Monday, August 5, 2013

ဘက်မလိုက်တဲ့မီဒီယာ

မည်သည့် ရွေးကောက်ပွဲတွင်မဆို ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှု ကာလတွင် မီဒီယာများ အနေဖြင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ရမည် ဖြစ်သည်။ ထိုတာဝန်ကို မီဒီယာများက မည်ကဲ့သို့ထမ်းဆောင်မည် ဆိုသည့် အချက်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးတွင် အရေးကြီးသည့် အချက်ဟု ဆိုနိုင် ပါသည်။
လွတ်လပ်မှုနှင့် ယုံကြည်စိတ်ချရမှု
ရွေးကောက်ပွဲ သတင်းရေးသားမှုနှင့် ပတ်သက်လျှင် အများဆုံး ပြောလေ့ရှိသော၊ ကြားရလေ့ ရှိသော စကားလုံးမှာ မီဒီယာ လွတ်လပ်ခွင့် ဆိုသော စကားလုံးပင် ဖြစ်မည် ထင်သည်။ သို့သော် မီဒီယာ လွတ်လပ်ခွင့်မှာ သက်ဆိုင်ရာ နိုင်ငံအပေါ် မူတည်ပြီး အတိုင်းအတာ ကွာခြားနိုင်ပေသည်။
ထိုကဲ့သို့ လွတ်လပ်မှု ပမာဏချင်း ကွာခြားသော်လည်း ရွေးကောက်ပွဲ သတင်းများ ရေးသားရာတွင် မီဒီယာများ၏ သတင်းရေးသား ပေးပို့မှုများသည် ယုံကြည်စိတ်ချရမှု ရှိရန် လိုသည် ဆိုသည့် အချက်မှာမူ နိုင်ငံအားလုံးတွင် အတူတူပင် ဖြစ်သည်။ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်လျှင် စံ တစ်ခုတည်းသာ ရှိသည်ဟု ဆိုနိုင်သည်။ မီဒီယာများ အနေဖြင့် ပါတီ မူဝါဒများ၊ ကိုယ်စားလှယ်လောင်း များ၏ အရည်အချင်းများနှင့် ပတ်သက်လျှင် လွတ်လပ်ပြီး ယုံကြည် စိတ်ချရသည့် သတင်း အချက်အလက်များ ပေးအပ်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့ ယုံကြည် စိတ်ချရသည့် သတင်းအချက်အလက်များ ပေးနိုင်ရန် အတွက် မီဒီယာများသည့် တိကျခြင်း (Accuracy)၊ ဘက်မလိုက်ခြင်း  (Impartiality)၊ တာဝန် ယူတတ်ခြင်း  (Responsibility) တို့နှင့် ပြည့်စုံရပေမည်။ ထို့အတူ ပုဂ္ဂိုလ်ရေးအရ အပုတ်ချ ရေးသားခြင်း (Defamatory) ၊ ခိုင်မာမှုကို မစိစစ်ပဲ ရေးသားမိခြင်း၊ (Derivative)၊ နစ်နာအောင် ရည်ရွယ် ရေးသားခြင်း၊ (Malicious)၊ အဂတိ လိုက်စားခြင်း (Corrupt) တို့ကိုလည်း ရှောင်ကျဉ်ရန် လိုအပ်ပေသည်။ ထိုအချက်များကို စောင့်ထိန်း နိုင်ရန်အတွက် အောက်ပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် မီဒီယာများ ဘက်က လိုက်နာအပ်၊ စောင့်ထိန်းအပ်သော အချက်များကို သိရှိထားရန် လိုအပ်ပါသည်။
နိုင်ငံရေးပါတီများနှင့် မဲဆွယ်စည်းရုံးမှုများ
