Saturday, April 26, 2014

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ (၅)


( ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထို ရွေးကောက်ပွဲ များမှ တဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ်ဂိတ် သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင်ရရှိ ခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံ ကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတ အဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ကိုမူ ချန်လှပ်ထား ခဲ့ပါသည်။ ဂိတ်၏ အတွေ့အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေ များကို ဆ၀ါး နိုင်မည် ဖြစ်ပါသည်။)
အဲဒီလို သမ္မတ ရာထူး လွှဲပြောင်း လက်ခံရေး အတွက် ပြင်ဆင် နေချိန်မှာပဲ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခံထားရတဲ့  Joe Biden ကလည်း ကျွန်တော်ကို သီးခြား တွေ့ဆုံခဲ့ ပါသေးတယ်။ သူက အမျိုးသား လုံခြုံရေးရာ ကိစ္စတွေမှာ ဒုတိယ သမ္မတ အနေနဲ့ ဘယ်လို အခန်း ကဏ္ဍက ပါဝင်သင့် လဲလို့ အကြံဥာဏ် တောင်းပါတယ်။
ကျွန်တော်က အလွန် ကွဲပြားတဲ့ ပုံစံ နှစ်ခု ရှိကြောင်း၊ ပထမ တစ်ခုက ဂျော့်ခ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ် ( လက်ရှိ သမ္မတ ဘုရှ်၏ ဖခင်၊ သမ္မတ ရီဂင် လက်ထက် ဒုတိယ သမ္မတ) နဲ့ ဒုတိယ တစ်ခုက  ဒစ်ချေယင်နီ ( လက်ရှိ သမ္မတဘုရှ် ၏ ဒုတိယ သမ္မတ)ဖြစ်ကြောင်း ပြောပြခဲ့ ပါတယ်။
ဘုရှ် (အကြီး)ရဲ့ ပုံစံက သူ့လက်ထောက် အရာရှိ တွေက ၀န်ကြီးအဆင့် အစည်းအဝေး အပါ အ၀င် အမျိုးသား လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အစည်းအဝေး တွေကို တက်တယ်။ ပြီးရင် ဒုတိယ သမ္မတကို ပြန်သတင်း ပို့တယ်။ ဘုရှ်က သူ့အမြင် တွေကို သမ္မတ တစ်ဦးတည်းကို ပဲ တင်ပြပါတယ်။
ဒစ်ချေယင်နီ ကတော့ အဲဒီလို မဟုတ်ဘူး။ သူ့လက်ထောက် တွေက အဆင့်မြင့် အရာရှိများ အစည်းအဝေး တွေကို တက်ပြီး  သူကိုယ်တိုင် ကတော့ ၀န်ကြီးအဆင့် အစည်းအဝေး တွေကို တက်တယ်။ ပြီးရင် အစည်း အဝေးမှာ သူ့သဘောထားကို ပြောတယ်။ အပြင်း အထန် ဆွေးနွေးတယ်။ သူ့လက်ထောက် တွေကလည်း သူတို့ တက်တဲ့ အစည်းအဝေး တိုင်းမှာ သူ တို့ ဆရာလိုပဲ ၀င်ဆွေးနွေးတယ်။
ကျွန်တော် ကတော့ ဘုရှ် (အကြီး)ရဲ့ ပုံစံကို ထောက်ခံတယ်။ အဲဒီလုပ်ကိုင် ပုံဟာ နိုင်ငံရဲ့ ဒုတိယ အမြင့်ဆုံး ရာထူးရဲ့ ဂုဏ်သိက္ခာ နဲ့လည်း ကိုက်ညီတယ်။ နောက်ပြီး သမ္မတ တစ်ဦးတည်း ကိုပဲ သူ့အမြင်ကို ပြောတဲ့ အတွက် သူပြောတာကို သမ္မတက လက်ခံသလား၊ ပယ်ချ သလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါဟာ နိုင်ငံရေး အတင်း အဖျင်းတွေ ပြန့်လွယ် လွန်းတဲ့ ၀ါရှင်တန် နိုင်ငံရေး လောကမှာ လက်တွေ့ကျတဲ့ လုပ်နည်း ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ဘဲ သမ္မတ မတက်တဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတွေ အားလုံး လိုက်တက်ပြီး ကိုယ်တိုင် ပါဝင် ဆွေးနွေး နေရင် ဒုတိယ သမ္မတဟာ ကျန်တဲ့ သူတွေနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ သူဘာပြောတယ်၊ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာ အားလုံး သိသွား နိုင်တယ်။
အဲဒါတွေကို ရှင်းပြတော့ Biden က သေသေ ချာချာ နားထောင်ပါတယ်။ ပြီးတော့ ကျေးဇူး တင်ကြောင်း ပြောတယ်။ တကယ် လက်တွေ့ လုပ်တော့ ဒစ်ချေယင်နီ ပုံစံအတိုင်း တသွေ မတိမ်း လိုက်လုပ်တော့ တာပါပဲ။
