Saturday, April 26, 2014

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ(၁)



( ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထို ရွေးကောက်ပွဲ များမှ တဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ်ဂိတ်သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့်အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတအဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်း ခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ကိုမူ ချန်လှပ် ထားခဲ့ ပါသည်။ ဂိတ်၏ အတွေ့ အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေများကို ဆ၀ါးနိုင်မည်ဖြစ်ပါသည်။ )
၂၀၀၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲဟာ ၁၉၆၈ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံက စစ်ပွဲကို ပါဝင် ဆင်နွဲ နေတုန်း ကျင်းပ ခဲ့တဲ့ ပထမဆုံး သမ္မတ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်က တာဝန် လွှဲတဲ့ အခါ အဆင်မပြေ တာတွေ နည်းနိုင် သမျှ နည်းစေဖို့ အတွက် တာဝန် လွှဲပြောင်းဖို့ ပြင်ဆင် တာတွေကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ထဲက စပြီး ပြင်ဆင်ခဲ့တယ်။
အဲဒီနေ့မှာ ကျွန်တော်က ဒုတိယ ကာကွယ်ရေး ၀န်ကြီးဟောင်း John Hamre ဦးဆောင်တဲ့ ကာကွယ်ရေး မူဝါဒ ဘုတ်အဖွဲ့ Defense Policy Board ကို လာမယ့်နှစ် နွေရာသီမှာ ပြုလုပ်မယ့် သူတို့ အစည်းအဝေး ဟာ တာဝန် လွှဲပြောင်းရေး အတွက်ပဲ အာရုံစိုက် ပြင်ဆင်ဖို့ ညွှန်ကြား ခဲ့ပါတယ်။ တစ်ခါ တစ်လေမှာ လက်ရှိ အစိုးရက နောက် အစိုးရကို တာဝန်မလွှဲ ပေးခင် ပြဿနာ အားလုံးကို ဖြေရှင်းပေးခဲ့ဖို့ ကြိုးစား ကြတယ်။ ဒါပေမယ့်  အခု သမ္မတ တာဝန် လွှဲပြောင်း မှုဟာ ကျွန်တော့် အမှုထမ်း ဘ၀မှာ ခုနှစ်ကြိမ်မြောက် ကြုံရတဲ့ လွှဲပြောင်း မှုပဲ။ ကျွန်တော့် အတွေ့အကြုံ အရတော့ ဘာပြဿနာမှ အမွေ ဆက်ခံရခြင်း မရှိတဲ့ အစိုးရသစ် ဆိုတာ မတွေ့မိဘူး။
၂၀၀၈ ခုနှစ်ဆန်း ရောက်တော့ နောက် တက်လာမယ့် သမ္မတ ကလည်း စစ်ဆင်ရေး ကိစ္စတွေ(အီရန်နှင့် အာဖဂန် စစ်ပွဲ များကို ဆိုလိုသည်။) ကို ချောချော မွေ့မွေ့ လွှဲပြောင်း နိုင်အောင်  ကျွန်တော်ကို ကာလ တစ်ခု အထိ ဆက်လက်ပြီး တာဝန်ပေးလေ မလားဆိုတဲ့ ခန့်မှန်းချက်တွေ ပေါ်လာတယ်။ သတင်းသမား တွေကလည်း မေးလာ ကြတယ်။ ကျွန်တော် ကတော့ အဲဒီ ခန့်မှန်းချက်တွေ ပျောက်သွားအောင် တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ အဲဒီ အချိန်တွေတုန်းက သီးသန့် တွေ့ဆုံ ရာမှာ ဖြစ်ဖြစ်၊ အများ ပြည်သူ ရှေ့မှာပဲ ဖြစ်ဖြစ် ကျွန်တော် က ကာကွယ်ရေး ၀န်ကြီးအဖြစ် ဆက်ပြီး တာဝန် မထမ်းဆောင် လိုဘူး၊ ဆက်လုပ်ခွင့် ရအောင်လည်း ကြိုးစားမှာ မဟုတ်ဘူး။ သမ္မတဘုရှ် သက်တမ်း ပြီးဆုံး သွားရင် အိမ်ကိုပဲ ပြန်ချင်ပြီလို့ အမြဲ ပြောခဲ့ပါတယ်။
ကျွန်တော်ရဲ့ မဟာဗျူဟာကတော့ ဘယ်သူကမှ ဒီတာဝန်ကို ထပ်ပြီး ကမ်းလှမ်း မလာအောင် ကြိုပြီး ရှင်းရှင်း လင်းလင်း ပြောထား ဖို့ပဲ။ ဘာလို့လည်း ဆိုတော့ တစ်ယောက် ယောက်က ကမ်းလှမ်းလာရင် ကျွန်တော် ဖြေတဲ့ အဖြေက ၂၀၀၆ နိုဝင်ဘာမှာ သမ္မတ ဘုရှ်ကို ပေးတဲ့ အဖြေအ တိုင်းပဲ ဖြစ်မှာ သေချာလို့ပါ။ (ထိုအချိန်က ဂိတ်သည် တက္ကဆက် A & M တက္ကသိုလ် အဓိပတိ အဖြစ် တာဝန်ယူ နေချိန်ဖြစ်သည်။ ဂိတ် အနေဖြင့် တက္ကသိုလ် ပညာရှင် ဘ၀ကို ပျော်မွေ့ နေသည့်တိုင် ဘုရှ်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ ရသည်။) ကျွန်တော်တို့ရဲ့ လူငယ်တွေ စစ်ပွဲ နှစ်ခုမှာ ၀င်တိုက်ပြီး သူတို့ တာဝန်ကို သက်စွန့်ကြိုးပမ်း ဆောင်ရွက် နေချိန်မှာ ကျွန်တော်က ကိုယ့်ကို ပေးလာတဲ့ တာဝန်ကို ဘယ်လိုလုပ် ငြင်းဆန် နိုင်မှာလဲ။ ဒါ့ကြောင့် သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆွယ် နေကြတဲ့ အချိန်မှာ ကာကွယ်ရေး ၀န်ကြီး ရာထူးနဲ့ ပတ်သက်ပြီး ကျွန်တော် မလုပ်ချင်ဘူး ဆိုတဲ့ အဖြေကိုပဲ တသမတ်တည်း ဖြေခဲ့တယ်။
ကျွန်တော်က နောက်အစိုးရ လက်ထက်မှာ ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ပေး မခံရအောင် လုပ်နေ ပေမယ့်လည်း ပတ်ဝန်းကျင် မှာတော့ ကျွန်တော်နဲ့ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mike  Mullen တို့နဲ့ ပတ်သက်တဲ့ ကောလာ ဟလတွေ၊ ခန့်မှန်း ပြောဆိုချက် တွေက များသထက် များလာတယ်။ ၂၀၀၈ မတ်လ ထဲမှာ အိုဘားမားရဲ့ အသိုင်း အ၀န်းက ဗို်လ်ချုပ်ကြီး Mullen ရဲ့ အယူအဆ ဖြစ်တဲ့ အာဖဂန်နဲ့ အီရတ် စစ်ပွဲ အခြေအနေက ပင်တဂွန် (အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန) မှာ ခေါင်းဆောင် မရှိဘဲ တစ်လလောက် နေလို့ရတဲ့ အခြေအနေ မဟုတ်ဘူး ဆိုတာကို သဘောတူ တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ အိုဘားမား အဖွဲ့က ၀န်ကြီးအဖွဲ့ကို ပါတီ နှစ်ခုလုံးက လူတွေနဲ့ ဖွဲ့ချင်တယ်။ ကျွန်တော့်ကို ဆက်တာဝန် ပေးခြင်း အားဖြင့် အိုဘားမား အနေနဲ့ နိုင်ငံတကာကို အမေရိကန်ဟာ အကြမ်းဖက် ၀ါဒ နှိမ်နင်းရေး စစ်ပွဲနဲ့ ပတ်သက်တဲ့ စိတ်ပိုင်းဖြတ် ထားမှု မပြောင်းလဲဘူး ဆိုတာ သက်သေ ပြနိုင်တဲ့ အပြင် ပြည်တွင်းက မဲဆန္ဒရှင် တွေကိုလည်း အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်ပြီး စိတ်အေးအောင် လုပ်ပေး နိုင်မယ်လို့ မြင်ကြောင်း ဗိုလ်ချုပ်ကြီး Mullen ကို ပြောတယ်ဆိုပြီး ကျွန်တော့် သတင်း ထုတ်ပြန်ရေး အရာရှိ Geoff Morrel ကလာပြောတယ်။
