Tuesday, March 25, 2014

အမေရိကန်သမ္မတရွေးကောက်ပွဲအကြောင်းတစေ့တစောင်း

နိုင်ငံ တကာတွင် ကျင်းပ နေသည့် ရွေးကောက် ပွဲများ အနက် အမေရိကန် သမ္မတ ရွေးကောက် ပွဲသည် ကမ္ဘာ့ ပြည်သူ များ၏ စိတ်ဝင် စားမှု အခံရဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော် အမေရိကန် နိုင်ငံ၏ သမ္မတ ရွေးချယ်မှု စနစ်တွင် အခြား နိုင်ငံ များနှင့် မတူပဲ ထူးခြား ချက်များ ရှိနေ သည်ကို သတိ ပြုမိသူ နည်းမည် ထင်ပါသည်။
သမ္မတရွေးချယ်ရေးအဖွဲ့
တကယ်တော့ အမေရိကန် သမ္မတကို မဲဆန္ဒရှင် များက တိုက်ရိုက် ရွေးချယ် တင်မြှောက်ခြင်း မဟုတ်ပေ။ သမ္မတ ရွေးချယ်ရေး အဖွဲ့  Electoral College  ကသာ မဲပေး ရွေးချယ်ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်း မှာလည်း အမေရိကန် အခြေခံ ဥပဒေ ရေးဆွဲ စဉ်က ပေါ်ပေါက် ခဲ့သည့် သဘောထား ကွဲလွဲ မှုများကြောင့် ဖြစ်သည်။ ထိုအချိန်က အခြေခံ ဥပဒေ ရေးဆွဲရန် စည်းဝေး ခဲ့ကြသည့် ပြည်နယ် ကိုယ်စားလှယ်များ အကြားတွင် သမ္မတကို ပြည်သူ လူထုမှ တိုက်ရိုက် ရွေးချယ် လိုသူများနှင့် လွှတ်တော်မှ ရွေးချယ် လိုသူများဟု အယူအဆ နှစ်မျိုး ပေါ်ပေါက် ခဲ့သည်။ ထိုအုပ်စု နှစ်ခု အကြား အပေးအယူ လုပ်သည့် အနေဖြင့် သမ္မတ ရွေးချယ်ရေး အဖွဲ့ မှ ရွေးချယ် ပေးသည့် စနစ်ကို ဖော်ထုတ် ခဲ့ခြင်း ဖြစ်သည်။
ထိုစနစ်၏ အခြေခံ သဘော တရားမှာ မဲဆန္ဒရှင်များ အနေဖြင့် သမ္မတ လောင်းများ၏ အရည်အချင်း ကို ဆုံးဖြတ် နိုင်သည့် နိုင်ငံရေး အသိအမြင် နည်းပါး သေးသဖြင့် ပြည်နယ် အလိုက် သမာဓိ လူကြီးများ  (Wise Men) ကိုရွေးချယ် ပေးပြီး ထိုသမာဓိ လူကြီးများက သင့်တော်သည့် သမ္မတ လောင်းကို ရွေးချယ် ပေးရန် ဖြစ်သည်။ အမေရိကန် အခြေခံ ဥပဒေက သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင် လူကြီးများကို ရွေးချယ်သည့် စနစ်ကိုမူ ပြည်နယ် ဥပဒေပြု လွှတ်တော် များက မိမိတို့ ပြည်နယ် အလိုက် သင့်တော်သည့် နည်းလမ်းဖြင့် ရွေးချယ်ခွင့် ပြုထား ခဲ့သည်။
