Tuesday, November 26, 2013

တရုတ်နိုင်ငံအတွက်ရေနံ

မရှိမဖြစ်ရေနံ
၁၉၉၀ ပြည့်လွန် နှစ်များ အတွင်း အရှိန် အဟုန်ဖြင့် တိုးတက် လာခဲ့သော စီးပွားရေး ဖွံ့ဖြိုး မှုများ နှင့်အတူ တရုတ် နိုင်ငံ၏ ရေနံ လိုအပ်ချက် သည်လည်း မြင့်မား လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တစ်နေ့လျှင် ရေနံစည် တစ်သန်းခွဲ ကျော်သာ အသုံးပြု ခဲ့ရာမှ ၁၉၉၃ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် သုံးသန်း နီးပါးခန့် အသုံးပြု ခဲ့ရပြီး ရေနံ တင်ပို့သည့် နိုင်ငံ အဖြစ်မှ ရေနံ တင်သွင်း ရသည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိ သွားခဲ့သည်။ ၂၀၀၄ ခုနှစ် တွင်မူ တစ်နေ့လျှင် ရေနံစည် ၆.၅ သန်း သုံးစွဲ ခဲ့ပြီးနောက် ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် ဒုတိယ မြောက် ရေနံ အများဆုံး သုံးစွဲသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။ ယနေ့ အချိန်တွင် တရုတ် နိုင်ငံသည် တစ်နေ့လျှင် ရေနံ စည် ၇.၈၅ သန်း သုံးစွဲ လျှက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် ဆယ်သန်းမှ ဆယ့်နှစ်သန်း ကြား သုံးစွဲ ရမည်ဟု ခန့်မှန်း ထားသည်။
ထိုအချိန်တွင် တရုတ် နိုင်ငံ၏ ပြည်တွင်း ရေနံ ထုတ်လုပ်မှုက သုံးစွဲမှုကို လိုက်မမီပဲ ရှိနေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း တရုတ် နိုင်ငံ၏ ရေနံ သုံးစွဲ မှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၆% တိုးတက် နေချိန်၌ ပြည်တွင်း ရေနံ ထုတ်လုပ် မှုမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁.၅% ခန့်သာ တိုးတက် လျှက်ရှိသည်။ ထို့ကြောင့် တရုတ် နိုင်ငံ အနေဖြင့် နေ့စဉ် ရေနံ လိုအပ် ချက်၏ ၅၃% ဖြစ်သည့် ၄.၄ သန်းကို ပြည်ပမှ တင်သွင်း နေရပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ ကမ္ဘာပေါ်တွင် ဒုတိယ မြောက်ရေနံ အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။
ရေနံတွေ ဘယ်ကရ
တရုတ် နိုင်ငံမှ တင်သွင်း နေသည့် ရေနံ၏ ၄၆% မှာ အရှေ့ အလယ်ပိုင်း ဒေသမှ ဖြစ်ကာ ၃၂% မှာ အာဖရိက ဒေသမှ ဖြစ်ပြီး ကျန်လိုအပ် ချက်ကို အရှေ့ အာရှ ဒေသနှင့် ဗဟို အာရှ ဒေသမှ ရယူလျှက် ရှိသည်။ နိုင်ငံ အလိုက် ပြောရလျှင် ဆော်ဒီ အာရေး ဘီးယား နိုင်ငံသည် တရုတ် နိုင်ငံသို့ နေ့စဉ် ရေနံစည် ခုနှစ် သိန်း နှစ်သောင်း ငါးထောင် တင်ပို့ပြီး အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ ၎င်း၏ နောက်တွင် အင်ဂိုလာ နိုင်ငံက တစ်နေ့လျှင် ရေနံစည် ငါးသိန်း ကိုးသောင်း ခြောက်ထောင် တင်ပို့ပြီး အီရန်ကမူ တစ် နေ့လျှင် လေးသိန်း နှစ်သောင်း ငါးထောင် တင်ပို့လျှက် ရှိသည်။
