လုပ်ပိုင်ခွင့်
စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းပြီးသည်နှင့်
စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် စာနယ်ဇင်း သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်
ရသကဲ့သို့ စာနယ်ဇင်း အချင်းချင်း အငြင်းပွားမှုများ၊ စာနယ်ဇင်း သမားများ၏ ကျင့်ဝတ်နှင့်
မကိုက်ညီသော ရေးသားမှုများ၊ အပြုအမူများအပေါ် စာဖတ်ပရိသတ်က ကန့်ကွက်တိုင်ကြားမှုများကို
ဖြေရှင်း ပေးရတော့မည် ဖြစ်သည်။ ထို့ပြင် စာနယ်ဇင်းသမားများ လိုက်နာရမည့် ကျင့်ဝတ်များ၊
အယ်ဒီတာများက လိုက်နာရမည့် လမ်းညွှန်ချက်များ၊ အငြင်း ပွားမှုများ၊ တိုင်ကြားမှုများကို
ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ရေးဆွဲ ချမှတ်ရတော့မည် ဖြစ်သည်။ သို့သော်
စာနယ်ဇင်း ကောင်စီကို ဂျာမနီ၊ ဆွီင်္ဒင်တို့ကဲ့သို့ စာနယ်ဇင်းလောက အစီအစဉ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ၊
ဒိန်းမတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစသည့် နိုင်ငံများကဲ့သို့ လွှတ်တော် ဥပဒေဖြင့် ပြဋ္ဌာန်း
ဖွဲ့စည်းသည် ဖြစ်စေ ကောင်စီ၏ သဘော သဘာဝကိုက စာနယ်ဇင်းသမားများက မိမိတို့ဘာသာ ထိန်းကျောင်း
ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ် ဖောက်ဖျက်မှုများနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ
စာနယ်ဇင်းကို ကာယကံရှင်ကို တောင်းပန်ရန် ညွှန်ကြားခြင်း၊ အမှားပြင်ဆင်ချက် ထည့်သွင်းစေခြင်း၊
ကောင်စီ၏ သတိပေးချက်၊ ပြစ်တင်ရှုံချချက် စသည်တို့ကို ထုတ်ပြန်ခြင်း စသောနည်းလမ်းများ
ဖြင့်သာ ဆောင်ရွက်ရသည်။
သို့သော် စာနယ်ဇင်းကောင်စီ ဥပဒေများတွင်
ကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာခြင်း မရှိပါက ထောင်ဒဏ်၊ ငွေဒဏ် စသည့် နည်းလမ်းများဖြင့်
အရေးယူဖို့ ပြဋ္ဌာန်းလေ့မရှိ။ ထို့ကြောင့် စာနယ်ဇင်း
ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ စာနယ်ဇင်းက လိုက်နာအောင် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း
ဆိုသည့် ပြဿနာရှိသည်။ ဗြိတိန်နိုင်ငံတွင် စာနယ်ဇင်း
ကောင်စီဟု မရှိသော်လည်း စာနယ်ဇင်း အဖွဲ့အစည်းများ ပူးတွဲ ဖွဲ့စည်းထားသည့် တိုင်ကြားမှု
ဖြေရှင်းရေး ကော်မရှင် (Press Complaints Commission) ရှိသည်။ သို့သော် ၂၀၁၁ ခုနှစ်က
ရစ်ချတ်ဒတ်စ်မွန် ပိုင်ဆိုင် သည့် သတင်းစာများ ဖြစ်သော Daily Experss, Sunday
Experss, Daily Star, Daily Star Sunday သတင်းစာတို့က ၎င်းတို့ သတင်းစာများနှင့် ပတ်သက်သည့်
ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေဖြင့် ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီး
သီးခြား ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် စာနယ်ဇင်း ကောင်စီ၏ ဆောင်ရွက်ချက် များကို စာနယ်ဇင်းများ၊ စာနယ်ဇင်းသမားများ၊
ထုတ်ဝေသူများက လိုက်နာလာအောင် မည်ကဲ့သို့ ထိန်းကျောင်း ဆောင်ရွက်မည် ဆိုသည့် အချက်သည်လည်း
စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများ အသက်ဝင် ရှင်သန်ရေး အတွက် အရေးကြီးသော အချက်ဖြစ်သည်။
ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်ဥပဒေ
( Freedom of Press Act )က တစ်နှစ်လျှင် အနည်းဆုံး
လေးကြိမ် ထုတ်ဝေသည့် စာနယ်ဇင်းများကို ပုံမှန်ထုတ်ဝေသည့် စာနယ်ဇင်းဟု သတ်မှတ်ပြီး ဆွီဒင်မူပိုင်ခွင့်နှင့်
မှတ်ပုံတင်ဌာန တွင်မှတ်ပုံတင်ရန် ဥပဒေဖြင့် သတ်မှတ်ထားသည်။ ထိုသို့မှတ်ပုံတင်ရာတွင်
စာနယ်ဇင်းအတွက် တာဝန်ခံမည့် အယ်ဒီတာ ချုပ် သို့မဟုတ် ထုတ်ဝေသူကိုပါ တစ်ပါတည်း မှတ်ပုံတင်ရသည်။
ထို့ပြင် ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် ဥပဒေက တာဝန်ခံ အယ်ဒီတာ သို့မဟုတ် ထုတ်ဝေသူအနေဖြင့်
အသရေဖျက်မှုဆိုင်ရာ စွတ်စွဲချက်များနှင့် ပတ်သက်ပြီး ဥပဒေအရ တာဝန်ယူရမည့် အချက်များ၊
ကင်းလွင့်ခွင့်များကို တိတိကျကျ ပြဋ္ဌာန်းထားသည်။ ထို့ပြင် ထိုဥပဒေက ပေးအပ်ထားသည့် ကင်းလွတ်ခွင့်များကို
ခံစားနိုင်ရန်အတွက် စာနယ်ဇင်းများနှင့် စာနယ်ဇင်း သမားများသည် ဆွီဒင် စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်
ဖြစ်ရမည်ဟုလည်း ပြဋ္ဌာန်းထားခြင်းဖြင့် စာနယ်ဇင်း ကောင်စီ၏ အခန်းကဏ္ဍကို မြှင့်တင် ပေးထားသည်ကို
တွေ့ရသည်။ ထို့ကြောင့် ဆွီဒင်နိုင်ငံတွင် စာနယ်ဇင်းများ အနေဖြင့် စာနယ်ဇင်း ကောင်စီသို့
မ၀င်မနေရ သတ်မှတ်ထားခြင်း မရှိသည့်တိုင် စာနယ်ဇင်း အားလုံးမှာ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်
ဖြစ်နေပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်နေသည် ကိုတွေ့ရသည်။
ဂျာမနီနိုင်ငံ၏ အခြေအနေက တစ်မျိုးထူးခြားသည်။
ဂျာမန်နိုင်ငံတွင် စာနယ်ဇင်းများ အနေဖြင့် စာနယ်ဇင်းကောင်စီကို မ၀င်မနေရ သတ်မှတ်ထားခြင်း၊
ကောင်စီ အဖွဲ့ဝင်ဖြစ်ပါက ရရှိမည့် အကျိုးခံစားခွင့်များကို သတ်မှတ်ထားခြင်း မရှိသကဲ့သို့
ကောင်စီ၏ ဆုံးဖြတ်ချက်များကို မလိုက်နာမနေရ သတ်မှတ်ထားခြင်းလည်း မရှိပေ။ ထို့ကြောင့်
၁၉၈၁ ခုနှစ်တွင် Kolner Express သတင်းစာက ၎င်းတို့၏ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်မှုအပေါ်
စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ ထိုအခါ စာနယ်ဇင်းကောင်စီက
ထိုဖြစ်ရပ်ပေါ် ကန့်ကွက်သည့် အနေဖြင့် ကောင်စီလုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားခဲ့သည်။
ထိုအချိန်တွင် လွှတ်တော်နှင့် ပြည်သူများက စာနယ်ဇင်း ကောင်စီအနေဖြင့် ကျင့်ဝတ် ချိုးဖောက်မှုများကို
ကိုင်တွယ်နိုင်ခြင်း မရှိပါက ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ရန် တောင်းဆိုမှုများ ပြုလုပ်လာခဲ့သည်။
ထို့ကြောင့် ၁၉၈၅ ခုနှစ်တွင် စာနယ်ဇင်း လောကသားများ ပြန်လည် စုစည်းပြီး စာနယ်ဇင်း ကောင်စီကို
အသက်သွင်း ခဲ့ရသည်။ ယနေ့အချိန်တွင် အဓိက စာနယ်ဇင်းများ အပါအ၀င် စာနယ်ဇင်း ၉၀% ကျော်သည်
စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာ
ဆောင်ရွက်လျှက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ဖင်လန်နိုင်ငံကတော့ ပုံနှိပ် မီဒီယာများသာမက
ရုပ်သံ မီဒီယာများ အတွက်ပါ တာဝန်ခံသည့် Council for Mass Media ကို ဖွဲ့စည်းခဲ့ပြီး
ရုပ်သံ၊ အင်တာနက်နှင့် ပုံနှိပ်မီဒီယာများ၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကို ကိုင်တွယ်
ဖြေရှင်းနေသည်ကို တွေ့ရ သည်။ ဖင်လန်နိုင်ငံတွင်လည်း ကောင်စီကို မ၀င်မနေရ သတ်မှတ်ထားခြင်း
မရှိသော်လည်း ရုပ်သံနှင့် စာနယ်ဇင်း ကုမ္ပဏီကြီး အားလုံးက အဖွဲ့ဝင် ဖြစ်နေသည့်အတွက်
ကျန်မီဒီယာ အားလုံးကပါ ကောင်စီတွင် ပါဝင်လိုက်နာ ဆောင်ရွက် နေသည်ကို တွေ့ရသည်။ တနည်းအားဖြင့်
ကောင်စီဝင် ဖြစ်ခြင်းသည်ပင်လျှင် သက်ဆိုင်ရာ စာနယ်ဇင်း၏ တိကျမှန်ကန်မှု နှင့် ကျင့်ဝတ်
လိုက်နာမှုကို အာမခံရာရောက် နေသည့်အတွက် ဆန္ဒအလျှောက် ပါဝင်လာကြခြင်း ဖြစ်သည်။
အိုင်ယာလန်နိုင်ငံလည်း တစ်မျိုးကျင့်သုံးသည်။
အိုင်ယာလန်နိုင်ငံ၏ ၂၀၀၉ ခုနှစ် အသရေဖျက်မှု ဥပဒေအရ စွတ်စွဲခံရသူ အနေဖြင့် စာနယ်ဇင်း
ကောင်စီအဖွဲ့ဝင် ဟုတ်မဟုတ်နှင့် စာနယ်ဇင်း ကောင်စီ၏ ကျင့်ဝတ်များကို လိုက်နာပြီး သတင်းရေးသား
ထုတ်ဝေဖြန့်ချိခဲ့ခြင်း ဟုတ်မဟုတ် ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားရန် သတ်မှတ်ထားသည်ကို
တွေ့ရသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီအနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း
မရှိသည့် အဖွဲ့ဝင်များကို ထုတ်ပယ်နိုင်သည့် အာဏာ ပေးအပ်ထားသည်ကိုလည်း တွေ့ရသည်။
ဒိန်းမတ်နိုင်ငံကတော့ စာနယ်ဇင်းအားလုံး
မှတ်ပုံတင်ရန်နှင့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်ဖြစ်ရန် ဥပဒေဖြင့် ပြဋ္ဌာန်းထား သည်။ ထို့ပြင်
စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရန် လိုအပ်ချက်ကို ဒိန်းမတ်မီဒီယာ အသရေဖျက်မှု ဥပဒေ (
Media Liability Act) ထည့်သွင်း ဖော်ပြထားသည်။ ဒိန်းမတ်နိုင်ငံ အသရေဖျက်မှု ဥပဒေအရ စာနယ်ဇင်းတို်င်းတွင်
အယ်ဒီတာချုပ် သို့မဟုတ် တာဝန်ခံ အယ်ဒီတာ တစ်ဦးကို မှတ်ပုံတင်ထားရပြီး စာနယ်ဇင်းပါ
ရေးသားချက်များနှင့် ပတ်သက်ပြီး ထို အယ်ဒီတာက တာဝန်ယူ ဖြေရှင်းရသည်။ သို့သော် ထိုဥပဒေအရ
အသရေဖျက်မှုနှင့် ပတ်သက်လျှင် တရားရုံးတွင် တရားစွဲဆိုမှု မပြုလို ပါက စာနယ်ဇင်းကောင်စီ၏
ဆုံးဖြတ်ချက်အရ တောင်းပန်ခြင်း၊ အမှားပြင်ဆင်ချက် ဖော်ပြခြင်း၊ နစ်နာသူ၏ ဖြေရှင်းချက်ကို
ထည့်သွင်း ဖော်ပြပေးခြင်းတို့ကိုလည်း ဖြေရှင်းမှု နည်းလမ်း အဖြစ် သတ်မှတ်ထားသည်။ ထိုကဲ့သို့
သတ်မှတ် ထားခြင်းကြောင့် စာနယ်ဇင်း ကောင်စီ၏ အခန်းကဏ္ဍလည်း မြင့်မားလာသည်ကို တွေ့ရသည်။
အင်ဒိုနီးရှားနိုင်ငံတွင်မူ စာနယ်ဇင်းကောင်စီ၏
ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များကို မလိုက်မနေရ ဥပဒေဖြင့် သတ်မှတ်ထား ခြင်းမရှိပေ။ သို့သော်
စာနယ်ဇင်း ကောင်စီဝင် စာနယ်ဇင်းများ၏ ဥပဒေကြောင်းဆိုင်ရာ ပြဿနာများကို စာနယ်ဇင်းကောင်စီက
ကူညီဖြေရှင်းပေးခြင်း၊ အသရေဖျက်မှုနှင့် သက်ဆိုင်သည့် တိုင်ကြားချက်များကို ကောင်စီက
ကြားဝင် ဖြေရှင်းပေးခြင်းတို့ဖြင့် စာနယ်ဇင်း ကောင်စီကို စာနယ်ဇင်း လောကသားများက ယုံကြည်
အားကိုးလာအောင် ဆောင်ရွက် ထားသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အသရေဖျက်မှုဆိုင်ရာ
ကိစ္စများနှင့် ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီ၏ ကြားဝင် ဆောင်ရွက်ပေးမှုကို လက်ခံပါက နောက်ထပ်
တရားရုံးတွင် ဆက်လက် တရားစွဲဆိုမှုကို ခွင့်မပြုသည့် အပြင် စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို
သက်သေအထောက်အထားအဖြစ် အသုံးပြုခွင့် မပေးသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် အသရေဖျက်မှုနှင့်
သက်ဆိုင်သည့် ကိစ္စအများစုမှ စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းချက်ဖြင့်သာ ပြေလည်သွားသည်ကို
တွေ့ရသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် တရားရုံးတွင် အမှုစွဲဆိုသည့် ကိစ္စများမှာ
ငွေကုန်ကြေးကျ များပြား လှသောကြောင့် နှစ်ဘက်လုံးက တရားရုံး သွားမည့်အစား ကောင်စီ၏
ကြားဝင် ဖြေရှင်းမှုများကိုသာ အားကိုး ဆောင်ရွက်လာသည်ကို တွေ့ရ သည်။
အိန္ဒိယစာနယ်ဇင်း ကောင်စီကမူ လွှတ်တော်
ဥပဒေအရ ဖွဲ့စည်းခြင်း ဖြစ်သောကြောင့် စာနယ်ဇင်း အားလုံးက စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို
မဖြစ်မနေ လိုက်နာရန် လိုအပ်သည်ကို တွေ့ရသည်။
အထက်ပါဥပမာများကို လေ့လာပါက စာနယ်ဇင်း
ကောင်စီ၏ အခွင့်အာဏာကို ကျောထောက် နောက်ခံပြုသည့် နည်းလမ်းများမှာ အမျိုးမျိုး ကွဲပြားသည်ကို
တွေ့ရမည်ဖြစ်သည်။ သို့သော် စာနယ်ဇင်းကောင်စီ အနေဖြင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ် ချက်များကို
ထိရောက်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိလျှင် ကောင်စီ အပေါ်သာမက စာနယ်ဇင်းများ အားလုံးအပေါ်
တွင်ပါ ပရိသတ်များ၏ ယုံကြည်အားကိုးမှုများ လျှော့နည်း သွားမည်ကတော့ သေချာနေပါသည်။ ထို့ပြင်
စာနယ်ဇင်း ကောင်စီသည် စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများသာမက စာနယ်ဇင်းသမားများအပေါ်
ဆက်ဆံမှုများ၊ သတင်း လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ရန် ကြိုးစားမှုများနှင့် ပတ်သက်ပြီး
စာနယ်ဇင်းများ၏ တိုင်ကြားမှုများကို ကိုင်တွယ် ဖြေရှင်းရန် လည်းတာဝန်ရှိပေသည်။ ထို့ကြောင့်
စာနယ်ဇင်းများ ကိုယ်တိုင်က စာနယ်ဇင်းကောင်စီကို လေးစားမှုမရှိလျှင် အာဏာပိုင်များဘက်ကလည်း
စာနယ်ဇင်း ကောင်စီကို လျစ်လျူရှု ထားတော့မည် ဖြစ်ရာ စာနယ်ဇင်း အားလုံးက ကောင်စီ၏ လုပ်ငန်းများကို
အလေးထား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်မှာ ထင်ရှားလှပါသည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
No comments:
Post a Comment