Wednesday, February 26, 2014

အိုဘားမားရဲ့ အာဖဂန်မဟာဗျူဟာသစ်

သုံးလကျော် အာဖဂန် စစ်ပွဲ အတွက် မဟာဗျူဟာ သစ်ကို စဉ်းစား ပြီးနောက် အိုဘားမားက ၎င်း၏ မဟာ ဗျူဟာကို ဒီဇင်ဘာလ ၁ ရက်နေ့၌ ၀က်စ်ပွိုင့် စစ်တက္ကသိုလ် ဗိုလ်လောင်း များကို မိန့်ခွန်း ပြောကြား ရင်းဖြင့် ချပြ ခဲ့သည်။ သို့သော် ထိုမဟာ ဗျူဟာ သစ်က အောင်ပွဲ ရမည် ဆိုသည့် ယုံကြည်မှု တွေထက် အောင်ပွဲ အပေါ် သံသယတွေ ပေါ်လာ အောင်သာ လုပ်ဆောင် ပေးနိုင် ခဲ့သည်။
အခြေခံမဏ္ဍိုင်သုံးခု
အိုဘားမား၏ မဟာဗျူဟာသည် မဏ္ဍိုင် သုံးခု ပေါ်တွင် အခြေခံသည်။ ပထမ မဏ္ဍိုင်မှာ စစ်ရေး ဖြစ်ပြီး အိုဘားမားက လာမည့် ၁၈ လအတွင်း တာလီဘန် တို့၏ စစ်ရေး စွမ်းရည်ကို ရိုက်ချိုး နိုင်ရန်  အတွက် နောက်ထပ် တပ်အင်အား သုံးသောင်းကို ၂၀၁၀ နှစ် ဆန်းမှ စတင် တိုးမြှင့် ချထားရန် ဆုံးဖြတ် ခဲ့သည်။ ထိုတပ်ဖွဲ့ များကို ၂၀၁၀ မေလ အပြီး ဖြန့်ကျက် ချထားမည် ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ များသည် တာလီဘန် တပ်ဖွဲ့ များကို ချေမှုန်းရန်၊ လူဦးရေ ထူထပ်သည့် မြို့ကြီး များကို ထိန်းသိမ်း ရန်နှင့် အာဖဂန် တပ်ဖွဲ့များကို လေ့ကျင့် ပေးရန် ဆိုသည့် ရည်မှန်းချက် တာဝန် သုံးခုကို ထမ်းဆောင် ရမည် ဖြစ်သည်။ အိုဘားမားက နေတိုး အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ပြင်သစ်မှ တပ်အင်အား နှစ်ထောင်၊ အီတလီမှ တစ်ထောင့် ငါးရာ၊ ဗြိတိန်မှ တစ်ထောင် ကိုလည်း အာဖဂန်ရှိ နေတိုး တပ်ဖွဲ့များ အတွက် ထပ်မံ ဖြည့်တင်း ပေးရန် ပန်ကြား ခဲ့သည်။ အိုဘားမား၏ မဟာ ဗျူဟာမှာ အီရတ်မှာ ကဲ့သို့ပင် တာလီဘန် များကို အချိန်တို အတွင်း ဦးကျိုးအောင် တိုက်ခိုက်၊ တစ်ချိန် တည်း၌ အာဖဂန် တပ်များကို စွမ်းရည် မြင့်မား လာအောင် လေ့ကျင့်၊ အခြေအနေ တည်ငြိမ် သွားပါက အမေရိကန်နှင့် နေတိုး တပ်ဖွဲ့ များက အာဖဂန် တပ်များကို တာဝန် လွှဲပြီး အဆင့်ဆင့် ဆုတ်ခွာ ရုပ်သိမ်း ဆိုသည့် မဟာဗျူဟာ မျှသာ ဖြစ်သည်။