ပြည်တွင်း ရေနံ ထုတ်လုပ်မှု
၂၀၀၆ ခုနှစ် စာရင်း ဇယားများ အရ တရုတ် နိုင်ငံတွင် တိုင်းတာပြီး ရေနံသိုက်ပမာဏမှာ ရေနံ စည်ပေါင်း ၁၈.၃ ဘီလီယံရှိကာ နေ့စဉ် ရေနံစည် ၃.၈သန်း ထုတ်လုပ်လျှက် ရှိသည်။ ၁၉၉၈ ခုနှစ်တွင် တရုတ် အစိုးရက စွမ်းအင် လိုအပ်ချက် များကို ပိုမို ဖြည့်စည်း နိုင်ရန် အတွက် နိုင်ငံပိုင် ရေနံ ကုမ္ပဏီ များကို ပြင်ဆင် ဖွဲ့စည်း ခဲ့သည်။ ထို့ကြောင့် တရုတ် နိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွင် အဓိက ကုမ္ပဏီများ အဖြစ် China National Petroleum Corporation (CNPC) ၊ China Petroleum and Chemical Corporation (Sinopec) နှင့် China National Offshore Oil Corporation (CNOOC) ကုမ္ပဏီ ကြီးသုံးခု ပေါ်ပေါက် လာခဲ့သည်။ တရုတ် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အစီ အစဉ် အရ ၂၀၀၀ ပြည့်နှစ်တွင် အဆိုပါ ကုမ္ပဏီ သုံးခု၏ အစု ရှယ်ယာ များကို အများ ပြည်သူသို့ ရောင်းချ ပေးခဲ့သည်။ သို့သော် ရှယ်ယာ အများစု ကိုမူ တရုတ် အစိုးရက ပိုင်ဆိုင် ထားဆဲ ဖြစ်သည့် အပြင် ဘုတ် အဖွဲ့ဝင် အများစု ကိုလည်း အစိုးရ ကသာ ခန့်အပ် ခဲ့သည်။ လုပ်ငန်း ဆောင်ရွက်မှု အနေဖြင့်မူ CNPC နိုင်ငံ မြောက်ပိုင်း နှင့် အနောက်ပိုင်း ဒေသရှိ ရေနံမြေ များကို တာဝန်ယူ လုပ်ကိုင် နေပြီး Sinopec ကမူ နိုင်ငံ တောင်ပိုင်းရှိ ရေနံမြေ များကို တာဝန်ယူ ဆောင်ရွက် လျှက်ရှိသည်။ CNOOC ကမူ ကမ်းလွန် ရေနံ ရှာဖွေ ထုတ်လုပ်မှု များအတွက် တာဝန်ယူ လုပ်ဆောင် လျှက်ရှိသည်။
တရုတ် နိုင်ငံ၏ ရေနံ ထုတ်လုပ်မှု ၈၅% ကို ကုန်းတွင်း ရေနံမြေ များက ထုတ်လုပ် နေခြင်း ဖြစ်ပြီး နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ တာချင့် ရေနံ မြေသည် တရုတ် နိုင်ငံ၏ အကြီးဆုံး ရေနံမြေ ဖြစ်ကာ တရုတ် နိုင်ငံ၏ ရေနံထုတ်လုပ်မှု ၂၅% ဖြစ်သည့် နေ့စဉ် ရေနံ စည်ပေါင်း ကိုးသိန်း ကျော်ကျော် ထုတ်လုပ် လျှက်ရှိသည်။ သို့သော် တာချင့် ရေနံမြေမှာ သက်တမ်း ကြာမြင့် နေပြီ ဖြစ်သောကြောင့် ၂၀၀၄ ခုနှစ်မှ စတင်ပြီး အထွက်နှုန်း တစ်ဖြေးဖြေး ကျဆင်း လာလျှက် ရှိသည်။ သို့သော် ၂၀၀၄ ခုနှစ် ဧပြီလ အတွင်းတွင် Sinopec ကုမ္ပဏီက ဒုတိယ အကြီးဆုံး ရေနံမြေ ဖြစ်သည့် Shengli တွင် နောက်ထပ် ရေနံတွင်း သစ်များ တွေ့ရှိခဲ့ပြီး ယခုအခါ နေ့စဉ် ရေနံစည် ငါးသိန်းကျော် ထုတ်လုပ် လျှက်ရှိ ပေသည်။