တစ်ချိန်တည်း မှာပဲ ဗိုလ်ချုပ်ကြီး Mullen ဟာ လွှတ်တော် ထဲမှာရော၊ ပြည်သူလူထု အမြင် မှာပါ သူ့ကိုယ်သူ ပွဲထုတ် လွန်းတယ် ဆိုပြီး ကျွန်တော့် လက်ထောက် တစ်ချို့က မြင်လာတယ်။ ကျွန်တော် ကတော့ အခုလို အလွှဲအပြောင်း ကာလမှာ  သူအနေနဲ့ တစ်ချို့ ကိစ္စ တွေအပေါ်  လွတ်လပ်တဲ့ အမြင်ကို ထုတ် ပြောတာ ကောင်းတယ်လို့ မြင်တယ်။ ဒါမှလည်း နောက်သမ္မတ အသစ်က အီရတ် စစ်ပွဲနဲ့ ပတ်သက်ပြီး အကြီးအကျယ် ပြောင်းလဲ တာတွေ လုပ်ချင်တဲ့ အခါ သူ့အမြင်ကို အလေးထားမှာ ဖြစ်တယ်။
ဒါပေမယ့် သမ္မတ ဘုရှ်ကတော့ ကျွန်တော့်လို မမြင်ဘူး။ သူက ဗိုလ်ချုပ်ကြီး Mullen ဟာ မဲဆွယ်ပွဲ ကာလ ထဲက နောက်သမ္မတ လက်ထက်မှာ နေရာ ရအောင်ကြိုလုပ် နေတယ်လို့ မြင်နေတာပါ။
ဇွန်လလယ် ထဲရောက်တော့ ကျွန်တော်က ကာကွယ်ရေး ၀န်ကြီးတာဝန် လွှဲပြောင်းရေး အတွက် အဆင့်မြင့် အရာရှိ ကြီးတွေပါတဲ့ ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့ပေးလိုက်တယ်။ တာဝန် လွှဲပြောင်းရေးမှာ ဗိုလ်ချုပ်ကြီး Mullen က အရေးပါတယ်။ သူက နောက်အစိုးရသစ် လက်ထက် မှာလည်း ဆက်ပြီးတာဝန် ထမ်းဆောင် နေရမှာ ဖြစ်တဲ့ အတွက် တာဝန် လွှဲပြောင်း ရေးကို ချောချောမောမော ဖြစ်အောင်၊ လက်ရှိ ဆောင်ရွက် နေတဲ့ လုပ်ငန်း တွေကို စဉ်ဆက် မပြတ် ဆက်လုပ် နိုင်အောင် အထောက်အကူ ပေးနိုင်မှာ ဖြစ်တယ်။ ကျွန်တော်က ကာကွယ်ရေး ၀န်ကြီးဌာနမှာ ရှိတဲ့ သမ္မတ ဘုရှ်ခန့်ထားတဲ့ အရပ်သား အရာရှိ တစ်ချို့ ကိုလည်း  သူတို့ နေရာမှာ လူစားထိုးမယ့် သူကို လွှတ်တော်က အတည် မပြုခင် စပ်ကြား ဆက်ပြီး တာဝန် ထမ်းဆောင်နေဖို့ စီစဉ်ထားတယ်။ ရမ်းစဖဲလ် ကာကွယ်ရေး ၀န်ကြီးဖြစ်တော့ သူ့လက်ထောက် တွေကို တော်တော်နဲ့ မခန့် နိုင်ဘဲ တစ်ယောက်ထဲ ရုန်းနေ ရတာမျိုး ထပ်မဖြစ် စေချင်ဘူး။
ဝါရှင်တန် မြို့တော်ကြီးကတော့ အမြဲတမ်း သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ အပြီး အချိန် အတော် ကြာကြာထိ ဗရုတ်ဗရက်နဲ့ ရှုတ်ရှက်ခတ် နေတာပဲ။ လက်ရှိ အစိုးရ ထဲမှာ မပါတဲ့ သူတွေက အစိုးရသစ်မှာ နေရာရဖို့ ကြိုးစားကြ၊  လက်ရှိ အစိုးရထဲက လူတွေ က နောက်ထပ် အလုပ်ရှာကြ၊ ၀ါရှင်တန်မှာ ဆက်နေ နိုင်အောင် ကြိုးစားကြနဲ့။ နေရာ တကာမှာ တွန်းကြ၊ တိုက်ကြ၊ အပုတ်ချ ကြတာတွေ ကြားရ မြင်ရမယ်။ ကောလာဟလ တွေ၊ အတင်း အဖျင်းတွေ ကလည်း ပေါမှပေါ။
အဲဒီဂယက် တွေထဲမှာ ဌာနဆိုင်ရာ ၀န်ထမ်း တွေလည်း ဖိအားတွေနဲ့ မလွတ်ဘူး။ သူတို့ ကလည်း နောက်လာမယ့် ဆရာအသစ် တွေနဲ့ ရင်ဆိုင်ရ တော့မယ်။ ဆရာသစ်တွေ သယ်လာမယ့် အစီအစဉ် အသစ်တွေ၊ မူဝါဒ အသစ် တွေကို အကောင် အထည်ဖော် နိုင်စွမ်းရှိကြောင်း သက်သေပြဖို့ ပြင်ဆင်နေရပြီိ။ နောက်လာမယ့် ဆရာကလည်း သူတို့ကို အရင် အစိုးရ လက်အောက်မှာ အမှုထမ်း ခဲ့တာမို့ မယုံသင်္ကာ စိတ်နဲ့လာမှာကိုး။
ဇူလိုင်လ ၁၅ ရက်နဲ့၁၆ ရက်မှာ ကာကွယ်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်း အဝေး ကျင်းပတယ်။ အဲဒီ အစည်းအဝေးဟာ ဘုရှ်အစိုးရ လက်ထက် နောက်ဆုံး လုပ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို ကြည်း၊ ရေ၊ လေ နဲ့ကမ်းတက် တပ်ဖွဲ့ စစ်ဦး စီးချုပ်တွေ၊ ဒေသကွပ်ကဲမှု ဌာနချုပ် မှူးတွေ၊ ကာကွယ်ရေး ၀န်ကြီးဌာနက အဆင့်မြင့် အရာ ရှိကြီးတွေ အားလုံး တက်ကြတယ်။ အစည်းအဝေးမှာ ကျွန်တော်က အကြမ်းဖက် သမားတွေက အစိုးရ အပြောင်းအလဲကို အခွင့်ကောင်း ယူလေ့ ရှိတာကို ထောက်ပြ သတိပေး ခဲ့တယ်။ ၁၉၉၃ ခုနှစ်  ကလင်တန် အစိုးရ တက်ပြီး တစ်လ အကြာမှာ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အဦ ( World Trade Center) ကို ပထမ အကြိမ် တိုက်ခိုက်မှု ဖြစ်ခဲ့တယ်။  ဘုရှ် အစိုးရ တက်ပြီး ရှစ်လ အကြာမှာ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှု ဖြစ်တယ်။ ဒါ့ကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနအနေနဲ့ ၂၀၀၉  ခုနှစ် တစ်နှစ်လုံး အကြမ်းဖက် သမားများရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့် သင့်တယ်လို့ အကြံပေး ခဲ့တယ်။
နောက်ပြီး အစိုးရသစ်က ခန့်မယ့် အရပ်သား အရာရှိ ကြီးတွေဟာ တော်တော်နဲ့ ရောက်လာမှာ မဟုတ်သေးတဲ့ အတွက်  သမ္မတလောင်း နှစ်ဦးလုံးကို အခြေအနေတွေ ကြိုတင် ရှင်းပြ နိုင်အောင် သမ္မတ ဘုရှ်ကို တင်ပြ ဆောင်ရွက် မယ်လို့ သူတို့ကို ပြောပြခဲ့တယ်။
စစ်ဦးစီးချုပ်တွေက သက်ဆိုင်ရာ သမ္မတလောင်း များရဲ့ မဲဆွယ်ရေးရုံး အဖွဲ့တွေနဲ့ တိုက်ရိုက် ထိတွေ့ရေး ကိစ္စကို တင်ပြ ကြတယ်။ ကျွန်တော်က သမ္မတ ရာထူးတာဝန် လွှဲပြောင်းရေး အစဉ်အလာအရ လက်ရှိ သမ္မတနဲ့ သမ္မတ လောင်းတွေကြား ဆက်ဆံမှုကို သမ္မတရဲ့ အမျိုးသား လုံခြုံရေး အရာရှိ ဒါမှမဟုတ် အိမ်ဖြူတော် အရာရှိချုပ် ဆီကတဆင့်ပဲ လုပ်ဆောင် ရတယ်၊ နောက်ပြီး ရွေးကောက်ပွဲ မပြီးခင်ထိ သမ္မတ လောင်းတွေကို အခြေအနေတွေ ရှင်းပြတာ လုပ်ဆောင်ခွင့် ရှိတဲ့ တစ်ခု တည်းသော အဖွဲ့က စီအိုင်အေ ပဲလို့  အသိပေး ခဲ့ပါတယ်။
