ကမ္ဘာကြီး ပူနွေး လာမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ရေနံ ဈေးနှုန်း
ကြီးမြင့်မှုများ ပေါင်းစပ် လိုက်သည့် အခါ အခြား စွမ်းအင် အရင်း အမြစ်များ (Alternative Energy) ဆိုသည့် စကားလုံးက ခေတ်စား
လာတော့သည်။ ရုပ်ကြွင်း လောင်စာ တွေကို ကာဘွန် ထုတ်လုပ်မှု လျော့နည်းသည့် စွမ်းအင် အရင်း
အမြစ်များ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် များဖြင့် အစား ထိုးရန် တောင်းဆို မှုတွေ
များလာသည်။ သို့သော် ထိုစွမ်းအင် အရင်း အမြစ် တွေက လူတွေကို ကောင်းကျိုး တွေချည်း ပေးမှာလား။
အသေအချာ လေ့လာလျှင် ထိုအစားထိုး စွမ်းအင် အရင်း အမြစ် တွေနှင့် ပတ်သက်ပြီး လုပ်စရာတွေ
အများကြီး ကျန်နေ သေးသည်ကို တွေ့ရမည် ဖြစ်သည်။
ဇီဝလောင်စာ
ကာဘွန် ထုတ်လုပ်မှု များပြားသော ရေနံ စွမ်းအင် နေရာတွင်
ကာဘွန် ထုတ်လုပ်မှု နည်းပါးသည့် ဇီဝ လောင်စာ များနှင့် အစား ထိုးဖို့ တိုက်တွန်း သူတွေ
များလှသည်။ အမေရိကန်နှင့် အနောက် ဥရောပ နိုင်ငံ အစိုးရ များက စိုက်ပျိုး သီးနှံများမှ
ဇီဝ လောင်စာ ထုတ်မည့် စီမံကိန်း များအတွက် ငွေတွေ ပုံအော သုံးနေ ကြသည်။ ပြောင်းဖူး၊
ပဲပုတ်၊ ဆီအုန်း၊ ဆီမုန်ညင်း စသည့် သီးနှံ များမှ ဇီဝ လောင်စာ ထုတ်လုပ်ပြီး တွင်တွင်
ကျယ်ကျယ် သုံးနေ ကြပြီ ဖြစ်သည်။ ဘရာဇီးလ်လို နိုင်ငံတွင် ဇီဝ လောင်စာက အဓိက လောင်စာ
အဖြစ် ရောက်ရှိ နေပြီ ဖြစ်သည်။ ဇီဝ လောင်စာ အတွက် စိုက်ပျိုးသော သီးနှံများက လေထဲက
ကာဘွန် ဒိုင် အောက်ဆိုက်ကို စုပ်ယူသည်။ ထိုအပင်များက ထုတ်လုပ်လိုက်သည့် ဇီဝ လောင်စာက
ကာဘွန် ထုတ်လုပ်မှု အလွန် နည်းသည်။ ထိုနှစ်ချက် ပေါင်းလိုက် သောအခါ ဇီဝ လောင်စာသည် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး သမားများ၊ အစားထိုး စွမ်းအင် ရှာနေ သူများ အတွက် သည်းခြေကြိုက် ဖြစ်နေ
တော့သည်။
သို့သော် လက်တွေ့တွင် ဇီဝ လောင်စာ ကလည်း ခြောက်ပြစ်ကင်း
သဲလဲစင် မဟုတ်။ ဆေးအတွက် လေးရတာတွေ အများကြီး ရှိသည်။ ဇီဝ လောင်စာ သီးနှံများ တိုးချဲ့
စိုက်ပျိုးရန် အတွက် သစ်တော မြေတွေကို ရှင်းပစ်ရသည်။ ထိုသစ်တော တွေက ကာဘွန် စုပ်ယူ
မှုသည် ဇီဝ လောင်စာ သီးနှံများ၏ ကာဘွန် စုပ်ယူမှု ထက်များသည်။ ထိုသစ်တော များကို ရှင်းလင်း