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလတွင် မဲဆန္ဒရှင်များ အနေဖြင့် ၎င်းတို့၏ ရွေးချယ်ပိုင်ခွင့် အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချနိုင်အောင် မီဒီယာများက အထောက်အကူ ပေးရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေး ပါတီများ၏ မူဝါဒများ၊ ရွေးကောက်ပွဲ မဟာဗျူဟာများနှင့် ပတ်သက်ပြီး အသိပေးခြင်းလည်း ပါဝင်သည်။ ထို့အတူ ပါတီခေါင်းဆောင်များ အကြောင်း၊ ပါတီ၏ အတိတ် ကာလက လုပ်ဆောင်မှုများကိုလည်း အသိပေးရန် လိုအပ်သည်။
ပါတီစုံစနစ်တွင် နိုင်ငံရေးပါတီ များသည် ၎င်းတို့၏ ခေါင်းဆောင်ကို ဗဟိုပြုပြီး မဲဆွယ်စည်းရုံး သည်က များသည်။ မိမိတို့ပါတီ ခေါင်းဆောင်ကို မဲဆန္ဒရှင်များကို နှစ်သက်အောင်၊ ကြည်ညိုလေးစား အောင် ပုံဖော်ကြသည်။ ထိုအခါ ပါတီခေါင်းဆောင်ကို လေးစားသည့်၊ နှစ်သက်သည့် မဲဆန္ဒရှင်များက ပါတီကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် လောင်းများကို မဲများ ပုံအော ပေးတော့သည်။ ထိုဖြစ်စဉ်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည့် နိုင်ငံများမှာ သာမက ဒီမိုကရေစီကို နှစ်ပေါင်း ရာချီ ကျင့်သုံးခဲ့သည့် နိုင်ငံများမှာပင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေး ပါတီများက မိမိတို့ ခေါင်းဆောင်၏ ပုံရိပ်ကို အကောင်းဆုံး ပုံဖော်နိုင်ရန်အတွက် ပြည်သူ့ ဆက်ဆံရေး ကျွမ်းကျင်သူများ၊ မိန့်ခွန်း ရေးသားသူများကို ငွေပုံပေးပြီး အသုံးချနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပုံဖော်မှုများကို မဲဆန္ဒရှင်များ ထံသို့ အမြန်ဆုံးနှင့် အထိရောက်ဆုံး ပို့နိုင်သော လမ်းကြောင်းမှာ မီဒီယာများပင် ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေး ပါတီများက မီဒီယာများက တဆင့် ၎င်းတို့ပါတီ၊ ၎င်းတို့ ခေါင်းဆောင်၏ ပုံရိပ်ကို ၎င်းတို့လိုလားသည့် ပုံစံအတိုင်း ပုံဖော်နိုင်အောင် ကြိုးစားကြစမြဲ ဖြစ်သည်။ ထိုကဲ့သို့ မိမိတို့ ပါတီအတွက် အကျိုးရှိစေမည့် သတင်းများကို Soft News ဟု ခေါ်သည်။  မိမိကို ထောက်ခံသူများနှင့် ရင်းနှီးစွာ ပြောဆို နှုတ်ဆက်နေမှု၊ ကလေးငယ်များနှင့် ရင်းနှီးစွာ နေထိုင်မှု၊ ဖွင့်ပွဲအခမ်းအနားများ တက်ရောက်မှု၊ ပါတီ၏ အောင်မြင်မှု များကိုသာ အသားပေး ပြောကြားသည့် မိန့်ခွန်း၊ မိမိပါတီကို လိုလားသည့် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းခန်းများ စသည်တို့သည် Soft News များ ဖြစ်သည်။ ဘက်မလိုက်သည့် မီဒီယာ တစ်ခုသည် ထိုကဲ့သို့ Soft News များကိုသာ ဖော်ပြနေ၍ မရဘဲ ပါတီနှင့် ပါတီ ခေါင်းဆောင်၏ အားသာချက်၊ အားနည်းချက်များကို မျှမျှတတ ပေါ်လွင်အောင် ဖော်ပြပေးရန် လိုအပ်သည်။ သတင်းစာ ရှင်းလင်းပွဲများတွင် မဲဆန္ဒရှင်များ သိသင့် သိထိုက်သည်ဟု ယုံကြည့်သည့် အချက်များကို မေးမြန်းဝံ့ရန် လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်း မပြုလျှင် ထိုမီဒီယာသည် နိုင်ငံရေးပါတီ တစ်ခု ပြောသမျှ သံယောင် လိုက်နေသည့် ဘ၀သို့ ရောက်သွားမည် ဖြစ်သည်။