ဒါပေမယ့် အခု သမ္မတ ရွေးကောက်ပွဲမှာ ပိုပြီး အကဲဆတ်တဲ့ ပြဿနာက သမ္မတလောင်း သုံးယောက်က အထက် လွှတ်တော် အမတ်တွေ ဖြစ်နေတယ်။ ဒါ့အပြင် ဂျွန်မက်ကိန်းက အထက် လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီဥက္ကဌ၊ အိုဘားမားနဲ့ ဟီလာရီ ကလင်တန်က အထက် လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီ ၀င်တွေ။ ဒီတော့ သတင်း အချက်အလက်တွေ တောင်းခံ နိုင်ဖို့အတွက် လုံခြုံရေး ဆိုင်ရာ ခွင့်ပြုချက် ရထား သူတွေဖြစ် နေတယ်။ သူတို့ တင်မက သူတို့ရဲ့ လွှတ်တော်ရုံး အဖွဲ့ဝင် တစ်ချို့ကလည်း အဲဒီ အခွင့် အရေး ရှိနေတယ်။
ဒါ့ကြောင့် ကျွန်တော်က အဲဒီ သမ္မတလောင်း တွေက သတင်းအချက် အလက်တွေ တောင်းခံ လာတဲ့အခါ အဲဒီ သတင်း အချက်အလက် တွေဟာ သူတို့ရဲ့ တရားဝင် အထက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းတွေ အတွက်လား၊ ဒါမှမဟုတ် မဲဆွယ်ပွဲ အတွက်လား ဆိုတာ အသေအချာ စိစစ်ဖို့ လိုမယ်၊ သတိထား ရမယ်လို့ မှာခဲ့တယ်။ နောက်ပြီး ကျွန်တော် ဖွဲ့ပေးထားတဲ့ တာဝန် လွှဲပြောင်းရေး ဆိုင်ရာ အဆင့်မြင့် အရာရှိ ကြီးများ အဖွဲ့ ကပဲ တာဝန်ခံပြီး ဆောင်ရွက်ဖို့ သတ်မှတ်ပေး ခဲ့တယ်။
နှစ်ပတ်လောက် နေတော့ ကျွန်တော်တို့ မျှော်လင့် ထားတဲ့ အတိုင်း ကိုင်တွယ်ရ ခက်တဲ့ ကိစ္စပေါ်လာတယ်။ သမ္မတလောင်း အိုဘားမား က အီရတ်က အပြန် ဂျာမနီမှာ ရှိတဲ့ အမေရိကန် စစ်ဆေးရုံကို ၀င်ကြည့် ချင်တယ်လို့ အကြောင်းကြား လာတယ်။ အဲဒီဆေးရုံက အီရတ်နဲ့ အာဖဂန် စစ်ပွဲမှာ ဒဏ်ရာရသူ တွေကို ပထမအဆင့် ပြုစုကုသတဲ့ နေရာပါ။ အိုဘားမား နဲ့အတူ သူ့ရဲ့ မဲဆွယ် စည်းရုံးရေး ရုံးအဖွဲ့ဝင် နှစ်ဦးလည်း ပါလာ မယ်လို့ ဆိုတယ်။
ဒါပေမယ့် ကာကွယ်ရေး ၀န်ကြီးဌာန စည်းမျဉ်း အရ အထက် လွှတ်တော် အမတ်နဲ့ သူရဲ့ လွှတ်တော်ရုံး အဖွဲ့တွေက စစ်ဘက်ဆိုင်ရာ နေရာများကို လေ့လာလို့ ရပေမယ့် မဲဆွယ် စည်းရုံးရေး အဖွဲ့ဝင်တွေ လိုက်ပါလို့ မရဘူး။ ဒါ့ကြောင့် အဲဒီ အတိုင်းပဲ အကြောင်းပြန် ခဲ့ရတယ်။ နောက်တော့ အိုဘားမား ဘက်ကလည်း ဒဏ်ရာရ စစ်သည်တွေကို နိုင်ငံရေး အရ အသုံးချတယ်လို့ အထင်ခံရမှာ စိုးရိမ်တဲ့ အတွက် ခရီးစဉ်ကို ပယ်ဖျက် လိုက်ပါတယ်။
နောက်တစ်ခါ ကျတော့ သမ္မတလောင်း ဂျွန်မက်ကိန်းရဲ့ ဒုတိယ သမ္မတလောင်း ဆာရာ ပါလင်းက အလာစကား ပြည်နယ်မှာ ပြုလုပ်တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ ( National Guard) အခမ်းအနား တစ်ခုကို တက်ရောက် ခဲ့တယ်။ အဲဒီအခါ သတင်းသမား တွေက အဲဒီလို တက်ခွင့် ရှိသလားလို့ ကျွန်တော်တို့ကို မေးတယ်။ ကျွန်တော်တို့ ကလည်း ဆာရာ ပါလင်းဟာ အလာစကား ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်တယ်။ ပြည်နယ် အုပ်ချုပ်ရေး မှူးဟာ သူ့ပြည်နယ် အတွင်းမှာ ရှိတဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ များရဲ့ အကြီးအကဲ ဖြစ်တဲ့ အတွက် တက်ခွင့် ရှိပါတယ်လို့ ပြန်ရှင်းပြ ခဲ့ရတယ်။
အဲဒီအချိန် ကတော့ နေ့တိုင်း နိုင်ငံရေး မိုင်းကွင်း ထဲကို ဖြတ်နေရတာပဲ။ တစ်ချက်လေးမှ အမှားမခံပါဘူး။
(ဆက်လက်ဖော်ပြပါမည်။)
Read more

Friday, April 25, 2014

ယူကရိန်း၊ ဂျော်ဂျီယာ နှင့် ရုရှားအကျိုးစီးပွား(၂)



(အမေရိကန် ကာကွယ်ရေး ၀န်ကြီးဟောင်း ရောဘတ် ဂိတ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့အကြုံ များကို ရေးသားခဲ့သည့် Duty စာအုပ်ကို ထုတ်ဝေ ခဲ့သည်။ ထိုစာအုပ် အခန်း ၅ Beyond Iraq: A Complicated World  တွင် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို ရေးသား ရာတွင်  ရုရှား နိုင်ငံနှင့် ပတ်သက်သည့် သုံးသပ် ချက်များ ဖော်ပြ ခဲ့သည်။ အဆိုပါ ရေးသား ချက်များကို လေ့လာ ပါက ယခု ဖြစ်ပေါ် နေသည့် ယူကရိန်း ပြဿနာကို ဆင်ခြင် သုံးသပ် နိုင်မည်ဟု ထင်သည့် အတွက် ဆီလျော်အောင် ထုတ်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ )
ဂျော်ဂျီယာ ဒေသက ၁၉  ရာစုနှစ် အစော ပိုင်းမှာ ရုရှား အင်ပါယာ ထဲကို သိမ်းသွင်း ခံခဲ့ရတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတဲ့ အခါ ဂျော်ဂျီယာ ကလည်း လွတ်လပ်ရေး ကြေညာ ခဲ့တယ်။ တစ်ချိန်တည်း မှာပဲ ဂျော်ဂျီယာ နိုင်ငံ ထဲက ရုရှားကို လိုလားတဲ့ တောင် အိုဆက်ရှား ဒေသနဲ့ အက်ခ်ခါ ဇီယာ ဒေသတွေ ကလည်း ဂျော်ဂျီယာ ထဲက ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာ ခဲ့တယ်။
အဲဒီကနေ စပြီး ဂျော်ဂျီယာနဲ့ အဲဒီ ပြည်နယ် နှစ်ခုကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာ ၁၉၉၄ ခုနှစ် အထိပဲ။ ၁၉၉၄ ခုနှစ် ကျတော့ ရုရှားက ကြားဝင် စေ့စပ် ပေးတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ထိုးခဲ့ကြပြီး အဲဒီပြည်နယ် နှစ်ခုမှာ ရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေ ချထားပေး ခဲ့တယ်။ အဲဒီ ခနော်ခနဲ့ ငြိမ်းချမ်းရေးဟာ ၂၀၀၄ ခုနှစ် ဂျော်ဂျီယာ အမျိုးသားရေး ၀ါဒီ Saakashivili ဂျော်ဂျီယာ သမ္မတ အဖြစ် ရွေးချယ် မခံရခင် အထိ တည်မြဲ နေခဲ့တယ်။
