အိုဘားမား အစိုးရ တာဝန် ယူချိန်တွင် အမေရိကန်
နိုင်ငံသည် သမိုင်း တွင်မည့် မဟာဗျူဟာ အပြောင်း အလဲ ကာလနှင့် ရင်ဆိုင် နေရ ပေပြီ။
အီရတ်နှင့် အာဖဂန် စစ်ပွဲ များကြောင့် အမေရိကန် တပ်မတော်သည် မနိုင်ဝန် ထမ်းနေ ရသည့်
အခြေအနေ ရောက်ဖို့ နီးနီး လာနေပြီ ဖြစ်သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေး ပျက်ကပ် ကြောင့်
အမေ ရိကန် တို့၏ အမျိုး မျိုးသော အကျိုး စီးပွား များကို အကောင် အထည် ဖော်ရာတွင် ငွေကြေး
ကန့်သတ် ချက်တွေ ရှိလာသည်။ ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ သံယံဇာတ အရင်း အမြစ်များ
ရှားပါး လာမှု၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာမှု၊ ယိုယွင်း ပျက်စီး နေသော နိုင်ငံများ၊
နိုင်ငံမဲ့ အစွန်းရောက် အဖွဲ့ အစည်းများ စသည့် စသည့် စိန်ခေါ်မှု ပေါင်းများစွာ ကလည်း
အမေ ရိကန်တို့ အပေါ် သက်ရောက် နေသည့် ဖိအား များစွာ ထဲက အချို့ ဖြစ်သည်။
ကာကွယ်ရေး
အမေရိကန် တပ်မတော် ရင်ဆိုင် နေရသည့် စိန်ခေါ်မှု
များဆိုလျှင် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် အကြီး မားဆုံး စိန်ခေါ်မှုဟု ဆိုနိုင်သည်။
အမေရိကန် တပ် အများစုက အီရတ်၊ အာဖဂန် စစ်မြေပြင် တွေမှာ နစ်နေသည်။ တစ်ချို့ တပ်ဖွဲ့များက
တိုက်ပွဲ ၀င်နေသည်။ တစ်ချို့ တပ်ဖွဲ့များက တိုက်ပွဲဝင် နေသည့် တပ်များကို သွားရောက်
လဲလှယ်ဖို့ ပြင်ဆင် နေသည်။ တစ်ချို့ တပ်ဖွဲ့များက စစ်မြေပြင်က ပြန်ရောက် လာပြီး အနားယူ
ပြန်လည် ဖွဲ့စည်း နေရသည်။ ထိုအခြေ အနေတွင် အမေရိကန် တပ်မတော် စစ်အခြေခံ သဘော တရားပါ
ကျန်စစ်ပွဲ ပုံစံများကို လေ့ကျင့်ဖို့ မဖြစ်နိုင်တော့။ နောက်ထပ် ပေါ်လာမည့် အရေးပေါ်
အခြေ အနေတွေ၊ ပဋိပက္ခ တွေကို ကိုင်တွယ် နိုင်ဖို့ အတွက် ကန့်သတ် ချက်တွေ ဖြစ်လာသည်။
ထို့ကြောင့် ပူးတွဲ စစ်ဦးစီး အဖွဲ့ချုပ်
ဥက္ကဌ ဗိုလ်ချုပ်ကြီး မူလန် (Mullen) က အမေရိကန်
တပ်မတော်၏ စစ်ဆင် နိုင်မှု စွမ်းရည်သည် ဟန်ချက် ပျက်နေပြီ၊ ဒီအတိုင်း ကြာကြာ ဆက်မသွား
နိုင်ဘူးဟု ၎င်း၏ ၂၀၀၈-၂၀၀၉ မဟာဗျူဟာ လမ်းညွှန် စာတမ်းတွင် သုံးသပ် ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးမူဝါဒ
အမေရိကန် နိုင်ငံခြားရေး မူဝါဒ အနေဖြင့်
ဘုရှ် အစိုးရ လက်ထက်က ကျင့်သုံး ခဲ့သည့် တစ်ကိုယ်တော် ၀ါဒ၊ အင်အား အဓိက ၀ါဒ တွေထဲက
ရုန်းထွက်ဖို့ လုပ်ရဦးမည်။ ဘုရှ် အစိုးရ လက်ထက်က အမေရိကန် အမျိုးသား အကျိုး စီးပွားကို
အကောင် အထည် ဖော်ရာတွင် စစ်အင်အားက အဓိက ဖြစ်ခဲ့သည်။ Soft Power တွေက နောက်တန်းမှာ
နေခဲ့ ရသည်။ ၉/၁၁ လွန် နိုင်ငံတကာ ဆက်ဆံရေး နှင့် ပထ၀ီ နိုင်ငံရေးတွင် ထိုနည်းလမ်းက
အလုပ် မဖြစ်တော့။ ဗိုလ်ချုပ်ကြီး မူလန်ကပင် စစ်အင်အားကို အခြေခံသည့် အမေရိကန် နိုင်ငံခြားရေး
ဝါဒကို ပြင်ရ တော့မည် ဟု ၎င်း၏ စာတမ်းတွင် ဆိုခဲ့သည်။
ယနေ့ အမေရိကန် ရင်ဆိုင် နေရသည်က အကြမ်းဖက်
ဝါဒ၊ အစွန်းရောက် ၀ါဒ တစ်ခုတည်း မဟုတ်၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာနေသည့် အာဏာရှင်
ဆန်ဆန် အုပ်ချုပ်သည့် နိုင်ငံများ ကလည်း အမေ ရိကန်တို့၏ တန်ဖိုး များကို စိန်ခေါ် နေသည်။
နီယိုကွန် တို့၏ ကောင်းမှုကြောင့် ကမ္ဘာ့ ပြည်သူများ အလယ်တွင် အမေရိကန်ကို အကောင်း မြင်မှုက
နည်းပါး နေသည်။ ထိုအကျိုး ဆက်ကြောင့် အမေရိကန်တို့ အနေဖြင့် အီရတ် စစ်ပွဲမှာ၊ အာဖဂန်
စစ်ပွဲမှာ သူတို့နှင့် လက်တွဲ တိုက်မည့် မဟာမိတ်တွေ၊ လုပ်ဖော် ကိုင်ဘက်တွေ နည်းနည်း
လာတော့သည်။ လူ့အခွင့် အရေးလို၊ အနုမြူ လက်နက် မပြန့်ပွား ရေးလို၊ ဖန်လုံအိမ် ဓာတ်ငွေ့လို
နိုင်ငံတကာ ပြဿနာ တွေမှာ အမေရိကန် သံတမန်တွေ လုပ်ရ ကိုင်ရတာ ပိုခက် လာသည်။ အမေ ရိကန်တို့၏
ရပ်တည်ချက် အပေါ် ထောက်ခံ လာအောင် စည်းရုံးဖို့ ခက်လာသည်။ ဘုရှ်အစိုးရ နောက်ဆုံး နှစ်များတွင်
ဒီပြဿနာ တွေကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့ သော်လည်း အောင်မြင်မှု မရှိလှ။ နိုင်ငံတကာ
ဖွံ့ဖြိုးမှု အကူ အညီတွေ၊ ပြည်သူ့ ဆက်ဆံရေး လုပ်ငန်းတွေ၊ သံတမန် လုပ်ငန်းတွေ မှာ ငွေကြေးတွေ
ပိုသုံး ခဲ့သည့်တိုင် သုံးသင့် သည်ထက် အများကြီး နည်းနေ သေးသည်။ ကာကွယ်ရေး ဘက်က သုံးစွဲမှုနှင့်
ယှဉ်လိုက်လျှင် မဖြစ် စလောက်သာ ရှိသည်။
ဘဏ္ဍာရေး
ကာကွယ် ရေးမှာ၊ နိုင်ငံခြား ရေးမှာ ပြင်သင့်
တာတွေပြင်၊ လုပ်သင့် တာတွေ လုပ်ဖို့ ဆိုလျှင် ငွေလိုသည်။ လက်ရှိ အိုဘားမား အစိုးရ အတွက်
