Tuesday, January 21, 2014

ဈေးကွက်ပြိုင်ဆိုင်မှုနှင့်မီဒီယာကျင့်ဝတ်များ

လွတ်လပ်သော မီဒီယာသည် ဒီမို ကရေစီ စနစ်တွင် အရေး ကြီးသည့် စတုတ္ထ မဏ္ဍိုင် ဖြစ်သည် ဆိုသည်ကို အားလုံးက လက်ခံ ထားပြီး ဖြစ်သည်။ စတုထ္တ မဏ္ဍိုင် အနေဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင် ထိန်းကျောင်း ပေးရမည်၊ ပြည်သူ အတွက် အသိပေး သင့်သော သတင်း အချက် အလက် များကို ဖြန့်ဝေ ပေးရမည် ဆိုသည် ကိုလည်း မည်သူမျှ အငြင်း ပွားမည် မဟုတ်ပေ။ သို့သော် ၂၄/၇ ဟု ဆိုသည့် တစ်နေ့တွင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် သတင်း ထုတ်လွှင့် နေသည့် အချိန် မျိုးတွင် ပုံနှိပ် မီဒီယာ တွေက ရေဒီယို၊ ရုပ်မြင် သံကြား တွေနှင့် အပြိုင် ပရိသတ် ရအောင် လုပ်နေ ရသည်။ ရေဒီယို၊ ရုပ်မြင် သံကြား တို့က အင်တာနက် ၀က်ဘ်ဆိုက် တွေနှင့် ပြိုင်နေ ရသည်။ မီဒီယာ အားလုံးက သတင်းထူး၊ သတင်းဦး ရဖို့ သာမက ပရိသတ် ရင်ကို ကိုင်လှုပ် နိုင်မည့် ရေးသား တင်ဆက် မှုတွေ၊ သတင်း ဓာတ်ပုံတွေ ရဖို့ ပိုကြိုးစား လာနေ ရသည်။ တနည်း အားဖြင့် ကုန်ပစ္စည်း ထုတ်လုပ် သူများက မိမိတို့ ပစ္စည်း ရောင်းကောင်း အောင် ပြူးပြူး ပြဲပြဲ ကြော်ငြာ ကြသလို မီဒီယာတွေ ကလည်း လူတွေ စိတ်လှုပ်ရှား စေမည့် သတင်း တွေနဲ့ မိမိတို့ မီဒီယာကို အစွံ ထုတ်ဖို့ လုပ်လာ ကြသည်။ ဤလို အခြေအနေ မျိုးတွင် စတုတ္ထ မဏ္ဍိုင် သည်ပင်လျှင် ကျင့်ဝတ် တွေကို မေ့ပြီး စီးပွားရေး ဆန်လာပြီလော ဆိုသည့် အမေးတွေ ပေါ်လာသည်။
ယခု ဖြစ်ပွား နေသည့် မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန် ရေနံတွင်း ရေနံ ယိုဖိတ် မှုနှင့် ပတ်သက်ပြီး အမေရိကန် မီဒီယာ အများ စု၏ သတင်း ပေးပို့မှု များကို လေ့လာမည် ဆိုပါက အိုဘားမား၏ ရေနံ ယိုဖိတ်မှု အပေါ် ကိုင်တွယ် ဖြေရှင်းမှု အပေါ် သုံးသပ် ရာတွင် လုပ်နည်းထက် သမ္မတ အနေဖြင့် ရေနံ ယိုဖိတ်မှု အပေါ် စိတ်ပိုင်း ဆိုင်ရာ အရ မည်ကဲ့သို့ တုန့်ပြန် သည်ကို ပြောဆိုမှု များက ပိုများ နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဦးစားပေး ဖော်ပြ နေသည့် မီဒီယာ များတွင် ဒုတိယ တန်းစား အ၀ါရောင် စာနယ်ဇင်း များသာမက အမေရိကန် နိုင်ငံ၏ ထိပ်တန်း မီဒီယာ များပါ ပါဝင် နေသည် ကိုလည်းလည်း အံ့သြဖွယ် တွေ့ရမည် ဖြစ်သည်။ နယူးယောက် တိုင်းမ် သတင်းစာ ကြီးက ဆိုလျှင် အိုဘားမားက ရေနံ ယိုဖိတ်မှုနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောရာတွင် ဒေါသ ဖြစ်နေ ပုံမရ၊ အေးတိ အေးစက် ပြောနေသည် ဆိုသည့် အချက် အပေါ် ဆောင်းပါး များစွာဖြင့် သုံးသပ် ခဲ့သည်။ နံမည်ကျော် ဟောလီးဝုဒ် ဒါရိုက်တာ စပိုက်လီးက သမ္မတ အနေဖြင့် ဒီအဖြစ်ကြောင့် ဒေါသ မိုးမွှန် သွားရ မည်ဟု ဆိုသည်။ ဒီမို ကရက် ပါတီ ၏ နိုင်ငံရေး မဟာဗျူဟာ ပညာရှိ ဂျိမ်းကာ ဗယ်လီက သမ္မတက ဒီထက် ပိုပြီး ဒေါသ ထွက်ပြ သင့်သည်ဟု ဆောင်းပါး ရေးသည်။ Fox သတင်း ဌာနက ရေနံ ယိုဖိတ်သည့် ဒေသသို့ သမ္မတ သွားရောက် စစ်ဆေး ချိန်တွင် ၀တ်စားမှုက သမား ရိုးကျ ဆန်လွန်း သည်ဟု ဝေဖန်သည်။ ၎င်းတို့က သမ္မတကို ဘောင်းဘီ လိပ်ပြီး ရေထဲ ဆင်းကာ ရေနံ ချေးတွေ ဆယ်တာကို မြင်ချင် ကြသည်။ ယနေ့ ရုပ်သံ တွေ့ဆုံခန်း ( Today Media Show) တင်ဆက်သူ Matt Lauer ကတော့ ဒီအချိန်ဟာ သမ္မတ အနေနဲ့ ကျွမ်းကျင် သူတွေ၊ အကြံပေး အရာရှိ တွေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာရမယ့် အချိန် မဟုတ်ဘူး။ တစ်ချို့ လူတွေကို သွားပြီး မှတ်လောက် သားလောက် ဆော်ရမယ့် အချိန် (  time to kick some butt) ဟု တိုက်တွန်း သည်။
တကယ်တော့ ယခု ပြဿနာသည် အင်မတန် ခက်ခဲသော၊ ရှုပ်ထွေးသော စက်မှု နည်းပညာ ဆိုင်ရာ ပြဿနာ ဖြစ်သည်။ ပင်လယ် ရေအောက် အနက် ပေငါးထောင် ကျော်တွင် ကျိုးပျက် နေသည့် တွင်းဝကို ပိတ်နိုင်အောင် ကြိုးစားသည့် လုပ်ငန်းသည် ယခင်က မကြုံဘူး သေးသည့် လုပ်ငန်း ဖြစ်သည်။  ဒီပြဿနာ တွေကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် နည်းပညာ ရှင်များ၊ အတတ် ပညာရှင် များ၏ ကျွမ်းကျင်မှု၊ အကြံဥာဏ်များ လိုသည်။ အိုဘားမားက ထိုလုပ်ငန်း တွေကို ဦးစားပေး လုပ်ဖို့ ကြိုးစားသည် ။