၂၀၀၄ နွေရာသီမှာ သမ္မတ Saakashivili က ဂျော်ဂျီယာ ပြည်ထဲရေး ၀န်ကြီး ဌာနလက် အောက်ခံ တပ်ဖွဲ့ တွေကို တောင်အိုဆက်ရှား ပြည်နယ် ထဲကို စေလွှတ် ခဲ့တယ်။ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပြီး ဂျော်ဂျီယာ တပ်ဖွဲ့တွေ ပြန်ဆုတ် ပေးခဲ့ ရတယ်။ အပစ်အခတ် ရပ်စဲရေးကို အဲဒီလို ချိုးဖောက် လိုက်တဲ့ အတွက် ရုရှားတွေ ဒေါသထွက်ခဲ့ ကြတယ်။ ၂၀၀၆ ခုနှစ် မှာ ဂျော်ဂျီယာ အစိုးရက တတိယမြောက် ခွဲထွက်ဖို့ ကြိုးစားတဲ့ ပြည်နယ်ထဲကို တပ်ဖွဲ့တွေ စေလွှတ် လိုက်ပြီး Saakashivili ဟာ တောင် အိုဆက်ရှားနဲ့ အက်ခ်ခါ ဇီယာပြည် နယ်နှစ်ခု ကိုလည်း ပြန်သိမ်းဖို့ သူဆုံးဖြတ် ထားကြောင်း အချက်ပြ လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ တော့ Saakashivili က အက်ခ်ခါဇီယာ နယ်စပ်ကို သွားပြီး အက်ခါဇီယာကို တစ်နှစ် အတွင်း ပြန်သိမ်း မယ်လို့ မိန့်ခွန်း ပြောခဲ့တယ်။ အဲဒီလို ပြောတာဟာ ရုရှားတွေကို ဆွပေးသလို ဖြစ်စေ ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်  ဖေဖော် ၀ါရီလမှာ ကိုဆိုဗို ပြည်နယ်က ဆာဗီးယား နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာ ခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂက အဲဒီ လွတ်လပ်ရေး ကြေညာမှုကို ထောက်ခံ ခဲ့ပြီး ရုရှားက ဆန့်ကျင် ခဲ့တာပါ။ အဲဒီနောက် မှာတော့ ရုရှားက ကိုဆိုဗို လိုပဲ တောင် အိုဆက်ရှားနဲ့ အက်ခ်ခါဇီယာ လွတ်လပ် ရေးကို အသိအမှတ် ပြုရမယ် ဆိုပြီး ဂျော်ဂျီယာ အစိုးရ အပေါ် ဖိအားပေး လာခဲ့တယ်။ ၂၀၀၈ ဧပြီလမှာ ပူတင်က ရုရှား အနေနဲ့အဲဒီ ပြည်နယ် နှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ် ပြုကောင်း ပြုနိုင်တယ် ဆိုပြီး ပြောလာတယ်။ ဧပြီလ ၂၁ ရက်မှာ Saakashivili က ပူတင်ဆီကို ဖုန်းဆက်ပြီး အဲဒီလို ပြောကြားချက်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆို ခဲ့ပြီး ပူတင်ကလည်း အဲဒီ တောင်းဆိုချက်ကို ပြတ်ပြတ် သားသားပဲ ပယ်ချ ခဲ့တယ်။
အဲဒီနောက် မှာတော့ ဂျော်ဂျီယာက စစ်ပြင်ဆင် မှုတွေ စလုပ်တယ်။ ရုရှား ကလည်း လေထီး တပ်သား လေးရာနဲ့ ဟောင်ဝစ်ဇာ အမြောက် တပ်ခွဲ တစ်ခွဲကို အပစ်အခတ် ရပ်စဲရေး မျဉ်းနားမှာ အင်အား ထပ်တိုးပြီး ချထား လိုက်တယ်။ ပြည်နယ် နှစ်ခုလုံး မှာလည်း ပြင်ဆင်မှုတွေ တိုးလုပ် လာတယ်။ သြဂုတ်လ ၇ ရက်နေ့ ကျတော့ ဂျော်ဂျီယာ တပ်ဖွဲ့တွေက အမြောက် ပစ်ကူတွေနဲ့ အတူ တောင်အိုဆက်ရှား ပြည်နယ် မြို့တော်ကို သိမ်းပိုက်ဖို့ အတွက် စပြီး ထိုးစစ်ဆင် ပါတော့တယ်။
သြဂုတ်လ ၈ ရက်နေ့ကျတော့ ရုရှား တပ်တွေ အိုဆက်ရှား ပြည်နယ် ထဲကို ၀င်လာပြီး ဂျော်ဂျီယာ တပ်ဖွဲ့ တွေကို တိုက်ထုတ် လိုက်တဲ့ အပြင် ဂျော်ဂျီယာ နိုင်ငံထဲ အထိ ထိုးစစ်ဆင် ခဲ့တယ်။ ရုရှား တပ်ဖွဲ့ တွေက ဂျော်ဂျီယာ စစ်စခန်းတွေ၊ ကမ်းခြေစောင့် တပ်ဖွဲ့တွေ၊ ဆက်သွယ်ရေး လမ်းကြောင်း တွေကို တိုက်ခိုက် ဖျက်ဆီး ခဲ့တယ်။ အထူးသဖြင့် နေတိုး အဖွဲ့အတွက် သတ်မှတ် ထားတဲ့ စစ်စခန်း တွေက ပိုပြီး ဖျက်ဆီးခံ ရတယ်။ ရုရှား ဒုတိယ စစ်ဦးစီးချုပ်က အဲဒီ တိုက်ခိုက်မှု တွေဟာ ဂျော်ဂျီယာ တပ်ဖွဲ့ တွေကို အင်အား ချည့်နဲ့ သွားအောင် လုပ်တာပါလို့ ပြောပေမယ့် တကယ်ကတော့ ယူကရိန်းနဲ့ အခြား ဗဟိုအာရှ ဒေသ အစိုးရ တွေကို နေတိုးနဲ့ ပေါင်းရင် ဘာဖြစ်မယ် ဆိုတာ သတိပေး လိုက်တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ရုရှားတွေ ထောင်ချောက် ထဲကို ဂျော်ဂျီယာ သမ္မတ Saakashivili မဆင် မခြင် ၀င်သွား တာပဲ။ ရုရှားတွေ အထူးသဖြင့် သမ္မတပူတင်အနေနဲ့ ကော့ကေးရှ အပါအ၀င် အရင်တုန်းက ရုရှားတွေ သြဇာသက်ရောက်ခဲ့တဲ့ ဒေသ တွေကို ပြန်ပြီး လွှမ်းမိုး နေချင် တာပါ။
ရုရှားတပ်တွေ ဂျော်ဂျီယာ နိုင်ငံထဲကို ၀င်သွားချိန် ကစပြီး သမ္မတဘုရှ်နဲ့ ကျွန်တော်၊ နိုင်ငံခြားရေး ၀န်ကြီးရိုက်စ်၊ ပူးတွဲ စစ်ဦးစီး ချုပ်များ အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီးမူလန်၊ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဟဒ်လေ တို့က ရုရှားနဲ့ ဂျော်ဂျီိယာ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေနဲ့ တောက်လျှောက် ဖုန်းပေါ်ကနေ ဆွေးနွေး နေခဲ့ရတယ်။
ကျွန်တော် တို့က ရုရှား တွေကို ထိုးစစ်ရပ်ပြီး မူလ အပစ်အခတ် ရပ်စဲရေးမျဉ်း အထိ ပြန်ဆုတ်ဖို့ တိုက်တွန်း ခဲ့ပြီး ဂျော်ဂျီယာ ကိုတော့ နောက်ထပ် ရူးရူးမိုက်မိုက် အလုပ်တွေ မလုပ်ဖို့၊ ရုရှားတွေကို ထပ်ပြီးမဆွဖို့ တိုက်တွန်း ရတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ ကျွန်တော်က ရုရှား ကာကွယ်ရေး ၀န်ကြီးကို ထိုးစစ်ကို ရပ်ဖို့၊ ဂျော်ဂျီယာ နိုင်ငံ ထဲကို လေကြောင်းက တိုက်ခိုက် တာတွေ ရပ်စဲဖို့ ပြင်းပြင်း ထန်ထန် တောင်းဆို ခဲ့သလို  ရုရှား အနေနဲ့ ဂျော်ဂျီယာ နိုင်ငံ တစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ထား သလားလို့  ပြောင်မေးခဲ့တယ်။ သူက အဲဒီလို မရည်ရွယ် ဘူးလို့ ပြန်ပြော ပါတယ်။
ကျွန်တော့် အနေနဲ့ ဂျော်ဂျီယာ ကာကွယ်ရေး ၀န်ကြီး ကိုလည်း ခပ်ရှင်းရှင်းပဲ ပြောခဲ့တယ်။ ကျွန်တော်က ဂျော်ဂျီယာဟာ မနိုင် နိုင်တဲ့ စစ်ပွဲကို သွားမတိုက်ဖို့၊ တိုက်ခိုက် မှုတွေကို ရပ်စဲပြီး ခုခံ ကာကွယ် နိုင်မယ့် နေရာ သစ်တွေ ဆီကို ဆုတ်ခွာ နေရာ ယူဖို့၊ အရေးကြီးဆုံးက ရုရှား တပ်တွေနဲ့ဂျော်ဂျီယာ တပ်တွေကြား တိုက်ရိုက် ထိတွေ့မှု တွေကို ရှောင်ရှားဖို့ လိုတယ်လို့ ပြောခဲ့တယ်။ သူ့ကို အမေရိကန် အနေနဲ့ ရုရှားတွေကို ဂျော်ဂျီယာ ထဲကို နောက်ထပ် တပ်ဖွဲ့တွေ ထပ်မလွှတ်ဖို့နဲ့  ဂျော်ဂျီယာ နိုင်ငံရဲ့ နယ်မြေ ပိုင်ဆိုင်မှုကို အလေးထားဖို့ တောင်းဆို နေကြောင်း အသိပေး ခဲ့တယ်။ ဒီလို ဆွေးနွေးမှု တွေကို နောက်ထပ် ရက် အတော် ကြာကြာ ဆက်လုပ် နေခဲ့ရ ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့ကျတော့ ပြင်သစ် သမ္မတ ဆာကိုဇီ အဆိုပြုတဲ့ အပစ်အခတ် ရပ်စဲရေး မူကို ရုရှားတွေက လက်ခံခဲ့ ပါတယ်။ ဒါပေမယ့် သြဂုတ်၁၇ ရက်နေ့ ကျမှ တပ်တွေ စရုပ်သိမ်းမယ်လို့ ရုရှား တွေက ပြောခဲ့ ပါတယ်။ အဲဒီအချိန်မှာ ရုရှားတပ်ဖွဲ့ တွေဟာ ဂျော်ဂျီယာ နိုင်ငံ မြို့တော်နဲ့ မိုင်လေးဆယ် အကွာကို ရောက်နေပြီး နိုင်ငံရဲ့ နယ်မြေ အတော်များများ ကို သိမ်းထား ပြီးပါပြီ။ အဲဒီဒေသတွေ အားလုံး ကနေ ရုရှား တပ်ဖွဲ့တွေ ဆုတ်ခွာဖို့ အတွက် အောက်တို ဘာလလယ် အထိ စောင့်ခဲ့ရ ပါတယ်။