အခြေခံ ဥပဒေ အရ ထိုကဲ့သို့ ရွေးချယ် ခံရသော သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ နှစ်သက်ရာ သမ္မတ လောင်းနှင့် ဒုတိယ သမ္မတ လောင်းကို ရွေးချယ်ခွင့် ရှိသော်လည်း နောက်ပိုင်းတွင် မူလ ကတိပြု ထားသည့် သမ္မတ လောင်းကိုသာ မဲပေး ရသည့် စနစ်ကို ပြည်နယ် များက ကျင့်သုံး လာခဲ့သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒရှင် များက မဲပေး သည်မှာ သမ္မတလောင်း များကို မဲပေးခြင်း   မဟုတ်ဘဲ ထိုသမ္မတ လောင်းကို ထောက်ခံ မည်ဟု ကတိပြု ထားသည့် သမ္မတ ရွေးချယ်ရေး အဖွဲ့ ကိုယ်စားလှယ် အမည် စာရင်းကို မဲပေး ခြင်းသာ ဖြစ်ပေသည်။ ပြည်နယ် တစ်ခုတွင် သမ္မတလောင်း တစ်ဦးက အနိုင် ရသည် ဆိုသည်မှာ ထိုပြည်နယ်တွင် ၎င်းကို ထောက်ခံ မည်ဟု အဆိုပြု ထားသည့် ကိုယ်စားလှယ် အုပ်စုက အနိုင် ရခြင်းပင် ဖြစ်သည်။
ပြည်နယ် အလိုက် သမ္မတ ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခွင့် ရှိသည့် ကိုယ်စားလှယ် အရေ အတွက် ကိုမူ ထိုပြည်နယ်တွင် ရှိသည့် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် အမတ် အရေအတွက်နှင့် အညီ သတ်မှတ် ထားသည်။ ထို့ပြင် ဝါရှင်တန် မြို့တော် တည်ရှိရာ ကိုလံဘီယာ ခရိုင် အတွက် သုံးမဲ သတ်မှတ်ထား သဖြင့် ယနေ့ အချိန် ကာလတွင် သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင် အရေ အတွက်မှာ ၅၃၈ ဦးဖြစ်ပြီး ကိုယ်စားလှယ် မဲ ၂၇ဝ ရရှိသူက သမ္မတနှင့် ဒုတိယ သမ္မတ အဖြစ် အရွေးချယ် ခံရမည် ဖြစ်သည်။ အကယ်၍ မည်သူကမျှ ထက်ဝက် ကျော်မဲကို မရခဲ့လျှင် အောက်လွှတ်တော် အမတ်များက သမ္မတကို လည်းကောင်း၊ အထက် လွှတ်တော် အမတ်များက ဒုတိယ သမ္မတကို လည်းကောင်း မဲပေး ရွေးချယ် ရမည် ဖြစ်သည်။ ထိုသို့ ရွေးချယ် ရာတွင်မူ ပြည်နယ် တစ်ခုလျှင် တစ်မဲသာ ပေးခွင့် ရမည် ဖြစ်သည်။ ၁၈ဝဝ ပြည့်နှစ်၊ ၁၈၂၄ ခုနှစ်နှင့် ၁၈၇၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ များတွင် ကွန်ဂရက်က ထိုကဲ့သို့ ဝင်ရောက် ဆုံးဖြတ် ပေးခဲ့ရ သည်ကို တွေ့ရ သည်။ ထို့ပြင် မူလက အခြေခံ ဥပဒေတွင် ရွေးချယ်ရေး အဖွဲ့ဝင်များ အနေဖြင့် သမ္မတ လောင်း၊ ဒုတိယ သမ္မတ လောင်း တို့ကို ခွဲခြား မဲပေးခြင်း မပြုဘဲ မဲအများဆုံး ရသူကို သမ္မတ၊ ဒုတိယ မဲအများဆုံး ရသူကို ဒုသမ္မတ အဖြစ် သတ်မှတ်ရန် ပြဋ္ဌာန်း ထားခဲ့ သော်လည်း ၁၈ဝဝ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အခြေခံ ဥပဒေ ပြင်ဆင်ချက် ၁၂ ဖြင့် ခွဲခြား မဲပေးရန် သတ်မှတ် ခဲ့သည်။