တရုတ်တို့ အနေဖြင့် ပြည်ပမှ ရေနံ တင်သွင်းမှု များကို လျှော့ချ နိုင်ရန် အတွက် ရှင်ကျန်၊ ကန်စု၊ စီချွမ်နှင့် အတွင်း မွန်ဂိုး လီယား ဒေသ များတွင် စမ်းသပ် ရှာဖွေ မှုများ ပြုလုပ် သကဲ့သို့ ပုလဲ မြစ်ဝ ကျွန်းပေါ် ဒေသနှင့် တောင်တရုတ် ပင်လယ် တွင်လည်း ကမ်းလွန် ရေနံ ရှာဖွေ မှုများ ပြုလုပ် လျှက်ရှိသည်။ သို့သော် ပြည်တွင်း ထုတ်လုပ်မှုမှာ မည်သည့် နည်းနှင့်မျှ မြင့်မား လာသည့် ရေနံ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မည့် အခြေအနေ မရှိပေ။ ထို့ကြောင့် တရုတ် ကုမ္ပဏီများ အနေဖြင့် ပြည်ပတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ မှုများ ပြုလုပ်ရန် ခြေလှမ်း ပြင်ခဲ့ ကြသည်။
ပြည်ပရင်းနှီးမြှပ်နှံမှုများ
တရုတ် အစိုးရ အနေဖြင့် နိုင်ငံ၏ ရေနံ လိုအပ်ချက် အတွက် နိုင်ငံတကာ ဈေးကွက် ကိုသာ မှီခို နေရခြင်း အပေါ်မ လိုလားပေ။ နိုင်ငံ တကာ ရေနံ ဈေးကွက်မှာ အနောက် အုပ်စု ရေနံ ကုမ္ပဏီ ကြီးများ၏ လက်ထဲတွင် ရှိနေရာ တစ်စုံ တစ်ရာသော အခြေ အနေတွင် တရုတ် နိုင်ငံ အတွက် ရေနံ ရောင်းချ ပေးခြင်းများ အပေါ် ချုပ်ခြယ် ကန့်သတ် မှုများ ပြုလုပ် လာနိုင် သည်ဟု တရုတ် ခေါင်းဆောင် များက သုံးသပ် ကြသည်။ ထို့ကြောင့် တရုတ် ရေနံ ကုမ္ပဏီ များကလည်း အနောက် အုပ်စု ရေနံ ကုမ္ပဏီများ နည်းတူ နိုင်ငံ တကာတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော် ထုတ်လုပ် ခွင့်များ ရရှိအောင် လုပ်ဆောင် လာခဲ့သည်။
တရုတ် တို့သည် ၁၉၉၄-၉၅ ခုနှစ်တွင် ထိုင်း၊ ကနေဒါနှင့် ပီရူး နိုင်ငံ များရှိ ရေနံ မြေများတွင် အစု ရှယ်ယာများ စတင် ၀ယ်ယူ ခြင်းဖြင့် ပြည်ပ ဈေးကွက်ကို စတင် ခြေချ ခဲ့သည်။ ယခု အချိန် တွင်မူ တရုတ် ကုမ္မဏီ များသည် အာရှ၊ အာဖရိနှင့် ဗဟို အာရှ ဒေသ နိုင်ငံ များတွင် ရေနံရှာဖွေ၊ ထုတ်လုပ် ခွင့်များကို အနောက် ကုမ္မဏီ များနှင့် အပြိုင် ရယူ နေသကဲ့သို့ လက်ရှိ ရေနံ ထုတ်လုပ်ခွင့် ရရှိ ထားသည့် ကနေဒါ၊ သြစတေးလျ နှင့် ရုရှား ရေနံ ကုမ္မဏီ များတွင် အစု ရှယ်ယာများ ၀ယ်ယူ ခြင်းကိုလည်း တိုးချဲ့ ဆောင်ရွက်လျှက် ရှိနေသည်။ ထို့ပြင် တရုတ်တို့ အနေဖြင့် အင်ဒိုနီးရှား၊ ချဒ်၊ အီဂျစ်၊ ကာဇက်စတန်၊ နိုင်ဂျီး ရီးယား၊ အိုမန်၊ ဆူဒန်၊ အီရန်၊ ရုရှား၊ သြစတေးလျ၊ ဆော်ဒီ၊ မြန်မာနှင့် ဗင်နီဇွဲလား ကုမ္မဏီ များဖြင့် နှစ်ရှည် ရေနံ ထုတ်လုပ် ရောင်းချမှု သဘော တူညီ ချက်များ ရရှိထားပြီး ဖြစ်သကဲ့သို့ နိုင်ငံပေါင်း လေးဆယ် ကျော်တွင်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပေသည်။