အမေရိကန် အစိုးရနဲ့ အခြား အစိုးရ တွေက ဂျော်ဂျီယာ သမ္မတ Saakashivili ရဲ့ မဆင် မခြင် ဆောင်ရွက် မှုကြောင့် ရုရှားတွေ အနေနဲ့ ဂျော်ဂျီယာကို သင်ခန်းစာ ပေးဖို့ အခွင့်အရေး ရသွား တယ်လို့ မြင်ခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဖက် ကလည်း ရုရှားတွေက ဂျော်ဂျီယာ အပေါ် ပြင်းပြင်း ထန်ထန် လက်တုန့်ပြန် တိုက်ခိုက် ခဲ့မှုဟာ တစ်ခြား နိုင်ငံတွေရဲ့ ရုရှား အပေါ် အမြင် ကိုပြောင်းသွားစေပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော်က ရုရှားတွေရဲ့ လုပ်ရပ်ကြောင့် အနာဂတ်မှာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကြား၊ အမေရိကန်နဲ့ နေတိုး အဖွဲ့ကြား လုံခြုံရေး ဆိုင်ရာ မဟာ ဗျူဟာနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ အပေါ် ကြီးမားတဲ့ အကျိုး သက်ရောက် မှုတွေ ရှိလာတယ်။ အခုဆိုရင် ဥရောပ နိုင်ငံ တွေဟာ ရုရှားကို အရင်လို သဘောထား နိုင်မှာ မဟုတ်တော့ ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သမ္မတ ဘုရှ်ရော၊ ကျွန်တော်တို့ရော အမေရိကန် အနေနဲ့ ရုရှားအပေါ် ပြင်းထန် တဲ့ နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့ အရေးယူ မှုတွေ လုပ်ခဲ့ရင် မအောင်မြင် နိုင်ဘူး ဆိုတာ သိခဲ့ ပါတယ်။ အဲဒီလို လုပ်လိုက်ရင် အထီးကျန် ဖြစ်သွားမှာက ရုရှား မဟုတ်ဘူး၊ အမေရိကန်ပဲ။  ရုရှား နိုင်ငံရဲ့ ကျူးကျော်မှုကို ရှုံ့ချတဲ့ ဥရောပ သမဂ္ဂရဲ့ ထုတ်ပြန် ချက်ဟာ ပျော့ပျော့ လေးပဲ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ကိုယ့်ခံစားချက် တွေကို မျိုသိပ်ပြီး နေတိုး အဖွဲ့ဝင် မဟာမိတ် နိုင်ငံတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ခဲ့ ရတယ်။
ဒီအခြေအနေက ၁၉၆၈ ခုနှစ် ဆိုဗီယက်တွေ ချက်နိုင်ငံကို ကျူးကျော် ခဲ့တဲ့ အချိန်ကို ပြန်သတိရ စေတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ စီအိုင်အေမှာ အလုပ်ဝင် ကာစပဲရှိ သေးတယ်။  ဥရောပ နိုင်ငံတွေက ဆိုဗီယက်ရဲ့ လုပ်ရပ်ကို ရှုံ့ချ ခဲ့ကြတယ်။ ဒါပေမယ့် သုံးလေးလ လောက်ကြာတော့ ဆိုဗီယက် နဲ့ဆက်ဆံ ရေးက အရင်လိုပဲ ပြန်ဖြစ် သွားခဲ့တယ်။
ဘုရှ်အစိုးရ ကတော့ ရုရှားနဲ့ ဆက်ဆံရေးကို ပြန်ကောင်းအောင် လုပ်ဖို့ အချိန်လည်း မရှိ တော့ဘူး။ လုပ်ချင် စိတ်လည်း မရှိလှဘူး။ အစိုးရ သက်တမ်းက ငါးလပဲ ကျန်တော့တာ ဆိုတော့ ဘယ်သူမှလည်း သိပ် ဂရုမစိုက် တော့ဘူး။ အဆိုးထဲက အကောင်းလို့ ပြောနိုင်တာ တစ်ခုတော ရှိတယ်။ အဲဒါက ရုရှားတွေ ဂျော်ဂျီယာကို ၀င်တိုက်ပြီး ခြောက်ရက် အကြာမှာ ပိုလန်နိုင်ငံက ဒုံးပျံ ကာကွယ်ရေး စနစ်တွေ သူ့နိုင်ငံမှာ လက်ခံဖို့ သဘောတူ လက်မှတ်ထိုး ခဲ့တာပါပဲ။
( ရဲထွဋ် )
Read more

ယူကရိန်း၊ ဂျော်ဂျီယာ နှင့် ရုရှားအကျိုးစီးပွား(၁)



(ယူကရိန်း နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် နိုင်ငံရေး အကျပ် အတည်း မှတဆင့် ကရိုင်း မီးယား ဒေသ ခွဲထွက်ခြင်း၊ ယူကရိန်း အရှေ့ပိုင်း ဒေသ အချို့တွင် အလားတူ ခွဲထွက်ရေး လှုပ်ရှား မှုများ ပေါ်ပေါက် ခြင်းတို့ ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။ ထိုအဖြစ် အပျက် များနှင့် ပတ်သက်ပြီး  အနောက် နိုင်ငံ များက ရုရှားပေါ် အပြစ်တင် သကဲ့သို့ ရုရှား နိုင်ငံကလည်း အနောက် အုပ်စု အနေဖြင့် ယူကရိန်းတွင် အမျိုး သားရေး ၀ါဒီများ အာဏာ ရအောင် နောက်ကွယ်က လှုပ်ရှား ခဲ့ကြောင်း၊ ယူကရိန်း အမျိုးသားရေး ၀ါဒီ များက ရုရှဘာသာ စကားကို ဒုတိယ ဘာသာ စကား အဖြစ် သတ်မှတ် ထားသည့် အခြေခံ ဥပဒေ ပြဋ္ဌာန်း ချက်ကို ပယ်ဖျက်မှု အပါအ၀င် ယူကရိန်း နိုင်ငံ အတွင်းရှိ ရုရှား စကားပြော လူနည်းစု များကို ဖိနှိပ် ခဲ့သည့် အတွက် ယခုကဲ့သို့ ခွဲထွက်ရေး လှုပ်ရှား မှုများ ဖြစ်ပေါ် ခဲ့ရ သည်ဟု အပြန်အလှန် စွပ်စွဲ ခဲ့သည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးဟောင်း ရောဘတ်ဂိတ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံ များကို ရေးသား ခဲ့သည့် Duty စာအုပ်ကို ထုတ်ဝေ ခဲ့သည်။ ထိုစာအုပ် အခန်း ၅ Beyond Iraq: A Complicated World  တွင် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို ရေးသား ရာတွင်  ရုရှား နိုင်ငံနှင့် ပတ်သက်သည့် သုံးသပ် ချက်များ ဖော်ပြ ခဲ့သည်။ အဆိုပါ ရေးသားချက် များကို လေ့လာပါက ယူကရိန်း နိုင်ငံရေး အကျပ် အတည်း အပေါ် ရုရှားနိုင်ငံ၏ တုန့်ပြန်မှု အပေါ် နားလည် နိုင်မည် ဟု ထင်သည့် အတွက် ဆီလျော်အောင် ထုတ်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။)