ယခုကဲ့သို့ သမ္မတ ရွေးချယ်ရေး အဖွဲ့ဖြင့် ရွေးချယ်သည့် စနစ် အပေါ် ဝေဖန် သူများက ထိုစနစ်ကို ကျင့်သုံး ခြင်းကြောင့် သမ္မတ ရွေးချယ်ရေး အဖွဲ့ ကိုယ်စားလှယ် အရေအတွက် အများအပြား ရရှိ ထားသည့် ကယ်လီ ဖိုးနီးယား (၅၅)၊ တက္ကဆက် (၃၄)၊ နယူယော့ခ် (၃၁)၊ ဖလော်ရီဒါ (၂၇)၊ အီလီနွိုက် ( ၂၁) ပင်ဆယ် ဗေးနီးယား ( ၂၁) စသည့် ပြည်နယ် ကြီးများက အခွင့်အရေး ပိုရ နေသည်။ သမ္မတ လောင်းများ အနေဖြင့် ကိုယ်စားလှယ် မဲသုံးမဲ သာရှိသည့် အလာစကား၊ မွန်တာနာ တို့ကဲ့သို့ ပြည်နယ်ငယ် များရှိ မဲဆန္ဒရှင် များ၏ သဘောထားကို ဂရုမပြုပဲ စူပါ ပြည်နယ်များ အကြိုက်ကိုသာ လိုက်လုပ် နေသည်ဟု ဝေဖန် ခဲ့ကြသည်။ ထို့အပြင် ၂ဝဝဝ ပြည့်နှစ် ရွေးကောက် ပွဲတွင် အယ်လ်ဂိုးက လူထု ထောက်ခံမဲ အများဆုံး ရခဲ့ သော်လည်း ကိုယ်စားလှယ်မဲ အများဆုံး ရခဲ့သည့် ဘုရှ်က အနိုင်ရ သွားသည့် ဖြစ်စဉ်ကိုလည်း ထောက်ပြ ပြီး သမ္မတ ရွေးချယ်ရေး အဖွဲ့ဖြင့် ရွေးချယ်မှုကို ဝေဖန် ခဲ့ကြသည်။
ပါတီတွင်းအကြိုရွေးကောက်ပွဲများ
အမေရိကန် သမ္မတ ရွေးကောက်ပွဲ၏ နောက်ထပ် ထူးခြားချက် တစ်ခုမှာ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ပါတီတွင်း အကြို ရွေးချယ်ပွဲ များကို လပေါင်း များစွာ ကျင်းပခြင်း ဖြစ်သည်။ တကယ်တော့ အမေရိကန် အခြေခံ ဥပဒေတွင် နိုင်ငံရေး ပါတီ ဆိုသည့် စကားလုံး၊ နိုင်ငံရေး ပါတီနှင့် ပတ်သက်သည့် ပြဋ္ဌာန်း ချက်များ မပါရှိခဲ့ပေ။ ၁၈ ရာစု အမေရိကန် အခြေခံ ဥပဒေကို ရေးဆွဲ ခဲ့သည့် ခေါင်းဆောင်များ အနေဖြင့် ပြည်နယ် အလိုက် ပြည်သူ များက မိမိတို့ယုံကြည်သူ များကို ရွေးချယ်၊ ထိုကိုယ်စားလှယ် များက ဥပဒေပြုရေး လုပ်ငန်း များကို ဆောင်ရွက် ကြရန်သာ ရည်ရွယ် ခဲ့သည်။ သို့သော် ဂျော့်ရှ် ဝါရှင်တန် သမ္မတ သက်တမ်း ကုန်ဆုံး ပြီးချိန် နောက်ပိုင်းတွင် ကွန်ဂရက် အတွင်း စိတ်တူ သဘောတူ အမတ်များ စုစည်း လုပ်ကိုင် ရာမှ နိုင်ငံရေး ပါတီများ ပေါ်ပေါက် လာခဲ့ ရသည်။ ပါတီတွင်း အကြို ရွေးကောက်ပွဲ ဆိုသည်မှာလည်း နိုင်ငံရေး ပါတီ များက ပါတီ ကိုယ်စားပြု သမ္မတ လောင်းများကို ရွေးချယ် ရာမှ ပေါ်ပေါက် လာသည့် စနစ်ပင် ဖြစ်သည်။
အစပိုင်းတွင် နိုင်ငံရေး ပါတီများက သမ္မတလောင်း ရွေးချယ်မှုကို ထိုပါတီ၏ လွှတ်တော် အမတ်များ ကသာ ဆောင်ရွက် ခဲ့ကြသည်။ သို့သော် ထိုစနစ်က လွှတ်တော် အမတ် များက သမ္မတ အပေါ် သြဇာ သက်ရောက် စေသည်ဟု ဆိုကာ ၁၈၃ဝ နောက်ပိုင်းတွင် ပါတီ ညီလာခံမှ ရွေးချယ်သည့် စနစ်ကို ကျင့်သုံး ခဲ့ကြသည်။ သို့သော်   ပါတီ ညီလာခံ ကိုယ်စားလှယ် များကို ပြည်နယ်နှင့် ဒေသ အဆင့် ပါတီ ခေါင်းဆောင် များကသာ စိတ်ကြိုက် ရွေးချယ် စေလွှတ်ခဲ့ ကြသည်။ ထို့ကြောင့် သမ္မတ လောင်းများ ကလည်း ပါတီဝင် များထက် ဒေသခံ ပါတီ ခေါင်းဆောင် များ၏ ထောက်ခံမှုကို ရအောင်သာ စည်းရုံး ကြသည်။ လက်သိတ်ထိုး အပေးအယူတွေ လုပ်ခဲ့ ကြသည်။
ထို့ကြောင့် ၁၉ဝ၁ ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည်နယ်က ပါတီတွင်း အကြို ရွေးကောက်ပွဲ များ ဖြင့် ကိုယ်စားလှယ်များ ရွေးချယ်ပြီး ပါတီ ညီလာခံသို့ စေလွှတ်သည့် စနစ်ကို ကျင့်သုံး ခဲ့သည်။ ၁၉၁၇ ခုနှစ် တွင်မူ ပြည်နယ် လေးခုမှ လွဲပြီး ကျန်ပြည်နယ် အားလုံးတွင် ထိုစနစ်ကို ကျင့်သုံး ခဲ့ကြသည်။
ထိုအကြို ရွေးကောက် ပွဲများ ကျင်းပပုံ စနစ်မှာ ပြည်နယ် တစ်ခုနှင့် တစ်ခု ကွာခြား သော်လည်း အခြေခံ သဘောမှာမူ ပါတီ သမ္မတ လောင်းများ အနက် မည်သူ့ကို ထောက်ခံ မည်ကို ရွေးချယ်ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် အချို့ ပြည်နယ် များတွင် အကြို ရွေးကောက်ပွဲ များ၌ ပါတီဝင် များ၏ ထောက်ခံမဲ အများဆုံး ရသူက ညီလာခံ ကိုယ်စားလှယ် မဲအားလုံး ကိုရသည့် (Winner Take All)  စနစ်ကို ကျင့်သုံးသည်။ အချို့ ပြည်နယ် များတွင်မူ ပြည်နယ် အတွင်း ရရှိသည့် ထောက်ခံမဲ ရာခိုင်နှုန်း အပေါ် မူတည်ပြီး ညီလာခံ ကိုယ်စား လှယ်မဲများကို ခွဲဝေေ ပးသည်။