မိန့်ခွန်းများ
မဲဆွယ်စည်းရုံးမှု ကာလတွင် ပါတီ ခေါင်းဆောင်များက သာမက ကိုယ်စားလှယ်လောင်း များကပါ လူထု အစည်းအဝေးများ၊ သတင်းစာ ရှင်းလင်းပွဲများတွင် မိမိတို့ ပါတီအတွက် မဲဆွယ် စည်းရုံးသည့် မိန့်ခွန်းများကို ပြောကြားကြမည် ဖြစ်သည်။ မီဒီယာ တို့၏ တာဝန်မှ ထိုမိန့်ခွန်းများကို ကမှ အအထိ လုံးစေ့ပတ်စေ့ ဖော်ပြရန် မဟုတ်ပေ။ မိန့်ခွန်းပါ အရေးကြီးသော အချက်များကို ဖော်ပြရန် လိုအပ် သကဲ့သို့ မိန့်ခွန်း ပြောသည့်နေရာ၊ ပြောကြားသည့် ပရိသတ် အမျိုးအစား ကိုလည်း ဖော်ပြရန် လိုအပ် ပေသည်။ ထိုထက်ပိုပြီး အရေးကြီးသည်မှာ ထိုမိန့်ခွန်းအပေါ်  မဲဆန္ဒရှင်များ၏ တုန့်ပြန်ချက်၊ အခြား ပါတီတစ်ခု အပေါ် ဝေဖန်တိုက်ခိုက်မှုများ ပါဝင်ပါက သက်ဆိုင်ရာ ပါတီ၏ တုန့်ပြန်ချက် များကို ထည့်သွင်းဖော်ပြ ပေးရန် လိုအပ်ခြင်းပင် ဖြစ်သည်။ သို့မှသာ မီဒီယာများ၏ သတင်း ရေးသားချက်များသည် မျှတပြီး ဘက်မလိုက်ရာ  (Fair , Balance and Impartial)  ရောက်မည် ဖြစ်သည်။ အကယ်၍ မိန့်ခွန်းတွင် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ၊ အကြမ်းဖက်မှု၊ လူမျိုးခွဲခြားမှု တို့ကို လှုံ့ဆော်သော အသုံးအနှုန်း ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချသည့် ဟောပြောမှုများ စသည့် ဖော်ပြရန် မသင့်သော စကားလုံးများ ပါဝင် လာခဲ့လျှင်မူ မီဒီယာများ အနေဖြင့် ချန်လှပ် ထားပိုင်ခွင့် ရှိပေသည်။
မီဒီယာများ သမားများ အနေဖြင့် ဘက်လိုက်ပဲ ဓမ္မအဓိဋ္ဌာန် ကျကျ တင်ပြရန် တာဝန်ရှိသည့် အတွက် နိုင်ငံရေး သမားများ၏ မိန့်ခွန်းများ အပေါ် မိမိ၏ ကိုယ်ပိုင် ထင်မြင်ယူဆချက် များကို ထည့်သွင်း ဖော်ပြခြင်းမှ ရှောင်ရှားရပေမည်။ သို့သော် နိုင်ငံရေးသမား တစ်ဦး၏ မိန့်ခွန်းပါ အချက်များသည် အခြားနေရာ တစ်ခုတွင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ကွဲလွဲနေလျှင် လည်းကောင်း၊ ပါတီ၏ မူဝါဒများနှင့် ကွဲလွဲနေလျှင် လည်းကောင်း သတင်းသမား တစ်ဦး အနေဖြင့် ထိုကွဲလွဲချက်များကို ထောက်ပြရန် တာဝန် ရှိပေသည်။ ထိုကဲ့သို့ ဆောင်ရွက်မှသာ မီဒီယာများသည် နိုင်ငံရေး ပါတီများကို ကြော်ငြာပေးသည့် အဖြစ်မှ လွတ်မြောက်ပြီး မှန်ကန်သည့် စတုတ္ထမဏ္ဍိုင် အဖြစ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ပြည်သူ့သဘောထားစစ်တမ်း
ပါတီစုံ ရွေးကောက်ပွဲများ၏ ထူးခြားသော အင်္ဂါရပ် တစ်ခုမှာ ပြည်သူ့သဘောထား စစ်တမ်းများ Opinion Poll ပင် ဖြစ်သည်။ ထိုစစ်တမ်းများကို သတင်းဌာနများက ကောက်ယူလေ့ ရှိသကဲ့သို့ လွတ်လပ်သော သုတေသန အဖွဲ့များကလည်း ကောက်ယူလေ့ ရှိသည်။ နိုင်ငံရေး ပါတီများကလည်း ၎င်းတို့ အစီအစဉ်ဖြင့် ကောက်ယူသည်လည်း ရှိသည်။ သတင်းဌာနများ ကလည်း ရွေးကောက်ပွဲ နီးလာလေ ပြည်သူ့ သဘောထား စစ်တမ်းများကို စိတ်ဝင်စားဖွယ်ရာ သတင်းအဖြစ် သတ်မှတ်ပြီး ထုတ်ပြန်လေ့ ရှိသည်။
ထိုစစ်တမ်းများသည် မည်သည့်ပါတီအား ထောက်ခံမည် ဆိုသည်ကို တိတိပပ ဆုံးဖြတ်နိုင်ခြင်း မရှိသည့် မဲဆန္ဒရှင်များ၏ အဆုံးအဖြတ် အပေါ် သြဇာသက်ရောက် နိုင်သကဲ့သို့ မိမိပါတီ၊ မိမိ ထောက်ခံသော ကိုယ်စားလှယ်လောင်း နိုင်ရန် အလားအလာ မရှိဟု ယူဆပြီး မဲမပေးဘဲ နေခြင်းများလည်း ဖြစ်ပေါ်စေနိုင် သဖြင့် မဲဆန္ဒရှင် များ၏ အဆုံးအဖြတ်ပေါ်တွင်လည်း ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုနိုင်ပါသည်။ ပြည်သူ့ သဘောထား စစ်တမ်းများ၏ အရေးကြီးမှု ကြောင့်လည်း အချို့နိုင်ငံများတွင် မဲပေးမှု မစတင်မီ ကာလတစ်ခုတွင် စစ်တမ်း ကောက်ယူခြင်း၊ ထုတ်ပြန်ကြေညာခြင်း မပြုရန် သတ်မှတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် သတင်းမီဒီယာများ အနေဖြင့် ပြည်သူ့သဘောထား စစ်တမ်း ကောက်ယူမှုများကို ဖော်ပြခြင်း မပြုမီ ထိုစစ်တမ်း ကောက်ယူသည့် အဖွဲ့အစည်း၏ ယုံကြည် စိတ်ချရမှုနှင့် ဘက်မလိုက်မှုကို ဆန်းစစ်ရန် လိုအပ်ပေသည်။ ထို့ပြင် စစ်တမ်း ကောက်ယူခြင်း ခံရသည့် ပြည်သူ အရေအတွက်နှင့် ကောက်ယူသည့် နည်းလမ်းများကိုလည်း ဆန်းစစ်ရန် လိုအပ်သည်။ နိုင်ငံတကာ စံများအရ အနည်းဆုံး လူ ၂၅၀၀ ဦးကို မေးမြန်း ကောက်ခံ ထားသည့် စစ်တမ်း ကောက်ယူမှု ကိုသာ ခိုင်မာသည်ဟု သတ်မှတ် ထားသည်ကိုလည်း သတိပြုရန် လိုအပ်ပါသည်။ ဖြစ်နိုင်ပါက စစ်တမ်း ကောက်ယူမှု တစ်ခုတည်းကို ဖော်ပြမည့် အစား အခြားစစ်တမ်း ကောက်ယူမှုများနှင့် နှိုင်းယှဉ် ဖော်ပြ သင့်ပေသည်။
မဲဆန္ဒရှင်တို့အသံ
