Saturday, August 10, 2013

ဈေးကွက်ပြိုင်ဆိုင်မှုနှင့် မီဒီယာကျင့်ဝတ်များ

လွတ်လပ်သော မီဒီယာသည် ဒီမိုကရေစီစနစ်တွင် အရေးကြီးသည့် စတုတ္ထမဏ္ဍိုင် ဖြစ်သည် ဆိုသည်ကို အားလုံးက လက်ခံထားပြီး ဖြစ်သည်။ စတုထ္တမဏ္ဍိုင် အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကို တည့်မတ်အောင် ထိန်းကျောင်း ပေးရမည်၊ ပြည်သူအတွက် အသိပေး သင့်သော သတင်း အချက်အလက်များကို ဖြန့်ဝေပေးရမည် ဆိုသည်ကိုလည်း မည်သူမျှ အငြင်းပွားမည် မဟုတ်ပေ။ သို့သော် ၂၄/၇ ဟု ဆိုသည့် တစ်နေ့တွင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် သတင်း ထုတ်လွှင့်နေသည့် အချိန်မျိုးတွင် ပုံနှိပ်မီဒီယာတွေက ရေဒီယို၊ ရုပ်မြင်သံကြားတွေနှင့် အပြိုင် ပရိသတ် ရအောင် လုပ်နေရသည်။ ရေဒီယို၊ ရုပ်မြင်သံကြားတို့က အင်တာနက်ဝ က်ဘ်ဆိုက်တွေနှင့် ပြိုင်နေရသည်။ မီဒီယာ အားလုံးက သတင်းထူး၊ သတင်းဦး ရဖို့သာမက ပရိသတ် ရင်ကို ကိုင်လှုပ်နိုင်မည့် ရေးသား တင်ဆက်မှုတွေ၊ သတင်း ဓာတ်ပုံတွေရဖို့ ပိုကြိုးစားလာ နေရသည်။ တနည်းအားဖြင့် ကုန်ပစ္စည်း ထုတ်လုပ်သူများက မိမိတို့ ပစ္စည်း ရောင်းကောင်းအောင် ပြူးပြူးပြဲပြဲ ကြော်ငြာ ကြသလို မီဒီယာတွေ ကလည်း လူတွေ စိတ်လှုပ်ရှားစေမည့် သတင်းတွေနဲ့ မိမိတို့ မီဒီယာကို အစွံထုတ်ဖို့ လုပ်လာကြသည်။ ဤလို အခြေအနေမျိုးတွင် စတုတ္ထမဏ္ဍိုင် သည်ပင်လျှင် ကျင့်ဝတ်တွေကို မေ့ပြီး စီးပွားရေး ဆန်လာပြီးလော ဆိုသည့် အမေးတွေ ပေါ်လာသည်။
ယခုဖြစ်ပွားနေသည့် မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန် ရေနံတွင်း ရေနံယိုဖိတ်မှုနှင့်ပတ်သက်ပြီး အမေရိကန် မီဒီယာအများစု၏ သတင်း ပေးပို့မှုများကို လေ့လာမည် ဆိုပါက အိုဘားမား၏ ရေနံ ယိုဖိတ်မှုအပေါ် ကိုင်တွယ် ဖြေရှင်းမှုအပေါ် သုံးသပ်ရာတွင် လုပ်နည်းထက် သမ္မတအနေဖြင့် ရေနံ ယိုဖိတ်မှုအပေါ် စိတ်ပိုင်းဆိုင်ရာအရ မည်ကဲ့သို့ တုန့်ပြန်သည်ကို ပြောဆိုမှုများက ပိုများနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဦးစားပေး ဖော်ပြနေသည့် မီဒီယာများတွင် ဒုတိယတန်းစား အ၀ါရောင် စာနယ်ဇင်းများသာမက အမေရိကန်နိုင်ငံ၏ ထိပ်တန်း မီဒီယာများပါ ပါဝင် နေသည်ကိုလည်း  အံ့သြဖွယ် တွေ့ရမည် ဖြစ်သည်။ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုလျှင် အိုဘားမားက ရေနံ ယိုဖိတ်မှုနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောရာတွင် ဒေါသဖြစ်နေပုံ မရ၊ အေးတိ အေးစက် ပြောနေသည်ဆိုသည့် အချက်အပေါ် ဆောင်းပါးများစွာဖြင့် သုံးသပ်ခဲ့သည်။ နံမည်ကျော် ဟောလီးဝုဒ် ဒါရိုက်တာ စပိုက်လီးက သမ္မတအနေဖြင့် ဒီအဖြစ်ကြောင့် ဒေါသ မိုးမွှန်သွားရမည်ဟု ဆိုသည်။ ဒီမိုကရက်ပါတီ၏ နိုင်ငံရေးမ ဟာဗျူဟာပညာရှိ ဂျိမ်းကာဗယ်လီက သမ္မတက ဒီထက်ပိုပြီး ဒေါသ ထွက်ပြသင့်သည်ဟု ဆောင်းပါးရေးသည်။ Fox သတင်းဌာနက ရေနံယိုဖိတ်သည့် ဒေသသို့ သမ္မတ သွားရောက် စစ်ဆေး ချိန်တွင် ၀တ်စားမှုက သမားရိုးကျ ဆန်လွန်းသည်ဟု ဝေဖန်သည်။ ၎င်းတို့က သမ္မတကို ဘောင်းဘီ လိပ်ပြီး ရေထဲဆင်းကာ ရေနံချေးတွေ ဆယ်တာကို မြင်ချင်ကြသည်။ ယနေ့ ရုပ်သံတွေ့ဆုံခန်း ( Today Media Show) တင်ဆက်သူ Matt Lauer ကတော့ ဒီအချိန်ဟာ သမ္မတအနေနဲ့ ကျွမ်းကျင်သူတွေ၊ အကြံပေးအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရမယ့် အချိန် မဟုတ်ဘူး။ တစ်ချို့လူတွေကို သွားပြီး မှတ်လောက် သားလောက် ဆော်ရမယ့်အချိန် (  time to kick some butt) ဟု တိုက်တွန်း သည်။
တကယ်တော့ ယခုပြဿနာသည် အင်မတန် ခက်ခဲသော၊ ရှုတ်ထွေးသော စက်မှုနည်းပညာ ဆိုင်ရာ ပြဿနာ ဖြစ်သည်။ ပင်လယ် ရေအောက်အနက် ပေငါးထောင်ကျော်တွင် ကျိုးပျက်နေသည့် တွင်းဝကို ပိတ်နိုင်အောင် ကြိုးစားသည့် လုပ်ငန်းသည် ယခင်က မကြုံဘူးသေးသည့် လုပ်ငန်း ဖြစ်သည်။  ဒီပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် နည်းပညာရှင်များ၊ အတတ် ပညာရှင်များ၏ ကျွမ်းကျင်မှု၊ အကြံဥာဏ်များ လိုသည်။ အိုဘားမားက ထိုလုပ်ငန်းတွေကို ဦးစားပေးလုပ်ဖို့ ကြိုးစားသည် ။
သို့သော် သမ္မတ ရွေးကောက်ပွဲ ကာလတုံးက အိုဘားမား၏ ဆင်ခြင်တုံတရားဖြင့် ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ပြီး ပြဿနာ ဖြေရှင်းသည့်နည်းကို ထောက်ခံခဲ့သည့် မီဒီယာတွေကို ယခု အချိန်တွင် အိုဘားမား၏ ခေါင်းဆောင်မှု ပုံစံကို ဝေဖန် လာကြသည်။ ဒီချဉ်းကပ်ပုံက မီဒီယာ အကြိုက် သတင်းတွေကို မဖန်တီးနိုင်။ အခုအချိန်တွင် အမေရိကန် မီဒီယာတွေက စက်တင်ဘာ ၁၁ ရက်နေ့ တုံးက ဘုရှ် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ အပျက်အစီးတွေပေါ်မှ တက်ရပ်ပြီး အမေရိကန်ကို ထိခိုက်အောင် လုပ်သူတွေကို လက်စားချေမည်ဟု အသံချဲ့စက်နဲ့ ပြောတာမျိုးကို မြင်ချင် နေကြသည်။ အိုဘားမားကသာ ထိုကဲ့သို့လုပ်ခဲ့လျှင် မီဒီယာများအတွက် သည်းခြေကြိုက် သတင်း ရပေလိမ့်မည်။