အကြို ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံး ခြင်းကြောင့် ပါတီ တွင်းမှ လူသိ နည်းသည့် သမ္မတ လောင်းများ အနေဖြင့် ပါတီဝင် များနှင့် တိုက်ရိုက် ထိတွေ့ခွင့် ရပြီး အရွေးခံခွင့် ရအောင် ကြိုးစား နိုင်ခွင့် ရှိသော်လည်း ရှစ်လ နီးပါးခန့် အကြို ရွေးကောက်ပွဲ များတွင် မဲဆွယ် စည်းရုံး လှုပ်ရှား ရသဖြင့် ရွေးကောက်ပွဲ အသုံးစရိတ် အများအပြား ကုန်ကျသည်။ နိုင်ငံတော်နှင့် ပြည်နယ် အဆင့် ပါတီ အဖွဲ့ အစည်းများ၏ အခန်း ကဏ္ဍ လျော့ပါး သွားသည်ဟု ဝေဖန် မှုများလည်း ရှိသည်။ သို့သော် မည်သို့ပင် ဖြစ်စေ ပါတီတွင်း အကြို ရွေးကောက်ပွဲများ သည် အမေရိကန် နိုင်ငံရေး စနစ်၏ မရှိမဖြစ် အစိတ်အပိုင်း အဖြစ်သို့ ရောက်နေပြီ ဖြစ်သည်။
ရွေးကောက်ပွဲကုန်ကျစရိတ်
အမေရိကန် သမ္မတ ရွေးကောက်ပွဲ များ၏ နောက်ထပ် ထူးခြားချက် တစ်ခုမှာ ရွေးကောက်ပွဲ အသုံး စရိတ် အလွန် များပြားခြင်း ဖြစ်သည်။ ၂ဝဝ၈ စက်တင်ဘာ လဆန်း အထိ အိုဘားမားက ရန်ပုံငွေ ဒေါ်လာ သန်း ၄၆ဝ ကျော် ကောက်ခံ ရရှိ ထားပြီး မက်ကိန်းက သန်း ၃ဝဝ နီးပါး ရရှိထားပြီ ဖြစ်သည်။ ပါတီတွင်း အကြို ရွေးကောက်ပွဲ များတွင် အရေးနိမ့် သွားခဲ့သည့် သမ္မတ လောင်းများ၏ အသုံး စရိတ် များကိုပါ ထည့်ပေါင်းလျှင်  ယခုနှစ် သမ္မတ ရွေးကောက် ပွဲတွင် ကိုယ်စားလှယ် လောင်းများ၏ အသုံး စရိတ်မှာ ဒေါ်လာသန်း တစ်ထောင် ကျော်မည်ဟု ခန့်မှန်း ထားကြသည်။
ထိုရန်ပုံငွေ များကို တစ်ဦးချင်း အလှုရှင်များ၊ စီးပွားရေး လုပ်ငန်းကြီးများ၊ အထူး အကျိုးစီးပွား ကိုယ်စားပြု အဖွဲ့အစည်း များက ထည့်ဝင် ကြခြင်း ဖြစ်ရာ ထိုအလှုရှင် များ၏ သမ္မတအပေါ် သြဇာ လွှမ်းမိုးမှု အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာ ရသည်။ တကယ်တော့ အမေရိကန် ရွေးကောက်ပွဲ ဥပဒေ အရ ပြည်ထောင်စု အစိုးရမှ ရွေးကောက်ပွဲ ရန်ပုံငွေ ထောက်ပံ့ရန် သတ်မှတ် ထားပြီး ဖြစ်သည်။ သို့သော် ထိုရန်ပုံငွေကို လက်ခံပါက ရွေးကောက်ပွဲ အသုံး စရိတ်ကို ကန့်သတ် ခံရမည့် အပြင် တစ်ဦးချင်း အလှုရှင် များက အများဆုံး ထည့်ဝင် နိုင်သည့် ငွေပမာဏ ကိုလည်း ဒေါ်လာ ၂၅ဝ သာ သတ်မှတ် ထားခြင်းကို လက်ခံ ရမည် ဖြစ်သည်။ ထို့ကြောင့် သမ္မတ လောင်းများ အနေဖြင့် အစိုးရ၏ ထောက်ပံ့မှုကို လက်မခံဘဲ မိမိဘာသာ ရန်ပုံငွေရှာ ရွေးကောက်ပွဲ ဝင်ကြသည်။ ယခု ရွေးကောက်ပွဲ တွင်လည်း အိုဘားမားရော၊ မက်ကိန်း ကပါ မိမိတို့ အစီ အစဉ် ဖြင့် ငွေရှာပြီး ရွေးကောက်ပွဲ ဝင်လျှက် ရှိကြသည်။
