်သူ တွေလို့ ထင်တဲ့နေရာကို ရှင်းလိုက်တော့ ရန်သူတွေမဟုတ်။
အဲဒီမှာ လယ်တဲတစ်လုံးရှိသည်။ အိမ်ပိုင်ရှင်တွေ ကတော့ သေနတ်သံကြားထဲ့က ဗုံးခိုကျဉ်းထဲ
ဆင်းပုန်းနေကြပြီ။ ကျွန်တော်တို့ ရန်သူတွေ ပြေးပြီလို့ ထင်တဲ့ လှုပ်ရှားမှုတွေက သူတို့
ပိုင်တဲ့ဆိတ်တွေ သေနတ်သံကြောင့် ဆိတ်ခြံထဲမှာ ယောက်ယက်ခတ်နေတာ ဖြစ်သည်။ စာရင်းချုပ်လိုက်တော့
ကျွန်တော့်ရဲ့ ပထမဆုံးတိုက်ပွဲတွင် ကျွန်တော့် လက်ချက်ဖြင့် ဆိတ်သုံးကောင် သေသွားသည်။
တပ်ခွဲမှူးကို အခြေအနေ တင်ပြတော့ ငါနဲ့ကိုင်တုတ်ပြီး ချီးမွမ်းထောပနာ
ပြုသည်။ ရွာသားတွေကိုသာ မှားပစ်လို့က တော့ မင်းထောင်ကျပြီဟု ကောင်းချီးပေးသည်။ နောက်တော့ ကျွန်တော့်လစာ ( ထိုအချိန်က ၄၅၀ကျပ်)
ထဲက တစ်ရာ့ ငါးဆယ်ဖြတ်ပြီး ပိုင်ရှင်ကို လျော်လိုက်ရသည်။ ကျွန်တော်တို့ ညစာကတော့ ဆိတ်သားပေါ့။
ရဲဘော်တွေကတော့ တပြုံးပြုံး၊ တပ်ခွဲမှူးကတော့ စစ်ဆင်ရေးကာလ တစ်လျှောက်လုံးကို ကျွန်တော့်ကို
စစ်ဗိုလ်ကြီးလို့မခေါ် ဆိတ်ဗိုလ်ကြီး လို့သာခေါ်တော့သည်။
ပြီးခဲ့သည့်အပတ်က နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့် တွေ့သည်။
သူက ကေအိုင်အိုနဲ့ ပဋိပက္ခမှာ နှစ်ဘက်လုံးက စမပစ်ပါဘူးလို့ ပြောထားရက်နဲ့ ဘာလို့ တိုက်ခိုက်မှုလေးတွေ
ဆက်ဖြစ်နေတာလဲလို့ မေးသည်။ ကျွန်တော်က ရှေ့တန်း စစ်မြေပြင်တွင် သေရေးရှင်ရေးအတွက် လှုပ်ရှားနေရသူများ
ခံစားရသည့် စိတ်ဖိစီးမှုများ၊ အချိန်တိုအတွင်း ဆုံးဖြတ် ရသည့် အခြေအနများ အကြောင်း ရှင်းပြရင်း
ထိုအဖြစ် အပျက်လေးကို ပြောပြခဲ့သည်။ ဒါကြောင့် တရားဝင် အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့လိုသည်၊
ဒါမရှိဘဲနဲ့ နှစ်ဘက် လက်နက်ကိုင်တွေကြား ယုံယုံကြည်ကြည် သွားလာဆက်ဆံဖို့ ခက်သည်ဆို
တာကို ရှင်းပြခဲ့သည်။
နောက်ဆုံးတော့ သတင်းထောက် မိတ်ဆွေက ဒါဆိုရင် မင်းရဲ့ ပထမဆုံး စစ်သားဘ၀က
ဆိတ်နဲ့ ပတ်သက်နေတာ အမှတ် တရပေါ့လို့ ဆိုသည်။ ကျွန်တော်က စစ်သားဘ၀မှာသာ မဟုတ် သမ္မတရဲ့
ပြောရေးဆိုခွင့်ရှိသူ ဖြစ်တော့လည်း ဆိတ်နဲ့ ပတ်သက်နေပါ သေးတယ်ဟု ဆိုပြီး ဒေါက်တာဆိတ်ဖွားအဖြစ်
စွတ်စွဲခံရပုံ၊ ပြည်ထောင်စု လွှတ်တော်က ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်ရေးအတွက် ကော်မရှင်ဖွဲ့စည်း
ဆောင်ရွက်နေပုံများကို ရှင်းပြခဲ့သည်။
ကျွန်တော် ရှင်းပြတာကို ဘယ်လိုနားလည် သွားသည်မသိ၊ တွတ်ပီ ကာတွန်းထဲကလို
ထူးဆန်းပါပေ့ ကိုတွတ်ပီရယ် လို့ သဘောရသည့် သိုးဆောင်းစကားကို တစ်ဖွဖွရွတ်ရင်း၊ မျက်ရည်လည်အောင်
ရယ်ကာ နှုတ်ဆက် ပြန်သွားတော့သည်။
အော် ဆိတ် × ဆိတ်× ဆိတ်
ပါကွယ်
ရဲထွဋ်
No comments:
Post a Comment