သို့သော် သမ္မတ ရွေးကောက်ပွဲ ကာလ တုန်းက အိုဘားမား၏ ဆင်ခြင်တုံ တရားဖြင့် ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ပြီး ပြဿနာ ဖြေရှင်းသည့် နည်းကို ထောက်ခံ ခဲ့သည့် မီဒီယာ တွေကို ယခု အချိန်တွင် အိုဘားမား၏ ခေါင်းဆောင်မှု ပုံစံကို ဝေဖန် လာကြသည်။ ဒီချဉ်းကပ်ပုံက မီဒီယာ အကြိုက် သတင်း တွေကို မဖန်တီးနိုင်။ အခုအချိန်တွင် အမေရိကန် မီဒီယာ တွေက စက်တင်ဘာ ၁၁ ရက်နေ့ တုံးက ဘုရှ် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အအုံ အပျက် အစီးတွေ ပေါ်မှ တက်ရပ်ပြီး အမေရိကန်ကို ထိခိုက်အောင် လုပ်သူ တွေကို လက်စား ချေမည်ဟု အသံချဲ့ စက်နဲ့ ပြောတာမျိုးကို မြင်ချင်နေ ကြသည်။ အိုဘားမား ကသာ ထိုကဲ့သို့ လုပ်ခဲ့လျှင် မီဒီယာများ အတွက် သည်းခြေကြိုက် သတင်း ရပေ လိမ့်မည်။
မီဒီယာ တွေက သမ္မတ ဒီလို လုပ်တာ မြင်ချင် ရုံမက ဘီပီ ရေနံ ကုမ္ပဏီ ကိုလည်း ခပ်ဆတ်ဆတ် လေး ဆော်ပလော် တီးတာ ကြားချင်၊ မြင်ချင် ကြသည်။ မီဒီယာ တွေက ဘီပီ ကုမ္ပဏီကို မောင်းထုတ်ပြီး ရေနံ ယိုစိမ့်မှု တားဆီးရေး လုပ်ငန်းကို ပြည်ထောင်စု အစိုးရက ၀င်လုပ် ရမည်ဟု ဆိုကြသည်။ တကယ်တော့ ရေအောက်ပေ ငါးထောင် ကျော်မှာ အဝေးထိန်း ယာဉ်ငယ်ဖြင့် ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ပစ္စည်း ကိရိယာ များမှာ ပြည်ထောင်စု အစိုးရ တွင်မရှိ၊ ရေနံ ကုမ္ပဏီ များ ထံတွင်သာ ရှိသည် ဆိုသည်ကို မီဒီယာများ မေ့နေပုံ ရသည်။
လက်တွေ့တွင် ဘီပီ ရေနံ ကုမ္ပဏီက ရေနံ ယိုစိမ့်မှုကို ရပ်တန့်အောင် ကြိုးစား နေချိန်တွင် ပြည်ထောင်စု အစိုးရ အနေဖြင့်လည်း အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ၁၇၅၀၀၊ ၀န်ထမ်းနှင့် လုပ်အားပေး နှစ်သောင်း၊ သဘောင်္ ကြီးငယ် ၁၉၀၀ တို့ကို အသုံးပြုပြီး ယိုစိမ့် ရေနံများ ရှင်းလင်း ရေးကို ဆောင်ရွက် နေခြင်း ဖြစ်သည်။ ထို့ပြင် ရေပေါ် ဖော့တုံး အရှည် ပေပေါင်း ၄.၃ သန်းကို ချထားပြီး ရေနံတွေ ကမ်းခြေကို ရောက်မလာအောင် တားဆီး နေကြသည်။ သို့သော် မီဒီယာ များတွင် ထိုသတင်းများ အစား you tube တွင် တင်ထားသည့် ရေပေါ် ဖော့တုံး များက အသုံး မတည့်ကြောင်း သရုပ်ပြ ထားသည့် ဗီဒီယို အကြောင်း အသားပေး ဖော်ပြ နေခဲ့သည်။