သတင်းမီဒီယာ များသည် ရွေးကောက်ပွဲ ကာလတွင် ပါတီနှင့် ကိုယ်စားလှယ်လောင်း များ၏ မိန့်ခွန်းများ၊ မူဝါဒ ကြေညာချက်များ၊ လှုပ်ရှားမှုများ ကိုသာ အသားပေး ဖော်ပြလေ့ ရှိသည်။ ထိုကဲ့သို့သော သတင်းများကိုသာ တန်ဖိုးရှိသည့် သတင်းများအဖြစ် သတ်မှတ်လေ့ ရှိသည်။ သို့သော် ရွေးကောက်ပွဲသည် ပါတီများ၊ နိုင်ငံရေးသမားများ အတွက် မဟုတ်၊ မဲဆန္ဒရှင် ပြည်သူများအတွက် ဖြစ်သည်ကို မမေ့ရန် လိုအပ် ပေသည်။ မဲဆန္ဒရှင်များက ၎င်းတို့ ဘာတွေ လိုအပ်နေသည်၊ ဘာတွေ ဖြစ်ချင်နေသည်ကို နိုင်ငံရေး ပါတီများကို အသိပေးရမည် ဖြစ်သည်။ နိုင်ငံရေး ပါတီများက ထိုလိုအင် ဆန္ဒများကို ၎င်းတို့ မည်ကဲ့သို့ ဆောင်ရွက်ပေး နိုင်သည်ကို ပြောရမည်၊ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းဗျူဟာ၊ မဟာဗျူဟာ များကို ချပြရမည်။ တိုင်းပြည်အတွက် အကျိုးရှိမည့် လုပ်ငန်းတွေကို မဲဆန္ဒရှင်များ သိအောင် ချပြရမည်။ ထိုအချက် များကို သုံးသပ်လေ့လာပြီး မဲဆန္ဒရှင် ပြည်သူများက ဆုံးဖြတ်ခြင်း၊ ရွေးချယ်ခြင်း ပြုလုပ်ကြမည် ဖြစ်သည်။ ထိုကဲ့သို့ မဲဆန္ဒရှင် ပြည်သူများ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန် အတွက် လိုအပ်သော သတင်း အချက်အလက် များကို ပေးနိုင်သည့် အရာမှာ မီဒီယာများသာ ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ကာလသတင်း ရေးသားချက် များသည် ပါတီများထံမှ ပြည်သူများ ထံသို့သာ တစ်လမ်းသွား မဟုတ်ဘဲ ပြည်သူများနှင့် ပါတီများ အကြား အပြန်အလှန် နှစ်လမ်းသွား ဖြစ်အောင် မီဒီယာ များက လုပ်ဆောင်ပေးရမည် ဖြစ်သည်။ တနည်းအားဖြင့် ပါတီများ၏ အသံသာမက မဲဆန္ဒရှင်များ၏ အသံကိုလည်း ကိုယ်စားပြုရန် လိုအပ်သည်ဟု ဆိုနိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည် အချက်များသည် ရွေးကောက်ပွဲ သတင်း ရေးသားရာတွင် သတိပြု သင့်သော အချက်များထဲမှ အချို့မျှသာ ဖြစ်ပါသည်။ သတင်း ရေးသားမှုပုံစံ၊ မီဒီယာများ၏ ကျင့်ဝတ်၊ မီဒီယာများကို စောင့်ကြည့် ထိန်းကျောင်း ပေးရေးစသည့် အကြောင်းအရာ များစွာ ကျန်ပါသေးသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို စတင်လုပ်ဆောင်သည့် နိုင်ငံများ အတွက်ဆိုလျှင် လုပ်ဆောင်ရန် ကိစ္စများ ပိုပြီး များမြောင် ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘက်မလိုက်သည့် မီဒီယာကဏ္ဍ ဆိုသည်မှာ ရွေးကောက်ပွဲ အတွက် သာမက နိုင်ငံ တည်ဆောက်ရေး တွင်လည်း အရေးကြီး သောကြောင့် မီဒီယာ အဖွဲ့အစည်းတိုင်းက ဘက်မလိုက်သော မီဒီယာဖြစ်ရေး၊ ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားသည့် မှန်ကန်သော စတုတ္ထမဏ္ဍိုင် ဖြစ်ရေးကို အလေးထား ဆောင်ရွက်ရမည့် အချိန်ကို ရောက်နေပြီ ဖြစ်သည်ဟု ဆိုချင်ပါသည်။   
ရဲထွဋ်

No comments:

Post a Comment