ထိုသို့ ရန်ပုံငွေ ရှာရာတွင် ရွေးကောက်ပွဲ ဥပဒေ အရ အလှုရှင် တစ်ဦးချင်းနှင့် အဖွဲ့များက  သမ္မတလောင်း တစ်ဦး ချင်းထံ သို့လှုဒါန်း နိုင်သည့် ငွေပမာဏကို ကန့်သတ် ထားသည်။ ၂ဝဝ၈ ခုနှစ် ရွေးကောက် ပွဲအတွက် သတ်မှတ် ထားသည့် ပမာဏမှ ဒေါ်လာ ၄၆ဝဝ ဖြစ်သည်။ ထိုကဲ့သို့ ကောက်ခံ ရရှိသည့် ငွေများ အသုံးပြုမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စောင့်ကြည့် ကြပ်မတ်သည်။ သို့သော် သမ္မတလောင်း သို့ မဟုတ် ပါတီကို တိုက်ရိုက် ဖော်ပြခြင်း မပြုပဲ ကိစ္စတစ်ခု အတွက် မဲဆွယ် စည်းရုံး မှုများ အတွက်ကိုမူ ကန့်သတ်မှု မရှိဘဲ လှုဒါန်းခွင့် ရှိသည်။
ဥပမာ အားဖြင့် ဂျွန်မက်ကိန်းက အခွန် လျှော့ချ ရေးကို ထောက်ခံ ထားသည်။ ထို့ကြောင့် အခွန် လျှော့ချရေး အတွက် တောင်းဆို နေသည့် အဖွဲ့အစည်း တစ်ခုက မက်ကိန်းကို မဲပေးပါ။ ရီပတ် ဘလီကင် အမတ်များကို မဲပေးပါ ဟု တိုက်ရိုက် မဲဆွယ်ခြင်း မပြုပဲ အခွန် လျှော့ချရေး အတွက် မဲဆွယ် စည်းရုံးခွင့် ရှိသည်။ မက်ကိန်းက အခွန် လျှော့ချ ရေးကို ထောက်ခံသူ ဖြစ်သည်။ အိုဘားမားက ကန့်ကွက်သူ ဖြစ်သည် ဟု ဖော်ပြခွင့် ရှိသည်။ ထို့ပြင် ရွေးကောက်ပွဲ နေ့တွင် မဲပေးသူ များပြားရေး အတွက် စည်းရုံး ရာတွင်လည်း အသုံးပြုခွင့် ရှိသည်။ ထိုသို့ မဲဆွယ် စည်းရုံးခြင်း အတွက် အလှုရှင် များက ငွေကြေး ထည့်ဝင်မှု အပေါ် ဥပဒေ အရ ကန့်သတ်ချက် မရှိပေ။ ထို့ကြောင့် သမ္မတ လောင်းများ အနေဖြင့် ထိုအချက်ကို အခွင့်ကောင်းယူပြီး ထိုနည်းလမ်းဖြင့် ရရှိသည့် ငွေများကို မဲဆွယ် စည်းရုံး ရာတွင် သွယ်ဝိုက် အသုံးပြု နေခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံရေး လောကတွင် တိုက်ရိုက် လှုဒါန်းသည့် ငွေများကို Hard Money ဟုခေါ်ပြီး အထက်ပါ သွယ်ဝိုက် ထည့်ဝင်သည့် ငွေများ ကိုမူ Soft Money ဟု ခေါ်ဝေါ်ကြသည်။ ထို့အပြင် ကုမ္ပဏီများ က ဝန်ထမ်း များ၏ အမည်များဖြင့် Hard Money များကို ထည့်ဝင် သည်များလည်း ရှိသည်။