ယခု ရေနံ ယိုဖိတ်မှု အပေါ် အိုဘားမား အစိုးရ ကိုင်တွယ် ပုံနှင့် ၁၉၈၉  ခုနှစ် Exxon Valdez ရေနံ တင် သဘောင်္ ရေနံ ယိုဖိတ် မှုအား သမ္မတဘုရှ် အကြီး ကိုင်တွယ်ပုံ ယှဉ်ကြည့်လျှင် မီဒီယာများ၏ သတင်း တင်ဆက်ပုံ ပြောင်းလဲ လာမှုကို တွေ့နိုင်သည်။ ထိုအချိန်က သမ္မတ ဘုရှ်သည် အခင်း ဖြစ်သည့် နေရာသို့ တစ်ကြိမ် တစ်ခါမှ မသွား ခဲ့သည့် အပြင် ယိုစိမ့် ရေနံ ရှင်းလင်း ရေးသည် ပြည်ထောင်စု အစိုးရ၏ တာဝန် မဟုတ်၊ ပြည်နယ် အစိုးရ တာဝန် ဖြစ်သည် ဟုပင် ဆိုခဲ့သည်။ ပို့ဆောင်ရေး ၀န်ကြီး ဆင်မြူရယ် စကင်နာက ဆိုလျှင် ပြည်ထောင်စု အစိုးရက ၀င်လုပ်လျှင် အကျိုးထက် အပြစ် ပိုများမည် ဟုပင် ဆိုခဲ့သည်။ သို့သော် မီဒီယာ တွေက ထို ပြောကြားချက် အပေါ် တခွန်း တစ်ပါဒမျှ ဝေဖန်မှု မပြုခဲ့။  
ယခု ဖြစ်စဉ် တွင်မူ အိုဘားမားက ရေနံ ယိုစိ့မ် မှုကြောင့် အာရှ ခရီးစဉ်ကို ဖျက်ခဲ့ရ၊ မက္ကဆီကို ပင်လယ်ကွေ့ရှိ ပြည်နယ် များသို့ အလီလီ သွားရ၊ အစိုးရ တာဝန် ရှိသူတွေ မှာလည်း မီဒီယာများနှင့် နေ့စဉ် တွေ့ပြီးရှင်းလင်းရ၊ နောက်ဆုံး ပြောစရာ မရှိ လျှင်ပင် အစိုးရ အနေဖြင့် တစ်ခုခု လုပ်နေ သည်ဟု မြင်အောင် လူလုံးပြ ရသည့် ဘ၀သို့ေ ရာက်နေ ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး လွှတ်တော် အမတ်တွေ ကလည်း ဒီပြဿနာမှာ ဘာမှ မလုပ်ပဲ နေသည်ဟု မဲဆန္ဒ ရှင်တွေ မထင်စေရန် အတွက် စုံစမ်း စစ်ဆေး ရေးတွေ လုပ်ပြီး ဘီပီ ကုမ္ပဏီကို ကားစင် တင်ဖို့ ကြိုးစား ရသည့် ဘ၀ ရောက်ကုန်သည်။ မီဒီယာ ဖိအား များကြောင့် ဗြိတိသျှ ကုမ္ပဏီ ဖြစ်သည့် ဘီပီ ( British Petroleum ) ပြဿနာက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သည် အထိ ဖြစ်လာ သဖြင့် အိုဘားမားနှင့် ဗြိတိသျှ ၀န်ကြီး ချုပ်သစ် ကင်မရွန်းတို့ ပထမဆုံး တွေ့ဆုံ မှုတွင် အာဖဂန် စစ်ပွဲထက် ဘီပီ ပြဿနာ ကရှေ့တန်း ရောက်လာ ခဲ့ရသည်။  
တကယ်တော့ ယနေ့ အမေရိကန် နိုင်ငံ ရင်ဆိုင် နေရသော ပြဿနာပေါင်း သောင်း ခြောက်ထောင် ရှိသည်။ အာဖဂန်မှာ တာလီဘန်တွေ ပြန်ခေါင်းထောင် လာနေသည်။ ပါကစ္စတန်မှာ အယ်လ်ကေဒါ ကွန်ယက်တွေ များသထက် များလာ နေသည်။ ဥရောပ သမဂ္ဂ၀င် နိုင်ငံများ၏ ကြွေးမြီ ပြဿနာကို နောက်ထပ် စီးပွားရေး ပျက်ကပ်ကို ဦးတည် သွားမည့် အခြေ စိုက်နေသည်။ အရှေ့ အလယ်ပိုင်း ဂါဇာ ပိတ်ဆို့မှု ပြဿနာ ကလည်း မသေသလို အီရန် အရေး ကလည်း ရှိနေ သေးသည်။ ကိုရီးယား ကျွန်းဆွယ် မှာက တင်းမာ မှုတွေ ပိုများ နေသည်။ ဒါတွေ အားလုံးက ပြည်ထောင်စု အစိုးရနှင့် သမ္မတသာ ကိုင်တွယ် ဖြေရှင်း နိုင်စွမ်းရှိသည့်၊ ကိုင်တွယ် ဖြေရှင်း ရမည့် အမျိုးသား လုံခြုံရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်သည်။ သို့သော် မီဒီယာများ ကောင်းမှုကြောင့် အိုဘားမား တစ်ယောက် ထိုအလုပ် တွေထက် အလုပ်ကြမ်း ၀တ်စုံ ၀တ်ပြီး ရေထဲ ဆင်းဖို့၊ ဘီပီ ကုမ္ပဏီ ဥက္ကဌကို ကြိမ်းမောင်းဖို့ ဦးစားပေး လုပ်နေ ရသည်။
တကယ်တော့ အိုဘားမား ကိုယ်တိုင်လည်း မီဒီယာ ဖိအားကို ကောင်းကောင်း နားလည်သည်။ သူ၏ Audacity of Hope စာအုပ်တွင် ဟိုတစ်ချိန် တုန်းကတော့ နိုင်ငံရေး အရ ဘာတွေကို ပြောရမယ်၊ ငြင်းခုန် ရမယ်။ အမတ် တစ်ယောက် အနေနဲ့ ဘာကို လုပ်ရမယ်။ မလုပ်ရဘူး။ ဘာကို ပြောရမယ် ဆိုတာ တွေကို ပါတီ ခေါင်းဆောင်တွေ၊ နောက်ကွယ်က နိုင်ငံရေး ကစား နေသူတွေ၊ ၀ါရှင်တန်က ၀ါရင့် နိုင်ငံရေး ဆရာကြီး တွေက ဆုံးဖြတ် ခဲ့တာပါ။ သူတို့ ဖုန်းတစ်ချက် ဆက်လိုက်ရင် အမတ် တစ်ယောက် လျှမ်းလျှမ်း တောက်သွား နိုင်သလို ချက်ခြင်း နိုင်ငံရေး ဇာတ်သိမ်း သွားရ နိုင်တယ်။ အခုခေတ် မှာတော့ အဲဒီ လူတွေ နေရာကို မီဒီယာ တွေက ယူလိုက်ပါပြီ။ ­­xxxx မဲဆန္ဒ ရှင်တွေ အတွက် ကတော့ ကျွန်တော့်ကို မီဒီယာေ တွက ပုံဖော် ပေးထားတဲ့ အတိုင်းပဲ ထင်မြင် ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရေး လောက အပေါ် မီဒီယာ တွေရဲ့ သြဇာ လွှမ်းမိုးမှုက ပုံစံ မျိုးစုံနဲ့လာတာပါ။  ဟုဆိုခဲ့သည်။
ဤသို့ဆိုလျှင် မီဒီယာသည် ထိန်းကျောင်းသူ၊ အသိပညာ ပေးသူ ဘ၀မှ ကိုယ်ဖြစ် ချင်သည့် အတိုင်း လူထုနှင့် နိုင်ငံရေး သမား များကို ပုံသွင်း ပေးနိုင်သည့် ( opinion former )အဆင့်သို့ ရောက်သွား ပြီဟု ဆိုနိုင်သည်။ ထိုအချိန်တွင် မီဒီယာ များက မီဒီယာ ဈေးကွက် ရရှိရေးကို ကျင့်ဝတ် များထက် ပိုပြီး ဦးစားပေး နေလျှင် စတုတ္ထ မဏ္ဍိုင်၏ သမာသမတ် ကျမှု အခန်း ကဏ္ဍကို ထိခိုက် ပေတော့မည်။