မီးရှို့ ရသည့် အတွက် ကာဘွန် ဓာတ်ငွေ့ အများအပြား ပေါ်ထွက်သည့် အပြင် နောက်ဆက်တွဲ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ပြဿနာ တွေလည်း ရှိသေးသည်။ အင်ဒိုနီးရှား နိုင်ငံတွင် ဥရောပ ဇီဝ လောင်စာ
ဈေးကွက် အတွက် ဆီအုန်း တိုးချဲ့ စိုက်ပျိုးရန် သစ်တောမြေ အမြောက် အများကို ရှင်းလင်း
ပစ်ခဲ့ရသည်။ အကျိုးဆက် ကတော့ အင်ဒိုနီရှား နိုင်ငံသည် ကမ္ဘာ့ ကာဘွန် အများဆုံး ထုတ်လုပ်သည့်
နိုင်ငံ များတွင် အဆင့် ၂၁ ရှိနေရာမှ အဆင့် ၃ သို့ ထိုးတက် သွားခြင်း ဖြစ်သည်။ ၂၀၀၇
ခုနှစ်က ပြုလုပ် ခဲ့သည့် လေ့လာမှု တစ်ခုက ဆီအုန်း စိုက်ပျိုးရန် အတွက် မြေ ရှင်းလင်းမှု
များက ပေါ်ထွက် လာသည့် ကာဘွန် ဓာတ်ငွေ့ ပမာဏသည် ဇီဝ လောင်စာ များကို နှစ်ပေါင်း လေးရာ
အသုံးပြု ခြင်းကြောင့် လျော့နည်း သွားမည့် ကာဘွန် ဓာတ်ငွေ့ ပမာဏနှင့် ညီသည်ဟု ဆိုသည်။
ထို့ပြင် စိုက်ပျိုးရေး သမား များက ဈေးကောင်း ရသည့် ဇီဝ
လောင်စာ သီးနှံများကို ပြောင်းလဲ စိုက်ပျိုး သဖြင့် ဂျုံကဲ့ သို့သော အဓိက ရိက္ခာ သီးနှံ
ဈေးများ တက်ကုန်သည်။ အခြား နိုင်ငံများက ဈေးတက် သွားသည့် အဓိက ရိက္ခာ သီးနှံ များကို
တိုးစိုက် နိုင်ဖို့ စိုက်ပျိုး မြေတွေ ချဲ့ထွင်သည်။ နိဂုံး ချုပ်လိုက်တော့ တစ်ကမ္ဘာလုံးမှာ
သစ်တောတွေ လျှင်လျှင် မြန်မြန် ပျောက်ကွယ် ကုန်တော့သည်။
သစ်တော ပြုန်းတီးမှု တွေက ကမ္ဘာ့ ကာဘွန် ဓာတ်ငွေ့ ထုတ်လုပ်မှု၏
၂၀ % ရှိသည်။ ကားတွေ၊ စက်ရုံတွေ၊ မွေးမြူရေး ခြံတွေ၏ ကာဘွန် ထုတ်လုပ်မှု များကို သိသိသာသာ
လျော့မချ နိုင်ဘူး ဆိုလျှင် သစ်တော တွေကို ယခုထက် ပိုပြီး ကာကွယ် စောင့်ရှောက် ရလိမ့်မည်။
သို့သော် တိုးတက် နေသည့် ပါးစပ် ပေါက်များကို ကျွေးနိုင်ဖို့ ရိက္ခာ သီးနှံတွေ တိုးချဲ့
စိုက်ဖို့ ကလည်း လိုသေးသည်။ ထို့ကြောင့် မည်သည့် သီးနှံ အမျိုး အစားကို ဦးစားပေး တိုးချဲ့မည်
ဆိုသည်ကို မှန်မှန် ကန်ကန် ရွေးဖို့ လိုလာသည်။
တကယ်တော့ စွမ်းအင် လိုအပ်ချက် အားလုံးကို ဇီဝ လောင်စာဖြင့်
အစား ထိုးရန် ဆိုသည် မှာလည်း မဖြစ်နိုင်။ အမေရိကန် နိုင်ငံရှိ ဂျုံစိုက်ခင်း အားလုံးကို
အီသနော ထုတ်ရန် အတွက် သုံးသည့်တိုင် အမေရိကန် နိုင်ငံ ရေနံ လိုအပ်ချက်၏ ၂၀ % ကိုသာ
အစားထိုး နိုင်မည် ဖြစ်သည်။ အလား တူပင် ဂျာမနီ နိုင်ငံ၏ စိုက်ပျိုးမြေ အားလုံးမှ ဇီဝ
လောင်စာ ထုတ်လျှင်ပင် နိုင်ငံ ရေနံ လိုအပ်ချက်၏ ၂၅% ကျော် ကျော်လေး ကိုသာ အစားထိုး
နိုင်မည် ဖြစ်သည်။ အီသနော ၂၅ ဂါလံရဖို့ ပြောင်းပေါင် ၄၅၀ လိုသည်။ ဒါက အာဖရိကလို နေရာမှာ
လူတစ်ယောက် လပေါင်း များစွာ စားနိုင် သည်။ ထို့ကြောင့် ဇီဝ လောင်စာ တွင် ကောင်းကွက်တွေ ရှိနေ
သည့်တိုင် ရိက္ခာ လိုအပ်ချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လိုအပ်ချက် များကို
ထည့်တွက် ပြီးမှ တိုးချဲ့ ထုတ်လုပ် ရမည့် အခြေအနေတွင် ရောက်နေ ပေသည်။
အနုမြူစွမ်းအင်
အနုမြူ စွမ်းအင်က ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်ခြင်း မရှိ။
ထို့ကြောင့် စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံ အများစုက အနုမြူ စွမ်းအင်ကို သဘာဝ ဓာတ်ငွေ့နှင့်
ကျောက်မီးသွေး နေရာတွင် အစားထိုး သုံးနေ ကြသည်။ အမေရိကန် နိုင်ငံက လျှပ်စစ် လိုအပ်ချက်
၂၀ %ကို အနုမြူ ဓာတ်ပေါင်း ဖိုများမှ ရယူ နေသကဲ့ သို့ ပြင်သစ် နိုင်ငံက ၈၀% ရယူလျှက်
ရှိသည်။ ရေနံတွေ ဈေးချို လှသည့် ၁၉၈၀၊ ၉၀ ပြည့်လွန်နှစ် များ အတွင်းကမူ ရေဒီယို သတ္တိကြွ
လောင်စာများ စွန့်ပစ်ရန် အခက်အခဲ၊ အနုမြူ လက်နက် နည်းပညာ ပြန့်ပွားမည့် အန္တရာယ်၊ ဓာတ်ပေါင်း
ဖိုများ မတော်တဆ ဖြစ်မှု များကြောင့် အနုမြူ စွမ်းအင်က ဘေးရောက် နေခဲ့သည်။ အခုတော့ သုံးမိုင်ကျွန်း
ဓာတ်ပေါင်းဖို မတော်တဆ ဖြစ်မှု ပြီးကထဲက ဓာတ်ပေါင်း ဖို တည်ဆောက်မှုကို ရပ်ထား ခဲ့သည့်
အမေရိကန် နိုင်ငံ ပင်လျှင် ဓာတ်ပေါင်းဖို စီမံကိန်း အသစ်ကို စတင် နေပြီ ဖြစ်သည်။ သို့သော်
အနုမြူ စွမ်းအင် မှာလည်း စွန့်ပစ် ပစ္စည်း ပြဿနာ အပြင် အခြား ပြဿနာ များလည်း ရှိနေ သေးသည်။
ပထမ ပြဿနာမှာ အချိန် ဖြစ်သည်။ ဓာတ်ပေါင်းဖို တစ်ခု လည်ပတ်ဖို့
အတွက် ဆယ်နှစ်လောက် အချိန်ယူ ရသည်။ အမေရိကန် နိုင်ငံ၏ ဓာတ်ပေါင်းဖို အသစ်သည် ၂၀၁၇ ခုနှစ်မှ
စတင် လည်ပတ် နိုင်မည်။ သို့သော် ရာသီဥတု ပြောင်းလဲ မှုကို ထိန်းသိမ်း နိုင်ရန် အတွက်
ကမ္ဘာ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်မှုကို ၂၀၂၀ တွင် ၂၅% လျှော့ချ နိုင်ရမည် ဖြစ်ပြီး
၂၀၅၀ တွင် ၈၀% လျှော့ချ နိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် အနုမြူ စွမ်းအင် တစ်ခု တည်းဖြင့်
ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့် မှုကို အချိန်မှီ လျှော့ချဖို့မဖြစ်နိုင်။
ဒုတိယ ပြဿနာက ကုန်ကျ စရိတ် ဖြစ်သည်။ ဓာတ်ပေါင်းဖို တစ်ခု
အတွက် ကုန်ကျ စရိတ်က ပြီးခဲ့သည့် ဆယ်နှစ် အတွင်း လေးဆ တက်လာသည်။ ဖင်လန် နိုင်ငံ၏ တည်ဆောက်ဆဲ