၂၀၀၇ ခုနှစ် မြူးနစ် လုံခြုံရေး ညီလာခံကို ကျွန်တော် တက်ခဲ့ ရတယ်။ အဲဒီ ညီလာခံဟာ အမေရိကန်နဲ့ ဥရောပက ထိပ်တန်း အစိုးရ အရာရှိတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တတ်သိ ပညာရှင်တွေ၊ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင် သူတွေ တက်ပြီး နှစ်စဉ် ကျင်းပတဲ့ ညီလာခံပါ။ ဒီနှစ် ညီလာခံမှာ ရုရှား သမ္မတ ပူတင် တက်တယ်။ သူက အမေရိကန် နိုင်ငံရဲ့ ဧက မဏ္ဍိုင် ( Unipolar ) မူဝါဒကြောင့် ကမ္ဘာကြီးမှာ ပဋိပက္ခတွေ ပိုများ လာတယ်လို့ စွပ်စွဲ ခဲ့သလို အမေရိကန်နဲ့ နေတိုးက ရုရှားကို ၀ိုင်းပတ်ဖို့ ကြိုးစား ခဲ့တယ်လို့ ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့တယ်။ သူ့ရဲ့ တင်းမာတဲ့ သဘောထားက ညီလာခံထဲက လူတွေကို အံ့အား သင့်စေခဲ့ပါတယ်။
ညီလာခံက ပြန်လာပြီး သမ္မတ ဘုရှ်ကို သတင်း ပို့တဲ့ အခါကျတော့ ကျွန်တော်က ၁၉၉၃ ခုနှစ်က စပြီး အနောက် အုပ်စု အထူးသဖြင့် အမေရိကန်ဟာ စစ်အေး တိုက်ပွဲ ရှုံးနိမ့် ခဲ့ရတာ နဲ့ပတ်သက်ပြီး ရုရှားတွေရဲ့ ခံစားချက် အပေါ် လျှော့တွက် ခဲ့ကြ တယ်လို့ ထည့်ပြော ခဲ့တယ်။ တကယ်တော့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ သွားရ တာဟာ ရာစု နှစ်ပေါင်း များစွာ တည်တံ့ ခဲ့တဲ့ ရုရှား အင်ပါယာ ပြိုကွဲ သွားရတာ ဖြစ်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး နောက်မှာ အမေရိကန် အရာရှိတွေ၊ နိုင်ငံရေး သမားတွေ၊ တတ်သိ ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေက ရုရှတွေကို  ပြည်တွင်း ရေးရာ ကိစ္စတွေ၊ နိုင်ငံတကာ ဆက်ဆံရေး တွေမှာ ဘယ်လို လုပ်ကိုင် သင့်တယ် ဆိုတာကို မောက်မောက် မာမာ ပြောခဲ့ကြတယ်။ အဲဒီလို ပြောကြားချက် တွေကြောင့် ( မဟာ အင်အားကြီး နိုင်ငံ အဖြစ်ကနေ နိမ့်ကျ သွားတဲ့ အခြေအနေ အပေါ် ပြည်တွင်းမှာ ဖြစ်ခဲ့ ရတဲ့ ခံစားချက်ကို ထည့်မတွက် ရင်တောင်) ရုရှားတွေမှာ နက်နက် ရှိုင်းရှိုင်းနဲ့ တစ်သက်လုံး မေ့မရ နိုင်တဲ့ ခါးသီး မှုတွေ၊ နာကျဉ်း မှုတွေ ဖြစ်ခဲ့ ရတယ်။
ဒါပေမယ့် သူ့ဖခင် သမ္မတဘုရှ် မရှိတော့တဲ့ နောက်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ ဆက်ဆံ ရေးကို အမှားမှား အယွင်းယွင်း ကိုင်တွယ် ခဲ့ကြတယ် ဆိုတဲ့ အချက် ကိုတော့ သမ္မတဘုရှ်ကို ကျွန်တော် ထည့်မပြော ခဲ့ဘူး။ အနောက် အုပ်စု အနေနဲ့ တစ်ပေါင်း တစ်စည်းတည်း ဖြစ်သွားတဲ့ ဂျာမနီ နိုင်ငံကို နေတိုး အဖွဲ့ဝင် နိုင်ငံ အဖြစ် လက်ခံ လာအောင် ဂိုဗာချော့ဗ်ကို ဖြောင်းဖျ နိုင်တာက တကယ့် အောင်မြင်မှုပဲ။ ဒါပေမယ့် အဲဒီကိစ္စ နောက်ပိုင်း အရင် ဆိုဗီယက် အုပ်စုဝင် နိုင်ငံ တွေကို နေတိုး အဖွဲ့ဝင် နိုင်ငံတွေ အဖြစ် မြန်မြန် ဆန်ဆန် သိမ်းသွင်း ခဲ့တာ ကတော့ မှားတယ်။ ဒါတွေကို လုပ်သင့်တယ် ဆိုရင်တောင် အချိန်ယူပြီး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
အမေ ရိကန်က ရိုမေး နီးယားနဲ့ ဘူဂေးလ် ရီးယား နိုင်ငံတွေမှာ အမေရိကန် တပ်ဖွဲ့ ငါးထောင်စီ ချထားဖို့ သဘောတူ လက်မှတ် ထိုးခဲ့တာ ဟာလည်း ရုရှားကို မလိုအပ် ဘဲနဲ့  သွားဆွ ပေးရာ ရောက်ပါတယ်။ (နောက်ပို်င်းမှာ တပ်ဖြန့်ဖို့ ကိစ္စ ကိုလည်း လက်တွေ့ မလုပ်နိုင် ခဲ့ဘူး) ။ ရုရှား နိုင်ငံဟာ ဆာဘီးယား နိုင်ငံနဲ့ သမိုင်း ချီတဲ့ ဆက်နွယ်မှု ရှိတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော် တို့က လုံးဝ ဂရုမစိုက် ခဲ့ဘူး။ ဂျော်ဂျီယာနဲ့ ယူကရိန်းကို နေတိုး အဖွဲ့ထဲကို ထည့်သွင်း နိုင်ဖို့ ကြိုးစား တာကတော့ တကယ့် အမှားပဲ။  ယူကရိန်း မြို့တော် ကိဗ်ဟာ ကိုးရာစုနှစ်က ရုရှား အင်ပါယာကို စတင် တိုးချဲ့တဲ့ အချိန် ကာလ ထဲက ဆက်စပ် နေခဲ့တာပါ။ ဒါ့ကြောင့် ယူကရိန်းကို နေတိုးထဲ ထည့်ဖို့ လုပ်တာဟာ မဟာအမှားပဲ။
တကယ်တော့ အမေရိကန်မဆိုထားနဲ့ ဥရောပတိုက်က ပြည်သူတွေတောင် ယူကရိန်းနဲ့ ဂျော်ဂျီယာကို ကာကွယ်ဖို့ အတွက် သူတို့ သားသမီး တွေကို စတေးဖို့ အသင့် မဖြစ်သေး ပါဘူး။ (နေတိုး စာချုပ် အရ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက် လာပါက ကျန်အဖွဲ့ဝင် နိုင်ငံ များက ပူးပေါင်း ကာကွယ် ပေးရမည် ဆိုသည့် အချက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဘာသာပြန်သူ)  ဒါ့ကြောင့် အဲဒီ နိုင်ငံတွေ ဘက်ကို နေတိုး အဖွဲ့ ချဲ့ထွင်မယ် ဆိုတာ နိုင်ငံရေး ကစားတာ သက်သက်ပဲ၊ စစ်ရေးအရ အသေအချာ စဉ်းစားမှု ဘာမှ မပါဘူး။ အဲဒီ လုပ်ဆောင် ချက်ဟာ နေတို်း အဖွဲ့ရဲ့ မူလ ရည်ရွယ် ချက်ကို ထိခိုက် စေသလို ရုရှား နိုင်ငံရဲ့ အရေးကြီးတဲ့ အမျိုးသား အကျိုး စီးပွားကို တမင်သက်သက် မျက်ကွယ်ပြု ထိပါး လိုက်တာလည်း ဖြစ်ပါတယ်။
သမ္မတ ပူတင်က ဥရောပတိုက် သမားရိုးကျ တပ်ဖွဲ့များ ဆိုင်ရာ သဘော တူညီ ချက်ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် တာကို ကျွန်တော် နားလည် နိုင်ပါတယ်။ အဲဒီ စာချုပ်ဟာ ရုရှား နိုင်ငံ အင်အား ချို့တဲ့ နေချိန်မှာ ချုပ်ဆို ခဲ့တာ ဖြစ်ပြီး စာချုပ် အရ ရုရှားဟာ သူ့နိုင်ငံ ထဲမှာတောင် သူ့တပ်ဖွဲ့ တွေကို လွတ်လွတ် လပ်လပ် လှုပ်ရှားလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို ကျွန်တော် ဆိုရင်လည်း အမေရိကန် တပ်ဖွဲ့ တွေကို တက္ကဆတ် ကနေ ကယ်လီ ဖိုးနီးယား ကိုတောင် လွတ်လွတ် လပ်လပ် ရွှေ့လို့ မရတဲ့ ကန့်သတ်ချက် မျိုးကို လက်ခံမှာ မဟုတ် ဘူးလို့ ရှင်းရှင်းပဲ ပြောပြ ခဲ့တယ်။