အိုဘားမား မဟာ ဗျူဟာ၏ ဒုတိယ မဏ္ဍိုင်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ ဖြစ်သည်။ အိုဘားမားက အမေရိကန်နှင့် မဟာမိတ် များသည် ကုလ သမဂ္ဂနှင့် ပူးပေါင်းပြီး အာဖဂန် ပြည်သူ တွေ၏ လူနေမှု ဘ၀ တိုးတက်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို ပိုမို လုပ်ဆောင် ပေးသွား မည်ဟု ဆိုသည်။ ဒီမဟာဗျူဟာ ကလည်း ကာဇိုင်း အစိုးရ တက်လာ ကတည်းက အမေရိကန်နှင့် နိုင်ငံတကာ အသိုင်း အ၀န်းက လုပ်လာ ခဲ့သည့် အလုပ် ဖြစ်သည်။ သို့သော် အိုဘားမားက ကာဇိုင်း အစိုးရ အတွင်း အဂတိ လိုက်စားမှု များကြောင့် ယခင် စီမံကိန်းများ အဟောသိကံ ဖြစ်ခဲ့ ရသည်ကို အသိအမှတ် ပြုခဲ့ပြီး ကြီးကြပ် စစ်ဆေးမှု မရှိဘဲ ငွေတွေ ပုံပေး ခဲ့သည့် ခေတ်ကုန် ခဲ့ပြီဟု သတိပေး ခဲ့သည်။ အာဖဂန် အစိုးရ အနေဖြင့် အဂတိ လိုက်စားမှု များကို တိုက်ဖျက်ရန် ၊ တာဝန်ရှိ သူများကို အရေးယူရန် လိုအပ်ပြီး အမေရိကန် တို့၏  အကူအညီ များသည် အာဖဂန် ပြည်သူ များကို တိုက်ရိုက် အကျိုး ရှိစေမည့် လယ်ယာ စိုက်ပျိုး ရေးလို ကဏ္ဍ တွေမှာ ပိုသုံး မည်ဟု ကတိ ပေးခဲ့သည်။
တတိယ မဏ္ဍိုင် ကတော့ အာဖဂန် စစ်ပွဲ အောင်မြင် မှုကို ပါကစ္စတန် နိုင်ငံ၏ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး လုပ်ဆောင် မှုများနှင့် ချိတ်ဆက်ပြီး ဟန်ချက် ညီညီ ဆောင်ရွက် ရေးပင် ဖြစ်သည်။ ထိုအယူ အဆသည် အိုဘားမား၏ ပထမ အကြိမ် အာဖဂန် မဟာ ဗျူဟာ ချပြစဉ် ကလည်း ပါဝင် ခဲ့သည့် အယူအဆ ဖြစ်သည်။ သို့သော် ယခု တစ်ကြိမ်တွင် အိုဘားမားက ပါကစ္စတန် အနေဖြင့် ၎င်းနယ်မြေ ထဲတွင် ခိုလှုံ နေသည့် တာလီဘန်နှင့် အယ်လ်ကေဒါ များကို ယခုထက် ပိုပြီး တင်းတင်း ကျပ်ကျပ် ကိုင်တွယ် ချေမှုန်းဖို့ တောင်းဆို ထားခဲ့သည်။
တကယ်တော့ အိုဘားမား အနေဖြင့် အာဖဂန် ဆိုင်ရာ မဟာ ဗျူဟာကို ထုတ်ပြန် ကြေညာ ခြင်းသည် တစ်နှစ် အတွင်း ဒုတိယ အကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် သူ့အစိုးရ၏ အာဖဂန် မဟာ ဗျူဟာသစ်ကို ကြေညာ ပြီးနောက် နောက်ထပ် တပ်အင်အား နှစ်သောင်းကျော် ပို့ခဲ့သည်။ ရှစ်လ အကြာတွင် နောက်ထပ် မဟာ ဗျူဟာသစ်ကို ကြေညာ ပြီးနောက် အင်အား သုံးသောင်း ထပ်ပို့မည် ဆိုရာ ၂၀၁၀ နှစ်လယ်တွင် အမေရိကန် တပ်ဖွဲ့ တစ်သိန်းကျော် အာဖဂန်တွင် ရောက်နေမည် ဖြစ်သည်။ အခုလို မဟာ ဗျူဟာတွေ ထပ်ပြန် တလဲ ထုတ်နေ ရခြင်းကိုက အမေ ရိကန်တွေ အာဖဂန်မှာ အလုပ် မဖြစ်ခြင်းကို ပြနေသည်။ ထိုကဲ့သို့ အလုပ် မဖြစ်တာတွေ များလာလျှင် အာဖဂန် စစ်ပွဲအတွက် လိုအပ် သော ငွေကြေး ရဖို့ လွှတ်တော်ကို စည်းရုံး ရာတွင် အခက်တွေ့ နိုင်ပေသည်။
