Friday, April 25, 2014

ယူကရိန်း၊ ဂျော်ဂျီယာ နှင့် ရုရှားအကျိုးစီးပွား(၂)



(အမေရိကန် ကာကွယ်ရေး ၀န်ကြီးဟောင်း ရောဘတ် ဂိတ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့အကြုံ များကို ရေးသားခဲ့သည့် Duty စာအုပ်ကို ထုတ်ဝေ ခဲ့သည်။ ထိုစာအုပ် အခန်း ၅ Beyond Iraq: A Complicated World  တွင် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို ရေးသား ရာတွင်  ရုရှား နိုင်ငံနှင့် ပတ်သက်သည့် သုံးသပ် ချက်များ ဖော်ပြ ခဲ့သည်။ အဆိုပါ ရေးသား ချက်များကို လေ့လာ ပါက ယခု ဖြစ်ပေါ် နေသည့် ယူကရိန်း ပြဿနာကို ဆင်ခြင် သုံးသပ် နိုင်မည်ဟု ထင်သည့် အတွက် ဆီလျော်အောင် ထုတ်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ )
ဂျော်ဂျီယာ ဒေသက ၁၉  ရာစုနှစ် အစော ပိုင်းမှာ ရုရှား အင်ပါယာ ထဲကို သိမ်းသွင်း ခံခဲ့ရတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတဲ့ အခါ ဂျော်ဂျီယာ ကလည်း လွတ်လပ်ရေး ကြေညာ ခဲ့တယ်။ တစ်ချိန်တည်း မှာပဲ ဂျော်ဂျီယာ နိုင်ငံ ထဲက ရုရှားကို လိုလားတဲ့ တောင် အိုဆက်ရှား ဒေသနဲ့ အက်ခ်ခါ ဇီယာ ဒေသတွေ ကလည်း ဂျော်ဂျီယာ ထဲက ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာ ခဲ့တယ်။
အဲဒီကနေ စပြီး ဂျော်ဂျီယာနဲ့ အဲဒီ ပြည်နယ် နှစ်ခုကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာ ၁၉၉၄ ခုနှစ် အထိပဲ။ ၁၉၉၄ ခုနှစ် ကျတော့ ရုရှားက ကြားဝင် စေ့စပ် ပေးတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ထိုးခဲ့ကြပြီး အဲဒီပြည်နယ် နှစ်ခုမှာ ရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေ ချထားပေး ခဲ့တယ်။ အဲဒီ ခနော်ခနဲ့ ငြိမ်းချမ်းရေးဟာ ၂၀၀၄ ခုနှစ် ဂျော်ဂျီယာ အမျိုးသားရေး ၀ါဒီ Saakashivili ဂျော်ဂျီယာ သမ္မတ အဖြစ် ရွေးချယ် မခံရခင် အထိ တည်မြဲ နေခဲ့တယ်။
၂၀၀၄ နွေရာသီမှာ သမ္မတ Saakashivili က ဂျော်ဂျီယာ ပြည်ထဲရေး ၀န်ကြီး ဌာနလက် အောက်ခံ တပ်ဖွဲ့ တွေကို တောင်အိုဆက်ရှား ပြည်နယ် ထဲကို စေလွှတ် ခဲ့တယ်။ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပြီး ဂျော်ဂျီယာ တပ်ဖွဲ့တွေ ပြန်ဆုတ် ပေးခဲ့ ရတယ်။ အပစ်အခတ် ရပ်စဲရေးကို အဲဒီလို ချိုးဖောက် လိုက်တဲ့ အတွက် ရုရှားတွေ ဒေါသထွက်ခဲ့ ကြတယ်။ ၂၀၀၆ ခုနှစ် မှာ ဂျော်ဂျီယာ အစိုးရက တတိယမြောက် ခွဲထွက်ဖို့ ကြိုးစားတဲ့ ပြည်နယ်ထဲကို တပ်ဖွဲ့တွေ စေလွှတ် လိုက်ပြီး Saakashivili ဟာ တောင် အိုဆက်ရှားနဲ့ အက်ခ်ခါ ဇီယာပြည် နယ်နှစ်ခု ကိုလည်း ပြန်သိမ်းဖို့ သူဆုံးဖြတ် ထားကြောင်း အချက်ပြ လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ တော့ Saakashivili က အက်ခ်ခါဇီယာ နယ်စပ်ကို သွားပြီး အက်ခါဇီယာကို