ကျွန်တော့် အမှုထမ်း သက်တမ်း တစ်လျှောက်လုံးမှာ ကျွန်တော့်ကို  ဆိုဗီယက် ပြည်ထောင်စု အပေါ် သဘောထား တင်းမာ သူလို့ ပြောကြတယ်။ အဲဒါမှန်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ရဲထွဋ်
Read more

Tuesday, March 25, 2014

အာရှသားတို့အတွက်ဒီမိုကရေစီ

အာရှသား များက ဒီမိုကရေစီ စနစ် အပေါ် ဘယ်လို ရှုမြင် သည်ကို လေ့လာ လိုလျှင် အရှေ့ အာရှ ဒေသသည် အသင့်တော်ဆုံး ဖြစ်သည်။ ထိုဒေသတွင် အာရှ၏ သက်တမ်း အရှည်ဆုံး ဒီမို ကရေစီ နိုင်ငံ ဖြစ်သည့် ဂျပန်ရှိသည်။ ၁၉၈၀ ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ဘက်သို့ ကူးပြောင်း လာသော ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) လို နိုင်ငံတွေ ရှိသည်။ စစ်အေး တိုက်ပွဲ ပြီးဆုံး ပြီးနောက် နိုင်ငံရေး စနစ် ပြောင်းခဲ့သည့် မွန်ဂို လီးယားလို့ နိုင်ငံ ရှိသည်။ အလားတူပင် တစ်ပါတီ စနစ် ကျင့်သုံး နေသည့် တရုတ် နိုင်ငံ ရှိသကဲ့သို့ တစ်နိုင်ငံ စနစ် နှစ်မျိုးမူနှင့် ကျင့်သုံး နေသည့် ဟောင်ကောင်လို ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ နယ်မြေ ရှိသည်။
ထို့ကြောင့်လည်း East Asia Barometer အဖွဲ့က အရှေ့အာရှရှိ ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်၊ မွန်ဂို လီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) နိုင်ငံ များမှာ အာရှသား တို့က ဒီမိုကရေစီ အပေါ် မည်ကဲ့သို့ ရှုမြင် သည်ကို စစ်တမ်း ကောက်ယူ မှုများ လုပ်ခဲ့သည်။
ဒီမိုကရေစီလိုချင်သလား
စစ်တမ်း ကောက်ယူ များက မေးခွန်း ငါးခု မေးသည်။ ပထမဆုံး မေးခွန်းက ဘယ်လို နိုင်ငံရေး စနစ်ကို လိုချင်လဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ ထိုအခါ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၇%၊ ဟောင်ကောင်တွင် ၈၇.၆%၊ ဂျပန်တွင် ၈၇.၁%၊ မွန်ဂို လီယားတွင် ၉၁.၆%၊ ဖိလစ်ပိုင် တွင် ၈၈.၁%၊ တောင်ကို ရီးယားတွင် ၉၅.၄%၊ တရုတ် (တိုင်ပေ) တွင် ၇၂.၂ % က ဒီမိုကရေစီ စနစ်ကို လိုလား သည်ဟု ဖြေခဲ့သည်။ သို့သော် မိမိ နိုင်ငံတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီ စနစ် ကျင့်သုံးရန် အခြေအနေ ရှိပြီလား ဆိုသည့် မေးခွန်း ကိုမူ  တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၇၂.၃% ဟောင်ကောင်တွင် ၆၆.၈%၊ ဂျပန်တွင် ၇၆.၃%၊ မွန်ဂို လီယားတွင် ၈၆.၃%၊ ဖိလစ်ပိုင်တွင် ၈၀.၂%၊ တောင်ကို ရီးယားတွင် ၈၄.၂%၊ တရုတ် (တိုင်ပေ) တွင် ၅၉ % ကသာ ကျင့်သုံး နိုင်သည့် အခြေအနေ ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့ ဒီမိုကရေစီ စနစ်ကို လိုချင် သူနှင့် မိမိ နိုင်ငံတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် အခြေအနေ ရှိပြီဟု ယူဆသူများ အကြား ကွာဟချက် ကြီးမား နေရခြင်းမှာ မိမိ နိုင်ငံရှိ နိုင်ငံရေး ပါတီများ၏ စွမ်းဆောင် နိုင်မှု ကျဆင်း နေခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို ဂျပန်၊ တရုတ် (တိုင်ပေ) နှင့် ဖိလစ်ပိုင် နိုင်ငံ များတွင် ထင်ထင် ရှားရှား တွေ့နိုင်သည်။ တရုတ်နှင့် ဟောင်ကောင် တို့တွင်မူ တရုတ် ကွန်မြူနစ် ပါတီ၏ စွမ်းဆောင်မှု မြင့်မား ခြင်းနှင့်  အမိန့် နာခံမှုနှင့် သဟဇာတ ဖြစ်မှု ကို အလေးထားသည့် တရုတ် ယဉ်ကျေးမှု၏ သြဇာ လွှမ်းမိုး မှုကြောင့် ဖြစ်သည်။ ထို့ပြင် အာရှသား တို့က ပြီးပြည့်စုံသော ဒီမိုကရေစီ စနစ်ကို နေ့ချင်း ညချင်း မရောက်နိုင်၊ တရွေ့ရွေ့ ပြောင်းလဲသည့် ဖြစ်စဉ် အရသာ သွားရမည် ဆိုသည့် အယူအဆ ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို တတိယ မေးခွန်း တွင်လည်း တွေ့ရ ပြန်သည်။
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်မှု
တတိယ မေးခွန်းက မိမိ နိုင်ငံ၏ ပြဿနာ များကို ဒီမိုကရေစီ စနစ် ဖြင့်သာ ထိရောက်စွာ ဖြေရှင်းနိုင် မည်ဟု ယူဆ သလား ဆိုသည့် မေးခွန်း ဖြစ်သည်။ အရှေ့အာရှ သားတို့က အံသြဖွယ် ကောင်းလောက်အောင်  ဒီမိုကရေစီ စနစ်၏ စွမ်းဆောင် နိုင်မှု အပေါ် သံသယ ရှိနေ သည်ကို တွေ့ရသည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၀.၅%၊ ဟောင်ကောင်တွင် ၃၉%၊ ဂျပန်တွင် ၆၁.၄%၊ မွန်ဂို လီယား တွင် ၇၈.၄%၊ ဖိလစ်ပိုင် တွင် ၆၀.၇%၊ တောင်ကို ရီးယားတွင် ၇၁.၇%၊ တရုတ် (တိုင်ပေ) တွင် ၄၆.၈ % ကသာ ဒီမိုကရေစီ စနစ် က လူ့အဖွဲ့ အစည်း၏ ပြဿနာ များကို ထိထိ ရောက်ရောက် ကိုင်တွယ် နိုင်မည်ဟု ယုံကြည် ကြသည်။ ထိုအချက်က အရှေ့ အာရှသား တို့က ဒီမိုကရေစီ စံများကို လက်ခံသည့် တိုင်အောင် အရာရာ အားလုံးကို အနောက် ပုံစံ ဒီမို ကရေစီ စနစ်ဖြင့် ချဉ်းကပ် ဖြေရှင်း၍ မရနိုင်၊ သူ့အရပ် ၊ သူ့ဇာတ် ဆိုသကဲ့သို့ မိမိနိုင်ငံ အခြေအနေနှင့်၊ မိမိတို့ လူ့အဖွဲ့အစည်း အနေအထားနှင့် ကိုက်ညီသော နည်းလမ်း များဖြင့် ကျင့်သုံး ရမည်ဟု ယုံကြည် နေကြောင်း ပြသလိုက် ခြင်းလည်း ဖြစ်၏။