ဘဏ္ဍာရေးဝန်ထုပ်ဝန်းပိုး
၂၀၁၀ ခုနှစ် အတွက် အမေရိကန် ကာကွယ်ရေး အသုံး စရိတ် လျာထား ချက်မှာ ၅၃၄ ဘီလီယံ ဖြစ်သည်။ ထိုထဲမှာ အီရတ်နှင့် အာဖဂန် အသုံး စရိတ်တွေ မပါသေး။ အီရတ် စစ်ပွဲ အတွက်က ၆၂ ဘီလီ ယံနှင့် အာဖဂန် အတွက် ၆၃ ဘီလီယံ ထပ်သုံးရန် လျာထားသည်။ ယခု မဟာ ဗျူဟာ အရ ထပ်တိုးမည့် တပ်များ အတွက် နောက်ထပ် ၃၀ ဘီလီယံ သုံးရမည်။ ထိုသို့ ဆိုလျှင် ၂၀၁၀ အတွက် ကာကွယ်ရေး အသုံး စရိတ်သည် ဒေါ်လာ ၇၁၆ ဘီလီယံ အထိ ရှိလာမည် ဖြစ်သည်။ ယခုကဲ့သို့ ပြည်တွင်းမှာ ဘဏ္ဍာရေး အကျပ် အတည်းနှင့် ကြုံနေချိန်တွင် အာဖဂန် စစ်ပွဲ အတွက် ငွေတွေ ထပ်တိုး ပေးဖို့ကို ဆန့်ကျင် မှုတွေ အများကြီး ကြုံနိုင်သည်။ မဲဆန္ဒရှင် တွေက မကြိုက်လျှင် ၂၀၁၀ မှာ လွှတ်တော် သက်တမ်းလယ်  ( Midterm Election) နှင့် ရင်ဆိုင် ရမည့် အမတ်တွေ ကလည်း စစ်အသုံး စရိတ်တွေ ထပ်တိုး ပေးဖို့ လွယ်လွယ်နှင့် ဆုံးဖြတ် ရဲမည် မဟုတ်ပေ။
အာဖဂန်ပြည်သူတွေ
ပြီးခဲ့သည့် သြဂုတ် လတွင် အာဖဂန်ရှိ အမေ ရိကန်နှင့် နေတိုး တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး McChrystal က အာဖဂန် အခြေအနေ အပေါ် သုံးသပ်ချက် စာတမ်း တစ်စောင် တင်သွင်း ခဲ့သည်။ ထိုစာ တမ်းတွင် ဗိုလ်ချုပ်ကြီး McChrystal က အာဖဂန် စစ်ပွဲ အောင်နိုင်ရေး အတွက် သော့ချက်သည် နယ်မြေ သိမ်းနိုင်မှု မဟုတ်ဘဲ အာဖဂန် ပြည်သူ တွေ၏ ယုံကြည် အားကိုးမှု ရရှိရေး ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လက်ရှိ အခြေအနေတွင် အာဖဂန် ပြည်သူ တွေက အာဖဂန် အစိုးရ၏ အုပ်ချုပ်မှုကို အယုံ အကြည် မရှိ သကဲ့သို့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တွေကိုလည်း အားမကိုး၊ နိုင်ငံတကာ တပ်ဖွဲ့ တွေကိုလည်း ယုံကြည်မှု မရှိ ဖြစ်နေသည်။ ထိုအခြေ အနေကို ပြောင်းလဲ ရေးသည် အရေး အကြီးဆုံး လုပ်ငန်း ဖြစ်သည်ဟု သတိပေး ခဲ့သည်။