တစ်နှစ် အတွင်း ပြန်သိမ်း မယ်လို့ မိန့်ခွန်း ပြောခဲ့တယ်။ အဲဒီလို ပြောတာဟာ ရုရှားတွေကို ဆွပေးသလို ဖြစ်စေ ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်  ဖေဖော် ၀ါရီလမှာ ကိုဆိုဗို ပြည်နယ်က ဆာဗီးယား နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာ ခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂက အဲဒီ လွတ်လပ်ရေး ကြေညာမှုကို ထောက်ခံ ခဲ့ပြီး ရုရှားက ဆန့်ကျင် ခဲ့တာပါ။ အဲဒီနောက် မှာတော့ ရုရှားက ကိုဆိုဗို လိုပဲ တောင် အိုဆက်ရှားနဲ့ အက်ခ်ခါဇီယာ လွတ်လပ် ရေးကို အသိအမှတ် ပြုရမယ် ဆိုပြီး ဂျော်ဂျီယာ အစိုးရ အပေါ် ဖိအားပေး လာခဲ့တယ်။ ၂၀၀၈ ဧပြီလမှာ ပူတင်က ရုရှား အနေနဲ့အဲဒီ ပြည်နယ် နှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ် ပြုကောင်း ပြုနိုင်တယ် ဆိုပြီး ပြောလာတယ်။ ဧပြီလ ၂၁ ရက်မှာ Saakashivili က ပူတင်ဆီကို ဖုန်းဆက်ပြီး အဲဒီလို ပြောကြားချက်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆို ခဲ့ပြီး ပူတင်ကလည်း အဲဒီ တောင်းဆိုချက်ကို ပြတ်ပြတ် သားသားပဲ ပယ်ချ ခဲ့တယ်။
အဲဒီနောက် မှာတော့ ဂျော်ဂျီယာက စစ်ပြင်ဆင် မှုတွေ စလုပ်တယ်။ ရုရှား ကလည်း လေထီး တပ်သား လေးရာနဲ့ ဟောင်ဝစ်ဇာ အမြောက် တပ်ခွဲ တစ်ခွဲကို အပစ်အခတ် ရပ်စဲရေး မျဉ်းနားမှာ အင်အား ထပ်တိုးပြီး ချထား လိုက်တယ်။ ပြည်နယ် နှစ်ခုလုံး မှာလည်း ပြင်ဆင်မှုတွေ တိုးလုပ် လာတယ်။ သြဂုတ်လ ၇ ရက်နေ့ ကျတော့ ဂျော်ဂျီယာ တပ်ဖွဲ့တွေက အမြောက် ပစ်ကူတွေနဲ့ အတူ တောင်အိုဆက်ရှား ပြည်နယ် မြို့တော်ကို သိမ်းပိုက်ဖို့ အတွက် စပြီး ထိုးစစ်ဆင် ပါတော့တယ်။
သြဂုတ်လ ၈ ရက်နေ့ကျတော့ ရုရှား တပ်တွေ အိုဆက်ရှား ပြည်နယ် ထဲကို ၀င်လာပြီး ဂျော်ဂျီယာ တပ်ဖွဲ့ တွေကို တိုက်ထုတ် လိုက်တဲ့ အပြင် ဂျော်ဂျီယာ နိုင်ငံထဲ အထိ ထိုးစစ်ဆင် ခဲ့တယ်။ ရုရှား တပ်ဖွဲ့ တွေက ဂျော်ဂျီယာ စစ်စခန်းတွေ၊ ကမ်းခြေစောင့် တပ်ဖွဲ့တွေ၊ ဆက်သွယ်ရေး လမ်းကြောင်း တွေကို တိုက်ခိုက် ဖျက်ဆီး ခဲ့တယ်။ အထူးသဖြင့် နေတိုး အဖွဲ့အတွက် သတ်မှတ် ထားတဲ့ စစ်စခန်း တွေက ပိုပြီး ဖျက်ဆီးခံ ရတယ်။ ရုရှား ဒုတိယ စစ်ဦးစီးချုပ်က အဲဒီ တိုက်ခိုက်မှု တွေဟာ ဂျော်ဂျီယာ တပ်ဖွဲ့ တွေကို အင်အား ချည့်နဲ့ သွားအောင် လုပ်တာပါလို့ ပြောပေမယ့် တကယ်ကတော့ ယူကရိန်းနဲ့ အခြား ဗဟိုအာရှ ဒေသ အစိုးရ တွေကို နေတိုးနဲ့ ပေါင်းရင် ဘာဖြစ်မယ် ဆိုတာ သတိပေး လိုက်တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ရုရှားတွေ ထောင်ချောက် ထဲကို ဂျော်ဂျီယာ သမ္မတ Saakashivili မဆင် မခြင် ၀င်သွား တာပဲ။ ရုရှားတွေ အထူးသဖြင့် သမ္မတပူတင်အနေနဲ့ ကော့ကေးရှ အပါအ၀င် အရင်တုန်းက ရုရှားတွေ သြဇာသက်ရောက်ခဲ့တဲ့ ဒေသ တွေကို ပြန်ပြီး လွှမ်းမိုး နေချင် တာပါ။
