Saturday, April 26, 2014

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ (၂)



( ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထို ရွေးကောက်ပွဲ များမှ တဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ်ဂိတ် သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင်ရရှိ ခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံ ကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတ အဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ကိုမူ ချန်လှပ်ထား ခဲ့ပါသည်။ ဂိတ်၏ အတွေ့အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေ များကို ဆ၀ါး နိုင်မည် ဖြစ်ပါသည်။)
အဲဒီလို နိုင်ငံရေး မိုင်းကွင်းထဲ ဖြတ်နေရတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီး Mullen က နောက်ထပ် ဗုံးတစ်လုံးခွဲဖို့ လုပ်လာ ပြန်တယ်။ အမေရိကန် နိုင်ငံရဲ့ စနစ်အရ သမ္မတက (လာမည့် လေးနှစ် အတွက်) အမျိုးသား လုံခြုံရေး မဟာဗျူဟာ ( National Security Strategy, NSS ) ကို ချမှတ် ပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာန က အဲဒါကို အခြေခံပြီး ကာကွယ်ရေး ၀န်ကြီး ဌာနက အကောင်အထည်ေ ဖ်ာမယ့် အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ ( National Defence Strategy, NDS) ကို ရေးဆွဲရ ပါတယ်။ ပူးတွဲ စစ်ဦးစီး ချုပ်များ အဖွဲ့က သမ္မတ နဲ့ ကာကွယ်ရေး ၀န်ကြီးရဲ့ မဟာဗျူဟာ များကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် စစ်ဆင်ရေး လိုအပ်ချက်တွေ၊ လူ၊ လက်နက် ပစ္စည်း လိုအပ်ချက် တွေကို ဖော်ပြ ထားတဲ့ အမျိုးသား စစ်ရေး မဟာဗျူဟာ ( National Military Strategy, NMS) ကို ဆက်ပြီး ရေးဆွဲ ရပါတယ်။
ရှေ့ပိုင်းမှာ ကျွန်တော် ရေးခဲ့သလိုပဲ ကျွန်တော်ရဲ့ အမျိုးသား ကာကွယ်ရေး မဟာ ဗျူဟာကို ပြုစုချိန်မှာ  ဗိုလ်ချုပ်ကြီး Mullen နဲ့ ဦးစီးချုပ် တွေက လက်ရှိ ဆင်နွဲနေတဲ့ အီရတ်နဲ့ အာဖဂန် စစ်ပွဲကို အနိုင်ရဖို့ အတွက် သမားရိုးကျ စစ်ပွဲများ အတွက် စစ်လက်နက် ပစ္စည်း လိုအပ်ချက် အချို့ကို စွန့်လွှတ် ရမယ်ဆိုတဲ့ အယူအဆကို လက်မခံ ကြဘူး။
စက်တင် ဘာလမှာ ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့ရဲ့ အမျိုးသား စစ်ရေး မဟာဗျူဟာ မူကြမ်းကို ကျွန်တော့်ဆီ တင်ပြတဲ့ အချိန်မှာ  ဗိုလ်ချုပ်ကြီး Mullen က သမ္မတဘုရှ်ရဲ့ အယူအဆဖြစ် တဲ့ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး စစ်ပွဲကို ရေရှည် ဆင်နွဲရမယ် ဆိုတဲ့ အချက်၊ အမေရိကန်ရဲ့ စစ်အင်အားကို ဒီမိုကရေစီ ဖော်ဆောင်ဖို့ အသုံးချ ရမယ် ဆိုတဲ့ Freedom Agenda တို့ကို လုံးဝ ရည်ညွှန်းခြင်း မပြုဘဲ ချန်ထား ခဲ့တယ်။ နောက်ပြီး အရင်က ကျွန်တော်တို့ ပြောနေတာ နဲ့ ဆန့်ကျင်ပြီး အမေရိကန် တပ်ဖွဲ့ တွေဟာ ကမ္ဘာ့နေရာ အနှံ့မှာ အရေးပေါ် အခြေအနေ တွေကို တစ်ချိန်တည်း ရင်ဆိုင် ဖြေရှင်းဖို့ အသင့်မဖြစ် သေးဘူးလို့ ဖော်ပြထားတယ်။  ဗိုလ်ချုပ်ကြီး Mullen က ဒီအမျိုးသား စစ်ရေး မဟာဗျူဟာကို အောက်တိုဘာ လလယ်မှ ထုတ်ပြန်ဖို့ ရည်ရွယ် ထားတယ်လို့ ကျွန်တော့်ကို တင်ပြခဲ့တယ်။
သူ့ရဲ့ အချိန် ဇယားက အလွန် မှားယွင်းတဲ့ တွက်ချက်မှုပဲ။ ဒါ့ကြောင့် ကျွန်တော်က အောက် တိုဘာ ၅ ရက် နေ့မှာ  ဗိုလ်ချုပ်ကြီး Mullen ကို အမျိုးသား စစ်ရေး မဟာဗျူဟာကို သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ မတိုင်ခင် အပြင်းအထန် မဲဆွယ်နေတဲ့ ကာလမှာ ထုတ်ပြန် လိုက်မယ် ဆိုရင် အမှားကြီး မှားလိမ့်မယ်၊ အဲဒီလို လုပ်ခြင်းဖြင့် တပ်မတော်ဟာ နိုင်ငံရေး ငြင်းခုန်မှုတွေ ကြားကို ရောက်သွား လိမ့်မယ်၊ အထူးသဖြင့် သမ္မတ ဘုရှ်ရဲ့ မူဝါဒ တွေကို ဖယ်ထုတ်ထားတဲ့ အတွက် ဒီမဟာ ဗျူဟာကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ထုတ်ပြန် တယ်လို့ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ တွေရဲ့ စွပ်စွဲမှု ခံရနိုင်တယ်။ ဒါဟာ တပ်မတော် အတွက်ရော၊ သူ့အတွက်ရော မကောင်းဘူးလို့ ထောက်ပြခဲ့တယ်။ ကျွန်တော်က ဒီမဟာ ဗျူဟာကို ရွေးကောက်ပွဲ ပြီးမှ ထုတ်ပြန်ဖို့နဲ့ ဘုရှ်ရဲ့ မူဝါဒတွေကို ချန်လှပ် မထားဖို့ သူ့ကို တိုက်တွန်း ခဲ့တယ်။ နောက်ဆုံးတော့  ဗိုလ်ချုပ်ကြီး Mullen က သူ့ရဲ့ မဟာဗျူဟာမှာ ပြင်ဆင်မှု အချို့ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ အပြီးမှ ထုတ်ပြန်ဖို့ သဘောတူ ခဲ့ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ မှာတော့ သမ္မတ ဘုရှ်ဟာ သူ့ရဲ့ နောက်ဆုံး အစည်းအဝေး အဖြစ် ပင်တဂွန် စစ်ဌာနချုပ်မှာ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့နဲ့ လာရောက် တွေ့ဆုံခဲ့ ပါတယ်။ အဲဒီ အစည်းအဝေးဟာ သူ့လက်ထက်မှာ ဆောင်ရွက် ခဲ့တဲ့ စစ်ရေး ဆိုင်ရာ ကိစ္စများ အပေါ် ပြန်လည် ဆင်ခြင် သုံးသပ်တဲ့ အစည်းအဝေးလို့ ဆိုနိုင် ပါတယ်။ တပ်မှူး အားလုံးက ဘုရှ်လက် ထက်မှာ  အမေရိကန် တပ်မတော် အနေနဲ့ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲ တွေနဲ့ ကြုံခဲ့ ရတယ်။ ဒါပေမယ့် အခုအချိန်မှာ တိုက်ပွဲ အတွေ့အကြုံ အရှိဆုံး၊ ပင်လယ်ရပ်ခြား စစ်ဆင်ရေး အတွေ့အကြုံ အရှိဆုံး တပ်မတော် ဖြစ်နေပြီ။ အခုစစ်ပွဲ တွေမှာ ပါဝင်ခဲ့တဲ့ အရာရှိငယ်များကို ဆက်ပြီး ပြုစု ပျိုးထောင်ပေးရင် အနာဂတ် အတွက် စိတ်ချရပြီလို့ သုံးသပ် ခဲ့ကြပါတယ်။