အိုဘားမားက သူ့မိန့်ခွန်းတွင် အာဖဂန် အစိုးရကို အဂတိ လိုက်စား မှုများ တိုက်ဖျက် ပေးရန် တိုက်တွန်း ခဲ့သည်။ သို့သော် လက်တွေ့တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂ အတွက် ကာဇိုင်း အစိုးရမှ လြွဲပီး အားကိုးမရှိ ဖြစ်နေသည်။ ပြီးခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် မသမာ မှုများ ရှိခဲ့သည်ကို ကုလ သမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ များရော၊ ဥရောပ သမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့များ ကရော ထုတ်ပြော ခဲ့သည်။ သို့သော် ဒုတိယ အကျော့ ရွေးကောက် ပွဲများ ပြုလုပ်သည့် အခါ အလားတူ အဖြစ်မျိုး မဖြစ်အောင် ပြုပြင် ပြောင်းလဲ မှုများ လုပ်ဖို့ ကာဇိုင်း အစိုးရကို ဖိအား မပေးနိုင်ခဲ့။ ဖိအား မပေးဝံ့ခဲ့။ သို့နှင့် ကာဇိုင်း၏ ပြိုင်ဘက်က ရွေးကောက်ပွဲမှ နှုတ်ထွက်ပြီး ယှဉ်ပြိုင်ရန် မလိုဘဲ ကာဇိုင်း သမ္မတ ဖြစ်လာ ခဲ့သည်။ ထိုအဖြစ်က အခြား နိုင်ငံများတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက် ပွဲများ ဖြစ်အောင် ဖိအားပေးမှု ၊ ဒဏ်ခတ် မှုတွေ လုပ်နေသည့် အမေရိကန် တို့အပေါ် အာဖဂန် ပြည်သူ များက လိုတစ်မျိုး၊ မလို တစ်မျိုး လုပ်သူ တွေဟု ထင်မြင် စေသည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ ကာလ ထဲက အာဖဂန် ပြည်သူတွေ က အမေရိကန်တို့ အပေါ် ယုံကြည်မှု ပျက်ပြား ခဲ့ပြီဖြစ်ရာ အိုဘားမား၏ မိန့်ခွန်း တစ်ခု တည်းဖြင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ အတော် ခက်ခဲ ပေမည်။ ကာဇိုင်း အစိုးရက အဂတိ လိုက်စားမှု တွေကို ထိထိ ရောက်ရောက် အရေး မယူဘူး ဆိုလျှင်လည်း အမေရိကန်တို့ လက်ပိုက် ကြည့်နေ ရမည်သာ ဖြစ်သည်ဟု လူတွေက ယူဆနေ ကြသည်။
အိုဘားမားက အမေရိကန် တပ်ဖွဲ့ တွေက ဆိုဗီယက် တွေလို အာဖဂန်ကို သိမ်းပိုက် ထားဖို့ လာတာ မဟုတ်ဘူးဟု ဆိုသည်။ သို့သော် ၂၀၀၁ ခုနှစ်တုံးက အမေရိကန် တပ်ဖွဲ့ တစ်သောင်းသာ ရှိသည်။ အခု ခုနှစ် သောင်းကျော် ရှိနေပြီး အိုဘားမား အစီအစဉ်ကို အကောင် အထည် ဖော်လျှင် အမေ ရိကန်တပ် တစ်သိန်းကျော် ရှိမည်။ နေတိုး တပ်တွေ ပေါင်းလိုက်လျှင် တစ်သိန်းခွဲ ကျော်ရှိမည်။ ထိုအခြေ အနေ တွေကြောင့် ဆိုဗီယက် တွေတုံးက