ဓာတ်ပေါင်းဖို စီမံကိန်း မှာ ဘတ်ဂျက် ပြဿနာ ကြောင့် မျှော်မှန်း သည်ထက် နောက်ကျ နေသည်။
ကနေဒါ နိုင်ငံနှင့် အမေရိကန် ပြည်နယ် အများ အပြား၏ ဓာတ်ပေါင်းဖို စီမံကိန်းတွင် ဖျက်သိမ်း
ခဲ့ရသည်။ ရင်းနှီးမြှပ်နှံ သူများက အနုမြူ ဓာတ်ပေါင်းဖို စီမံကိန်း များကို လက်ရှောင်
နေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လေစွမ်းအင်မှ လျှပ်စစ် ထုတ်မည့် စီမံကိန်း များတွင် ရင်းနှီး
မြှပ်နှံမှု ၇၁ ဘီလီယံ ရှိခဲ့ သော်လည်း ဓာတ်ပေါင်းဖို စီမံကိန်းများ အတွက် ရင်းနှီး
မြှပ်နှံမှုက သုည ဖြစ်ခဲ့သည်။ ခြုံကြည့် လိုက်လျှင် အနုမြူ စွမ်းအင်သည် လာမည့် နှစ်နှစ်
ဆယ်အတွင်း လျှပ်စစ် ထုတ်လုပ် ရာတွင် ကျောက်မီးသွေး နှင့်သဘာဝ ဓာတ်ငွေ့ကို ထိထိ ရောက်ရောက်
အစားထိုး နိုင်ဖို့မရှိသေး ဟုသာ ဆိုရမည် ဖြစ်သည်။
နည်းပညာသစ်များ
ဇီဝ လောင်စာနှင့် အနုမြူ စွမ်းအင် အပြင် နေရောင်ခြည် စွမ်းအင်၊
လေစွမ်းအင် စသည့် အစားထိုး စွမ်းအင် များလည်း ရှိသေးသည်။ အထူးသဖြင့် လေစွမ်းအင် ထုတ်လုပ်မှုသည်
ပြီးခဲ့သည့် ဆယ်နှစ် အတွင်း ဆယ်ဆ တိုးခဲ့သည်။ သို့သော် ထိုသို့ တိုးလာ သည့်တိုင် လေစွမ်းအင်သည်
ကမ္ဘာ့ လျှပ်စစ် ထုတ်လုပ်မှု၏ ၂ % အောက်သာ ရှိသေးသည်။ ထို့ပြင် လေနှင့် နေရောင်ခြည် စွမ်းအင်မှ
လျှပ်စစ် ဓာတ်အား တစ်ယူနစ် ထုတ်လုပ်ရန် ကုန်ကျ စရိတ်မှာ မြင့်မား နေဆဲ ဖြစ်သည်။ အလား
တူပင် ရိက္ခာ သီးနှံ မှမဟုတ်ဘဲ မြက်များ၊ စွန့်ပစ် ပစ္စည်းများမှ ဇီဝ လောင်စာ ထုတ်လုပ်
နိုင်မည့် နည်းပညာ များလည်း ရှိလာပြီ ဖြစ်သည်။ သို့သော် စီးပွားဖြစ် ထိထိ ရောက်ရောက်
ထုတ်လုပ် နိုင်ဖို့ နှစ်များစွာ စောင့်ရ ဦးမည် ဖြစ်သည်။
ထိရောက်သောစွမ်းအင်အသုံးပြုမှု
ရုပ်ကြွင်း လောင်စာ များကိုလည်း လုံးဝ ပစ်ပယ် နိုင်ခြင်း
မရှိသလို၊ အစားထိုး လောင်စာ များတွင်လည်း နောက်ဆက်တွဲ ပြဿနာတွေ ရှိနေ ချိန်တွင် မည်သည့်
နည်းလမ်းကို ရွေးချယ် မည်နည်း။ အကောင်းဆုံး ကတော့ ရှိနေသည့် စွမ်းအင် များကို ထိထိ
ရောက်ရောက် သုံးဖို့ ( Energy Efficiency
) ပင်ဖြစ်သည်။ ဤနည်းလမ်း သည် စွမ်းအင် ချွေတာခြင်း ( Energy Conservation ) လို လျှော့သုံးဖို့
မဟုတ်။ ယနေ့ ကမ္ဘာ ပေါ်တွင် မော်တော်ယာဉ် သန်း တစ်ထောင်ကျော် ရှိသည်။ ထိုယာဉ် များကို
ဆီစားနှုန်း သက်သာအောင် လုပ်နိုင်လျှင် ၊ နောက်ထပ် ထုတ်လုပ်မည့် မော်တော်ယာဉ်များကို