သို့သော် ထိုအခြေ အနေသည် အမေရိကန် အပါအ၀င် စက်မှု ဖွံ့ဖြိုးပြီး ဒီမို ကရေစီ နိုင်ငံများတွင် သာမဟုတ် ဒီမို ကရေစီ အသွင် ကူးပြောင်း ရေးကို ဆောင်ရွက် နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်လည်း ကြုံရမည့် အခြေအနေ ဖြစ်သည်။ ထိုနိုင်ငံ ငယ်များတွင် အသွင် ကူးပြောင်း ရေး၏ အကျိုးဆက် အဖြစ် ပုဂ္ဂလိက မီဒီယာ လောက ဖွံ့ဖြိုး လာသည် နှင့်အမျှ မီဒီယာ လုပ်ငန်း များတွင် စီးပွားရေး လုပ်ငန်း ရှင်များ ပါဝင် လာကြသည်။ ထိုအခါ မီဒီယာ လုပ်ငန်း များသည် ပရိသတ် ရရှိရေး၊ အကျိုး အမြတ် ရရှိရေး အတွက် အပြိုင်အဆိုင် ကြိုးစား ရတော့သည်။ ထိုကြောင့် ပွဲဆူမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေက ရှေ့တန်း ရောက်လာ တော့သည်။ သို့သော် ထိုနိုင်ငံ အများစုမှာ သိမ်မွေ့ ငြင်သာသည့် အသွင် ကူးပြောင်း ရေးကာလကို ဖြတ်သန်း နေရသည့် နိုင်ငံတွေ ဖြစ်သည်။ တာဝန်ရှိ အဖွဲ့ အစည်းများက ပွင့်လင်းသည့် မီဒီယာ များနှင့် အကျွမ်းတ၀င် မဖြစ် သေးသလို၊ မီဒီယာ များကလည်း လွတ်လပ်မှုနှင့် အတူ တွဲပါ လာသည့် ကျင့်ဝတ်တွေ၊ တာဝန် ယူမှု တွေနှင့် အသား မကျသေး။ ထိုအခါ နှစ်ဘက်ကြား ဆက်ဆံရေးက ၀ိရောဓိ ဖြစ်ကုန် တော့သည်။  ထိုအဖြစ်မျိုးကို ရှောင်လွဲ နိုင်ဖို့ ဆိုလျှင် ဈေးကွက် လိုအပ် ချက်နှင့် မီဒီယာ ကျင့်ဝတ် များကို ဟန်ချက် ညီညီ ကျင့်သုံး နိုင်ဖို့ လိုပေ လိမ့်မည်။ တနည်း အားဖြင့် လွတ်လပ်သော မီဒီယာသည် ကောင်းမွန်သော အုပ်ချုပ်မှု စနစ် ပေါ်ပေါက် ရေးနှင့် ဒီမို ကရေစီ ကျင့်စဉ် ထွန်းကားရေး အတွက် မရှိ မဖြစ်ဟု ဆိုရုံနှင့် မပြည့်စုံ  ထို လွတ်လပ်သော မီဒီယာ သည်လည်း တာဝန် သိသော၊ ကျင့်ဝတ်ကို လိုက်နာသော မီဒီယာ ဖြစ်ဖို့ လိုသည် ကိုလည်း သတိ ပြုကြ ရပေ လိမ့်မည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
How Power Shapes the News by Janine Jackson, Peter Hart, and Rachel Coen
၂။
Media bias in the United States၊ Wikipedia.com
၃။
Presidential Pony Show by Fareed Zakaria, Newsweek 21 June 2010

No comments:

Post a Comment