ထိုကဲ့သို့ သမ္မတ ရွေးကောက်ပွဲ များတွင် လည်းကောင်း၊ လွှတ်တော် ရွေးကောက်ပွဲ များတွင် လည်းကောင်း ရွေးကောက်ပွဲ ရန်ပုံငွေ အများအပြား သုံးစွဲမှု များကြောင့် ဒီမိုကရေစီ၏ အနှစ် သာရကို ထိခိုက် စေသဖြင့် ရွေးကောက်ပွဲ ရန်ပုံငွေ စနစ်ကို ပြုပြင်ရန် တောင်းဆိုမှု များလည်း ရှိခဲ့သည်။ သို့သော် ပါတီတွင်း ရွေးကောက် ပွဲများ၊ ရုပ်သံ ကြော်ငြာများ၊ မဲဆွယ် စည်းရုံး လှုပ်ရှားမှု ကော်မတီ အဆင့်ဆင့်များ၏ လုပ်ငန်းများ အတွက် မဖြစ်မနေ ငွေပုံပြီး သုံးနေ ရသည့် ကာလ မျိုးတွင် အောက်ခြေသိမ်း ပြုပြင်မှုမျိုး လုပ်ရန် အတွက် လွှတ်တော် အမတ်များ ကိုယ်တိုင်က ဆန္ဒ မရှိလှ သည်ကိုလည်း တွေ့ရသည်။
သူ့အရပ်နှင့်သူ့ဇာတ်
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြုလုပ်သည့် စနစ်၊ ပါတီတွင်း သမ္မတလောင်း ရွေးချယ်သည့် စနစ် များသည် ငွေကုန် ကြေးကျ များလှသည်၊ မဲဆန္ဒရှင် များ၏ ဆန္ဒကို ကိုယ်စား မပြု၊ အထူး အခွင့်အရေး အုပ်စုများ၊ စီးပွားရေး လုပ်ငန်းကြီး များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုကို ခံနေ ရသည်ဟု ဗြိတိသျှ ပါလီမန် ပုံစံ နိုင်ငံရေး စနစ်ကို ကြိုက်သူ များက ဝေဖန်လေ့ ရှိသည်။  သို့သော် အမေရိကန် နိုင်ငံသား တို့ကမူ ထိုစနစ် သည် အမေရိကန် အတွက် အသင့်တော်ဆုံး ဖြစ်သည်ဟု လက်ခံ ထားပြီး ဖြစ်သည်။ ထိုထူးခြားချက် များမှာလည်း ၁၇၈၇ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲချိန်မှ စပြီး အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ် လာခြင်း ဖြစ်ရာ အမေရိကန် တို့၏ စရိုက် လက္ခဏာ၊ အမေရိကန် တို့၏ လူနေမှုပုံစံ၊ နိုင်ငံရေး ပုံစံ တို့နှင့် လိုက်လျော ညီထွေ ပေါ်ပေါက် လာခြင်း ဖြစ်သည် ဟုသာ ဆိုရ ပေမည်။ ဤထူးခြားချက် များကပင် နိုင်ငံရေး စနစ် ဆိုသည်မှာ နိုင်ငံ အားလုံး အတွက် တစ်ပုံစံတည်း မဖြစ်နိုင်၊ ပေတံ တစ်ခုတည်း ဖြင့် တိုင်း၍မရ။ သူ့အရပ်နှင့် သူ့ဇာတ် လိုက်လျော ညီထွေ ရှိဖို့သာ လိုသည်ကို ဖော်ပြ နေခြင်းလည်း ဖြစ်သည်ဟု ဆိုရပေမည်။
ရဲထွဋ်
Bi Weekly
မှီငြမ်းပြုစာစောင်များ
၁။
Campaign finance in the United States, wikipedia.com  
၂။
Electroal College by Michael J. Glennon   
၃။
 Primary Electios by Brad T. Goemz 





No comments:

Post a Comment