ရုရှားတပ်တွေ ဂျော်ဂျီယာ နိုင်ငံထဲကို ၀င်သွားချိန် ကစပြီး သမ္မတဘုရှ်နဲ့ ကျွန်တော်၊ နိုင်ငံခြားရေး ၀န်ကြီးရိုက်စ်၊ ပူးတွဲ စစ်ဦးစီး ချုပ်များ အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီးမူလန်၊ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဟဒ်လေ တို့က ရုရှားနဲ့ ဂျော်ဂျီိယာ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေနဲ့ တောက်လျှောက် ဖုန်းပေါ်ကနေ ဆွေးနွေး နေခဲ့ရတယ်။
ကျွန်တော် တို့က ရုရှား တွေကို ထိုးစစ်ရပ်ပြီး မူလ အပစ်အခတ် ရပ်စဲရေးမျဉ်း အထိ ပြန်ဆုတ်ဖို့ တိုက်တွန်း ခဲ့ပြီး ဂျော်ဂျီယာ ကိုတော့ နောက်ထပ် ရူးရူးမိုက်မိုက် အလုပ်တွေ မလုပ်ဖို့၊ ရုရှားတွေကို ထပ်ပြီးမဆွဖို့ တိုက်တွန်း ရတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ ကျွန်တော်က ရုရှား ကာကွယ်ရေး ၀န်ကြီးကို ထိုးစစ်ကို ရပ်ဖို့၊ ဂျော်ဂျီယာ နိုင်ငံ ထဲကို လေကြောင်းက တိုက်ခိုက် တာတွေ ရပ်စဲဖို့ ပြင်းပြင်း ထန်ထန် တောင်းဆို ခဲ့သလို  ရုရှား အနေနဲ့ ဂျော်ဂျီယာ နိုင်ငံ တစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ထား သလားလို့  ပြောင်မေးခဲ့တယ်။ သူက အဲဒီလို မရည်ရွယ် ဘူးလို့ ပြန်ပြော ပါတယ်။
ကျွန်တော့် အနေနဲ့ ဂျော်ဂျီယာ ကာကွယ်ရေး ၀န်ကြီး ကိုလည်း ခပ်ရှင်းရှင်းပဲ ပြောခဲ့တယ်။ ကျွန်တော်က ဂျော်ဂျီယာဟာ မနိုင် နိုင်တဲ့ စစ်ပွဲကို သွားမတိုက်ဖို့၊ တိုက်ခိုက် မှုတွေကို ရပ်စဲပြီး ခုခံ ကာကွယ် နိုင်မယ့် နေရာ သစ်တွေ ဆီကို ဆုတ်ခွာ နေရာ ယူဖို့၊ အရေးကြီးဆုံးက ရုရှား တပ်တွေနဲ့ဂျော်ဂျီယာ တပ်တွေကြား တိုက်ရိုက် ထိတွေ့မှု တွေကို ရှောင်ရှားဖို့ လိုတယ်လို့ ပြောခဲ့တယ်။ သူ့ကို အမေရိကန် အနေနဲ့ ရုရှားတွေကို ဂျော်ဂျီယာ ထဲကို နောက်ထပ် တပ်ဖွဲ့တွေ ထပ်မလွှတ်ဖို့နဲ့  ဂျော်ဂျီယာ နိုင်ငံရဲ့ နယ်မြေ ပိုင်ဆိုင်မှုကို အလေးထားဖို့ တောင်းဆို နေကြောင်း အသိပေး ခဲ့တယ်။ ဒီလို ဆွေးနွေးမှု တွေကို နောက်ထပ် ရက် အတော် ကြာကြာ ဆက်လုပ် နေခဲ့ရ ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့ကျတော့ ပြင်သစ် သမ္မတ ဆာကိုဇီ အဆိုပြုတဲ့ အပစ်အခတ် ရပ်စဲရေး မူကို ရုရှားတွေက လက်ခံခဲ့ ပါတယ်။ ဒါပေမယ့် သြဂုတ်၁၇ ရက်နေ့ ကျမှ တပ်တွေ စရုပ်သိမ်းမယ်လို့ ရုရှား တွေက ပြောခဲ့ ပါတယ်။ အဲဒီအချိန်မှာ ရုရှားတပ်ဖွဲ့ တွေဟာ ဂျော်ဂျီယာ နိုင်ငံ မြို့တော်နဲ့ မိုင်လေးဆယ် အကွာကို ရောက်နေပြီး နိုင်ငံရဲ့ နယ်မြေ အတော်များများ ကို သိမ်းထား ပြီးပါပြီ။ အဲဒီဒေသတွေ အားလုံး ကနေ ရုရှား တပ်ဖွဲ့တွေ ဆုတ်ခွာဖို့ အတွက် အောက်တို ဘာလလယ် အထိ စောင့်ခဲ့ရ ပါတယ်။