မီဒီယာတွေက သမ္မတ ဒီလိုလုပ်တာ မြင်ချင်ရုံမက ဘီပီ ရေနံကုမ္ပဏီကိုလည်း ခတ်ဆတ်ဆတ်လေး ဆော်ပလော် တီးတာ ကြားချင်၊ မြင်ချင်ကြသည်။ မီဒီယာတွေက ဘီပီကုမ္ပဏီကို မောင်းထုတ်ပြီး ရေနံယိုစိမ့်မှု တားဆီးရေး လုပ်ငန်းကို ပြည်ထောင်စုအစိုးရက ၀င်လုပ်ရမည်ဟု ဆိုကြသည်။ တကယ်တော့ ရေအောက်ပေ ငါးထောင်ကျော်မှာ အဝေးထိန်း ယာဉ်ငယ်ဖြင့် ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ပစ္စည်း ကရိယာများမှာ ပြည်ထောင်စု အစိုးရတွင် မရှိ၊ ရေနံကုမ္ပဏီများ ထံတွင်သာ ရှိသည်ဆိုသည်ကို မီဒီယာများ မေ့နေပုံရသည်။
လက်တွေ့တွင် ဘီပီရေနံကုမ္ပဏီက ရေနံယိုစိမ့်မှုကို ရပ်တန့်အောင် ကြိုးစားနေချိန်တွင် ပြည်ထောင်စု အစိုးရအနေဖြင့်လည်း အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁၇၅၀၀၊ ၀န်ထမ်းနှင့် လုပ်အားပေး နှစ်သောင်း၊ သဘောင်္ကြီးငယ် ၁၉၀၀ တို့ကို အသုံးပြုပြီး ယိုစိမ့်ရေနံများ ရှင်းလင်းရေးကို ဆောင်ရွက်နေ ခြင်းဖြစ်သည်။ ထို့ပြင် ရေပေါ် ဖော့တုံးအရှည် ပေပေါင်း ၄.၃ သန်းကို ချထားပြီး ရေနံတွေကမ်းခြေကို ရောက်မလာအောင် တားဆီးနေကြသည်။ သို့သော် မီဒီယာများတွင် ထိုသတင်းများအစား you tube တွင် တင်ထားသည့် ရေပေါ်ဖော့တုံးများက အသုံးမတည့်ကြောင်း သရုပ်ပြထားသည့် ဗီဒီယိုအကြောင်း အသားပေးဖော်ပြနေခဲ့သည်။
ယခုရေနံ ယိုဖိတ်မှုအပေါ် အိုဘားမား အစိုးရကိုင်တွယ်ပုံနှင့် ၁၉၈၉  ခုနှစ် Exxon Valdez ရေနံတင် သဘောင်္ ရေနံယိုဖိတ်မှုအား သမ္မတဘုရှ်အကြိး ကိုင်တွယ်ပုံ ယှဉ်ကြည့်လျှင် မီဒီယာများ၏ သတင်း တင်ဆက်ပုံပြောင်းလဲလာမှုကို တွေ့နိုင်သည်။ ထိုအချိန်က သမ္မတဘုရှ်သည် အခင်းဖြစ်သည့်နေရာ သို့ တစ်ကြိမ်တစ်ခါမှ မသွားခဲ့သည့်အပြင် ယိုစိမ့်ရေနံ ရှင်းလင်းရေးသည် ပြည်ထောင်စု အစိုးရ၏ တာဝန်မဟုတ်၊ ပြည်နယ်အစိုးရ တာဝန် ဖြစ်သည်ဟုပင် ဆိုခဲ့သည်။ ပို့ဆောင်ရေး ၀န်ကြီး ဆင်မြူရယ် စကင်နာကဆိုလျှင် ပြည်ထောင်စုအစိုးရက၀င်လုပ်လျှင် အကျိုးထက် အပြစ် ပိုများမည်ဟုပင် ဆိုခဲ့သည်။ သို့သော် မီဒီယာတွေက ထိုပြောကြားချက်အပေါ် တခွန်းတစ်ပါဒမျှ ဝေဖန်မှုမပြုခဲ့။  
ယခုဖြစ်စဉ်တွင်မူ အိုဘားမားက ရေနံယိုစိ့မ်မှုကြောင့် အာရှခရီးစဉ်ကို ဖျက်ခဲ့ရ၊ မက္ကဆီကို ပင်လယ်ကွေ့ရှိ ပြည်နယ်များသို့ အလီလီသွားရ၊ အစိုးရ တာဝန်ရှိသူတွေမှာလည်း မီဒီယာများနှင့် နေ့စဉ်တွေ့ပြီး ရှင်းလင်းရ၊ နောက်ဆုံး ပြောစရာမရှိလျှင်ပင် အစိုးရအနေဖြင့် တစ်ခုခု လုပ်နေသည်ဟု မြင်အောင် လူလုံးပြရသည့် ဘ၀သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး လွှတ်တော် အမတ်တွေကလည်း ဒီပြဿနာမှာ ဘာမှမလုပ်ပဲ နေသည်ဟု မဲဆန္ဒရှင်တွေ မထင်စေရန်အတွက် စုံစမ်း စစ်ဆေးရေးတွေ လုပ်ပြီး ဘီပီကုမ္ပဏီကို ကားစင်တင်ဖို့ ကြိုးစားရသည့်ဘ၀ ရောက်ကုန်သည်။ မီဒီယာ ဖိအားများကြောင့် ဗြိတိသျှ ကုမ္ပဏီဖြစ်သည့် ဘီပီ ( British Petroleum ) ပြဿနာက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သည် အထိ ဖြစ်လာသဖြင့်အိုဘားမားနှင့် ဗြိတိသျှ ၀န်ကြိးချုပ်သစ် ကင်မရွန်းတို့ ပထမဆုံး တွေ့ဆုံမှုတွင် အာဖဂန်စစ်ပွဲထက် ဘီပီပြဿနာက ရှေ့တန်း ရောက်လာခဲ့ရသည်။  
တကယ်တော့ ယနေ့ အမေရိကန်နိုင်ငံ ရင်ဆိုင်နေရသော ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိသည်။ အာဖဂန်မှာ တာလီဘန်တွေ ပြန်ခေါင်းထောင်လာနေသည်။ ပါကစ္စတန်မှာ အယ်လ်ကေဒါ ကွန်ယက်တွေ များသထက် များလာနေသည်။ ဥရောပသမဂ္ဂ၀င် နိုင်ငံများ၏ ကြွေးမြီပြဿနာကို နောက်ထပ် စီးပွားရေး ပျက်ကပ်ကို ဦးတည်သွားမည့် အခြေစိုက်နေသည်။ အရှေ့အလယ်ပိုင်း ဂါဇာပိတ်ဆို့မှု ပြဿနာကလည်း မသေးသလို အီရန်အရေးကလည်း ရှိနေသေးသည်။ ကိုရီးယား ကျွန်းဆွယ်မှာက တင်းမာမှုတွေ ပိုများနေသည်။ ဒါတွေအားလုံးက ပြည်ထောင်စု အစိုးရနှင့် သမ္မတသာ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းရှိသည့်၊ ကိုင်တွယ် ဖြေရှင်းရမည့် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်သည်။ သို့သော် မီဒီယာများ ကောင်းမှုကြောင့် အိုဘားမား တစ်ယောက် ထိုအလုပ်တွေထက် အလုပ်ကြမ်း ၀တ်စုံဝတ် ပြီး ရေထဲဆင်းဖို့၊ ဘီပီကုမ္ပဏီ ဥက္ကဌကို ကြိမ်းမောင်းဖို့ ဦးစားပေး လုပ်နေရသည်။
တကယ်တော့ အိုဘားမား ကိုယ်တိုင်လည်း မီဒီယာ ဖိအားကို ကောင်းကောင်း နားလည်သည်။ သူ၏ Audacity of Hope စာအုပ်တွင် ဟိုတစ်ချိန်တုံးကတော့ နိုင်ငံရေးအရ ဘာတွေကို ပြောရမယ်၊ ငြင်းခုန်ရမယ်။ အမတ် တစ်ယောက်အနေနဲ့ ဘာကို လုပ်ရမယ်။ မလုပ်ရဘူး။ ဘာကို ပြောရမယ် ဆိုတာတွေကို ပါတီ ခေါင်းဆောင်တွေ၊ နောက်ကွယ်က နိုင်ငံရေး ကစားနေသူတွေ၊ ၀ါရှင်တန်က ၀ါရင့် နိုင်ငံရေး ဆရာကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။ သူတို့ ဖုန်းတစ်ချက် ဆက်လိုက်ရင် အမတ်တစ်ယောက် လျှမ်းလျှမ်း တောက်သွားနိုင်သလို ချက်ခြင်း နိုင်ငံရေး ဇာတ်သိမ်း သွားရနိုင်တယ်။ အခုခေတ်မှာတော့ အဲဒီလူတွေ နေရာကို မီဒီယာတွေက ယူလိုက်ပါပြီ။ ­­xxxx မဲဆန္ဒရှင်တွေ အတွက်ကတော့ ကျွန်တော့်ကို မီဒီယာတွေက ပုံဖော် ပေးထားတဲ့အတိုင်းပဲ ထင်မြင်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရေး လောကအပေါ် မီဒီယာတွေရဲ့ သြဇာ လွှမ်းမိုးမှုက ပုံစံမျိုးစုံနဲ့လာတာပါ။  ဟုဆိုခဲ့သည်။