စတုတ္ထ မေးခွန်းက အပိုင်း သုံးပိုင်း ပါဝင်သည်။ ဖြေကြား သူများ အနေဖြင့် (၁) ဒီမိုကရေစီက အခြား အစိုးရ ပုံစံတွေ အားလုံးထက် ကောင်းတယ်။ (၂) တစ်ချို့ အခြေအနေ တွေမှာ ဗဟိုက တင်းတင်း ကျပ်ကျပ် ကိုင်တွယ် အုပ်ချုပ်တဲ့ စနစ်က ဒီမိုကရေစီ စနစ်ထက် အလုပ် ဖြစ်တယ်။ (၃) ကျုပ်အတွက်က တော့ ဒီမိုကရေစီ အစိုးရ ဖြစ်ဖြစ်၊ ဒီမိုကရေစီ မကျတဲ့ အစိုးရ ဖြစ်ဖြစ် ဘာမှ မထူးဘူး ဆိုသည့် အချက် သုံးချက် ထဲက တစ်ချက်ကို ရွေးရသည်။ ထိုမေးခွန်း များအနက် တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၅၃.၈%၊ ဟောင်ကောင်တွင် ၄၀.၃%၊ ဂျပန်တွင် ၆၇.၂%၊ မွန်ဂို လီယားတွင် ၅၇.၁%၊ ဖိလစ်ပိုင် တွင် ၅၃.၆%၊ တောင်ကို ရီးယားတွင် ၄၉.၄%၊ တရုတ်(တိုင်ပေ) တွင် ၄၀.၄ % ကသာ ဒီမို ကရေစီက တစ်ခြား အစိုးရ ပုံစံတွေထက် ကောင်းသည်ဟု ယူဆသည်။ ဤနေရာတွင် ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) တို့လို အနောက် ပုံစံ ဒီမိုကရေစီကို အပြည့်အ၀ နီးပါး ကျင့်သုံး နေသည့် နိုင်ငံများတွင် လူထုက လက်ရှိ နိုင်ငံရေး ပါတီ များ၏ စွမ်းဆောင်မှု အပေါ် သံသယ ရှိမှုမှာ သတိ ပြုစရာ ကောင်းသည့် အချက် ဖြစ်သည်။ ထို့အတူ ဒီမိုကရေစီ စနစ်ကို လက်တွေ့ မကြုံရ သေးသည့် တရုတ် နိုင်ငံသား များနှင့် မြည်းစမ်းခွင့် ရနေသည့် ဟောင်ကောင် ကျွန်းသားများ အကြား အမြင် ကွာခြားမှု ကလည်း သတိ ပြုသင့်သည့် အချက် ဖြစ်နေ ပြန်သည်။
နောက်ဆုံး မေးခွန်းက ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှစ်ခု၊ ဘယ်ဟာကို ဦးစားပေး ရွေးမလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၄၀.၃% ဟောင်ကောင် တွင် ၁၉.၆%၊ ဂျပန်တွင် ၄၄%၊ မွန်ဂို လီယားတွင် ၄၈.၆%၊ ဖိလစ်ပိုင် တွင် ၂၁.၈%၊ တောင်ကို ရီးယား တွင် ၃၀.၁ %၊ တရုတ်(တိုင်ပေ) တွင် ၂၃.၅ % ကသာ ဒီမိုကရေစီက စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုထက် ပိုပြီး အရေးကြီး သည်ဟု ဖြေသည်။ ထိုအချက်က ယခုလို စီးပွားရေး အကျပ် အတည်းနှင့် တွေ့ကြုံ နေရသည့် အချိန်တွင် သတိထား စရာ အချက် ဖြစ်နေသည်။ တနည်းအားဖြင့် အာရှသား တို့က ဒီမို ကရေစီကို လိုချင် သော်လည်း အလုပ် ဖြစ်သည့် ဒီမိုကရေစီ စနစ်ကိုသာ လိုချင် သည်ကို ပြောလိုက်ခြင်းလည်း ဖြစ်သည်။
ဒီမိုကရေစီ ဘာတွေမှား
ပြီးခဲ့သည့် နှစ်များ အတွင်း အရှေ့ အာရှက ဒီမိုကရေစီ နိုင်ငံ တွေမှာ ပြဿနာ များစွာ ပေါ်ခဲ့သည်။ ဂျပန် နို်င်ငံတွင် စီးပွားရေး ကျဆင်း မှုနှင့် နှစ်ပေါင်း များစွာ ရင်ဆိုင် နေရခဲ့ရပြီး ၀န်ကြီးချုပ် ကိုအီဇူမီ နောက်ပိုင်းတွင် ဂျပန် နိုင်ငံရေး လောကမှာ ၀န်ကြီးချုပ်များ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် လုပ်နေ သည်မှာ အကြိမ်ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။ တရုတ် (တိုင်ပေ) နိုင်ငံရေး လောက ကလည်း အဂတိ လိုက်စားမှုတွေ၊ အကျင့် ပျက်မှုတွေနဲ့ တင်းကြမ်း ဖြစ်နေကာ သမ္မတဟောာင်း ချန်ရွှေဗျန်း ပင်လျှင် အဂတိ လိုက်စားမှုဖြင့် စုံစမ်း စစ်ဆေးမှု ခံနေ ရသည်။ ဖိလစ်ပိုင် မှာက သမ္မတ ဟောင်းကို အခြေခံ ဥပဒေ ပြင်ပ လူထု တိုက်ပွဲဖြင့် ဖြုတ်ချ ခဲ့ပြီး လက်ရှိ သမ္မတ အာရိုရို မှာလည်း အတိုက် အခံများက အဂတိ လိုက်စားမှုဖြင့် အရေးယူရန် ကြိုးစားမှု ခံနေရသည်မှာ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်သလို စစ်တပ်က အာဏာ သိမ်းရန် ကြိုးပမ်းမှု နှင့်လည်း ရင်ဆိုင် ခဲ့ရသည်။ ထိုအခြေအနေ များက စစ်တမ်း ကောက်ယူ ခံရသူ များ၏ ဒီမိုကရေစီ စနစ် အပေါ် အမြင်ကို ပြောင်းလဲ စေခဲ့ခြင်း ဖြစ်သည်။
ထိုနိုင်ငံ များတွင် အစိုးရများ အနေဖြင့် ဒီမိုကရေစီ ဆိုင်ရာ စွမ်းဆောင်မှု ( Democratic Performance)  များဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံး လှုပ်ရှားခွင့် စသည်တို့ကို အကောင်အထည် ဖော်ပေးမှု များတွင် အောင်မြင် မှုများ ရှိသည့်တိုင် မူဝါဒ ဆိုင်ရာ စွမ်းဆောင်မှု  ( Policy Performance ) များဖြစ်သည့် အဂတိ လိုက်စားမှု များကို ထိန်းချုပ် နိုင်ခြင်း၊ တရား ဥပဒေ စိုးမှုမှုနှင့် ငြိမ်ဝပ် ပိပြားမှု ရရှိအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ခြင်းနှင့် ဆင်းရဲ ချမ်းသာ ကွဲပြား မှုကို လျော့နည်း စေခြင်း စသည့် လုပ်ဆောင်ချက် များတွင် အားနည်း ချက်များ ရှိနေ သည်ကို တွေ့ရသည်။ ထိုအချက် များက ပြည်သူ များ၏ ဒီမိုကရေစီ စနစ် အပေါ် ယုံကြည် အားကိုးမှုကို လျော့ကျ စေသည်။ ဂျပန် နိုင်ငံတွင် ဆိုပါက စစ်တမ်း ကောက်ခံ ရသူများ၏ ၁၉% ကသာ မေးခွန်း ငါးခု လုံးတွင် ဒီမို ကရေစီကို ထောက်ခံ သွားခဲ့ သည်ကို တွေ့ရသည်။
သို့သော် ထို သဘောထား များက ဒီမိုကရေစီ စနစ်ကို ပစ်ပယ်ခြင်း မဟုတ်။ သူတို့ နိုင်ငံ များတွင် လက်ရှိ တွေ့ကြုံ နေရသည့် ဒီမိုကရေစီ ပုံစံ များကို စိတ်ပျက် နေခြင်းသာ ဖြစ်သည်ဟု စစ်တမ်း ကောက်ယူ သူတို့က ဆိုသည်။ ဘာပဲဖြစ်ဖြစ် အရှေ့အာရှ နိုင်ငံ ခုနှစ် နိုင်ငံက ပြည်သူ များ၏ သဘောထား ကတော့  ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ ဒီမို ကရေစီနှင့် တည်ငြိမ်မှု တွဲဖက် နိုင်မှသာ ပြည်သူတွေ၏ ယုံကြည်မှုကို ရနိုင်မည် ဆိုသည့် အချက်ကို သက်သေပြ လိုက်သည်ဟု ဆိုနိုင်သည်။ ထိုသို့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ်မှု တွဲဖက် နိုင်ရန်မှာမူ မိမိနိုင်ငံနှင့် ကိုက်ညီသည့် အဖြေကို ရှာရပေမည်။ ထိုအချက် သည်ပင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်း များတွင် သတိထား ရမည့် အချက် ဖြစ်ပေသည်။
ရဲထွဋ်
Bi Weekly : 27-3-2009
မှီငြမ်းပြုစာစောင်

Asia Challenged Democracy , The Washington Quarterly 1. 1. 2009
Read more