အမေရိကန် အစိုးရနဲ့ အခြား အစိုးရ တွေက ဂျော်ဂျီယာ သမ္မတ Saakashivili ရဲ့ မဆင် မခြင် ဆောင်ရွက် မှုကြောင့် ရုရှားတွေ အနေနဲ့ ဂျော်ဂျီယာကို သင်ခန်းစာ ပေးဖို့ အခွင့်အရေး ရသွား တယ်လို့ မြင်ခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဖက် ကလည်း ရုရှားတွေက ဂျော်ဂျီယာ အပေါ် ပြင်းပြင်း ထန်ထန် လက်တုန့်ပြန် တိုက်ခိုက် ခဲ့မှုဟာ တစ်ခြား နိုင်ငံတွေရဲ့ ရုရှား အပေါ် အမြင် ကိုပြောင်းသွားစေပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော်က ရုရှားတွေရဲ့ လုပ်ရပ်ကြောင့် အနာဂတ်မှာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကြား၊ အမေရိကန်နဲ့ နေတိုး အဖွဲ့ကြား လုံခြုံရေး ဆိုင်ရာ မဟာ ဗျူဟာနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ အပေါ် ကြီးမားတဲ့ အကျိုး သက်ရောက် မှုတွေ ရှိလာတယ်။ အခုဆိုရင် ဥရောပ နိုင်ငံ တွေဟာ ရုရှားကို အရင်လို သဘောထား နိုင်မှာ မဟုတ်တော့ ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သမ္မတ ဘုရှ်ရော၊ ကျွန်တော်တို့ရော အမေရိကန် အနေနဲ့ ရုရှားအပေါ် ပြင်းထန် တဲ့ နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့ အရေးယူ မှုတွေ လုပ်ခဲ့ရင် မအောင်မြင် နိုင်ဘူး ဆိုတာ သိခဲ့ ပါတယ်။ အဲဒီလို လုပ်လိုက်ရင် အထီးကျန် ဖြစ်သွားမှာက ရုရှား မဟုတ်ဘူး၊ အမေရိကန်ပဲ။  ရုရှား နိုင်ငံရဲ့ ကျူးကျော်မှုကို ရှုံ့ချတဲ့ ဥရောပ သမဂ္ဂရဲ့ ထုတ်ပြန် ချက်ဟာ ပျော့ပျော့ လေးပဲ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ကိုယ့်ခံစားချက် တွေကို မျိုသိပ်ပြီး နေတိုး အဖွဲ့ဝင် မဟာမိတ် နိုင်ငံတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ခဲ့ ရတယ်။
ဒီအခြေအနေက ၁၉၆၈ ခုနှစ် ဆိုဗီယက်တွေ ချက်နိုင်ငံကို ကျူးကျော် ခဲ့တဲ့ အချိန်ကို ပြန်သတိရ စေတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ စီအိုင်အေမှာ အလုပ်ဝင် ကာစပဲရှိ သေးတယ်။  ဥရောပ နိုင်ငံတွေက ဆိုဗီယက်ရဲ့ လုပ်ရပ်ကို ရှုံ့ချ ခဲ့ကြတယ်။ ဒါပေမယ့် သုံးလေးလ လောက်ကြာတော့ ဆိုဗီယက် နဲ့ဆက်ဆံ ရေးက အရင်လိုပဲ ပြန်ဖြစ် သွားခဲ့တယ်။
ဘုရှ်အစိုးရ ကတော့ ရုရှားနဲ့ ဆက်ဆံရေးကို ပြန်ကောင်းအောင် လုပ်ဖို့ အချိန်လည်း မရှိ တော့ဘူး။ လုပ်ချင် စိတ်လည်း မရှိလှဘူး။ အစိုးရ သက်တမ်းက ငါးလပဲ ကျန်တော့တာ ဆိုတော့ ဘယ်သူမှလည်း သိပ် ဂရုမစိုက် တော့ဘူး။ အဆိုးထဲက အကောင်းလို့ ပြောနိုင်တာ တစ်ခုတော ရှိတယ်။ အဲဒါက ရုရှားတွေ ဂျော်ဂျီယာကို ၀င်တိုက်ပြီး ခြောက်ရက် အကြာမှာ ပိုလန်နိုင်ငံက ဒုံးပျံ ကာကွယ်ရေး စနစ်တွေ သူ့နိုင်ငံမှာ လက်ခံဖို့ သဘောတူ လက်မှတ်ထိုး ခဲ့တာပါပဲ။
( ရဲထွဋ် )

No comments:

Post a Comment