တရုတ် အစိုးရ အနေဖြင့် ရေနံ ရရှိ နိုင်မည့် ဈေးကွက်များကို တိုးချဲ့ ရှာဖွေ နေသကဲ့သို့ တရုတ် နိုင်ငံ အတွက် လိုအပ်သည့် ရေနံများကို သယ်ဆောင် ရာတွင် မလက္ကာ ရေလက်ကြားကို မှီခို နေရမှုအား လည်း လျှော့ချ နိုင်ရန် အတွက် ဆောင်ရွက် ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မိုင် ၆၀၀ ရှည်လျားသည့် တရုတ်- ကာဇက် စတန် ပိုက်လိုင်းကို ဖွင့်လှစ် ခဲ့ပြီး ဗဟို အာရှ ဒေသမှ နေ့စဉ် ရေနံစည် နှစ်သိန်းကို ပို့ဆောင် လျှက်ရှိကာ ၂၀၁၀ ပြည့်နှစ်တွင် လေးသိန်း အထိ ပို့ဆောင် နိုင်ရေး အတွက် ပြင်ဆင်လျှက် ရှိပေသည်။ အလားတူပင် မိုင်၂၅၀၀ ကျော်ရှည်လျားသည့် ရုရှား- တရုတ် ရေနံ ပိုက်လိုင်း ကိုလည်း ၂၀၀၆ ခုနှစ် မှ စတင် တည်ဆောက် လျှက်ရှိသည်။ ဆိုင်ဘေး ရီးယား ဒေသကို ဖြတ်ကျော်ပြီး ပစိဖိတ် ကမ်းခြေ အထိ သွယ်တန်းသည့် ထိုပိုက်လိုင်း စီမံကိန်း ပြီးဆုံးပါက တရုတ် နိုင်ငံနှင့် ဂျပန် နိုင်ငံ အတွက် နေ့စဉ် ရေနံစည် ၁.၆ သန်းကျော် ပို့ဆောင် ပေးနိုင်မည် ဖြစ်သည်။ အလားတူပင် မြန်မာ နိုင်ငံ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း မှ ယူနန် ပြည်နယ်သို့ ဆက်သွယ်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက် ကိုလည်း စတင် တော့မည် ဖြစ်သည်။
စွမ်းအင် ဖူလုံရေး
တရုတ် အစိုးရ အနေဖြင့် ရေနံ စွမ်းအင် အရင်း အမြစ် များနှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း များကို တိုးချဲ့လျှက် ရှိသည့် နည်းတူ နိုင်ငံ အတွက် မဟာ ဗျူဟာ ရေနံ သိုလှောင်ရေး စီမံချက် ကိုလည်း အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက် လျှက် ရှိသည်ကို တွေ့ရသည်။ ထိုစီမံချက်၏ ပထမ အဆင့်မှာ ၂၀၀၈ ခုနှစ်တွင် ပြီးဆုံး ခဲ့ပြီး နိုင်ငံ၏ ရေနံ လိုအပ်ချက် ၂၅ ရက်စာနှင့် ညီမျှသည့် ရေနံစည် သန်းတစ်ရာကို သိုလှောင် ထားနိုင်ပြီ ဖြစ်သည်။ စီမံချက် ဒုတိယ အဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်ကာ ၄၂ ရက် စာ ရေနံစည် သန်း နှစ်ရာကို သိုလှောင် ထားနိုင်မည် ဖြစ်သည်။ တတိယ အဆင့်ပြီးဆုံး ပါကမူ တရုတ် နိုင်ငံ အနေဖြင့် ရေနံစည် သန်းငါးရာကို မဟာဗျူဟာ အရန် အဖြစ် သိုလှောင် နိုင်စွမ်း ရှိမည် ဖြစ်သည်။