ဘဏ္ဍာရေး အခြေ အနေ ကလည်း ကောင်းလှသည် မဟုတ်။ အမေရိကန် အစိုးရ ကြွေးမြီသည် ၂၀၀၁ က ဒေါ်လာ
၅.၇ ထရီလီယံ ( တစ် ထရီလီယံသည် သန်းတစ် သောင်းနှင့် ညီသည်။ ) ရှိသည်။ ဘုရှ်၏ အကြမ်းဖက်
ဝါဒ တိုက်ဖျက်ရေး စစ်ပွဲကြောင့် ၂၀၀၈ ခုနှစ်တွင် ကြွေးမြီ တွေက ဒေါ်လာ ၁၀ ထရီလီယံ ရှိလာသည်။
တနည်းအားဖြင့် ပြောလျှင် အမေရိကန် အိမ်ထောင်စု တစ်စုလျှင် ဒေါ်လာ ကိုးသောင်း ကြွေးတင်သည့်
သဘော ဖြစ်သည်။ ၂၀၀၈-၉ ဘဏ္ဍာရေး အကြပ် အတည်းကို ဖြေရှင်းရန် အတွက် ငွေတွေ သုံးခဲ့ ရသဖြင့်
ယခုနှစ် ဘတ်ဂျက် လိုငွေက ဒေါ်လာ တစ်ထရီ လီယံ ရှိမည် ဖြစ်သည်။ ထို့ကြောင့် အိုဘားမား
အစိုးရ အနေဖြင့် ဘယ်နေရာမှာ ဘယ်လို သုံးရမည်။ ဘယ်ကဏ္ဍကို ဦးစားပေး ရမည်ကို အတော် ခက်ခက်
ခဲခဲ ဆုံးဖြတ် ရတော့မည် ဖြစ်သည်။ နိုင်ငံရေး အရ ပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု
အစီအစဉ်၊ အိမ်ပေါင် ချေးငွေ အခက်အခဲ ဖြေရှင်းရေး အစီအစဉ် တွေမှာ သုံးဖို့ လိုသလို ကာကွယ်ရေး၊
နိုင်ငံခြားရေး မှာလည်း မသုံးမဖြစ် သုံးရ ဦးမည်။ ဒီ ကန့်သတ်ချက် တွေက အမေရိကန် တို့၏
အမျိုးသား လုံခြုံရေး မဟာ ဗျူဟာများ အပေါ် ကြီးမားသော အကျိုး သက်ရောက်မှု ဖြစ်စေ လိမ့်မည်။
တတိယအလှည့်အပြောင်း
အထက်ပါ စိန်ခေါ်မှု များအပြင် အိုဘားမား
အစိုးရ အနေဖြင့် စစ်အေး ခေတ်လွန် ကာလတွင် အကြီးမား ဆုံးသော နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ
ပြောင်းလဲ မှုကြီးနှင့် ရင်ဆိုင် နေရ ပေသည်။ ပြီးခဲ့ ရာစုနှစ် တစ်ခုလုံးတွင် နိုင်ငံတကာ
ဆက်ဆံရေး စနစ်ကြီးကို အခြေခံပြီး ပြောင်းလဲ စေသည့် ဖြစ်ရပ်ကြီး နှစ်ခုသာ ရှိခဲ့သည်။
ထိုဖြစ်ရပ် ကြီးများ နောက်တွင် အမေရိကန် နိုင်ငံ၏ အဂ္ဂမဟာ ဗျူဟာ Grand
Strategy နှင့် မဟာဗျူဟာ များမှာလည်း ပြောင်းလဲ
လာသည့် အခြေ အနေနှင့် လိုက်လျော ညီထွေ ပြောင်းလဲ ခဲ့ရသည် ။
ပထမ တစ်ကြိမ်မှာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့်
၁၉၄၅ ခုနှစ်မှ ဆိုဗီယက်က အနုမြူဗုံး စမ်းသပ် ဖောက်ခွဲ ခဲ့သည့် ၁၉၄၉ ခုနှစ်ကြား ကာလ
ဖြစ်သည်။ ထိုဖြစ်ရပ် ကြောင့် ၁၉၅၀ ခုနှစ်တွင် အမေရိကန် တို့သည် ဆိုဗီယက်ကို ထိန်းချုပ်