အစည်းအဝေး အပြီးမှာ ဘုရှ်က အမေရိကန် တပ်မတော်ရဲ့ ကမ္ဘာ့ ဒေသကြီး နှစ်ခုမှာ သမားရိုးကျ စစ်ပွဲကြီး နှစ်ခုကို တစ်ပြိုင်တည်း ဆင်နွဲ နိုင်အောင် ပြင်ဆင်ထား ရမယ်ဆိုတဲ့ ရည်မှန်းချက်က အခု အခြေအနေမှာ လက်တွေ့ မကျတော့ဘူး၊ အဲဒီလို စစ်ပွဲကြီး နှစ်ခုကို တိုက်ဖို့အခြေ အနေလည်း မရှိတော့ ဘူးလို့ သုံးသပ်ခဲ့ ပါတယ်။ နောက်ပြီး နိုင်ငံ တည်ဆောက်ရေး ( Nation Building ) အလုပ်ကို ပြဿနာ ဖြစ်နေတဲ့ နိုင်ငံ တိုင်းမှာ အလွယ်တကူ ၀င်မလုပ်မိဖို့ သတိထားဖို့ လိုတယ်လို့ သတိပေး ခဲ့ပါတယ်။
အဲဒီနေ့ အစည်းအဝေးကို တက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ကျွန်တော့် အနေနဲ့ အိုဘားမား အစိုးရသစ် လက်ထက်မှာ ဆက်ပြီး တာဝန် ထမ်းဆောင်ဖို့ အတော် နီးစပ်နေပြီ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဇူလိုင်လ ၁၄ ရက်နေ့တုံးက ဒီမိုကရက်ပါတီ အထက် လွှတ်တော် အမတ် Jack Reed က ကျွန်တော့်ကို သမ္မတလောင်း အိုဘားမား အနေနဲ့ သူသာ သမ္မတ ဖြစ်လာရင် ကျွန်တော့်ကို ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ပေးမယ်လို့ ကမ်းလှမ်း လာရင် ကျွန်တော့်ဘက်က လက်ခံစဉ်းစား ပေးနိုင်မလားလို့ မေးလာ ပါတယ်။ ကျွန်တော်က အိုဘားမား အနေနဲ့ နိုင်ငံက ကျွန်တော့်ကို လိုအပ် နေတယ်လို့ ယူဆရင် အိုဘားမားနဲ့ ကျွန်တော် ဆွေးနွေး လိုပါတယ်လို့ အကြောင်းပြန် ခဲ့ပါတယ်။
အောက်တို ဘာလ ၄ ရက်နေ့မှာ Jack Reed က ထပ်ဆက်သွယ် လာပြီး အိုဘားမားနဲ့ တွေ့မလားလို့ မေးလာ ပါတယ်။ ကျွန်တော်က ရွေးကောက်ပွဲ မပြီးခင်တွေ့ဖို့ မသင့်ဘူး။ ရွေးကောက်ပွဲ ပြီးရင် တွေ့ပါ့မယ်။ လောလော ဆယ်ဆယ်တော့ အိုဘားမား အနေနဲ့ စဉ်းစား စေလိုတဲ့ မေးခွန်းအချို့ ပေးထား ချင်တယ်လို့ အကြောင်းပြန် ခဲ့ပါတယ်။
Jack Reed နဲ့ဖုန်းပြော ပြီးပြီးချင်း သမ္မတဘုရှ်ကို အိုဘားမား ဘက်က လာပြီး ဆက်သွယ် နေတဲ့အကြောင်း သတင်းပို့ ခဲ့ပါတယ်။ ဘုရှ်က အဲဒီလို ကမ်းလှမ်းချက် အပေါ် သဘောကျပြီး အိုဘားမား ဘက်က တရားဝင် ကမ်းလှမ်း လာရင် ကျွန်တော့် အနေနဲ့ လက်ခံ သင့်တယ်၊ ကျွန်တော် ကာကွယ်ရေး ၀န်ကြီး ဆက်လုပ်ရင် နိုင်ငံအတွက် အများကြီး အကျိုး ရှိမယ်လို့ အကြံပေးပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျွန်တော်က Jack Reed ကို ဆက်သွယ်ပြီး အိုဘားမား အတွက် မေးခွန်းတွေကို ပေးပို့ခဲ့ ပါတယ်။ အောက်တိုဘာ ၂၉  ရက်နေ့မှာ သူ့ဘက်က ပြန်ဆက်သွယ် လာပြီး အိုဘားမားက အဲဒီမေးခွန်း တွေနဲ့ ပတ်သက်ပြီး အခုစာရေးပြီး ဖြေရမလား၊ ဒါမှမဟုတ် Jack Reed ကို သူ့ကိုယ်စားလှယ် အဖြစ် လွှတ်ပြီး ဖြေပေး ရမလား။ ဒါမှမဟုတ် ကျွန်တော်နဲ့ နှစ်ယောက်ထဲ တွေ့တဲ့ အချိန်ကျမှ ဖြေရမလားလို့ ပြောကြောင်း အကြောင်းကြား လာပါတယ်။ ကျွန်တော်က တတိယ နည်းလမ်းကို ရွေးလိုက်ပြီး ကျွန်တော်တို့ နှစ်ယောက် ဆွေးနွေးတဲ့ အခါမှာ ကျွန်တော့် မေးခွန်း တွေကို အခြေခံ အချက်တွေ အဖြစ် ထားပြီး ဆွေးနွေး ပါ့မယ်လို့အကြောင်းပြန် ခဲ့ပါတယ်။
