ပြီးခဲ့သည့် အောက်တို ဘာလ ၁ ရက်နေ့တွင်
အမေရိကန် ကာကွယ်ရေး မူဝါဒ၌ အရေး ပါသော အပြောင်းအလဲ တစ်ခု ပေါ်ပေါက် ခဲ့သည်။ ထို့နေ့က ရမ်းစဖဲလ် လက်ထက်က စတင် ခဲ့သည့် ကာကွယ်ရေး မဟာဗျူဟာ
ပြန်လည် သုံးသပ် ချက်၏ ရလဒ်အဖြစ် အမေရိကန် တပ်မတော် သည် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်
(United State Africa Command , AFRICOM) ကို
တရားဝင် စတင် လုပ်ငန်း ဆောင်ရွက်သည့် အခမ်း အနားကို ကျင်းပ ခဲ့သည်။
ဒေသကွပ်ကဲမှုဌာနချုပ်များ
ဒေသ ကွပ်ကဲမှု ဌာနချုပ် များသည် အမေရိကန်
ကာကွယ်ရေး မူဝါဒတွင် အရေး အကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထိုဌာနချုပ် များကို ပေါင်းစည်း ကွပ်ကဲမှု ဌာနချုပ် (Unified Command)
ဟု သုံးစွဲလေ့ ရှိသကဲ့သို့ ရမ်းစဖဲလ် လက်ထက် က တိုက်ပွဲ ကွပ်ကဲမှု ဌာနချုပ် (Combatant
Command) ဟုလည်း သုံးစွဲခဲ့ ဖူးသည်။ အမေရိကန် တပ်မတော်၏ ပူးတွဲ စစ်ဆင်မှု သဘော တရား
အရ ကွပ်ကဲမှု ဌာန ချုပ်မှူးသည် ကြည်း/ ရေ/ လေ/ ကမ်းတက် တပ်ဖွဲ့ တစ်ခုခုမှ ဖြစ်နိုင်ပြီး ၎င်း၏ လက်အောက်တွင် ကြည်း/ရေ /လေ/ ကမ်းတက် တပ်ဖွဲ့
များကို တွဲဘက် ထားရှိ ရသည်။ ဌာန ချုပ်မှူး များသည် စစ်ဆင် ရေးများ ဆင်နွဲ ရာတွင် ပူးတွဲ
စစ်ဦးစီး အဖွဲ့ချုပ် ဥက္ကဌနှင့် ကာကွယ်ရေး ဝန်ကြီး တို့မှ တဆင့် သမ္မတ ကိုသာ တာဝန်ခံ
ဆောင်ရွက် ရသည်။ သက်ဆိုင်ရာ ကြည်း/ ရေ/ လေ/ ကမ်းတက် တပ်ဖွဲ့ ဦးစီး ချုပ်များ အနေဖြင့်
ထိုကွပ်ကဲမှု ဌာနချုပ် များ၏ စစ်ဆင်ရေး များကို တိုက်ရိုက် ကွပ်ကဲခွင့် မရှိဘဲ အုပ်ချုပ်
ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ စစ်ဆင် ရေးနှင့် ပတ်သက်ပြီး ပူးတွဲ စစ်ဦးစီး
ချုပ်ကို အကြံပေး ခြင်းတို့သာ ပြုလုပ် ရသည်။
ထို့ပြင် ဒေသ ကွပ်ကဲမှု ဌာနချုပ် မှူးများသည်
မိမိ ကွပ်ကဲမှု ဒေသ အတွင်းတွင် ပဋိပက္ခ (Conflict)
ဖြစ်ပွားချိန်နှင့် စစ်ပွဲ ဖြစ်ပွားချိန် များမှသာ အမေရိကန် အကျိုး စီးပွားကို
ကာကွယ်ရန် တာဝန် ရှိသည် မဟုတ်ပေ။ ငြိမ်းချမ်းစဉ် ကာလ၊ အကျပ် အတည်း ကာလ(Crisis) များတွင်လည်း အမေရိကန် အကျိုး စီးပွား များကို ဖော်ဆောင် နိုင်ရန်
အတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ အမေရိကန် နိုင်ငံ တကာ အကူအညီ ပေးရေး အေဂျင်စီ
(USAID) တို့နှင့် ပူးပေါင်း ဆောင်ရွက် ရသည်။ ထိုသို့ ဆောင်ရွက်ရန် အတွက် ကွပ်ကဲမှု
ဌာန ချုပ်တွင် အရပ်ဘက် ဝန်ကြီး ဌာန များမှ အရာရှိ များကို တွဲဘက် ပေးထားရုံ သာမက စစ်ဘက်-
နယ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဒုတိယ ဌာန ချုပ်မှူး (Deputy Commander for Civil-Military Activities) အဖြစ်
သံအမတ်ကြီး တစ်ဦးကို ခန့်အပ် ထားလေ့ ရှိသည်။ ထို့ကြောင့် အမေရိကန် တပ်မတော်၏ ဒေသ ကွပ်ကဲမှု
ဌာန ချုပ်သည် စစ်ရေး အရ သာမက နိုင်ငံရေး၊ သံတမန် ဆက်ဆံရေး အတွက်ပါ တာဝန်ရှိ သည်ဟု ဆိုနိုင်သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်က အာဖရိက ဌာနချုပ် တည်ထောင်သည့် အခမ်း အနားတွင်
ဒေသ ကွပ်ကဲမှု ဌာနချုပ် များ၏ တာဝန်သည် ကာကွယ်ရေး၊ သံတမန်ရေးနှင့် ဖွံ့ဖြိုးရေး(Defence,
Diplomacy, Development, 3 Ds) ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ဒေသ ကွပ်ကဲမှု ဌာနချုပ်
တစ်ခု ဖွင့်လှစ် လိုက်ခြင်းသည် ထိုဒေသ အပေါ် အမေရိကန် တို့၏ မဟာ ဗျူဟာ အရ စိတ်ပါ ဝင်စားမှု
အတိုင်း အတာကို ပြလိုက်ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင် ပေသည်။
အာဖရိကတိုက်က
အမေရိကန်အကျိုးစီးပွားများ
အစဉ်အလာ အားဖြင့် အမေရိကန် သည် အာဖရိကနှင့်
ပတ်သက်ပြီး စိတ်ဝင် စားမှု မရှိလှပေ။ အမေရိကန် နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး ဆိုင်ရာ
မူဝါဒ များတွင် အာဖရိက သည် ဥရောပ၊ အာရှ၊ လက်တင် အမေရိက တိုက်များ၏ နောက်တွင်သာ ရှိခဲ့သည်။
သို့သော် ၂၁ ရာစုသို့ ဝင်လာ ချိန်တွင် ရေနံနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတည်း
ဟူသော အကြောင်း နှစ်ချက်ကြောင့် အမေရိကန် တို့သည် အာဖရိက တိုက်ကို အာရုံ စိုက်လာ ခဲ့ရ
တော့သည်။
လက်ရှိ အချိန်တွင် အမေရိကန် နိုင်ငံ
ရေနံ လိုအပ်ချက်၏ ၁၅ % ကို အာဖရိက တိုက်မှ တင်သွင်း လျှက်ရှိပြီး လာမည့် ဆယ်စုနှစ်
အတွင်းတွင် ၂၅% မှ ၃၅% အထိ တိုးမြှင့် လာမည် ဖြစ်သည်။ ထို့ပြင် အာဖရိက တိုက်၏ အဓိက
ရေနံ ထုတ်လုပ်ရာ ဒေသ ဖြစ်သည့် ဂီနီ ပင်လယ် ကွေ့နှင့် အာဖရိက အနောက် ကမ်းခြေေ ဒသမှ ရေနံများကို
အမေရိကနှင့် အနောက် ဥရောပသို့ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး တိုက်ရိုက် သယ်ဆောင်
နိုင်သဖြင့် စူးအက် တူးမြောင်းကို ဖြတ်သန်း သယ်ဆောင် ရသည့် အရှေ့ အလယ်ပိုင်း ဒေသ ရေနံ
များထက် ပိုမို လုံခြုံ စိတ်ချ ရပေသည်။ အရှေ့ အလယ်ပိုင်းမှ ရေနံ များမှာမူ ပါရှန် ပင်လယ်ကွေ့
အဝရှိ ဟိုမုဇ် ရေလက်ကြား၊ ပင်လယ်နီ အဝင်ဝရှိ အာဖရိက ဦးချို ဒေသ၊ စူးအက် တူးမြောင်း
အစရှိသည့် အချက်အခြာ ကျသည့် လမ်းကျဉ်း များကို ဖြတ်သန်း ရသဖြင့် ရေနံ တင်ပို့မှု လမ်းကြောင်းကို
နှောင့်ယှက် နိုင်သည့် အခွင့် အလမ်း ပိုမို များပြား ပေသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ်မှ
စတင်ပြီး ဂီနီ ပင်လယ်ကွေ့မှ အမေရိကသို့ တင်ပို့သော ရေနံ ပမာဏက ဆော်ဒီ အာရေ ဗီးယားနှင့်
ကူဝိတ် နိုင်ငံနှစ်ခု ပေါင်းက တင်ပို့သည့် ပမာဏကို ကျော်လွန် သွားခဲ့သည်။ လက်ရှိ အခြေ
အနေတွင် အမေရိကန် ကုမ္ပဏီ ကြီးများ ဖြစ်သည့် အက်ဆွန် မိုဘိုင်း၊ ရှယ်ဗရွန် တို့သာမက
ဥရောပ ကုမ္ပကြီးများ ဖြစ်သည့် တိုတယ်လ်နှင့် ဘီပီ တို့ကပါ ဆဟာရ တောင်ပိုင်း ဒေသ နိုင်ငံ
များတွင် ရေနံ တူးဖော် ထုတ်လုပ်ရေး အတွက် ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြှပ်နှံလျှက် ရှိကြသည်။
တစ်ကမ္ဘာလုံးက အီရတ်နှင့် အာဖဂန် နစ္စတန်
စစ်ပွဲ များကို အာရုံစိုက် နေချိန်တွင် အမေရိကန် တပ်မတော်က အစ္စလာမ် ဘာသာဝင် အများ အပြား
နေထိုင် နေသည့် အာဖရိက တိုက်တွင် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် နောက်ထပ် စစ်မျက်နှာသစ်
တစ်ခုကို တိတ်တိတ် ဆိတ်ဆိတ် တိုးချဲ့လျှက် ရှိပေသည်။ အာဖရိက နိုင်ငံ အများ စုတွင် ကြုံတွေ့
နေရသည့် လူမျိုးရေး ပဋိပက္ခများ၊ ဆင်းရဲ နွမ်းပါး မှုများ၊ အုပ်ချုပ်ရေး စနစ် ညံ့ဖျင်း မှုများ၊ နိုင်ငံရေး
မတည်ငြိမ်မှု များကလည်း အစ္စလာမ် အစွန်းရောက် ဝါဒီများ ခြေကုတ် ယူရန် အတွက် ရေခံ မြေခံ
ကောင်းများ ဖြစ်နေ ပေသည်။ ထို့ကြောင့်ပင်
ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ပြီး အမေရိကန် တို့သည် ဆဟာရ ဒေသ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး
အစီအစဉ် တစ်ခုကို ဗဟိုနှင့် အနောက် အာဖရိကတိုက် နိုင်ငံ ကိုးနိုင်ငံနှင့် ပူးပေါင်း
ဖွဲ့စည်း ခဲ့သည်။ ထိုအစီ အစဉ်တွင် အမေရိကန် တပ်ဖွဲ့များ အမြဲတမ်း တပ်စွဲ ထားမည့် အစီအစဉ်
ပါဝင်ခြင်း မရှိ သော်လည်း အကြမ်းဖက် သမား များကို နှိမ်နင်း ရာတွင် အမေရိကန် တို့က
လက်နက်နှင့် နည်းပညာများ အထောက် အကူပေး သကဲ့သို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက်လည်း ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။
အာဖရိကဒေသကွပ်ကဲမှုဌာနချုပ်
ထိုကဲ့ သို့သော မဟာဗျူဟာ လိုအပ်ချက် များကြောင့်
ဘုရှ် အစိုးရသည် အာဖရိက ဒေသနှင့် ပတ်သက်သည့် အမျိုးသား လုံခြုံရေး ဆိုင်ရာ မဟာ ဗျူဟာကို
ပြန်လည် သုံးသပ်ခဲ့ ရသည်။ ယခင်က အာဖရိက တိုက်နှင့် ပတ်သက်လျှင် ဒေသ ကွပ်ကဲမှု ဌာနချုပ်
သုံးခုက ခွဲဝေ တာဝန် ယူခဲ့ ကြသည်။ အာဖရိက ၅၃ နိုင်ငံ အနက် ၄၃ နိုင်ငံက ဥရောပ ဒေသ ကွပ်ကဲမှု
ဌာနချုပ်၏ ကွပ်ကဲမှု နယ်မြေ အတွင်း ပါဝင် နေခဲ့ပြီး ကျန် နိုင်ငံ များကို ပစိဖိတ် ဒေသ
ကွပ်ကဲမှု ဌာနချုပ်နှင့် အာဖဂန်နှင့် အီရတ် အပါအဝင် အရှေ့ အလယ်ပိုင်း ဒေသ များကို တာဝန်
ယူထား ရသည့် အလယ်ပိုင်း ဒေသ ကွပ်ကဲမှု ဌာနချုပ် တို့က ခွဲဝေ တာဝန်ယူ ခဲ့ကြသည်။ ထို့ကြောင့် ရမ်းစဖဲလ် က အာဖရိက ဒေသနှင့် ပတ်သက်သည့် အမေရိကန်
မူဝါဒကို တစ်စု တစ်စည်းထဲ အကောင် အထည် ဖော်နိုင်ရန် အတွက် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်
တစ်ခု တည်ထောင်ရန် အဆိုပြု ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ် ဖေဖော် ဝါရီလ ၆ ရက်နေ့တွင်
သမ္မတ ဘုရှ်နှင့် ကာကွယ်ရေး ဝန်ကြီးသစ် ဂိတ် တို့က အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် ဖွဲ့စည်းကြောင်း
တရားဝင် ကြေညာ ခဲ့သည်။ ထိုနှစ် အောက်တို ဘာလ
၁ ရက် နေ့တွင် အာဖရိက ဒေသ ကွပ်ကဲမှု ဌာန ချုပ်ကို ၂ဝဝ၈ ခုနှစ် အောက်တို ဘာလ ၁
ရက်မှ စတင် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်း များကို စတင်
လုပ်ဆောင် ခဲ့သည်။ ၂ဝဝ၈ ခုနှစ် အောက်တို ဘာလ
၁ ရက်နေ့ တွင်မူ အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်သည် အာဖရိက တိုက်နှင့် ပတ်သက်သည့်
လုပ်ငန်း တာဝန် များကို အခြား ဒေသ ကွပ်ကဲမှု ဌာနချုပ် သုံးခု ထံမှ လွှဲပြောင်း ရယူပြီး
လုပ်ငန်း များကို တရားဝင် စတင် ဆောင်ရွက် ခဲ့ပေသည်။ ထိုကွပ်ကဲမှု ဌာနချုပ်တွင် အင်အား
တစ်ထောင့် သုံးရာ ကျော်ရှိသည့် အနက် ထက်ဝက် ခန့်မှာ စစ်ဘက်နှင့် မသက်ဆိုင်သည့် အမေရိကန်
အစိုးရ အေဂျင်စီ များမှ တွဲဘက် ထားသည့် ဝန်ထမ်းများ ဖြစ်ကာ ၂ဝဝ၉ ခုနှစ် ဘဏ္ဍာရေးနှစ်
( အမေရိကန် ဘဏ္ဍာရေး နှစ်သည် ၂ဝဝ၈ အောက်တိုဘာ
၁ ရက်မှ အစပြုသည်။) အတွက် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် အတွက် ရန်ပုံငွေ ဒေါ်လာ ၃၉၂
သန်း ခွင့်ပြု ထားခဲ့သည်။
ဘာတွေလုပ်မလဲ
အမေရိကန် ကာကွယ်ရေး မဟာ ဗျူဟာ အရ ဒေသ
ကွပ်ကဲမ ဌာနချုပ် များသည့် ငြိမ်းချမ်းစဉ် ကာလတွင် ဒေသ အတွင်းရှိ အမေရိကန် အကျိုး စီးပွား
များကို ဖော်ဆောင်ရာ၌ နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် အမေရိကန် နိုင်ငံတကာ အကူအညီ
ပေးရေး အေဂျင်စီ များ၏ လုပ်ငန်း များကို အထောက် အကူ ပေးသကဲ့သို့ ဒေသတွင်း နိုင်ငံ
များနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် နိုင်ရေး အတွက် ဆောင်ရွက်မည်
ဖြစ်သည်။ အကျပ်အတည်း ကာလ (Crisis) တွင်မူ သဘာဝဘေး အန္တရာယ် ကျရောက် မှုများ အတွက် အမေရိကန်
နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ က အကူအညီ ပေးမှု များတွင် လိုအပ်သော အုပ်ချုပ် ထောက်ပံ့မှု အကူ အညီများ ပေးရမည် ဖြစ်သည်။ ကျန်
နိုင်ငံရေး၊ စစ်ရေး အကျပ် အတည်း များတွင်မူ အမေရိကန် တို့၏ သံတမန်ရေး လှုပ်ရှား မှုကို
စစ်အင်အားဖြင့် အထောက်အကူ ပေးခြင်း၊ အမေရိကန်၏ အကျိုး စီးပွား များကို ထိခိုက် လာလျှင်
လည်းကောင်း၊ ပဋိပက္ခ အဆင့်သို့ ရောက်ရှိ သွားလျှင် သော်လည်းကောင်း စစ်ရေး အရ ဝင်ရောက်
စွက်ဖက် နိုင်ရေး အတွက် ပြင်ဆင် ထားခြင်း များကို ဆောင်ရွက် ရမည် ဖြစ်သည်။ ပဋိပက္ခ ကာလတွင်မူ
အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ဒေသ ကွပ်ကဲမှု ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် ငြိမ်းချမ်းမှု
ထိန်းသိမ်းရေး တပ်ဖွဲ့များ စေလွှတ် ခြင်းမှ အစ စစ်အင်အားသုံး တိုက်ခိုက် ခြင်းများ အထိ
လိုအပ် သလို ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ရာတွင် ပဋိပက္ခကို အမြန်ဆုံး
အဆုံးသတ် နိုင်ရန်နှင့် ပဋိပက္ခလွန် ကာလ အခြေအနေကို အမေရိကန် အကျိုး စီးပွား အတွက် အကျိုး
အမြတ် ရရှိ နိုင်သည့် အခြေအနေ ရောက်ရှိ စေရန် အတွက် နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်း
များဖြင့် ပေါင်းစပ် ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှု များကို စစ်ဘက်က
ဦးဆောင်ပြီး ကျန် အရပ်ဘက် ဌာနများက ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်ပေသည်။ ထို့ကြောင့်
အာဖရိက ဒေသ ကွပ်ကဲမှု ဌာန ချုပ်ကို တည်ထောင် ခြင်းဖြင့် အမေရိကန်တို့ အနေဖြင့် အာဖရိက
တိုက်၏ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက် မှုများ သာမက အခြား သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်
မှုများ အားလုံး ကိုပါ အလေးထား ကိုင်တွယ် သွားတော့မည် ဆိုသည်ကို အချက်ပြ လိုက်ခြင်းလည်း
ဖြစ်ပေသည်။
အမေရိကန် တပ်မတော် အနေဖြင့် ဒေသ ကွပ်ကဲမှု
ဌာနချုပ် မတည်ထောင် မီကပင် အာဖရိက နိုင်ငံ များနှင့် စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု
များကို အကောင် အထည် ဖော်နေပြီး ဖြစ်သည်။ Combined Joint Task Force – Horn of
Africa (CJTF-HOA) အစီအစဉ်တွင် အမေရိကန် တပ်ဖွဲ့ ၂၃ဝဝ သည် ဒါဘူဂျီတီ
နိုင်ငံတွင် အခြေပြုပြီး ဒါဘူဂျီတီ၊ အီသီယိုပီးယား၊ ကင်ညာ၊ အပါအဝင် ဒေသတွင်း နိုင်ငံ
၁၁ နိုင်ငံနှင့် ပင်လယ် ရေပြင် လုံခြုံရေး အပါအဝင် လုံခြုံရေး ဆိုင်ရာ ကိစ္စ များတွင်
ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။ အလားတူပင် Operation Enduring Freedom –
Trans-Sahara (OEF-TS) အစီအစဉ်တွင် ဆဟာရ ဒေသ
နိုင်ငံများ ဖြစ်သည့် အယ်လ်ဂျီးယား၊ ချဒ်၊ မာလီ၊ မော်ရိုကို အပါအဝင် နိုင်ငံ ကိုးနိုင်ငံနှင့်
အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်လျှက် ရှိသည်။
ထို့ပြင် အမေရိကန် တပ်မတော် သင်တန်း ကျောင်းများတွင် အာဖရိက တိုက်နိုင်ငံ ၄၅ နိုင်ငံမှ
သင်တန်း သားများကို လေ့ကျင့်ပေး မည့် အစီအစဉ် ကိုလည်း အကောင်အထည် ဖော်လျှက် ရှိသည်။
အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး ဝီလျံဝဒ်က ထိုအစီအစဉ် များကို ဆက်လက်
ချဲ့ထွင်ပြီး မိတ်ဆွေ နိုင်ငံများ၏ စစ်ဘက် ဆိုင်ရာ အခြေခံ အဆောက် အအုံနှင့် စွမ်းဆောင်ရည်
မြင့်မားရေး၊ စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုကို တိုးမြှင့်ရေး တို့အတွက် ဆက်လက်
ဆောင်ရွက် သွားမည်ဟု ကတိပေး ခဲ့သည်။
သို့သော် အမေရိကန် တို့၏ အာဖရိက မူဝါဒ
အပြောင်း အလဲကို ဒေသတွင်း နိုင်ငံတိုင်းက ကြိုဆို ကြသည်တော့ မဟုတ်၊ နိုင်ငံ အများ
အပြားက ထိုကဲ့သို့ ဌာနချုပ် တစ်ခု တည်ထောင် ခြင်းဖြင့် အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ
မူဝါဒမှာ ဖွံ့ဖြိုးရေး တိုးတက်မှု အကူ အညီနှင့် လူမှု ဂရုဏာ အကူအညီ ဗဟိုပြု ဝါဒမှ စစ်ရေးဗ
ဟိုပြု ဝါဒ အဖြစ်သို့ ကူးပြောင်း သွားသည်ဟု ရှုမြင်ခဲ့ ကြသည်။ ထို့ပြင် အမေရိကန် တပ်ဖွဲ့
များကို လက်ခံခြင်း၊ အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကြောင့် လူထုက
အမေရိကန် နောက်လိုက် အဖြစ် သတ်မှတ် ခံရမည်
ကိုလည်းကောင်း၊ မိမိတို့ နိုင်ငံ များမှာ အကြမ်းဖက် တိုက်ခိုက်မှု များ၏ ပစ်မှတ် ဖြစ်လာမည်
ကိုလည်းကောင်း စိုးရိမ် နေကြသည်။ ဤ အခြေအနေ ကြောင့်ပင် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်
ကို အာဖရိက တိုက်တွင် အခြေပြု နိုင်ခြင်း မရှိဘဲ ဂျာမနီ နိုင်ငံ တွင်သာ အခြေစိုက် ထားရသည်။
အလားတူပင် ဒါဘူဂျီတီ နိုင်ငံမှ လွဲပြီး အမေရိကန် တပ်ဖွဲ့ များကို အင်အား အလုံးအရင်း
နှင့် အခြေပြုခွင့် ပေးမည့် နိုင်ငံ ကိုလည်း ရှာမရ သေးသည် ကိုလည်း တွေ့ရ၏။ ထို့ကြောင့်
အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် သည် အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ အကျိုး စီးပွားကို
မည်မျှ အကောင်အထည် ဖော်နိုင်စွမ်း ရှိမည် ဆိုသည် ကို စောင့်ကြည့် ရဦး မည်သာ ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
|
Joint Warfare of the Armed Forces of
the United State, Joint Publication 1, 14-11-2000
|
၂။
|
U.S.
Africa Aid Is Increasingly Military, Wshington Post, 18 - 7 - 2008
|
၃။
|
The
Scramble for Africa's Oil, By
Christopher Thompson , New Statesman, 14 - 6-
2007
|
၎။
|
www.
africom.mil မှ သတင်းအချက်အလက်များ။
|