ရေးနှင့် နိုင်ငံတကာ ဆက်ဆံ ရေးတွင် အမေရိကန် အကျိုး စီးပွားကို အထောက် အကူ ပြုနိုင်မည့်
နိုင်ငံတကာ အဖွဲ့ အစည်း များကို ထူထောင်ရန် ဆိုသည့် အချက် နှစ်ခု ပေါ်တွင် အခြေခံသည့်
အဂ္ဂမဟာ ဗျူဟာနှင့် မဟာဗျူဟာ များကို ချမှတ်ခဲ့ ရပေသည်။
ဒုတိယ တစ်ကြိမ်မှာ ဘာလင် တံတိုင်းကြီး
ပြိုကျ သွားချိန်မှ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ချိန် အထိ ဖြစ်သည်။ ထိုဖြစ်ရပ်
နောက်ပိုင်းတွင် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်သည် ဆိုဗီယက်နှင့် အမေရိကန်တို့ အားပြိုင်
နေသည့် ဒွိမဏ္ဍိုင် စနစ်မှာ အမေ ရိကန်တို့ တစ်ဦးတည်း ကြီးစိုးသည့် ဧက မဏ္ဍိုင် အခြေ အနေသို့
ရောက်သွား ခဲ့သည်။ ထို အခြေ အနေတွင် အမေ ရိကန်တို့က ဘုရှ်၏ ကမ္ဘာ့ အင်အား ပုံစံသစ်၊
ကလင်တန်၏ လူသားခြင်း စာနာ ထောက်ထား မှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း စသည့် မူဝါဒများ
ကို အခြေ ခံသည့် မဟာ ဗျူဟာ များကို ချမှတ် ခဲ့ရသည်။
၂၁ ရာစု အတွက် အပြောင်း အလဲမှာ ၉/၁၁ တိုက်ခိုက်
မှုနှင့် ၂၀၀၃ အီရတ်ကို စတင် ကျူးကျော် တိုက်ခိုက်သည့် အချိန်ထိ ကာလ ဖြစ်သည်။ ဤ အပြောင်း
အလဲသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း နိုင်ငံ တကာ ဆက်ဆံရေး စနစ် ကြီးကို အခြေခံမှ စပြောင်း
စေမည့် တတိယ အပြောင်း အလဲလည်း ဖြစ်သည်။ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီ (National Intelligence Council) ၏ ၂၀၂၅ ခုနှစ်
အတွက် သုံးသပ်ချက် စာတမ်းတွင် အီရတ် စစ်ပွဲ နောက်ပိုင်းတွင် ကမ္ဘာကြီးသည် ဧက မဏ္ဍိုင်
အခြေ အနေမှာ ရှုတ်ထွေး နက်နဲသည့် ဗဟုမဏ္ဍိုင် အခြေအနေသို့ တစ်ဖြေး ဖြေးခြင်း ပြောင်းလဲ
နေပြီ ဖြစ်ကြောင်း၊ အမေရိကန်တို့ အနေဖြင့်
နိုင်ငံရေး၊ စီးပွားရေး အကျိုး စီးပွား များတွင် ၎င်းတို့ အလိုကျ ဖြစ်အောင် အခြား နိုင်ငံများကို
နားချ သိမ်းသွင်း နိုင်သည့် စွမ်းအား တစ်ဖြေးဖြေး နည်းပါး လာပြီ ဖြစ်ကြောင်း၊ ၂၀၂၅
ခုနှစ် ရောက်ချိန်တွင် နိုင်ငံတကာ ဆက်ဆံရေး စနစ် ပုံစံမှာ ယခု အခြေ အနေနှင့် လုံးဝ