ပိုပြီး ဆီစား သက်သာအောင် လုပ်ဖို့ အစိုးရက ဥပဒေဖြင့် ထိန်းချုပ် နိုင်လျှင် မိမိတို့၏
လူနေမှု ပုံစံကို ပြင်ရန် မလိုပဲ ရေနံ လောင်စာ အသုံး ပြုမှုကို များစွာ လျှော့ချ နိုင်မည်
ဖြစ်သည်။
အလားတူပင် အမေရိကန် အိမ်ထောင်စု တစ်ခုတွင် ပျမ်းမျှခြင်း
အားဖြင့် လျှပ်စစ် ပစ္စည်း ၂၆ မျိုး သုံးနေသည်။ ကျန်နိုင်ငံ များကလည်း အမေ ရိကန်တို့
နောက်ကို အမှီလိုက် နေသည်။ ၂၀၃၀ ပြည့်နှစ် ရောက်လျှင် ကမ္ဘာ့လျှပ်စစ် သုံးစွဲ မှုမှာ
၇၇ % တိုးလာ မည်ဟု အမေရိကန် စွမ်းအင် ၀န်ကြီး ဌာနက ခန့်မှန်း ထားသည်။ ထို့ကြောင့် အိမ်သုံး
လျှပ်စစ် ပစ္စည်း များ၏ လျှပ်စစ် သုံးစွဲမှုကို လျှော့ချ နိုင်လျှင် ဖန်လုံအိမ် ဓာတ်ငွေ့
ထုတ်လုပ် မှုကို သိသိ သာသာ လျှော့ချ နိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် အစိုးရက ဥပဒေ ပြဋ္ဌာန်း
မှုကြောင့် ယနေ့ အမေရိကန် နိုင်ငံတွင် ရောင်းချ နေသည့် ရေခဲ သေတ္တာ များသည် ၁၉၇၀ နှစ်များ
ကထက် လျှပ်စစ် သုံးစွဲမှု သုံးဆ လျော့နည်း နေပြီ ဖြစ်သည်။ ထို့ပြင် အများ ပြည်သူသုံး
ပို့ဆောင်ရေး စနစ်များ ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ရုံးသွား ချိန်တွင် ကားစုပေါင်း
အသုံးပြုသည့် အလေ့ အထကို အားပေးခြင်း စသည့် နည်းလမ်း များဖြင့် ယာဉ် သုံးစွဲမှုကို လျှော့ချ
နိုင်သေးသည်။ နေအိမ်များ ဆောက်လုပ် ရာတွင် လိုက်နာ ရမည့် စံချိန် စံညွှန်း အချို့ကို
ပြောင်းလိုက် ရုံဖြင့် လေအေး ပေးစက်၊ အပူ ပေးစက် တွေအတွက် လျှပ်စစ် သုံးစွဲ ရမှုတွေ
အများကြီး လျော့သွား နိုင်သည်။
တကယ်တော့ ရေနံနှင့် ရုပ်ကြွင်း လောင်စာတွေ မရှိပဲ လူသားတွေ
မနေ တတ်တော့ သည်မှာ အမှန်ပင် ဖြစ်သည်။ ဒီလောင်စာ တွေကို အစားထိုး ဖို့လည်း ထင်သလောက်
မလွယ်လှ။ ထို့ကြောင့် စွမ်းအင်ကို ထိထိ ရောက်ရောက် သုံးနိုင်အောင် ပြုလုပ်ခြင်း၊ လူနေမှု
ပုံစံ များကို ပြောင်းလဲ ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေမည်။
ရဲထွဋ်
Bi
Weekly
မှီငြမ်းပြုစာစောင်များ
၁။
|
Seven Myths About Alternative Energy BY MICHAEL GRUNWALD | AUGUST 24, 2009
|
၂။
|
A Renewed Push for Ethanol, Without the Corn , New
York Time , 17-4-07
|
၃။
|
How Biofuels Could Starve the Poor By C. Ford
Runge and Benjamin Senauer
|
No comments:
Post a Comment