ကာဘူးလ်က ဘာသာမဲ့ ကွန်မြူနစ် အစိုးရကို ကြောထောက် နောက်ခံ ပေးနေ သလို အခု နိုင်ငံခြားသား တွေက နိုင်ငံကို သိမ်းပြီး ကာဘူးလ်က အကျင့်ပျက် နေသော၊ မဲလိမ်သော အစိုးရကို ထောက်ခံ နေသည်ဟု တာလီဘန် တို့၏ စွတ်စွဲချက် များက မှန်သလို ဖြစ်နေသည်။ နောက်ပြီး ဘာသာရေး အစွန်းရောက် တာလီဘန် တွေက ကာဇိုင်း အစိုးရ ထက်တော့ သန့်ရှင်း သေးသည်၊ နိုင်ငံကို ထိန်းနိုင် သေးသည် ဟုလည်း ကျေးလက် ဒေသက ပြည်သူ တွေက မြင်လာ နေသည်။ ထိုအမြင်တွေ ရှိနေသရွေ့ တာလီဘန် တွေကို ထောက်ခံ သူတွေ ရှိနေ ဦးမည်သာ ဖြစ်သည်။
သမိုင်းသင်ခန်းစာ
အိုဘားမား လိုပင် အမေရိကန် သမ္မတ ဂျွန်ဆင်သည် ဗီယက်နမ် စစ်ကို အမွေခံ ခဲ့သည်။ ရာထူး လက်ခံပြီး သိပ်မကြာ ခင်မှာပဲ တပ်အင်အားကို နှစ်ဆ တိုးချ ထားပြီး စစ်ပွဲ အောင်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်။ အလားတူပင် ဆိုဗီယက် သမ္မတ ဂိုဘာချော့ဗ် လည်း အာဖဂန် စစ်ပွဲကို အမွေရ ခဲ့သည်။ သူရာထူး ရပြီးသည်နှင့် တပ်တွေ တိုးချပြီး အာဖဂန် ပြဿနာကို ရှင်းဖို့ ကြိုးစား ခဲ့သည်။ နှစ်ဦးလုံး အောင်မြင်မှု မရခဲ့ပေ။ အိုဘားမား ကတော့ အာဖဂန် စစ်ပွဲသည် ဗီယက်နမ် စစ်နှင့် မတူ၊ အမေရိကန် နိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် နေသည် အယ်လ်ကေဒါ တွေနှင့် တိုက်ရသော စစ်ဖြစ်သည်၊ ထို့ကြောင့် နိုင်အောင် တိုက်ရ မည်ဟု ကြုံးဝါးသည်။ တစ်ဘက် ကလည်း ၂၀၁၁ တွင် တပ်များ ရုပ်သိမ်းရေး စမည် ဟုလည်း ဆိုသည်။ ထိုအတိုင်း ဆိုလျှင် နိုင်နိုင် မနိုင်နိုင် ၂၀၁၁ ဇူလိုင် လတွင် အမေ ရိကန်တွေ အိမ်ပြန် တော့မည့် သဘော ဖြစ်သည်။ ထို့ကြောင့် အိုဘားမား၏ မဟာ ဗျူဟာသည် မတိုက်ခင်က ရှုံးနိမ့်ပြီး ဖြစ်သည်ဟု ဆိုလျှင် မှားမည်မထင်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Johnson, Gorbachev, Obama  By NICHOLAS D. KRISTOF , New York Time, 3-12-09
၂။
COST OF TROOP INCREASE & IMPACT ON OVERALL DEFENSE BUDGET by Travis Sharp
၃။
Remarks by the President in Address to the Nation on the Way Forward in Afghanistan and Pakistan , 1-12-09

No comments:

Post a Comment