ဒီဇင်ဘာ ၁၉  ရက်နေ့မှာ ဟီလာရီ ကလင်တန်နဲ့ ကျွန်တော့် ပင်တဂွန် ရုံးခန်းမှာ နေ့လည်စာ အတူ စားတယ်။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် အကြောင်း တစ်ယောက် သိဖို့ လိုတဲ့အတွက် သူ့ကို ဖိတ်ကြား ခဲ့ပြီး သူကလည်း လိုလိုလားလား လက်ခံခဲ့ပါတယ်။  နေ့လည်စာ စားရင်း ကျွန်တော်က နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီး မသင့်မြတ် တာကြောင့် အစိုးရ အဖွဲ့နဲ့ သမ္မတ အပေါ် ဆိုးကျိုးတွေ ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ် တွေကို ရှင်းပြ ခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်နဲ့ ဘုရှ်ရဲ့ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ် ကြား ဆက်ဆံရေး ကောင်းမှုဟာ ၀န်ကြီးဌာန နှစ်ခု အပေါ်မှာ သာမက အမျိုးသား လုံခြုံရေး ဆိုင်ရာ အဖွဲ့ အစည်းတွေ အပေါ်မှာပါ အကျိုး သက်ရောက် ခဲ့တဲ့ အကြောင်း ရှင်းပြခဲ့ ပါတယ်။
ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ တစ်ချို့ ကာကွယ်ရေး ၀န်ကြီးတွေလို နိုင်ငံခြားရေး ၀န်ကြီး အပြိုင် အမေရိကန် နိုင်ငံခြားရေး မူဝါဒရဲ့ ပြောရေးဆိုခွင့် ရှိသူ နေရာကို ရဖို့ ကြိုးစားမှာ မဟုတ်ဘူး၊ ဒါ့အပြင် ဘုရှ်အစိုးရ တုန်းကလိုပဲ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ လိုအပ်ချက်တွေ ရရှိ နိုင်ဖို့အတွက် ထောက်ခံ ပေးမယ်လို့ ရှင်းပြခဲ့ ပါတယ်။ ကလင်တန်ဟာ အိမ်ဖြူတော် မှာရော၊ အထက် လွှတ်တော်မှာပါ ကျင်လည်ခဲ့သူ ဖြစ်တဲ့ အတွက် ကျွန်တော့် ဆိုလိုချက်ကို ချက်ခြင်း သဘောပေါက်ပြီး လက်တွဲလုပ်ဖို့ သဘောတူ ခဲ့ပါတယ်။ တကယ်လည်း ကျွန်တော် တို့နှစ်ဦးဟာ အလွန်ခိုင်မြဲတဲ့ လုပ်ဖော် ကိုင်ဘက် ဆက်ဆံရေးကို တည်ဆောက် နိုင်ခဲ့ပါတယ်။
ဇန်န၀ါရီလ ၁၉  ရက်နေ့ ကတော့ လက်ရှိ သမ္မတဘုရှ်ရဲ့ သမ္မတ သက်တမ်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သမ္မတဘုရှ်ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့က သမ္မတသစ် အိုဘားမားရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့ကို အိမ်ဖြူတော် အစည်းအဝေး ခန်းမှာ အမျိုးသား လုံခြုံရေး ဆိုင်ရာ ကိစ္စများ ရှင်းပြခဲ့ ပါတယ်။ အရင်တုန်းက သမ္မတသစ်ကို သီးခြား ရှင်းပြတာ မျိုးပဲ ရှိပါတယ်။ အခုလို အဖွဲ့နှစ်ဖွဲ့ တွေ့ပြီး ရှင်းပြတာမျိုးမရှိခဲ့ပါဘူး။ အခုအစည်းအဝေးက သမ္မတ ဘုရှ်အနေနဲ့ တာဝန် လွှဲပြောင်းမှုကို အဆင်ပြေ ချောမွေ့အောင် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ကျွန်တော် ဘယ်ဘက်က ထိုင်ရမလဲဆိုတဲ့ ကိစ္စကလွဲပြီး အားလုံးအဆင်ပြေပါတယ်။
ဇန်န၀ါရီလ ၂၀ ရက်နေ့က သမ္မတ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့ပါ။  အိုဘားမား ဟာ ကျွန်တော် တာဝန် ထမ်းဆောင် ခဲ့တဲ့ ရှစ်ဦးမြောက် သမ္မတ ဖြစ်ပါတယ်။ ရှေ့သမ္မတ ခုနှစ်ဦး လုံးရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ တွေကို ကျွန်တော် မတက်ခဲ့ဘူး။ အခုလည်း အဲဒီ အစဉ်အလာကို ထိန်းသိမ်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ ပါတယ်။ အခုလို အစိုးရအဖွဲ့ တစ်ဖွဲ့လုံး တက်ရောက်ရတဲ့ အခမ်းအနား များမှာ ၀န်ကြီး တစ်ဦးက  အခမ်းအနား မတက်ဘဲ အရေးပေါ် အခြေအနေ အတွက် အသင့် နေရတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါ့ကြောင့် ဘုရှ်နဲ့ အိုဘားမား နှစ်ဖွဲ့ လုံးကို ကျွန်တော်ဟာ အဲဒီတာဝန် အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း နားချပြီး အခမ်းအနားကို မတက်ခဲ့ ပါဘူး။ ကျွန်တော်က ဘုရှ်လက်ထက်မှာ တာဝန်ယူခဲ့သလို အိုဘားမား လက်ထက် မှာလည်း ဆက်တာဝန် ယူရမယ့်၊ လွှတ်တော် ကလည်း အတည်ပြုပြီး ဖြစ်တဲ့ တစ်ဦး တည်းသော ၀န်ကြီး ဖြစ်တော့ တကယ်လည်း သင့်တော်တဲ့ တာဝန်ယူမှုပါ။
ဇန်န၀ါရီလ ၂၁ ရက်နေ့မှာတော့ ကျွန်တော်ဟာ အိုဘားမားရဲ့ အစိုးရသစ်မှာ စတင် တာဝန် ထမ်းဆောင် ပါတော့တယ်။
(ရဲထွဋ်)

1 comment:

  1. Myanmar Idol Season 4 Top Result Live Full Show
    Myanmar Idol Season 4 Live Full Show

    Pakistan Education News Read Online Books NTS Results
    itnewsnet.com/

    ReplyDelete