ဤသို့ဆိုလျှင် မီဒီယာသည် ထိန်းကျောင်းသူ၊ အသိပညာပေးသူဘ၀မှ ကိုယ်ဖြစ်ချင်သည့် အတိုင်း လူထုနှင့် နိုင်ငံရေးသမားများကို ပုံသွင်းပေးနိုင်သည့် ( opinion former ) အဆင့်သို့ ရောက် သွားပြီဟု ဆိုနိုင်သည်။ ထိုအချိန်တွင် မီဒီယာများက မီဒီယာ ဈေးကွက်ရရှိရေးကို ကျင့်ဝတ်များထက် ပိုပြီးဦးစားပေးနေလျှင် စတုတ္ထမဏ္ဍိုင်၏ သမာသမတ်ကျမှု အခန်းကဏ္ဍကို ထိခိုက်ပေတော့မည်။
သို့သော် ထိုအခြေအနေသည် အမေရိကန် ပါအ၀င် စက်မှုဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများတွင်သာ မဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လည်း ကြုံရမည့် အခြေအနေ ဖြစ်သည်။ ထိုနိုင်ငံငယ်များတွင် အသွင် ကူးပြောင်းရေး၏ အကျိုးဆက် အဖြစ် ပုဂ္ဂလိက မီဒီယာလောက ဖွံ့ဖြိုးလာသည်နှင့်အမျှ မီဒီယာ လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာကြသည်။ ထိုအခါ မီဒီယာ လုပ်ငန်းများသည် ပရိသတ်ရရှိရေး၊ အကျိုးအမြတ် ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးစားရတော့သည်။ ထိုကြောင့် ပွဲဆူမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေက ရှေ့တန်း ရောက်လာတော့သည်။ သို့သော် ထိုနိုင်ငံအများစုမှာ သိမ်မွေ့ ငြင်သာသည့် အသွင်ကူးပြောင်း ရေးကာလကို ဖြတ်သန်းနေရသည့် နိုင်ငံတွေဖြစ်သည်။ တာဝန်ရှိ အဖွဲ့အစည်းများက ပွင့်လင်းသည့် မီဒီယာများနှင့် အကျွမ်းတ၀င် မဖြစ်သေးသည့် သလို၊ မီဒီယာများကလည်း လွတ်လပ်မှုနှင့်အတူ တွဲပါလာသည့် ကျင့်ဝတ်တွေ၊ တာဝန် ယူမှုတွေနှင့် အသားမကျသေး။ ထိုအခါ နှစ်ဘက်ကြား ဆက်ဆံရေးက ၀ိရောဓိ ဖြစ်ကုန်တော့သည်။  ထိုအဖြစ်မျိုးကို ရှောင်လွဲနိုင်ဖို့ ဆိုလျှင် ဈေးကွက် လိုအပ်ချက်နှင့် မီဒီယာ ကျင့်ဝတ်များကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်ဖို့ လိုပေလိမ့်မည်။ တနည်းအားဖြင့် လွတ်လပ်သော မီဒီယာသည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေး အတွက် မရှိမဖြစ်ဟု ဆိုရုံနှင့်မပြည့်စုံ  ထိုလွတ်လပ်သော မီဒီယာသည်လည်း တာဝန်သိသော၊ ကျင့်ဝတ်ကို လိုက်နာသော မီဒီယာဖြစ်ဖို့ လိုသည်ကိုလည်း သတိပြုကြရပေလိမ့်မည်။
ရဲထွဋ်

No comments:

Post a Comment