တရုတ် နိုင်ငံ အနေဖြင့် ရေနံ အပေါ် မှီခိုမှုကို လျှော့ချ နိုင်ရန် အတွက် ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နှင့် အနုမြူ စွမ်းအင် များကို တိုးချဲ့ အသုံးပြု နိုင်ရေး အတွက် လည်း ဆောင်ရွက် လျှက် ရှိပေသည်။ သို့သော် ကျောက်မီး သွေးနှင့် အနုမြူ စွမ်းအင် များမှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ၊ နည်းပညာ ဆိုင်ရာ ပြဿနာ များနှင့် ကုန်ကျ စရိတ် များကြောင့် ရေနံကို အစားထိုး နိုင်မည့် အခြေ အနေ မရှိသေး သည်ကိုလည်း တွေ့ရသည်။
တရုတ် နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ထူးခြားသည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ရှိခဲ့ပြီး ဖြစ်သည်။ တရုတ် အစိုးရ အနေဖြင့်လည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင် မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများ ရရှိနိုင်မည်ကို အသိအမှတ် ပြုထားပြီး ဖြစ်သည်။ ထိုကဲ့သို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် နိုင်ရန် အတွက် ရေနံ ဖူလုံ ရေးသည် အဓိက အချက် တစ်ချက် ဖြစ်နေသည်။ ထို့ကြောင့် လာမည့် ဆယ်စု နှစ်များ အတွင်းတွင် ရေနံနှင့် စွမ်းအင် ဖူလုံရေး ပြဿနာသည် တရုတ် နိုင်ငံ၏ နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး မူဝါဒများ အပေါ်တွင် သြဇာ လွှမ်းမိုးမှု ရှိနေ ဦးမည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့် အနောက် အုပ်စု ကုမ္ပဏီများ ခြေကုတ် မယူ နိုင်သေးသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ အမေ ရိကန်နှင့် ဆက်ဆံရေး မပြေ လည်သည့် နိုင်ငံ များနှင့် ပတ်သက်သည့် တရုတ် နိုင်ငံခြားရေး မူဝါဒတွင် ရေနံ ဖူလုံ ရေးသည် အဓိက အချက် အနေဖြင့် ပါနေ ဦးမည်သာ ဖြစ်သည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
China Energy Data, Statistics and Analysis - Oil, Gas, Electricity, Coal by Energy Information Adminiatration , 2006
၂။
China crude oil output estimate ၊ China Mining Association (CMA)
၃။
Military Power of the People’s Republic of China2009 , Department of Defence , United States of America .

No comments:

Post a Comment