Saturday, June 22, 2013

ငြိမ်းချမ်းရေးအလှမ်းမဝေးပါ

ရဲထွဋ် ကျွန်တော့ စားပွဲပေါ်က အယ်လ်ဘမ် အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံ ရှိသည်။ ဓာတ်ပုံက အခမ်းအနားတွေ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံ ၀တ်ထားသူတွေ ပါသလို အရပ်ဝတ် အရပ်စားနဲ့ သူတွေလည်း ပါသည်။ တစ်ချို့က ထိုင်၍တစ်ချို့က ရပ်လျှက်။ နှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီ ဖြစ်သည့် အတွက် ဓာတ်ပုံက အရောင် ပျက်ချင်ချင်၊ အရွယ်အစား ကလည်း ဟိုတုံးက အသုံးများသည့် ပို့စ်စကဒ်ဆိုက် ဆိုတော့ မျက်နှာတွေက မထင်ရှား။ တကယ်လို့ ပုံကြီးချဲ့ ကြည့်လိုက်မယ် ဆိုရင်တော့ ပုံထဲက လူတွေအားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန်တစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူတွေ ဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း အရိပ်လက္ခဏာ တွေကို တွေ့ရမည်မှာ သေချာပါသည်။ ဓာတ်ပုံ ရိုက်ကူးသည့် နေ့မှာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဖြစ်သည်။ ပုံထဲက လူတွေက တပ်မတော်နှင့် ကေအိုင် အိုအဖွဲ့အကြား အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြသည့် နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ဖြစ်သည်။ အလယ် က တိုက်ပုံ အမဲနှင့် ပုဂ္ဂိုလ်ကြီးက ကေအိုင်အို ဒုဥက္ကဌလည်းဖြစ်၊ စစ်ဦးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ် ဇော်မိုင်၊ သူ့ဘေးဝဲယာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောလွင်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် အေးကျော်၊ ရှေ့တန်း ဘယ်အစွန်ဆုံးက မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးမောင်ဘို (နောင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို) ဖြစ်သည်။ အရပ်ဝတ်နှင့် ပုဂ္ဂိုလ် အားလုံးက ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ကြားလူကြီးများ ဖြစ်သည်။ မှတ်မိသလောက် ဆိုလျှင် ကေအိုင်အို၊ ကေအိုင် အေဘက်မှ ဒုဥက္ကဌ ဦး လမုန်တူးဂျိုင်၊ ဒေါက်တာလဂျာ၊ ဒေါက်တာတူးဂျာ၊ ကြားလူကြီးများ ဖြစ်သည့် သံအမတ်ကြီးဟောင်း ဦလ၀မ်၊ ဦးခွန်မြတ်၊ ကျန်တာကတော့ တပ်မတော် ထောက်လှမ်းရေးနှင့် တိုင်းစစ် ဌာနချုပ်နှစ်ခုမှ ဆွေးနွေးပွဲ အထောက် အကူပြု အဖွဲ့များ ဖြစ်သည်။ စာရေးသူ ကျွန်တော်က နောက်ဆုံးတန်း ယာဘက် ဒုတိယ မြောက်ဖြစ်သည်။ ထို့နေ့ မနက်မှာ တပ်မတော်နှင့် ကေအိုင်အို/ ကေအိုင်အေကြား အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး စာချုပ်ပါ အချက်အလက်များကို အပြီးသတ် သဘောတူ ခဲ့ကြသည်။ နောက်နေ့မှာ ထိုစဉ်က အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လာပြီး ၎င်း၏ရှေ့ မှာ သဘောတူ လက်မှတ် ရေးထိုးရမည် ဖြစ်သည်။ ထို့ကြောင့် မနက်ပိုင်း အစည်းအဝေး ပြီးချိန်တွင် အောင်မြင်မှု အထိမ်း အမှတ် အဖြစ် စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ ဒီလို သဘောတူဖို့ အတွက် လွယ်လွယ်ကူကူ ဆောင်ရွက် နိုင်ခဲ့ခြင်း မဟုတ်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ လက်မှတ်ထိုးသည့် ၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးမှ သဘောတူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ ဆွေးနွေးပွဲ မစတင်ခင်ကပင် နှစ်ဘက်လုံးက ယာယီ အပစ်အခတ် ရပ်စဲထားဖို့ ညှိရသည်။ သဘောတူတော့ နှစ်ဘက်တပ်များကို ညွှန်ကြားရသည်။ ထိုအချိန်တွင် နှစ်ဘက် တပ်အားလုံးက လက်ရှိ နေရာအတိုင်း ပိုနေမြဲ ကျားနေမြဲ နေကြသည်။ အကြောင်းကြောင်းကြောင့် တပ်တွေ ရွှေ့ပြောင်း သွားလာဖို့ ရှိရင် အောက်ခြေမှာ ဆက်သွယ်ပြီး သွားလာကြသည်။ ဒီတော့ အပစ်အခတ်ရပ်စဲ ရေးအတွက် စတင် ဆွေးနွေးချိန်တွင် ကချင်ပြည်နယ်မှာ သေနတ်သံတွေ၊ မိုင်းကွဲသံတွေ ယာယီအားဖြင့် ဆိတ်သုဉ်းနေပြီ ဖြစ်သည်။ ဒီလို တင်းမာမှုတွေ၊ စစ်ရှိန်တွေ လျော့ပါး သွားခြင်းကြောင့်လည်း ဆွေးနွေးပွဲစတင်ဖို့ ပိုပြီး လွယ်ကူစေခဲ့သည်။ ဒါတောင်မှ ဆွေးနွေးပွဲများ စတင်ချိန်တွင် နှစ်ဘက် ပုဂ္ဂိုလ်များ အကြားတွင် ခပ်တန်းတန်း ဖြစ်နေဆဲ ဖြစ်သည်။ ဒါကလည်း သဘာဝ ကျပါသည်။ ကိုယ်စားလှယ် အများစုမှာ နှစ်ဘက်လုံးက စစ်ရေး ခေါင်းဆောင်တွေ ဖြစ်ပြီး နှစ်ဘက် တိုက်ပွဲတွေ ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့သူတွေ ဖြစ်ရာသူတို့ အသီးသီးမှာ ပုဂ္ဂလိက ခံစားချက်များ ရှိနေကြသည်။ ဒါပေမယ့် ကံကောင်း တာက ဆွေးနွေးပွဲများသည် ယခု ကေအိုင်အိုနှင့် ဆွေးနွေးသလို တစ်ရက်ထဲ တွေ့ဆုံခြင်းမဟုတ်။ ကေအိုင်အို ကိုယ်စား လှယ်များကို ရဟတ်ယာဉ်နှင့် မြစ်ကြီးနားမြို့သို့ ပို့ဆောင်ပြီး တိုင်းစစ်ဌာနချုပ် မလိခ ဧည့်ရိပ်သာတွင် တစ်ပတ် ဆယ်ရက်နေကာ ဆွေးနွေးကြခြင်း ဖြစ်သည်။ ပြီးတော့ ဗိုလ်ချုပ်ဇော်မိုင်၊ ဒုဥက္ကဌ ဦးလမုန်တူးဂျိုင်၊ အထွေထွေ အတွင်းရေးမှူး ဦးဇေင်း ဟရားစသည့် အဆုံးအဖြတ် ပေးနိုင်သည့် ခေါင်းဆောင်များ ကိုယ်တိုင် ဆွေးနွေးပွဲ ဖြစ်စဉ်များတွင် အစထဲက ပါဝင်လာခဲ့ ခြင်း ဖြစ်သည်။ ဥက္ကဌကြီး ဦးဘရန်ဆိုင်းပင် မြစ်ကြီးနားသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဦးဏှောက် သွေးကြော ပိတ်ဆို့သည့် ရောဂါခံစားရသဖြင့် မလာနိုင်ခြင်း ဖြစ်သည်။ ထိုအချိန်က မလိခရိပ်သာတွင် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ကိုယ်စား လှယ်အဖွဲ့၊ ကြားလူကြီးများနှင့် တပ်မတော် ထောက်လှမ်းရေး အဖွဲ့တွေ အားလုံး အတူနေကြသည်။ များသောအားဖြင့် နံနက် စာ၊ နေ့လည်စာ၊ ညစာ အတူစားကြသည်။ အိမ်ရှင် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း လာစားသည်။ ဒီတော့ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့က လူကြီးများသည် ဆွေးနွေးပွဲ အတွင်း သာမက စားသောက်ချိန် များမှာပါ အပြန်အလှန် ဆွေးနွေးကြသည်။ လက်ရှိ အခြေအနေ သာမက သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ နိုင်ငံတကာ ရေးရာတွေပါ ဆွေးနွေးကြ၊ အမြင်ချင်း ဖလှယ်ကြသည်။ မိသားစုတွေ အကြောင်းလည်း ပြောကြသည်။ သံအမတ်ကြီး ဦးလ၀မ်ဆိုလျှင် ပင်လုံစာချုပ်ကိုပါ သိမှီလိုက်သူ ဖြစ်သောကြောင့် သမိုင်း နောက်ခံတွေကို စိတ်ဝင်စားဖွယ် ပြောပြတတ်သည်။ ကျွန်တော်တို့ လူငယ်တွေက နားထောင်သမား သက်သက်။ ဒီလို ပြောရင်းဆိုရင်းနဲ့ နှစ်ဘက်ကြားမှာ ရင်းနှီးမှု၊ ပွင့်လင်းမှုတွေပိုရလာ သည်။ တစ်ချိန်ကျတော့ ဆွေးနွေးပွဲ တက်ရောက်သည့် ကေအိုင်အို ခေါင်းဆောင် တစ်ဦးနှင့် တပ်မတော် ခေါင်းဆောင် တစ်ဦးတို့မှာ ရန်ကုန် တက္ကသိုလ် ပဲခူးဆောင်တွင် အတူ နေခဲ့ဖူးကြောင်း စကားစပ်မိသွားပြီး သူတို့သိသည့် သူငယ်ချင်းတွေ အကြောင်း ပြန်အစဖော်ကာ ပြောမဆုံးနိုင် ဖြစ်သွားကြသည်။ နောက်နေ့တွေ ကျတော့ တစ်ယောက်နှင့် တစ်ယောက် သူငယ်ချင်းဟု အာလုပ်သံဖြင့် စကားပြောသည့် အဆင့်သို့ ရောက်သွားတော့သည်။ ဒီလိုနဲ့ ဒုတိယအကြိမ်၊ တတိယ အကြိမ် စသည်ဖြင့် တွေ့ဆုံသည့် အကြိမ်တွေ များလာလေ နှစ်ဘက်ကြားမှာ နှင်းခဲတို့ အရည်ပျော်တာ မြန်လေဖြစ်လာ တော့သည်။ လက်တွေ့ ဆွေးနွေးရာ တွင်လည်း ညှိရတာတွေ အများကြီး ဖြစ်သည်။ များသောအားဖြင့် လူငယ်တွေ မပါဘဲ နှစ်ဘက် လူကြီးများ၊ ကြားလူကြီးများနှင့် တပ်မတော် ထောက်လှမ်းရေးက အရာရှိကြီးတွေပဲ တံခါးပိတ် ဆွေးနွေးကြသည်။ တစ်ခါ တစ်လေတော့လည်း ဆွေးနွေးပွဲ အပြီးတွင် ပြုံးပြုံးရွှင်ရွှင်၊ တစ်ခါတစ်လေ တော့လည်း မျက်နှာ မသာမယာနှင့်။ သိပ်ပြီး အငြင်းအခုန်တွေ များလာရင်တော့ တစ်ရက်နှစ်ရက်နား၊ ပြီးတော့ ပြန်ဆွေးနွေး၊ အဆင့်တစ်ခု အတွက် သဘောတူပြီး ဆိုလျှင် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ကလည်း ဗဟိုကိုပြန်၊ ကျွန်တော်တို့ ဘက်ကလည်း ရန်ကုန်ကို သတင်းပို့၊ ဒီလိုနဲ့ ဆွေးနွေးပွဲတွေ ကြိမ်ဖန်များစွာ လုပ်ခဲ့ရသည်။ သို့သော် ကံကောင်းတာက ထိုအချိန်က ဘယ်သူ့ ဘက်ကမှ ဆွေးနွေးပွဲ ရပ်ပစ်ဖို့၊ မဖြစ်နိုင်သော တောင်းဆိုချက်တွေ တင်ပြဖို့ မလုပ်ခဲ့၊ မဖြစ်ဖြစ်အောင်၊ မညီရင် ညီအောင် ညှိမယ်ဆိုသော စိတ်နှင့် ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။ ခက်ခဲသော ကိစ္စတွေကို ဘေးဖယ်ထားပြီး အလွယ်တကူ သဘောတူနိုင်မည့် ကိစ္စများကို စပြီး ကိုင်တွယ်ဖြေရှင်း ခဲ့ကြသည်။ အခြေခံ သဘော တူညီချက်လေးတွေ ရလာတာနဲ့ လူတိုင်းစိတ်မှာ ဆွေးနွေးပွဲ လုပ်ငန်းစဉ် အပေါ် ပိုပြီး ယုံကြည်မှုရှိလာသည်။ အတူနေ အတူစား အတူ ဆွေးနွေးခြင်းကြောင့် နားလည်မှုတွေ ပိုပိုရလာသည်။ ဒီလိုနဲ့ နှစ်ဘက်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ သဘောတူညီချက် ရရှိကြောင်း တရားဝင် ထုတ်ပြန်ချိန်တွင် ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတို့ ပျော်လိုက်ကြ ပုံတွေကို ယခုထိ မြင်ယောင် နေမိပါသေး သည်။ ဓာတ်ပုံ ဟောင်းလေးထဲက ပုဂ္ဂိုလ် အတော်များများမှာ ကွယ်လွန် သွားခဲ့ကြပြီ ဖြစ်သည်။ ဓာတ်ပုံမှာလည်း အရောင်ပျယ်လု လုဖြစ်နေပြီ။ သူတို့ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေးမှာလည်း အသစ် ပြန်ဖြစ်လာသည့် တိုက်ပွဲသစ်တွေ ကြောင့် ပျက်ပြယ် ခဲ့ရပြီ။ တစ်နေ့က ကချင်ပြည်နယ်က ငယ်သူငယ်ချင်းနဲ့ တွေ့တော့ သူက ငြိမ်းချမ်းရေးတော့ ဘယ်တော့မှ ရမယ် မထင် တော့ဘူးဟု စိတ်ပျက်စကား ဆိုသည်။ ကျွန်တော်ကတော့ သူ့လို မယူဆ။ ငြိမ်းချမ်းရေးသည် ထင်သလောက် အလှမ်းမဝေး ဟု ယုံကြည်သည်။ အဘယ်ကြောင့်နည်း။ ၁၉၉၃- ၉၄ ကာလထက်စာလျှင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့က ပိုပြီးအခြေအနေ ကောင်းသည်။ ၁၉၉၃ ခုနှစ် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ စတင်ချိန်တွင် ကေအိုင်အို/ ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခသည် ၁၉၆၀ မှ ရေတွက် သော် နှစ်သုံးဆယ် ကျော်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် နှစ်ဘက် ခေါင်းဆောင်များသည် လက်နက် ကိုင်ပဋိပက္ခ ကာလ သက်သက်ကိုသာ ဖြတ်သန်း ခဲ့ရသည်ဟု ဆိုနိုင်သည်။ ထိုနှစ်ပေါင်း သုံးဆယ်ကာလအတွက် တိုက်ပွဲကြီး ငယ်တွေ များစွာ ရှိခဲ့သည်။ နှစ်ဘက်လုံးမှာ၊ ပြည်သူတွေမှာ ထိခိုက် နစ်နာမှုတွေ အများကြီး၊ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ဖြစ်ဖို့ အကြောင်းအရာတွေက တစ်ပုံတစ်ပင်၊ သံသယတွေ၊ နာကြဉ်းမှုတွေက နှစ်ဘက်လုံးမှာ နက်နက်ရှိုင်းရှိုင်း ရှိခဲ့သည်။ ဒါပေမယ့် ဒါတွေ အားလုံးကို ကျော်လွှားနိုင်ခဲ့သည်။ အခု ပဋိပက္ခသစ်တွေ ပြန်ဖြစ်တာက တစ်နှစ်ကျော်သာ ရှိသေးသည်။ ပတ်သက် သူတွေက ငြိမ်းချမ်းရေး ကာလရော၊ ပဋိပက္ခ ကာလကိုရော ဖြတ်သန်းခဲ့ကြပြီ။ အကောင်းအဆိုး၊ သင်ခန်းစာ ယူစရာတွေ တွေ့ခဲ့၊ မြင်ခဲ့ကြပြီ။ ဆောင်ရန် ရှောင်ရန်တွေကို နားလည်ခဲ့ပြီ။ ဒါ့ကြောင့် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက် ဖို့က မခဲယဉ်း ဟု ဆိုချင်သည်။ ထို့ထက် အရေးကြီး တာက နိုင်ငံရေး အခြေအနေ ဖြစ်သည်။ ၁၉၉၃ မှာ ဆွေးနွေးတုံးက အပစ်အခတ် ရပ်စဲရေး သက်သက် ဆွေးနွေးခဲ့သည်။ နိုင်ငံရေး အတွက် လုံးဝမဆွေးနွေး။ နောက်အစိုးရ တာဝန်ယူချိန်မှသာ ဆွေးနွေးရန်ဟု တပ်မတော် အစိုး ရဘက်က ရပ်တည်ခဲ့သည်။ နောင်မှာ မျှော်လင့်သည့် နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်မလာသည့်အခါ ပဋိပက္ခတွေ ဘက်သို့ ပြန်ရောက် သွားခဲ့ခြင်း ဖြစ်သည်။ ယခု တစ်ကြိမ်တွင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး တည်ဆောက်ပြီး သည့်နောက် ထာဝရ ငြိမ်းချမ်းရေးအတွက် အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သမ္မတကြီးက ကတိ ပြုခဲ့ပြီး ဖြစ်သည်။ နောက်ပြီး ထိုဆွေးနွေးပွဲတွင် ပါဝင်အားဖြည့်မည့် နိုင်ငံရေး ပါတီများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရများနှင့် ပြည်နယ် လွှတ်တော်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များလည်း ရှိ နေပြီ။ မြန်မာ နိုင်ငံ သည်လည်း ၁၉၉၃ ခုနှစ်ကလို အထီးကျန် နိုင်ငံမဟုတ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အားဖြည့် ကူညီပေးမည့် နိုင်ငံတကာ အသိုင်းအ၀န်း ကလည်း ရှိနေပြီ။ ဒါတွေ အားလုံးက ထာဝစဉ် တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံ ကောင်းတွေပဲ ဖြစ်သည်။ တစ်ခုသာ ကျန်တော့သည်။ အဲဒါကတော့ ဆွေးနွေးပွဲ စားပွဲ ၀ိုင်းဆီကို အရောက် လာဖို့ပဲ ဖြစ်သည်။ ထိုစားပွဲဝိုင်းကို လာရမည့် ခရီးကား စစ်တိုက်သည်ထက် ပိုခက်ပါသည်။ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ၊ နာကြဉ်းချက်တွေကို ဘေးဖယ်ထားဖို့ လိုသည်။ ဒေါ်အောင်ဆန်းစုကြည် စကား အတိုင်း ဆိုရလျှင် မေ့ပစ်ဖို့ မဟုတ် ခွင့်လွှတ်ဖို့၊ သင်ခန်းစာ ဖော်ထုတ်နိုင်ဖို့ ဖြစ်သည်။ နောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဟူ သည် မိမိမှန်ကြောင်း တစ်ဘက်က လက်ခံအောင် ငြင်းခုန်ဆွေးနွေးဖို့ မဟုတ်၊ စကား စစ်ထိုးခြင်း မဟုတ်၊ နှစ်ဘက် သဘောတူနိုင်မည့် အချက်တွေကို ရှာဖွေဖို့ ဆွေးနွေးဖို့ ဆိုတာကို လက်ခံဖို့ လိုသည်။ ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ တစ်ရက်၊ တစ်မနက်နှင့် မပြီး စိတ်ရှည်သည်းခံပြီး ရေရှည် ဆောင်ရွက်ရမည်ကို သဘောပေါက်ဖို့ လိုပါသည်။ ဒါဆိုရင် ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာပဲ ရှိသည်။ ပထမဆုံး ခြေတစ်လှမ်းကို စလှမ်းဖို့ သာလိုပါသည်။ လွင့်မျော နေသည့် အတွေးတွေကို ရပ်ပြီး ဓာတ်ပုံကို လက်နှင့် ဖွဖွလေး ပွတ်သပ်မိသည်။ ငြိမ်းချမ်းရေး ပျက်ပြား သွား သည့်အတွက် ကွယ်လွန် သွားရှာသူတို့ကို အားနာမိသည်။ သို့သော် ထာဝစဉ် တည်တံ့မည့် ငြိမ်းချမ်း ရေးကို တည်ဆောက် ခြင်းအားဖြင့် သူတို့ကိုပြန်ပြီး ကျေးဇူးဆပ်နိုင်ခွင့်ရှိသေးသည် ဆိုသည့် အတွေးကြောင့် စိတ်ဖြေရာ ရခဲ့သည်။ လောလောဆယ်တော့ ဒီဓာတ်ပုံလေးကို ပုံဟောင်းပြင်၊ ပုံကြီးချဲ့သည်ဆိုသည့် ဓာတ်ပုံဆိုင်ကိုပို့ပြီး ပြင်ဆင်ပုံကြီးချဲ့ ရဦးမည်။ ငြိမ်းချမ်းရေး အတွက် စိတ်ပူပန်ရတိုင်း ဓာတ်ပုံကိုကြည့်ပြီး အားတင်းရဦးမည်။ အခြားသူများကိုလည်း မျှဝေပြော ပြရဦးမည်။ မဝေးလှသော အနာဂတ်မှာတော့ မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေး ပြတိုက်ကြီးမှာ ဒီဓာတ်ပုံကို ချိတ်ခွင့် ရမည် ထင်သည်။ ရဲထွဋ်

No comments:

Post a Comment