ခြားနား နေမည်ဖြစ် ကြောင်း ဖော်ပြ ထားသည်ကို
တွေ့ရသည်။
ဘုရှ်အစိုးရ လက်ထက်တွင် အထက်ပါ ပြောင်းလဲမှု
အခြေ အနေကြီးကို သတိမမူခဲ့ပဲ တစ်ကိုယ်တော် ၀ါဒဖြင့် ခရီးနှင် ခဲ့သည်။ ရေရှည် မဟာဗျူဟာ
အမြင်ထက် ရေတို နည်းဗျူဟာ များတွင်သာ အာရုံစိုက် နေခဲ့ သဖြင့် အီရတ်နှင့် အာဖဂန် ဆိုင်ရာ
မူဝါဒ များတွင် အမှား အယွင်းများ ခဲ့သည်။ ယခု အချိန်တွင် အိုဘားမား အစိုးရသည် တရုတ်၊
ရုရှားနှင့် အိန္ဒိယ ကဲ့သို့သော ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ နိုင်ငံမဲ့ အစွန်းရောက်
အဖွဲ့ အစည်း များနှင့် ဒေသ ဆိုင်ရာ အဖွဲ့အစည်း အမျိုးမျိုးတို့ ပါဝင် နေသည့် ဗဟုမဏ္ဍိုင်
ကမ္ဘာ ကြီးနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ ယခု ဖြစ်ပေါ် နေသည့် ပထ၀ီ နိုင်ငံရေး ဆိုင်ရာ
အပြောင်း အလဲ များက ပြီးပြည့် စုံသည့် အခြေ အနေသို့ မရောက်သေး။ သို့သော် အပြောင်း အလဲတွေ
ဖြစ်နေသည် ဆိုသည် ကတော့ သေချာ နေသည်။ နယူးစ်ဝိခ် ပင်တိုင် ဆောင်းပါးရှင် ဇာကာ ရီးယားက
အမေရိကန် ခေတ်လွန် ကမ္ဘာ ဆိုသည့် စာအုပ်တွင် ဘာတွေပဲ ဖြစ်ဖြစ် အမေရိကန် စီးပွားရေး ကတော့
အချက် အခြာ ကျတဲ့ စီးပွားရေး၊ ရှင်သန် တက်ကြွ နေတဲ့ စီးပွားရေး ဖြစ်နေ ဦးမှာပဲ။ စက်မှု၊
သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တော်လှန်ရေး တွေမှာ ဦးဆောင် ဦးရွက် နိုင်ငံ ဖြစ်နေ ဦးမှာပဲဟု
ဆိုခဲ့သည်။ မှန်ပါသည်။ အမေရိကန် ခေတ်ကုန် သွားဖို့ ဆိုတာ မဖြစ် နိုင်သေး။ သို့သော်
လာမည့် ကမ္ဘာ့ အခြေအနေ သစ်တွင် အမေရိကန် တို့၏ အကျိုး စီးပွား များကို အောင်အောင် မြင်မြင်
အကောင် အထည်ဖော် နိုင်ဖို့ ဆိုလျှင်တော့ လက်ရှိ အဂ္ဂမဟာ ဗျူဟာ၊ မဟာဗျူဟာ များကို လိုက်လျော
ညီထွေ ပြောင်းနိုင်ဖို့ လိုပေသည်။ ထိုအချက်ကို အိုဘားမား အစိုးရက ဘယ်လောက် အောင်မြင်အောင်
လုပ်နိုင်မည် ဆိုသည် ကိုသာ စောင့်ကြည့် ရမည် ဖြစ်သည်။
ရဲထွဋ်
Bi-
Weekly Eleven(18-9-2009)
မှီငြမ်းပြုစာစောင်များ
၁။
|
Crafting Strategy in
an Age of Transition, Shawn Brimley
|
၂။
|
Global Trend 2025,
National Intelligence Council, United States
|
No comments:
Post a Comment