တကယ်တော့ ရာထူး တာဝန် ပေးဖို့ စဉ်းစားခြင်း ခံရသူက  သူ့ကို ခန့်အပ်မယ့် သမ္မတ လောင်းဆီကို မေးခွန်းတွေ ပို့တယ် ဆိုတာ ဖြစ်တောင့် ဖြစ်ခဲ၊ ကြုံတောင့် ကြုံခဲ အဖြစ်ပါပဲ။ ပုံမှန်အားဖြင့် သမ္မတ လောင်းက သူစဉ်းစား ထားတဲ့ ပုဂ္ဂိုလ်ကိုပဲ သူသိချင်တဲ့ အချက်တွေ ကို မေးလေ့ ရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိုဘားမားနဲ့ ကျွန်တော်က အမေရိကန် သမိုင်းမှာ မကြုံဘူး သေးတဲ့ အခြေ အနေတစ်ခုကို ဖြတ်သန်း ရတော့မှာ ဖြစ်ပါတယ်။ အခုအချိန်က နိုင်ငံအနေနဲ့ စစ်ပွဲ နှစ်ခုကို ဆင်နွဲ နေရတဲ့ အချိန် ဖြစ်တယ်။ ပြီးတော့ ၁၉ ၄၇ ခုနှစ်မှာ ကာကွယ်ရေး ၀န်ကြီးဌာနကို စတင်ဖွဲ့စည်း ခဲ့ပြီးချိန် ကစလို့ သမ္မတ ရာထူးကို ပါတီတစ်ခု တည်းက နိုင်ခဲ့ရင်တောင် လက်ရှိ သမ္မတရဲ့ ကာကွယ်ရေး ၀န်ကြီးက နောက် သမ္မတရဲ့ ကာကွယ်ရေး ၀န်ကြီးအဖြစ် ဆက်ပြီး တာဝန် ထမ်းဆောင်တာ မရှိခဲ့သေး ပါဘူး။ အခုလို ရီပတ် ဘလီကင်နဲ့ ဒီမိုကရက် ပါတီ မတူ တဲ့ အခြေအနေ မျိုးက ဝေလာ ဝေးပေါ့။
ကျွန်တော်က သမ္မတလောင်း အိုဘားမား ဆီကို ရေးတဲ့ စာမှာ  “အခု ကိစ္စက ကျွန်တော်တို့ မျှော်လင့်ထား တာထက် ပိုပြီး ရှုပ်ထွေး နိုင်ပါတယ်။ ကျွန်တော့် မေးခွန်း တွေက ကျွန်တော်တို့ နှစ်ယောက်လုံး အဲဒီ အခြေအနေကို နားလည်နိုင်ဖို့ အထောက်အကူ ဖြစ်ပါ လိမ့်မယ်။” လို့ ရေးခဲ့ပါတယ်။ ကျွန်တော့်ကို တာဝန် ပေးမယ့် ကိစ္စက တကယ် အလုပ်ဖြစ်ပြီး နိုင်ငံ အတွက် အကျိုးရှိဖို့ ဆိုရင် ကျွန်တော်တို့ နှစ်ဦးလုံး တစ်ယောက်ကို တစ်ယောက် အစထဲက နားလည်မှု ရှိဖို့ လိုပါတယ်။ ကျွန်တော့် ဘက်က အိုဘားမား အနေနဲ့ ပွင့်ပွင့် လင်းလင်း ပြောတာ၊ မေးခွန်း ထုတ်တာကို ကြိုက်သလား ဆိုတာ သိလိုတယ်။ တကယ်လို့ ဒီလိုမေးတာ မြန်းတာကို မကြိုက်ဘူးဆိုရင်လည်း ကျွန်တော့် အတွက် အရှုံး မရှိပါဘူး။ အစ ထဲက ဖြစ်နိုင်ရင် ဒီတာဝန်ကို ဆက်မလုပ်ဖို့ဆုံးဖြတ် ထားပြီးသားပဲလေ။
ဒါပေမယ့် ရွေးကောက်ပွဲပြီး သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို အိုဘားမားရဲ့ အနီးကပ်ဆုံး လက်ထောက် အရာရှိနဲ့ ဆက်သွယ်ပြီး အိုဘားမားနဲ့လျှို့ဝှက် တွေ့ဆုံ နိုင်ရေး စီစဉ်ဖို့ အကြောင်း ကြားလာပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment