Wednesday, February 26, 2014

အာဖရိကရောက်အမေရိကန်လင်းယုန်

ပြီးခဲ့သည့် အောက်တို ဘာလ ၁ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး မူဝါဒ၌ အရေး ပါသော အပြောင်းအလဲ တစ်ခု ပေါ်ပေါက် ခဲ့သည်။ ထို့နေ့က  ရမ်းစဖဲလ် လက်ထက်က စတင် ခဲ့သည့် ကာကွယ်ရေး မဟာဗျူဟာ ပြန်လည် သုံးသပ် ချက်၏ ရလဒ်အဖြစ် အမေရိကန် တပ်မတော် သည် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် (United State Africa Command , AFRICOM)  ကို တရားဝင် စတင် လုပ်ငန်း ဆောင်ရွက်သည့် အခမ်း အနားကို ကျင်းပ ခဲ့သည်။
ဒေသကွပ်ကဲမှုဌာနချုပ်များ
ဒေသ ကွပ်ကဲမှု ဌာနချုပ် များသည် အမေရိကန် ကာကွယ်ရေး မူဝါဒတွင် အရေး အကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထိုဌာနချုပ် များကို  ပေါင်းစည်း ကွပ်ကဲမှု ဌာနချုပ် (Unified Command) ဟု သုံးစွဲလေ့ ရှိသကဲ့သို့ ရမ်းစဖဲလ် လက်ထက် က တိုက်ပွဲ ကွပ်ကဲမှု ဌာနချုပ် (Combatant Command) ဟုလည်း သုံးစွဲခဲ့ ဖူးသည်။ အမေရိကန် တပ်မတော်၏ ပူးတွဲ စစ်ဆင်မှု သဘော တရား အရ ကွပ်ကဲမှု ဌာန ချုပ်မှူးသည် ကြည်း/ ရေ/ လေ/ ကမ်းတက် တပ်ဖွဲ့ တစ်ခုခုမှ ဖြစ်နိုင်ပြီး  ၎င်း၏ လက်အောက်တွင် ကြည်း/ရေ /လေ/ ကမ်းတက် တပ်ဖွဲ့ များကို တွဲဘက် ထားရှိ ရသည်။ ဌာန ချုပ်မှူး များသည် စစ်ဆင် ရေးများ ဆင်နွဲ ရာတွင် ပူးတွဲ စစ်ဦးစီး အဖွဲ့ချုပ် ဥက္ကဌနှင့် ကာကွယ်ရေး ဝန်ကြီး တို့မှ တဆင့် သမ္မတ ကိုသာ တာဝန်ခံ ဆောင်ရွက် ရသည်။ သက်ဆိုင်ရာ ကြည်း/ ရေ/ လေ/ ကမ်းတက် တပ်ဖွဲ့ ဦးစီး ချုပ်များ အနေဖြင့် ထိုကွပ်ကဲမှု ဌာနချုပ် များ၏ စစ်ဆင်ရေး များကို တိုက်ရိုက် ကွပ်ကဲခွင့် မရှိဘဲ အုပ်ချုပ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ စစ်ဆင် ရေးနှင့် ပတ်သက်ပြီး ပူးတွဲ စစ်ဦးစီး ချုပ်ကို အကြံပေး ခြင်းတို့သာ ပြုလုပ် ရသည်။
ထို့ပြင် ဒေသ ကွပ်ကဲမှု ဌာနချုပ် မှူးများသည် မိမိ ကွပ်ကဲမှု ဒေသ အတွင်းတွင် ပဋိပက္ခ (Conflict)  ဖြစ်ပွားချိန်နှင့် စစ်ပွဲ ဖြစ်ပွားချိန် များမှသာ အမေရိကန် အကျိုး စီးပွားကို ကာကွယ်ရန် တာဝန် ရှိသည် မဟုတ်ပေ။ ငြိမ်းချမ်းစဉ် ကာလ၊ အကျပ် အတည်း ကာလ(Crisis) များတွင်လည်း  အမေရိကန် အကျိုး စီးပွား များကို ဖော်ဆောင် နိုင်ရန် အတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ အမေရိကန် နိုင်ငံ တကာ အကူအညီ ပေးရေး အေဂျင်စီ (USAID) တို့နှင့် ပူးပေါင်း ဆောင်ရွက် ရသည်။ ထိုသို့ ဆောင်ရွက်ရန် အတွက် ကွပ်ကဲမှု ဌာန ချုပ်တွင် အရပ်ဘက် ဝန်ကြီး ဌာန များမှ အရာရှိ များကို တွဲဘက် ပေးထားရုံ သာမက စစ်ဘက်- နယ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဒုတိယ ဌာန ချုပ်မှူး (Deputy  Commander for Civil-Military Activities) အဖြစ် သံအမတ်ကြီး တစ်ဦးကို ခန့်အပ် ထားလေ့ ရှိသည်။ ထို့ကြောင့် အမေရိကန် တပ်မတော်၏ ဒေသ ကွပ်ကဲမှု ဌာန ချုပ်သည် စစ်ရေး အရ သာမက နိုင်ငံရေး၊ သံတမန် ဆက်ဆံရေး အတွက်ပါ တာဝန်ရှိ သည်ဟု ဆိုနိုင်သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်က အာဖရိက ဌာနချုပ် တည်ထောင်သည့် အခမ်း အနားတွင် ဒေသ ကွပ်ကဲမှု ဌာနချုပ် များ၏ တာဝန်သည် ကာကွယ်ရေး၊ သံတမန်ရေးနှင့် ဖွံ့ဖြိုးရေး(Defence, Diplomacy, Development, 3 Ds) ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ဒေသ ကွပ်ကဲမှု ဌာနချုပ် တစ်ခု ဖွင့်လှစ် လိုက်ခြင်းသည် ထိုဒေသ အပေါ် အမေရိကန် တို့၏ မဟာ ဗျူဟာ အရ စိတ်ပါ ဝင်စားမှု အတိုင်း အတာကို ပြလိုက်ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင် ပေသည်။
အာဖရိကတိုက်က အမေရိကန်အကျိုးစီးပွားများ
အစဉ်အလာ အားဖြင့် အမေရိကန် သည် အာဖရိကနှင့် ပတ်သက်ပြီး စိတ်ဝင် စားမှု မရှိလှပေ။ အမေရိကန် နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး ဆိုင်ရာ မူဝါဒ များတွင် အာဖရိက သည် ဥရောပ၊ အာရှ၊ လက်တင် အမေရိက တိုက်များ၏ နောက်တွင်သာ ရှိခဲ့သည်။ သို့သော် ၂၁ ရာစုသို့ ဝင်လာ ချိန်တွင် ရေနံနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတည်း ဟူသော အကြောင်း နှစ်ချက်ကြောင့် အမေရိကန် တို့သည် အာဖရိက တိုက်ကို အာရုံ စိုက်လာ ခဲ့ရ တော့သည်။
လက်ရှိ အချိန်တွင် အမေရိကန် နိုင်ငံ ရေနံ လိုအပ်ချက်၏ ၁၅ % ကို အာဖရိက တိုက်မှ တင်သွင်း လျှက်ရှိပြီး လာမည့် ဆယ်စုနှစ် အတွင်းတွင် ၂၅% မှ ၃၅% အထိ တိုးမြှင့် လာမည် ဖြစ်သည်။ ထို့ပြင် အာဖရိက တိုက်၏ အဓိက ရေနံ ထုတ်လုပ်ရာ ဒေသ ဖြစ်သည့် ဂီနီ ပင်လယ် ကွေ့နှင့် အာဖရိက အနောက် ကမ်းခြေေ ဒသမှ ရေနံများကို အမေရိကနှင့် အနောက် ဥရောပသို့ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး တိုက်ရိုက် သယ်ဆောင် နိုင်သဖြင့် စူးအက် တူးမြောင်းကို ဖြတ်သန်း သယ်ဆောင် ရသည့် အရှေ့ အလယ်ပိုင်း ဒေသ ရေနံ များထက် ပိုမို လုံခြုံ စိတ်ချ ရပေသည်။ အရှေ့ အလယ်ပိုင်းမှ ရေနံ များမှာမူ ပါရှန် ပင်လယ်ကွေ့ အဝရှိ ဟိုမုဇ် ရေလက်ကြား၊ ပင်လယ်နီ အဝင်ဝရှိ အာဖရိက ဦးချို ဒေသ၊ စူးအက် တူးမြောင်း အစရှိသည့် အချက်အခြာ ကျသည့် လမ်းကျဉ်း များကို ဖြတ်သန်း ရသဖြင့် ရေနံ တင်ပို့မှု လမ်းကြောင်းကို နှောင့်ယှက် နိုင်သည့် အခွင့် အလမ်း ပိုမို များပြား ပေသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ်မှ စတင်ပြီး ဂီနီ ပင်လယ်ကွေ့မှ အမေရိကသို့ တင်ပို့သော ရေနံ ပမာဏက ဆော်ဒီ အာရေ ဗီးယားနှင့် ကူဝိတ် နိုင်ငံနှစ်ခု ပေါင်းက တင်ပို့သည့် ပမာဏကို ကျော်လွန် သွားခဲ့သည်။ လက်ရှိ အခြေ အနေတွင် အမေရိကန် ကုမ္ပဏီ ကြီးများ ဖြစ်သည့် အက်ဆွန် မိုဘိုင်း၊ ရှယ်ဗရွန် တို့သာမက ဥရောပ ကုမ္ပကြီးများ ဖြစ်သည့် တိုတယ်လ်နှင့် ဘီပီ တို့ကပါ ဆဟာရ တောင်ပိုင်း ဒေသ နိုင်ငံ များတွင် ရေနံ တူးဖော် ထုတ်လုပ်ရေး အတွက် ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး  မြှပ်နှံလျှက် ရှိကြသည်။
တစ်ကမ္ဘာလုံးက အီရတ်နှင့် အာဖဂန် နစ္စတန် စစ်ပွဲ များကို အာရုံစိုက် နေချိန်တွင် အမေရိကန် တပ်မတော်က အစ္စလာမ် ဘာသာဝင် အများ အပြား နေထိုင် နေသည့် အာဖရိက တိုက်တွင် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် နောက်ထပ် စစ်မျက်နှာသစ် တစ်ခုကို တိတ်တိတ် ဆိတ်ဆိတ် တိုးချဲ့လျှက် ရှိပေသည်။ အာဖရိက နိုင်ငံ အများ စုတွင် ကြုံတွေ့ နေရသည့် လူမျိုးရေး ပဋိပက္ခများ၊ ဆင်းရဲ နွမ်းပါး မှုများ၊  အုပ်ချုပ်ရေး စနစ် ညံ့ဖျင်း မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှု များကလည်း အစ္စလာမ် အစွန်းရောက် ဝါဒီများ ခြေကုတ် ယူရန် အတွက် ရေခံ မြေခံ ကောင်းများ ဖြစ်နေ ပေသည်။ ထို့ကြောင့်ပင်  ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ပြီး  အမေရိကန် တို့သည် ဆဟာရ ဒေသ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အစီအစဉ် တစ်ခုကို ဗဟိုနှင့် အနောက် အာဖရိကတိုက် နိုင်ငံ ကိုးနိုင်ငံနှင့် ပူးပေါင်း ဖွဲ့စည်း ခဲ့သည်။ ထိုအစီ အစဉ်တွင် အမေရိကန် တပ်ဖွဲ့များ အမြဲတမ်း တပ်စွဲ ထားမည့် အစီအစဉ် ပါဝင်ခြင်း မရှိ သော်လည်း အကြမ်းဖက် သမား များကို နှိမ်နင်း ရာတွင် အမေရိကန် တို့က လက်နက်နှင့် နည်းပညာများ အထောက် အကူပေး သကဲ့သို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက်လည်း  ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။
အာဖရိကဒေသကွပ်ကဲမှုဌာနချုပ်
ထိုကဲ့ သို့သော မဟာဗျူဟာ လိုအပ်ချက် များကြောင့် ဘုရှ် အစိုးရသည် အာဖရိက ဒေသနှင့် ပတ်သက်သည့် အမျိုးသား လုံခြုံရေး ဆိုင်ရာ မဟာ ဗျူဟာကို ပြန်လည် သုံးသပ်ခဲ့ ရသည်။ ယခင်က အာဖရိက တိုက်နှင့် ပတ်သက်လျှင် ဒေသ ကွပ်ကဲမှု ဌာနချုပ် သုံးခုက ခွဲဝေ တာဝန် ယူခဲ့ ကြသည်။ အာဖရိက ၅၃ နိုင်ငံ အနက် ၄၃ နိုင်ငံက ဥရောပ ဒေသ ကွပ်ကဲမှု ဌာနချုပ်၏ ကွပ်ကဲမှု နယ်မြေ အတွင်း ပါဝင် နေခဲ့ပြီး ကျန် နိုင်ငံ များကို ပစိဖိတ် ဒေသ ကွပ်ကဲမှု ဌာနချုပ်နှင့် အာဖဂန်နှင့် အီရတ် အပါအဝင် အရှေ့ အလယ်ပိုင်း ဒေသ များကို တာဝန် ယူထား ရသည့် အလယ်ပိုင်း ဒေသ ကွပ်ကဲမှု ဌာနချုပ် တို့က ခွဲဝေ တာဝန်ယူ ခဲ့ကြသည်။ ထို့ကြောင့်  ရမ်းစဖဲလ် က အာဖရိက ဒေသနှင့် ပတ်သက်သည့် အမေရိကန် မူဝါဒကို တစ်စု တစ်စည်းထဲ အကောင် အထည် ဖော်နိုင်ရန် အတွက် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် တစ်ခု တည်ထောင်ရန် အဆိုပြု ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ် ဖေဖော် ဝါရီလ ၆ ရက်နေ့တွင် သမ္မတ ဘုရှ်နှင့် ကာကွယ်ရေး ဝန်ကြီးသစ် ဂိတ် တို့က အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် ဖွဲ့စည်းကြောင်း တရားဝင် ကြေညာ ခဲ့သည်။ ထိုနှစ် အောက်တို ဘာလ  ၁ ရက် နေ့တွင် အာဖရိက ဒေသ ကွပ်ကဲမှု ဌာန ချုပ်ကို ၂ဝဝ၈ ခုနှစ် အောက်တို ဘာလ ၁ ရက်မှ စတင် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်း များကို စတင် လုပ်ဆောင် ခဲ့သည်။ ၂ဝဝ၈ ခုနှစ် အောက်တို ဘာလ  ၁ ရက်နေ့ တွင်မူ အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်သည် အာဖရိက တိုက်နှင့် ပတ်သက်သည့် လုပ်ငန်း တာဝန် များကို အခြား ဒေသ ကွပ်ကဲမှု ဌာနချုပ် သုံးခု ထံမှ လွှဲပြောင်း ရယူပြီး လုပ်ငန်း များကို တရားဝင် စတင် ဆောင်ရွက် ခဲ့ပေသည်။ ထိုကွပ်ကဲမှု ဌာနချုပ်တွင် အင်အား တစ်ထောင့် သုံးရာ ကျော်ရှိသည့် အနက် ထက်ဝက် ခန့်မှာ စစ်ဘက်နှင့် မသက်ဆိုင်သည့် အမေရိကန် အစိုးရ အေဂျင်စီ များမှ တွဲဘက် ထားသည့် ဝန်ထမ်းများ ဖြစ်ကာ ၂ဝဝ၉ ခုနှစ် ဘဏ္ဍာရေးနှစ် ( အမေရိကန် ဘဏ္ဍာရေး နှစ်သည်  ၂ဝဝ၈ အောက်တိုဘာ ၁ ရက်မှ အစပြုသည်။) အတွက် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် အတွက် ရန်ပုံငွေ ဒေါ်လာ ၃၉၂ သန်း ခွင့်ပြု ထားခဲ့သည်။
ဘာတွေလုပ်မလဲ
အမေရိကန် ကာကွယ်ရေး မဟာ ဗျူဟာ အရ ဒေသ ကွပ်ကဲမ ဌာနချုပ် များသည့် ငြိမ်းချမ်းစဉ် ကာလတွင် ဒေသ အတွင်းရှိ အမေရိကန် အကျိုး စီးပွား များကို ဖော်ဆောင်ရာ၌ နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် အမေရိကန် နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ များ၏ လုပ်ငန်း များကို အထောက် အကူ ပေးသကဲ့သို့ ဒေသတွင်း နိုင်ငံ များနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် နိုင်ရေး အတွက် ဆောင်ရွက်မည် ဖြစ်သည်။ အကျပ်အတည်း ကာလ (Crisis) တွင်မူ သဘာဝဘေး အန္တရာယ် ကျရောက် မှုများ အတွက် အမေရိကန် နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ က အကူအညီ ပေးမှု များတွင် လိုအပ်သော အုပ်ချုပ်  ထောက်ပံ့မှု အကူ အညီများ ပေးရမည် ဖြစ်သည်။ ကျန် နိုင်ငံရေး၊ စစ်ရေး အကျပ် အတည်း များတွင်မူ အမေရိကန် တို့၏ သံတမန်ရေး လှုပ်ရှား မှုကို စစ်အင်အားဖြင့် အထောက်အကူ ပေးခြင်း၊ အမေရိကန်၏ အကျိုး စီးပွား များကို ထိခိုက် လာလျှင် လည်းကောင်း၊ ပဋိပက္ခ အဆင့်သို့ ရောက်ရှိ သွားလျှင် သော်လည်းကောင်း စစ်ရေး အရ ဝင်ရောက် စွက်ဖက် နိုင်ရေး အတွက် ပြင်ဆင် ထားခြင်း များကို ဆောင်ရွက် ရမည် ဖြစ်သည်။ ပဋိပက္ခ ကာလတွင်မူ အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ဒေသ ကွပ်ကဲမှု ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များ စေလွှတ် ခြင်းမှ အစ စစ်အင်အားသုံး တိုက်ခိုက် ခြင်းများ အထိ လိုအပ် သလို ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ရာတွင် ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ် နိုင်ရန်နှင့် ပဋိပက္ခလွန် ကာလ အခြေအနေကို အမေရိကန် အကျိုး စီးပွား အတွက် အကျိုး အမြတ် ရရှိ နိုင်သည့် အခြေအနေ ရောက်ရှိ စေရန် အတွက် နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်း များဖြင့် ပေါင်းစပ် ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှု များကို စစ်ဘက်က ဦးဆောင်ပြီး ကျန် အရပ်ဘက် ဌာနများက ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်ပေသည်။ ထို့ကြောင့် အာဖရိက ဒေသ ကွပ်ကဲမှု ဌာန ချုပ်ကို တည်ထောင် ခြင်းဖြင့် အမေရိကန်တို့ အနေဖြင့် အာဖရိက တိုက်၏ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက် မှုများ သာမက အခြား သမားရိုးကျ မဟုတ်သော ခြိမ်းခြောက် မှုများ အားလုံး ကိုပါ အလေးထား ကိုင်တွယ် သွားတော့မည် ဆိုသည်ကို အချက်ပြ လိုက်ခြင်းလည်း ဖြစ်ပေသည်။
အမေရိကန် တပ်မတော် အနေဖြင့် ဒေသ ကွပ်ကဲမှု ဌာနချုပ် မတည်ထောင် မီကပင် အာဖရိက နိုင်ငံ များနှင့် စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို အကောင် အထည် ဖော်နေပြီး ဖြစ်သည်။ Combined Joint Task Force – Horn of Africa (CJTF-HOA)   အစီအစဉ်တွင် အမေရိကန် တပ်ဖွဲ့ ၂၃ဝဝ သည် ဒါဘူဂျီတီ နိုင်ငံတွင် အခြေပြုပြီး ဒါဘူဂျီတီ၊ အီသီယိုပီးယား၊ ကင်ညာ၊ အပါအဝင် ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံနှင့် ပင်လယ် ရေပြင် လုံခြုံရေး အပါအဝင် လုံခြုံရေး ဆိုင်ရာ ကိစ္စ များတွင် ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။ အလားတူပင် Operation Enduring Freedom – Trans-Sahara (OEF-TS)  အစီအစဉ်တွင် ဆဟာရ ဒေသ နိုင်ငံများ ဖြစ်သည့် အယ်လ်ဂျီးယား၊ ချဒ်၊ မာလီ၊ မော်ရိုကို အပါအဝင် နိုင်ငံ ကိုးနိုင်ငံနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်လျှက် ရှိသည်။ ထို့ပြင် အမေရိကန် တပ်မတော် သင်တန်း ကျောင်းများတွင် အာဖရိက တိုက်နိုင်ငံ ၄၅ နိုင်ငံမှ သင်တန်း သားများကို လေ့ကျင့်ပေး မည့် အစီအစဉ် ကိုလည်း အကောင်အထည် ဖော်လျှက် ရှိသည်။ အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး ဝီလျံဝဒ်က ထိုအစီအစဉ် များကို ဆက်လက် ချဲ့ထွင်ပြီး မိတ်ဆွေ နိုင်ငံများ၏ စစ်ဘက် ဆိုင်ရာ အခြေခံ အဆောက် အအုံနှင့် စွမ်းဆောင်ရည် မြင့်မားရေး၊ စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုကို တိုးမြှင့်ရေး တို့အတွက် ဆက်လက် ဆောင်ရွက် သွားမည်ဟု ကတိပေး ခဲ့သည်။
သို့သော် အမေရိကန် တို့၏ အာဖရိက မူဝါဒ အပြောင်း အလဲကို ဒေသတွင်း နိုင်ငံတိုင်းက ကြိုဆို ကြသည်တော့ မဟုတ်၊ နိုင်ငံ အများ အပြားက ထိုကဲ့သို့ ဌာနချုပ် တစ်ခု တည်ထောင် ခြင်းဖြင့် အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ မူဝါဒမှာ ဖွံ့ဖြိုးရေး တိုးတက်မှု အကူ အညီနှင့် လူမှု ဂရုဏာ အကူအညီ ဗဟိုပြု ဝါဒမှ စစ်ရေးဗ ဟိုပြု ဝါဒ အဖြစ်သို့ ကူးပြောင်း သွားသည်ဟု ရှုမြင်ခဲ့ ကြသည်။ ထို့ပြင် အမေရိကန် တပ်ဖွဲ့ များကို လက်ခံခြင်း၊ အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကြောင့် လူထုက အမေရိကန် နောက်လိုက်  အဖြစ် သတ်မှတ် ခံရမည် ကိုလည်းကောင်း၊ မိမိတို့ နိုင်ငံ များမှာ အကြမ်းဖက် တိုက်ခိုက်မှု များ၏ ပစ်မှတ် ဖြစ်လာမည် ကိုလည်းကောင်း စိုးရိမ် နေကြသည်။ ဤ အခြေအနေ ကြောင့်ပင် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် ကို အာဖရိက တိုက်တွင် အခြေပြု နိုင်ခြင်း မရှိဘဲ ဂျာမနီ နိုင်ငံ တွင်သာ အခြေစိုက် ထားရသည်။ အလားတူပင် ဒါဘူဂျီတီ နိုင်ငံမှ လွဲပြီး အမေရိကန် တပ်ဖွဲ့ များကို အင်အား အလုံးအရင်း နှင့် အခြေပြုခွင့် ပေးမည့် နိုင်ငံ ကိုလည်း ရှာမရ သေးသည် ကိုလည်း တွေ့ရ၏။ ထို့ကြောင့် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် သည် အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ အကျိုး စီးပွားကို မည်မျှ အကောင်အထည် ဖော်နိုင်စွမ်း ရှိမည် ဆိုသည် ကို စောင့်ကြည့် ရဦး မည်သာ ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Joint Warfare of the Armed Forces of the United State, Joint Publication 1, 14-11-2000
၂။
U.S. Africa Aid Is Increasingly Military, Wshington Post, 18 - 7 - 2008  
၃။
The Scramble for Africa's Oil,  By Christopher Thompson , New Statesman, 14 - 6-  2007
၎။
www. africom.mil မှ သတင်းအချက်အလက်များ။
Read more

အိုဘားမားရဲ့ အာဖဂန်မဟာဗျူဟာသစ်

သုံးလကျော် အာဖဂန် စစ်ပွဲ အတွက် မဟာဗျူဟာ သစ်ကို စဉ်းစား ပြီးနောက် အိုဘားမားက ၎င်း၏ မဟာ ဗျူဟာကို ဒီဇင်ဘာလ ၁ ရက်နေ့၌ ၀က်စ်ပွိုင့် စစ်တက္ကသိုလ် ဗိုလ်လောင်း များကို မိန့်ခွန်း ပြောကြား ရင်းဖြင့် ချပြ ခဲ့သည်။ သို့သော် ထိုမဟာ ဗျူဟာ သစ်က အောင်ပွဲ ရမည် ဆိုသည့် ယုံကြည်မှု တွေထက် အောင်ပွဲ အပေါ် သံသယတွေ ပေါ်လာ အောင်သာ လုပ်ဆောင် ပေးနိုင် ခဲ့သည်။
အခြေခံမဏ္ဍိုင်သုံးခု
အိုဘားမား၏ မဟာဗျူဟာသည် မဏ္ဍိုင် သုံးခု ပေါ်တွင် အခြေခံသည်။ ပထမ မဏ္ဍိုင်မှာ စစ်ရေး ဖြစ်ပြီး အိုဘားမားက လာမည့် ၁၈ လအတွင်း တာလီဘန် တို့၏ စစ်ရေး စွမ်းရည်ကို ရိုက်ချိုး နိုင်ရန်  အတွက် နောက်ထပ် တပ်အင်အား သုံးသောင်းကို ၂၀၁၀ နှစ် ဆန်းမှ စတင် တိုးမြှင့် ချထားရန် ဆုံးဖြတ် ခဲ့သည်။ ထိုတပ်ဖွဲ့ များကို ၂၀၁၀ မေလ အပြီး ဖြန့်ကျက် ချထားမည် ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ များသည် တာလီဘန် တပ်ဖွဲ့ များကို ချေမှုန်းရန်၊ လူဦးရေ ထူထပ်သည့် မြို့ကြီး များကို ထိန်းသိမ်း ရန်နှင့် အာဖဂန် တပ်ဖွဲ့များကို လေ့ကျင့် ပေးရန် ဆိုသည့် ရည်မှန်းချက် တာဝန် သုံးခုကို ထမ်းဆောင် ရမည် ဖြစ်သည်။ အိုဘားမားက နေတိုး အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ပြင်သစ်မှ တပ်အင်အား နှစ်ထောင်၊ အီတလီမှ တစ်ထောင့် ငါးရာ၊ ဗြိတိန်မှ တစ်ထောင် ကိုလည်း အာဖဂန်ရှိ နေတိုး တပ်ဖွဲ့များ အတွက် ထပ်မံ ဖြည့်တင်း ပေးရန် ပန်ကြား ခဲ့သည်။ အိုဘားမား၏ မဟာ ဗျူဟာမှာ အီရတ်မှာ ကဲ့သို့ပင် တာလီဘန် များကို အချိန်တို အတွင်း ဦးကျိုးအောင် တိုက်ခိုက်၊ တစ်ချိန် တည်း၌ အာဖဂန် တပ်များကို စွမ်းရည် မြင့်မား လာအောင် လေ့ကျင့်၊ အခြေအနေ တည်ငြိမ် သွားပါက အမေရိကန်နှင့် နေတိုး တပ်ဖွဲ့ များက အာဖဂန် တပ်များကို တာဝန် လွှဲပြီး အဆင့်ဆင့် ဆုတ်ခွာ ရုပ်သိမ်း ဆိုသည့် မဟာဗျူဟာ မျှသာ ဖြစ်သည်။
အိုဘားမား မဟာ ဗျူဟာ၏ ဒုတိယ မဏ္ဍိုင်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ ဖြစ်သည်။ အိုဘားမားက အမေရိကန်နှင့် မဟာမိတ် များသည် ကုလ သမဂ္ဂနှင့် ပူးပေါင်းပြီး အာဖဂန် ပြည်သူ တွေ၏ လူနေမှု ဘ၀ တိုးတက်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို ပိုမို လုပ်ဆောင် ပေးသွား မည်ဟု ဆိုသည်။ ဒီမဟာဗျူဟာ ကလည်း ကာဇိုင်း အစိုးရ တက်လာ ကတည်းက အမေရိကန်နှင့် နိုင်ငံတကာ အသိုင်း အ၀န်းက လုပ်လာ ခဲ့သည့် အလုပ် ဖြစ်သည်။ သို့သော် အိုဘားမားက ကာဇိုင်း အစိုးရ အတွင်း အဂတိ လိုက်စားမှု များကြောင့် ယခင် စီမံကိန်းများ အဟောသိကံ ဖြစ်ခဲ့ ရသည်ကို အသိအမှတ် ပြုခဲ့ပြီး ကြီးကြပ် စစ်ဆေးမှု မရှိဘဲ ငွေတွေ ပုံပေး ခဲ့သည့် ခေတ်ကုန် ခဲ့ပြီဟု သတိပေး ခဲ့သည်။ အာဖဂန် အစိုးရ အနေဖြင့် အဂတိ လိုက်စားမှု များကို တိုက်ဖျက်ရန် ၊ တာဝန်ရှိ သူများကို အရေးယူရန် လိုအပ်ပြီး အမေရိကန် တို့၏  အကူအညီ များသည် အာဖဂန် ပြည်သူ များကို တိုက်ရိုက် အကျိုး ရှိစေမည့် လယ်ယာ စိုက်ပျိုး ရေးလို ကဏ္ဍ တွေမှာ ပိုသုံး မည်ဟု ကတိ ပေးခဲ့သည်။
တတိယ မဏ္ဍိုင် ကတော့ အာဖဂန် စစ်ပွဲ အောင်မြင် မှုကို ပါကစ္စတန် နိုင်ငံ၏ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး လုပ်ဆောင် မှုများနှင့် ချိတ်ဆက်ပြီး ဟန်ချက် ညီညီ ဆောင်ရွက် ရေးပင် ဖြစ်သည်။ ထိုအယူ အဆသည် အိုဘားမား၏ ပထမ အကြိမ် အာဖဂန် မဟာ ဗျူဟာ ချပြစဉ် ကလည်း ပါဝင် ခဲ့သည့် အယူအဆ ဖြစ်သည်။ သို့သော် ယခု တစ်ကြိမ်တွင် အိုဘားမားက ပါကစ္စတန် အနေဖြင့် ၎င်းနယ်မြေ ထဲတွင် ခိုလှုံ နေသည့် တာလီဘန်နှင့် အယ်လ်ကေဒါ များကို ယခုထက် ပိုပြီး တင်းတင်း ကျပ်ကျပ် ကိုင်တွယ် ချေမှုန်းဖို့ တောင်းဆို ထားခဲ့သည်။
တကယ်တော့ အိုဘားမား အနေဖြင့် အာဖဂန် ဆိုင်ရာ မဟာ ဗျူဟာကို ထုတ်ပြန် ကြေညာ ခြင်းသည် တစ်နှစ် အတွင်း ဒုတိယ အကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် သူ့အစိုးရ၏ အာဖဂန် မဟာ ဗျူဟာသစ်ကို ကြေညာ ပြီးနောက် နောက်ထပ် တပ်အင်အား နှစ်သောင်းကျော် ပို့ခဲ့သည်။ ရှစ်လ အကြာတွင် နောက်ထပ် မဟာ ဗျူဟာသစ်ကို ကြေညာ ပြီးနောက် အင်အား သုံးသောင်း ထပ်ပို့မည် ဆိုရာ ၂၀၁၀ နှစ်လယ်တွင် အမေရိကန် တပ်ဖွဲ့ တစ်သိန်းကျော် အာဖဂန်တွင် ရောက်နေမည် ဖြစ်သည်။ အခုလို မဟာ ဗျူဟာတွေ ထပ်ပြန် တလဲ ထုတ်နေ ရခြင်းကိုက အမေ ရိကန်တွေ အာဖဂန်မှာ အလုပ် မဖြစ်ခြင်းကို ပြနေသည်။ ထိုကဲ့သို့ အလုပ် မဖြစ်တာတွေ များလာလျှင် အာဖဂန် စစ်ပွဲအတွက် လိုအပ် သော ငွေကြေး ရဖို့ လွှတ်တော်ကို စည်းရုံး ရာတွင် အခက်တွေ့ နိုင်ပေသည်။
ဘဏ္ဍာရေးဝန်ထုပ်ဝန်းပိုး
၂၀၁၀ ခုနှစ် အတွက် အမေရိကန် ကာကွယ်ရေး အသုံး စရိတ် လျာထား ချက်မှာ ၅၃၄ ဘီလီယံ ဖြစ်သည်။ ထိုထဲမှာ အီရတ်နှင့် အာဖဂန် အသုံး စရိတ်တွေ မပါသေး။ အီရတ် စစ်ပွဲ အတွက်က ၆၂ ဘီလီ ယံနှင့် အာဖဂန် အတွက် ၆၃ ဘီလီယံ ထပ်သုံးရန် လျာထားသည်။ ယခု မဟာ ဗျူဟာ အရ ထပ်တိုးမည့် တပ်များ အတွက် နောက်ထပ် ၃၀ ဘီလီယံ သုံးရမည်။ ထိုသို့ ဆိုလျှင် ၂၀၁၀ အတွက် ကာကွယ်ရေး အသုံး စရိတ်သည် ဒေါ်လာ ၇၁၆ ဘီလီယံ အထိ ရှိလာမည် ဖြစ်သည်။ ယခုကဲ့သို့ ပြည်တွင်းမှာ ဘဏ္ဍာရေး အကျပ် အတည်းနှင့် ကြုံနေချိန်တွင် အာဖဂန် စစ်ပွဲ အတွက် ငွေတွေ ထပ်တိုး ပေးဖို့ကို ဆန့်ကျင် မှုတွေ အများကြီး ကြုံနိုင်သည်။ မဲဆန္ဒရှင် တွေက မကြိုက်လျှင် ၂၀၁၀ မှာ လွှတ်တော် သက်တမ်းလယ်  ( Midterm Election) နှင့် ရင်ဆိုင် ရမည့် အမတ်တွေ ကလည်း စစ်အသုံး စရိတ်တွေ ထပ်တိုး ပေးဖို့ လွယ်လွယ်နှင့် ဆုံးဖြတ် ရဲမည် မဟုတ်ပေ။
အာဖဂန်ပြည်သူတွေ
ပြီးခဲ့သည့် သြဂုတ် လတွင် အာဖဂန်ရှိ အမေ ရိကန်နှင့် နေတိုး တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး McChrystal က အာဖဂန် အခြေအနေ အပေါ် သုံးသပ်ချက် စာတမ်း တစ်စောင် တင်သွင်း ခဲ့သည်။ ထိုစာ တမ်းတွင် ဗိုလ်ချုပ်ကြီး McChrystal က အာဖဂန် စစ်ပွဲ အောင်နိုင်ရေး အတွက် သော့ချက်သည် နယ်မြေ သိမ်းနိုင်မှု မဟုတ်ဘဲ အာဖဂန် ပြည်သူ တွေ၏ ယုံကြည် အားကိုးမှု ရရှိရေး ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လက်ရှိ အခြေအနေတွင် အာဖဂန် ပြည်သူ တွေက အာဖဂန် အစိုးရ၏ အုပ်ချုပ်မှုကို အယုံ အကြည် မရှိ သကဲ့သို့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တွေကိုလည်း အားမကိုး၊ နိုင်ငံတကာ တပ်ဖွဲ့ တွေကိုလည်း ယုံကြည်မှု မရှိ ဖြစ်နေသည်။ ထိုအခြေ အနေကို ပြောင်းလဲ ရေးသည် အရေး အကြီးဆုံး လုပ်ငန်း ဖြစ်သည်ဟု သတိပေး ခဲ့သည်။
အိုဘားမားက သူ့မိန့်ခွန်းတွင် အာဖဂန် အစိုးရကို အဂတိ လိုက်စား မှုများ တိုက်ဖျက် ပေးရန် တိုက်တွန်း ခဲ့သည်။ သို့သော် လက်တွေ့တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂ အတွက် ကာဇိုင်း အစိုးရမှ လြွဲပီး အားကိုးမရှိ ဖြစ်နေသည်။ ပြီးခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် မသမာ မှုများ ရှိခဲ့သည်ကို ကုလ သမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ များရော၊ ဥရောပ သမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့များ ကရော ထုတ်ပြော ခဲ့သည်။ သို့သော် ဒုတိယ အကျော့ ရွေးကောက် ပွဲများ ပြုလုပ်သည့် အခါ အလားတူ အဖြစ်မျိုး မဖြစ်အောင် ပြုပြင် ပြောင်းလဲ မှုများ လုပ်ဖို့ ကာဇိုင်း အစိုးရကို ဖိအား မပေးနိုင်ခဲ့။ ဖိအား မပေးဝံ့ခဲ့။ သို့နှင့် ကာဇိုင်း၏ ပြိုင်ဘက်က ရွေးကောက်ပွဲမှ နှုတ်ထွက်ပြီး ယှဉ်ပြိုင်ရန် မလိုဘဲ ကာဇိုင်း သမ္မတ ဖြစ်လာ ခဲ့သည်။ ထိုအဖြစ်က အခြား နိုင်ငံများတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက် ပွဲများ ဖြစ်အောင် ဖိအားပေးမှု ၊ ဒဏ်ခတ် မှုတွေ လုပ်နေသည့် အမေရိကန် တို့အပေါ် အာဖဂန် ပြည်သူ များက လိုတစ်မျိုး၊ မလို တစ်မျိုး လုပ်သူ တွေဟု ထင်မြင် စေသည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ ကာလ ထဲက အာဖဂန် ပြည်သူတွေ က အမေရိကန်တို့ အပေါ် ယုံကြည်မှု ပျက်ပြား ခဲ့ပြီဖြစ်ရာ အိုဘားမား၏ မိန့်ခွန်း တစ်ခု တည်းဖြင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ အတော် ခက်ခဲ ပေမည်။ ကာဇိုင်း အစိုးရက အဂတိ လိုက်စားမှု တွေကို ထိထိ ရောက်ရောက် အရေး မယူဘူး ဆိုလျှင်လည်း အမေရိကန်တို့ လက်ပိုက် ကြည့်နေ ရမည်သာ ဖြစ်သည်ဟု လူတွေက ယူဆနေ ကြသည်။
အိုဘားမားက အမေရိကန် တပ်ဖွဲ့ တွေက ဆိုဗီယက် တွေလို အာဖဂန်ကို သိမ်းပိုက် ထားဖို့ လာတာ မဟုတ်ဘူးဟု ဆိုသည်။ သို့သော် ၂၀၀၁ ခုနှစ်တုံးက အမေရိကန် တပ်ဖွဲ့ တစ်သောင်းသာ ရှိသည်။ အခု ခုနှစ် သောင်းကျော် ရှိနေပြီး အိုဘားမား အစီအစဉ်ကို အကောင် အထည် ဖော်လျှင် အမေ ရိကန်တပ် တစ်သိန်းကျော် ရှိမည်။ နေတိုး တပ်တွေ ပေါင်းလိုက်လျှင် တစ်သိန်းခွဲ ကျော်ရှိမည်။ ထိုအခြေ အနေ တွေကြောင့် ဆိုဗီယက် တွေတုံးက ကာဘူးလ်က ဘာသာမဲ့ ကွန်မြူနစ် အစိုးရကို ကြောထောက် နောက်ခံ ပေးနေ သလို အခု နိုင်ငံခြားသား တွေက နိုင်ငံကို သိမ်းပြီး ကာဘူးလ်က အကျင့်ပျက် နေသော၊ မဲလိမ်သော အစိုးရကို ထောက်ခံ နေသည်ဟု တာလီဘန် တို့၏ စွတ်စွဲချက် များက မှန်သလို ဖြစ်နေသည်။ နောက်ပြီး ဘာသာရေး အစွန်းရောက် တာလီဘန် တွေက ကာဇိုင်း အစိုးရ ထက်တော့ သန့်ရှင်း သေးသည်၊ နိုင်ငံကို ထိန်းနိုင် သေးသည် ဟုလည်း ကျေးလက် ဒေသက ပြည်သူ တွေက မြင်လာ နေသည်။ ထိုအမြင်တွေ ရှိနေသရွေ့ တာလီဘန် တွေကို ထောက်ခံ သူတွေ ရှိနေ ဦးမည်သာ ဖြစ်သည်။
သမိုင်းသင်ခန်းစာ
အိုဘားမား လိုပင် အမေရိကန် သမ္မတ ဂျွန်ဆင်သည် ဗီယက်နမ် စစ်ကို အမွေခံ ခဲ့သည်။ ရာထူး လက်ခံပြီး သိပ်မကြာ ခင်မှာပဲ တပ်အင်အားကို နှစ်ဆ တိုးချ ထားပြီး စစ်ပွဲ အောင်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်။ အလားတူပင် ဆိုဗီယက် သမ္မတ ဂိုဘာချော့ဗ် လည်း အာဖဂန် စစ်ပွဲကို အမွေရ ခဲ့သည်။ သူရာထူး ရပြီးသည်နှင့် တပ်တွေ တိုးချပြီး အာဖဂန် ပြဿနာကို ရှင်းဖို့ ကြိုးစား ခဲ့သည်။ နှစ်ဦးလုံး အောင်မြင်မှု မရခဲ့ပေ။ အိုဘားမား ကတော့ အာဖဂန် စစ်ပွဲသည် ဗီယက်နမ် စစ်နှင့် မတူ၊ အမေရိကန် နိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် နေသည် အယ်လ်ကေဒါ တွေနှင့် တိုက်ရသော စစ်ဖြစ်သည်၊ ထို့ကြောင့် နိုင်အောင် တိုက်ရ မည်ဟု ကြုံးဝါးသည်။ တစ်ဘက် ကလည်း ၂၀၁၁ တွင် တပ်များ ရုပ်သိမ်းရေး စမည် ဟုလည်း ဆိုသည်။ ထိုအတိုင်း ဆိုလျှင် နိုင်နိုင် မနိုင်နိုင် ၂၀၁၁ ဇူလိုင် လတွင် အမေ ရိကန်တွေ အိမ်ပြန် တော့မည့် သဘော ဖြစ်သည်။ ထို့ကြောင့် အိုဘားမား၏ မဟာ ဗျူဟာသည် မတိုက်ခင်က ရှုံးနိမ့်ပြီး ဖြစ်သည်ဟု ဆိုလျှင် မှားမည်မထင်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Johnson, Gorbachev, Obama  By NICHOLAS D. KRISTOF , New York Time, 3-12-09
၂။
COST OF TROOP INCREASE & IMPACT ON OVERALL DEFENSE BUDGET by Travis Sharp
၃။
Remarks by the President in Address to the Nation on the Way Forward in Afghanistan and Pakistan , 1-12-09
Read more

အမေရိကန် ဘယ်ကိုသွားမလဲ

အိုဘားမား အစိုးရ တာဝန် ယူချိန်တွင် အမေရိကန် နိုင်ငံသည် သမိုင်း တွင်မည့် မဟာဗျူဟာ အပြောင်း အလဲ ကာလနှင့် ရင်ဆိုင် နေရ ပေပြီ။ အီရတ်နှင့် အာဖဂန် စစ်ပွဲ များကြောင့် အမေရိကန် တပ်မတော်သည် မနိုင်ဝန် ထမ်းနေ ရသည့် အခြေအနေ ရောက်ဖို့ နီးနီး လာနေပြီ ဖြစ်သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေး ပျက်ကပ် ကြောင့် အမေ ရိကန် တို့၏ အမျိုး မျိုးသော အကျိုး စီးပွား များကို အကောင် အထည် ဖော်ရာတွင် ငွေကြေး ကန့်သတ် ချက်တွေ ရှိလာသည်။ ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ သံယံဇာတ အရင်း အမြစ်များ ရှားပါး လာမှု၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာမှု၊ ယိုယွင်း ပျက်စီး နေသော နိုင်ငံများ၊ နိုင်ငံမဲ့ အစွန်းရောက် အဖွဲ့ အစည်းများ စသည့် စသည့် စိန်ခေါ်မှု ပေါင်းများစွာ ကလည်း အမေ ရိကန်တို့ အပေါ် သက်ရောက် နေသည့် ဖိအား များစွာ ထဲက အချို့ ဖြစ်သည်။
ကာကွယ်ရေး
အမေရိကန် တပ်မတော် ရင်ဆိုင် နေရသည့် စိန်ခေါ်မှု များဆိုလျှင် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် အကြီး မားဆုံး စိန်ခေါ်မှုဟု ဆိုနိုင်သည်။ အမေရိကန် တပ် အများစုက အီရတ်၊ အာဖဂန် စစ်မြေပြင် တွေမှာ နစ်နေသည်။ တစ်ချို့ တပ်ဖွဲ့များက တိုက်ပွဲ ၀င်နေသည်။ တစ်ချို့ တပ်ဖွဲ့များက တိုက်ပွဲဝင် နေသည့် တပ်များကို သွားရောက် လဲလှယ်ဖို့ ပြင်ဆင် နေသည်။ တစ်ချို့ တပ်ဖွဲ့များက စစ်မြေပြင်က ပြန်ရောက် လာပြီး အနားယူ ပြန်လည် ဖွဲ့စည်း နေရသည်။ ထိုအခြေ အနေတွင် အမေရိကန် တပ်မတော် စစ်အခြေခံ သဘော တရားပါ ကျန်စစ်ပွဲ ပုံစံများကို လေ့ကျင့်ဖို့ မဖြစ်နိုင်တော့။ နောက်ထပ် ပေါ်လာမည့် အရေးပေါ် အခြေ အနေတွေ၊ ပဋိပက္ခ တွေကို ကိုင်တွယ် နိုင်ဖို့ အတွက် ကန့်သတ် ချက်တွေ ဖြစ်လာသည်။
ထို့ကြောင့် ပူးတွဲ စစ်ဦးစီး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်ကြီး မူလန်  (Mullen) က အမေရိကန် တပ်မတော်၏ စစ်ဆင် နိုင်မှု စွမ်းရည်သည် ဟန်ချက် ပျက်နေပြီ၊ ဒီအတိုင်း ကြာကြာ ဆက်မသွား နိုင်ဘူးဟု ၎င်း၏ ၂၀၀၈-၂၀၀၉ မဟာဗျူဟာ လမ်းညွှန် စာတမ်းတွင် သုံးသပ် ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးမူဝါဒ
အမေရိကန် နိုင်ငံခြားရေး မူဝါဒ အနေဖြင့် ဘုရှ် အစိုးရ လက်ထက်က ကျင့်သုံး ခဲ့သည့် တစ်ကိုယ်တော် ၀ါဒ၊ အင်အား အဓိက ၀ါဒ တွေထဲက ရုန်းထွက်ဖို့ လုပ်ရဦးမည်။ ဘုရှ် အစိုးရ လက်ထက်က အမေရိကန် အမျိုးသား အကျိုး စီးပွားကို အကောင် အထည် ဖော်ရာတွင် စစ်အင်အားက အဓိက ဖြစ်ခဲ့သည်။ Soft Power တွေက နောက်တန်းမှာ နေခဲ့ ရသည်။ ၉/၁၁ လွန် နိုင်ငံတကာ ဆက်ဆံရေး နှင့် ပထ၀ီ နိုင်ငံရေးတွင် ထိုနည်းလမ်းက အလုပ် မဖြစ်တော့။ ဗိုလ်ချုပ်ကြီး မူလန်ကပင် စစ်အင်အားကို အခြေခံသည့် အမေရိကန် နိုင်ငံခြားရေး ၀ါဒကို ပြင်ရ တော့မည် ဟု ၎င်း၏ စာတမ်းတွင် ဆိုခဲ့သည်။
ယနေ့ အမေရိကန် ရင်ဆိုင် နေရသည်က အကြမ်းဖက် ၀ါဒ၊ အစွန်းရောက် ၀ါဒ တစ်ခုတည်း မဟုတ်၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာနေသည့် အာဏာရှင် ဆန်ဆန် အုပ်ချုပ်သည့် နိုင်ငံများ ကလည်း အမေ ရိကန်တို့၏ တန်ဖိုး များကို စိန်ခေါ် နေသည်။ နီယိုကွန် တို့၏ ကောင်းမှုကြောင့် ကမ္ဘာ့ ပြည်သူများ အလယ်တွင် အမေရိကန်ကို အကောင်း မြင်မှုက နည်းပါး နေသည်။ ထိုအကျိုး ဆက်ကြောင့် အမေရိကန်တို့ အနေဖြင့် အီရတ် စစ်ပွဲမှာ၊ အာဖဂန် စစ်ပွဲမှာ သူတို့နှင့် လက်တွဲ တိုက်မည့် မဟာမိတ်တွေ၊ လုပ်ဖော် ကိုင်ဘက်တွေ နည်းနည်း လာတော့သည်။ လူ့အခွင့် အရေးလို၊ အနုမြူ လက်နက် မပြန့်ပွား ရေးလို၊ ဖန်လုံအိမ် ဓာတ်ငွေ့လို နိုင်ငံတကာ ပြဿနာ တွေမှာ အမေရိကန် သံတမန်တွေ လုပ်ရ ကိုင်ရတာ ပိုခက် လာသည်။ အမေ ရိကန်တို့၏ ရပ်တည်ချက် အပေါ် ထောက်ခံ လာအောင် စည်းရုံးဖို့ ခက်လာသည်။ ဘုရှ်အစိုးရ နောက်ဆုံး နှစ်များတွင် ဒီပြဿနာ တွေကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့ သော်လည်း အောင်မြင်မှု မရှိလှ။ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူ အညီတွေ၊ ပြည်သူ့ ဆက်ဆံရေး လုပ်ငန်းတွေ၊ သံတမန် လုပ်ငန်းတွေ မှာ ငွေကြေးတွေ ပိုသုံး ခဲ့သည့်တိုင် သုံးသင့် သည်ထက် အများကြီး နည်းနေ သေးသည်။ ကာကွယ်ရေး ဘက်က သုံးစွဲမှုနှင့် ယှဉ်လိုက်လျှင် မဖြစ် စလောက်သာ ရှိသည်။
ဘဏ္ဍာရေး
ကာကွယ် ရေးမှာ၊ နိုင်ငံခြား ရေးမှာ ပြင်သင့် တာတွေပြင်၊ လုပ်သင့် တာတွေ လုပ်ဖို့ ဆိုလျှင် ငွေလိုသည်။ လက်ရှိ အိုဘားမား အစိုးရ အတွက် ဘဏ္ဍာရေး အခြေ အနေ ကလည်း ကောင်းလှသည် မဟုတ်။ အမေရိကန် အစိုးရ ကြွေးမြီသည် ၂၀၀၁ က ဒေါ်လာ ၅.၇ ထရီလီယံ ( တစ် ထရီလီယံသည် သန်းတစ် သောင်းနှင့် ညီသည်။ ) ရှိသည်။ ဘုရှ်၏ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး စစ်ပွဲကြောင့် ၂၀၀၈ ခုနှစ်တွင် ကြွေးမြီ တွေက ဒေါ်လာ ၁၀ ထရီလီယံ ရှိလာသည်။ တနည်းအားဖြင့် ပြောလျှင် အမေရိကန် အိမ်ထောင်စု တစ်စုလျှင် ဒေါ်လာ ကိုးသောင်း ကြွေးတင်သည့် သဘော ဖြစ်သည်။ ၂၀၀၈-၉ ဘဏ္ဍာရေး အကြပ် အတည်းကို ဖြေရှင်းရန် အတွက် ငွေတွေ သုံးခဲ့ ရသဖြင့် ယခုနှစ် ဘတ်ဂျက် လိုငွေက ဒေါ်လာ တစ်ထရီ လီယံ ရှိမည် ဖြစ်သည်။ ထို့ကြောင့် အိုဘားမား အစိုးရ အနေဖြင့် ဘယ်နေရာမှာ ဘယ်လို သုံးရမည်။ ဘယ်ကဏ္ဍကို ဦးစားပေး ရမည်ကို အတော် ခက်ခက် ခဲခဲ ဆုံးဖြတ် ရတော့မည် ဖြစ်သည်။ နိုင်ငံရေး အရ ပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ အိမ်ပေါင် ချေးငွေ အခက်အခဲ ဖြေရှင်းရေး အစီအစဉ် တွေမှာ သုံးဖို့ လိုသလို ကာကွယ်ရေး၊ နိုင်ငံခြားရေး မှာလည်း မသုံးမဖြစ် သုံးရ ဦးမည်။ ဒီ ကန့်သတ်ချက် တွေက အမေရိကန် တို့၏ အမျိုးသား လုံခြုံရေး မဟာ ဗျူဟာများ အပေါ် ကြီးမားသော အကျိုး သက်ရောက်မှု ဖြစ်စေ လိမ့်မည်။
တတိယအလှည့်အပြောင်း
အထက်ပါ စိန်ခေါ်မှု များအပြင် အိုဘားမား အစိုးရ အနေဖြင့် စစ်အေး ခေတ်လွန် ကာလတွင် အကြီးမား ဆုံးသော နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ပြောင်းလဲ မှုကြီးနှင့် ရင်ဆိုင် နေရ ပေသည်။ ပြီးခဲ့ ရာစုနှစ် တစ်ခုလုံးတွင် နိုင်ငံတကာ ဆက်ဆံရေး စနစ်ကြီးကို အခြေခံပြီး ပြောင်းလဲ စေသည့် ဖြစ်ရပ်ကြီး နှစ်ခုသာ ရှိခဲ့သည်။ ထိုဖြစ်ရပ် ကြီးများ နောက်တွင် အမေရိကန် နိုင်ငံ၏ အဂ္ဂမဟာ ဗျူဟာ Grand Strategy  နှင့် မဟာဗျူဟာ များမှာလည်း ပြောင်းလဲ လာသည့် အခြေ အနေနှင့် လိုက်လျော ညီထွေ ပြောင်းလဲ ခဲ့ရသည် ။
ပထမ တစ်ကြိမ်မှာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် ၁၉၄၅ ခုနှစ်မှ ဆိုဗီယက်က အနုမြူဗုံး စမ်းသပ် ဖောက်ခွဲ ခဲ့သည့် ၁၉၄၉ ခုနှစ်ကြား ကာလ ဖြစ်သည်။ ထိုဖြစ်ရပ် ကြောင့် ၁၉၅၀ ခုနှစ်တွင် အမေရိကန် တို့သည် ဆိုဗီယက်ကို ထိန်းချုပ် ရေးနှင့် နိုင်ငံတကာ ဆက်ဆံ ရေးတွင် အမေရိကန် အကျိုး စီးပွားကို အထောက် အကူ ပြုနိုင်မည့် နိုင်ငံတကာ အဖွဲ့ အစည်း များကို ထူထောင်ရန် ဆိုသည့် အချက် နှစ်ခု ပေါ်တွင် အခြေခံသည့် အဂ္ဂမဟာ ဗျူဟာနှင့် မဟာဗျူဟာ များကို ချမှတ်ခဲ့ ရပေသည်။
ဒုတိယ တစ်ကြိမ်မှာ ဘာလင် တံတိုင်းကြီး ပြိုကျ သွားချိန်မှ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ချိန် အထိ ဖြစ်သည်။ ထိုဖြစ်ရပ် နောက်ပိုင်းတွင် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်သည် ဆိုဗီယက်နှင့် အမေရိကန်တို့ အားပြိုင် နေသည့် ဒွိမဏ္ဍိုင် စနစ်မှာ အမေ ရိကန်တို့ တစ်ဦးတည်း ကြီးစိုးသည့် ဧက မဏ္ဍိုင် အခြေ အနေသို့ ရောက်သွား ခဲ့သည်။ ထို အခြေ အနေတွင် အမေ ရိကန်တို့က ဘုရှ်၏ ကမ္ဘာ့ အင်အား ပုံစံသစ်၊ ကလင်တန်၏ လူသားခြင်း စာနာ ထောက်ထား မှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း စသည့် မူဝါဒများ ကို အခြေ ခံသည့် မဟာ ဗျူဟာ များကို ချမှတ် ခဲ့ရသည်။
၂၁ ရာစု အတွက် အပြောင်း အလဲမှာ ၉/၁၁ တိုက်ခိုက် မှုနှင့် ၂၀၀၃ အီရတ်ကို စတင် ကျူးကျော် တိုက်ခိုက်သည့် အချိန်ထိ ကာလ ဖြစ်သည်။ ဤ အပြောင်း အလဲသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း နိုင်ငံ တကာ ဆက်ဆံရေး စနစ် ကြီးကို အခြေခံမှ စပြောင်း စေမည့် တတိယ အပြောင်း အလဲလည်း ဖြစ်သည်။ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီ  (National Intelligence Council) ၏ ၂၀၂၅ ခုနှစ် အတွက် သုံးသပ်ချက် စာတမ်းတွင် အီရတ် စစ်ပွဲ နောက်ပိုင်းတွင် ကမ္ဘာကြီးသည် ဧက မဏ္ဍိုင် အခြေ အနေမှာ ရှုတ်ထွေး နက်နဲသည့် ဗဟုမဏ္ဍိုင် အခြေအနေသို့ တစ်ဖြေး ဖြေးခြင်း ပြောင်းလဲ နေပြီ ဖြစ်ကြောင်း၊  အမေရိကန်တို့ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး အကျိုး စီးပွား များတွင် ၎င်းတို့ အလိုကျ ဖြစ်အောင် အခြား နိုင်ငံများကို နားချ သိမ်းသွင်း နိုင်သည့် စွမ်းအား တစ်ဖြေးဖြေး နည်းပါး လာပြီ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ရောက်ချိန်တွင် နိုင်ငံတကာ ဆက်ဆံရေး စနစ် ပုံစံမှာ ယခု အခြေ အနေနှင့် လုံးဝ ခြားနား နေမည်ဖြစ် ကြောင်း  ဖော်ပြ ထားသည်ကို တွေ့ရသည်။
ဘုရှ်အစိုးရ လက်ထက်တွင် အထက်ပါ ပြောင်းလဲမှု အခြေ အနေကြီးကို သတိမမူခဲ့ပဲ တစ်ကိုယ်တော် ၀ါဒဖြင့် ခရီးနှင် ခဲ့သည်။ ရေရှည် မဟာဗျူဟာ အမြင်ထက် ရေတို နည်းဗျူဟာ များတွင်သာ အာရုံစိုက် နေခဲ့ သဖြင့် အီရတ်နှင့် အာဖဂန် ဆိုင်ရာ မူဝါဒ များတွင် အမှား အယွင်းများ ခဲ့သည်။ ယခု အချိန်တွင် အိုဘားမား အစိုးရသည် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ကဲ့သို့သော ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ နိုင်ငံမဲ့ အစွန်းရောက် အဖွဲ့ အစည်း များနှင့် ဒေသ ဆိုင်ရာ အဖွဲ့အစည်း အမျိုးမျိုးတို့ ပါဝင် နေသည့် ဗဟုမဏ္ဍိုင် ကမ္ဘာ ကြီးနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ ယခု ဖြစ်ပေါ် နေသည့် ပထ၀ီ နိုင်ငံရေး ဆိုင်ရာ အပြောင်း အလဲ များက ပြီးပြည့် စုံသည့် အခြေ အနေသို့ မရောက်သေး။ သို့သော် အပြောင်း အလဲတွေ ဖြစ်နေသည် ဆိုသည် ကတော့ သေချာ နေသည်။ နယူးစ်ဝိခ် ပင်တိုင် ဆောင်းပါးရှင် ဇာကာ ရီးယားက အမေရိကန် ခေတ်လွန် ကမ္ဘာ ဆိုသည့် စာအုပ်တွင် ဘာတွေပဲ ဖြစ်ဖြစ် အမေရိကန် စီးပွားရေး ကတော့ အချက် အခြာ ကျတဲ့ စီးပွားရေး၊ ရှင်သန် တက်ကြွ နေတဲ့ စီးပွားရေး ဖြစ်နေ ဦးမှာပဲ။ စက်မှု၊ သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တော်လှန်ရေး တွေမှာ ဦးဆောင် ဦးရွက် နိုင်ငံ ဖြစ်နေ ဦးမှာပဲဟု ဆိုခဲ့သည်။ မှန်ပါသည်။ အမေရိကန် ခေတ်ကုန် သွားဖို့ ဆိုတာ မဖြစ် နိုင်သေး။ သို့သော် လာမည့် ကမ္ဘာ့ အခြေအနေ သစ်တွင် အမေရိကန် တို့၏ အကျိုး စီးပွား များကို အောင်အောင် မြင်မြင် အကောင် အထည်ဖော် နိုင်ဖို့ ဆိုလျှင်တော့ လက်ရှိ အဂ္ဂမဟာ ဗျူဟာ၊ မဟာဗျူဟာ များကို လိုက်လျော ညီထွေ ပြောင်းနိုင်ဖို့ လိုပေသည်။ ထိုအချက်ကို အိုဘားမား အစိုးရက ဘယ်လောက် အောင်မြင်အောင် လုပ်နိုင်မည် ဆိုသည် ကိုသာ စောင့်ကြည့် ရမည် ဖြစ်သည်။
ရဲထွဋ်
Bi- Weekly Eleven(18-9-2009)
မှီငြမ်းပြုစာစောင်များ

၁။
Crafting Strategy in an Age of Transition, Shawn Brimley
၂။
Global Trend 2025, National Intelligence Council, United States
Read more

Tuesday, January 21, 2014

ဈေးကွက်ပြိုင်ဆိုင်မှုနှင့်မီဒီယာကျင့်ဝတ်များ

လွတ်လပ်သော မီဒီယာသည် ဒီမို ကရေစီ စနစ်တွင် အရေး ကြီးသည့် စတုတ္ထ မဏ္ဍိုင် ဖြစ်သည် ဆိုသည်ကို အားလုံးက လက်ခံ ထားပြီး ဖြစ်သည်။ စတုထ္တ မဏ္ဍိုင် အနေဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင် ထိန်းကျောင်း ပေးရမည်၊ ပြည်သူ အတွက် အသိပေး သင့်သော သတင်း အချက် အလက် များကို ဖြန့်ဝေ ပေးရမည် ဆိုသည် ကိုလည်း မည်သူမျှ အငြင်း ပွားမည် မဟုတ်ပေ။ သို့သော် ၂၄/၇ ဟု ဆိုသည့် တစ်နေ့တွင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် သတင်း ထုတ်လွှင့် နေသည့် အချိန် မျိုးတွင် ပုံနှိပ် မီဒီယာ တွေက ရေဒီယို၊ ရုပ်မြင် သံကြား တွေနှင့် အပြိုင် ပရိသတ် ရအောင် လုပ်နေ ရသည်။ ရေဒီယို၊ ရုပ်မြင် သံကြား တို့က အင်တာနက် ၀က်ဘ်ဆိုက် တွေနှင့် ပြိုင်နေ ရသည်။ မီဒီယာ အားလုံးက သတင်းထူး၊ သတင်းဦး ရဖို့ သာမက ပရိသတ် ရင်ကို ကိုင်လှုပ် နိုင်မည့် ရေးသား တင်ဆက် မှုတွေ၊ သတင်း ဓာတ်ပုံတွေ ရဖို့ ပိုကြိုးစား လာနေ ရသည်။ တနည်း အားဖြင့် ကုန်ပစ္စည်း ထုတ်လုပ် သူများက မိမိတို့ ပစ္စည်း ရောင်းကောင်း အောင် ပြူးပြူး ပြဲပြဲ ကြော်ငြာ ကြသလို မီဒီယာတွေ ကလည်း လူတွေ စိတ်လှုပ်ရှား စေမည့် သတင်း တွေနဲ့ မိမိတို့ မီဒီယာကို အစွံ ထုတ်ဖို့ လုပ်လာ ကြသည်။ ဤလို အခြေအနေ မျိုးတွင် စတုတ္ထ မဏ္ဍိုင် သည်ပင်လျှင် ကျင့်ဝတ် တွေကို မေ့ပြီး စီးပွားရေး ဆန်လာပြီလော ဆိုသည့် အမေးတွေ ပေါ်လာသည်။
ယခု ဖြစ်ပွား နေသည့် မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန် ရေနံတွင်း ရေနံ ယိုဖိတ် မှုနှင့် ပတ်သက်ပြီး အမေရိကန် မီဒီယာ အများ စု၏ သတင်း ပေးပို့မှု များကို လေ့လာမည် ဆိုပါက အိုဘားမား၏ ရေနံ ယိုဖိတ်မှု အပေါ် ကိုင်တွယ် ဖြေရှင်းမှု အပေါ် သုံးသပ် ရာတွင် လုပ်နည်းထက် သမ္မတ အနေဖြင့် ရေနံ ယိုဖိတ်မှု အပေါ် စိတ်ပိုင်း ဆိုင်ရာ အရ မည်ကဲ့သို့ တုန့်ပြန် သည်ကို ပြောဆိုမှု များက ပိုများ နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဦးစားပေး ဖော်ပြ နေသည့် မီဒီယာ များတွင် ဒုတိယ တန်းစား အ၀ါရောင် စာနယ်ဇင်း များသာမက အမေရိကန် နိုင်ငံ၏ ထိပ်တန်း မီဒီယာ များပါ ပါဝင် နေသည် ကိုလည်းလည်း အံ့သြဖွယ် တွေ့ရမည် ဖြစ်သည်။ နယူးယောက် တိုင်းမ် သတင်းစာ ကြီးက ဆိုလျှင် အိုဘားမားက ရေနံ ယိုဖိတ်မှုနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောရာတွင် ဒေါသ ဖြစ်နေ ပုံမရ၊ အေးတိ အေးစက် ပြောနေသည် ဆိုသည့် အချက် အပေါ် ဆောင်းပါး များစွာဖြင့် သုံးသပ် ခဲ့သည်။ နံမည်ကျော် ဟောလီးဝုဒ် ဒါရိုက်တာ စပိုက်လီးက သမ္မတ အနေဖြင့် ဒီအဖြစ်ကြောင့် ဒေါသ မိုးမွှန် သွားရ မည်ဟု ဆိုသည်။ ဒီမို ကရက် ပါတီ ၏ နိုင်ငံရေး မဟာဗျူဟာ ပညာရှိ ဂျိမ်းကာ ဗယ်လီက သမ္မတက ဒီထက် ပိုပြီး ဒေါသ ထွက်ပြ သင့်သည်ဟု ဆောင်းပါး ရေးသည်။ Fox သတင်း ဌာနက ရေနံ ယိုဖိတ်သည့် ဒေသသို့ သမ္မတ သွားရောက် စစ်ဆေး ချိန်တွင် ၀တ်စားမှုက သမား ရိုးကျ ဆန်လွန်း သည်ဟု ဝေဖန်သည်။ ၎င်းတို့က သမ္မတကို ဘောင်းဘီ လိပ်ပြီး ရေထဲ ဆင်းကာ ရေနံ ချေးတွေ ဆယ်တာကို မြင်ချင် ကြသည်။ ယနေ့ ရုပ်သံ တွေ့ဆုံခန်း ( Today Media Show) တင်ဆက်သူ Matt Lauer ကတော့ ဒီအချိန်ဟာ သမ္မတ အနေနဲ့ ကျွမ်းကျင် သူတွေ၊ အကြံပေး အရာရှိ တွေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာရမယ့် အချိန် မဟုတ်ဘူး။ တစ်ချို့ လူတွေကို သွားပြီး မှတ်လောက် သားလောက် ဆော်ရမယ့် အချိန် (  time to kick some butt) ဟု တိုက်တွန်း သည်။
တကယ်တော့ ယခု ပြဿနာသည် အင်မတန် ခက်ခဲသော၊ ရှုပ်ထွေးသော စက်မှု နည်းပညာ ဆိုင်ရာ ပြဿနာ ဖြစ်သည်။ ပင်လယ် ရေအောက် အနက် ပေငါးထောင် ကျော်တွင် ကျိုးပျက် နေသည့် တွင်းဝကို ပိတ်နိုင်အောင် ကြိုးစားသည့် လုပ်ငန်းသည် ယခင်က မကြုံဘူး သေးသည့် လုပ်ငန်း ဖြစ်သည်။  ဒီပြဿနာ တွေကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် နည်းပညာ ရှင်များ၊ အတတ် ပညာရှင် များ၏ ကျွမ်းကျင်မှု၊ အကြံဥာဏ်များ လိုသည်။ အိုဘားမားက ထိုလုပ်ငန်း တွေကို ဦးစားပေး လုပ်ဖို့ ကြိုးစားသည် ။
သို့သော် သမ္မတ ရွေးကောက်ပွဲ ကာလ တုန်းက အိုဘားမား၏ ဆင်ခြင်တုံ တရားဖြင့် ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ပြီး ပြဿနာ ဖြေရှင်းသည့် နည်းကို ထောက်ခံ ခဲ့သည့် မီဒီယာ တွေကို ယခု အချိန်တွင် အိုဘားမား၏ ခေါင်းဆောင်မှု ပုံစံကို ဝေဖန် လာကြသည်။ ဒီချဉ်းကပ်ပုံက မီဒီယာ အကြိုက် သတင်း တွေကို မဖန်တီးနိုင်။ အခုအချိန်တွင် အမေရိကန် မီဒီယာ တွေက စက်တင်ဘာ ၁၁ ရက်နေ့ တုံးက ဘုရှ် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အအုံ အပျက် အစီးတွေ ပေါ်မှ တက်ရပ်ပြီး အမေရိကန်ကို ထိခိုက်အောင် လုပ်သူ တွေကို လက်စား ချေမည်ဟု အသံချဲ့ စက်နဲ့ ပြောတာမျိုးကို မြင်ချင်နေ ကြသည်။ အိုဘားမား ကသာ ထိုကဲ့သို့ လုပ်ခဲ့လျှင် မီဒီယာများ အတွက် သည်းခြေကြိုက် သတင်း ရပေ လိမ့်မည်။
မီဒီယာ တွေက သမ္မတ ဒီလို လုပ်တာ မြင်ချင် ရုံမက ဘီပီ ရေနံ ကုမ္ပဏီ ကိုလည်း ခပ်ဆတ်ဆတ် လေး ဆော်ပလော် တီးတာ ကြားချင်၊ မြင်ချင် ကြသည်။ မီဒီယာ တွေက ဘီပီ ကုမ္ပဏီကို မောင်းထုတ်ပြီး ရေနံ ယိုစိမ့်မှု တားဆီးရေး လုပ်ငန်းကို ပြည်ထောင်စု အစိုးရက ၀င်လုပ် ရမည်ဟု ဆိုကြသည်။ တကယ်တော့ ရေအောက်ပေ ငါးထောင် ကျော်မှာ အဝေးထိန်း ယာဉ်ငယ်ဖြင့် ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ပစ္စည်း ကိရိယာ များမှာ ပြည်ထောင်စု အစိုးရ တွင်မရှိ၊ ရေနံ ကုမ္ပဏီ များ ထံတွင်သာ ရှိသည် ဆိုသည်ကို မီဒီယာများ မေ့နေပုံ ရသည်။
လက်တွေ့တွင် ဘီပီ ရေနံ ကုမ္ပဏီက ရေနံ ယိုစိမ့်မှုကို ရပ်တန့်အောင် ကြိုးစား နေချိန်တွင် ပြည်ထောင်စု အစိုးရ အနေဖြင့်လည်း အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ၁၇၅၀၀၊ ၀န်ထမ်းနှင့် လုပ်အားပေး နှစ်သောင်း၊ သဘောင်္ ကြီးငယ် ၁၉၀၀ တို့ကို အသုံးပြုပြီး ယိုစိမ့် ရေနံများ ရှင်းလင်း ရေးကို ဆောင်ရွက် နေခြင်း ဖြစ်သည်။ ထို့ပြင် ရေပေါ် ဖော့တုံး အရှည် ပေပေါင်း ၄.၃ သန်းကို ချထားပြီး ရေနံတွေ ကမ်းခြေကို ရောက်မလာအောင် တားဆီး နေကြသည်။ သို့သော် မီဒီယာ များတွင် ထိုသတင်းများ အစား you tube တွင် တင်ထားသည့် ရေပေါ် ဖော့တုံး များက အသုံး မတည့်ကြောင်း သရုပ်ပြ ထားသည့် ဗီဒီယို အကြောင်း အသားပေး ဖော်ပြ နေခဲ့သည်။
ယခု ရေနံ ယိုဖိတ်မှု အပေါ် အိုဘားမား အစိုးရ ကိုင်တွယ် ပုံနှင့် ၁၉၈၉  ခုနှစ် Exxon Valdez ရေနံ တင် သဘောင်္ ရေနံ ယိုဖိတ် မှုအား သမ္မတဘုရှ် အကြီး ကိုင်တွယ်ပုံ ယှဉ်ကြည့်လျှင် မီဒီယာများ၏ သတင်း တင်ဆက်ပုံ ပြောင်းလဲ လာမှုကို တွေ့နိုင်သည်။ ထိုအချိန်က သမ္မတ ဘုရှ်သည် အခင်း ဖြစ်သည့် နေရာသို့ တစ်ကြိမ် တစ်ခါမှ မသွား ခဲ့သည့် အပြင် ယိုစိမ့် ရေနံ ရှင်းလင်း ရေးသည် ပြည်ထောင်စု အစိုးရ၏ တာဝန် မဟုတ်၊ ပြည်နယ် အစိုးရ တာဝန် ဖြစ်သည် ဟုပင် ဆိုခဲ့သည်။ ပို့ဆောင်ရေး ၀န်ကြီး ဆင်မြူရယ် စကင်နာက ဆိုလျှင် ပြည်ထောင်စု အစိုးရက ၀င်လုပ်လျှင် အကျိုးထက် အပြစ် ပိုများမည် ဟုပင် ဆိုခဲ့သည်။ သို့သော် မီဒီယာ တွေက ထို ပြောကြားချက် အပေါ် တခွန်း တစ်ပါဒမျှ ဝေဖန်မှု မပြုခဲ့။  
ယခု ဖြစ်စဉ် တွင်မူ အိုဘားမားက ရေနံ ယိုစိ့မ် မှုကြောင့် အာရှ ခရီးစဉ်ကို ဖျက်ခဲ့ရ၊ မက္ကဆီကို ပင်လယ်ကွေ့ရှိ ပြည်နယ် များသို့ အလီလီ သွားရ၊ အစိုးရ တာဝန် ရှိသူတွေ မှာလည်း မီဒီယာများနှင့် နေ့စဉ် တွေ့ပြီးရှင်းလင်းရ၊ နောက်ဆုံး ပြောစရာ မရှိ လျှင်ပင် အစိုးရ အနေဖြင့် တစ်ခုခု လုပ်နေ သည်ဟု မြင်အောင် လူလုံးပြ ရသည့် ဘ၀သို့ေ ရာက်နေ ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး လွှတ်တော် အမတ်တွေ ကလည်း ဒီပြဿနာမှာ ဘာမှ မလုပ်ပဲ နေသည်ဟု မဲဆန္ဒ ရှင်တွေ မထင်စေရန် အတွက် စုံစမ်း စစ်ဆေး ရေးတွေ လုပ်ပြီး ဘီပီ ကုမ္ပဏီကို ကားစင် တင်ဖို့ ကြိုးစား ရသည့် ဘ၀ ရောက်ကုန်သည်။ မီဒီယာ ဖိအား များကြောင့် ဗြိတိသျှ ကုမ္ပဏီ ဖြစ်သည့် ဘီပီ ( British Petroleum ) ပြဿနာက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သည် အထိ ဖြစ်လာ သဖြင့် အိုဘားမားနှင့် ဗြိတိသျှ ၀န်ကြီး ချုပ်သစ် ကင်မရွန်းတို့ ပထမဆုံး တွေ့ဆုံ မှုတွင် အာဖဂန် စစ်ပွဲထက် ဘီပီ ပြဿနာ ကရှေ့တန်း ရောက်လာ ခဲ့ရသည်။  
တကယ်တော့ ယနေ့ အမေရိကန် နိုင်ငံ ရင်ဆိုင် နေရသော ပြဿနာပေါင်း သောင်း ခြောက်ထောင် ရှိသည်။ အာဖဂန်မှာ တာလီဘန်တွေ ပြန်ခေါင်းထောင် လာနေသည်။ ပါကစ္စတန်မှာ အယ်လ်ကေဒါ ကွန်ယက်တွေ များသထက် များလာ နေသည်။ ဥရောပ သမဂ္ဂ၀င် နိုင်ငံများ၏ ကြွေးမြီ ပြဿနာကို နောက်ထပ် စီးပွားရေး ပျက်ကပ်ကို ဦးတည် သွားမည့် အခြေ စိုက်နေသည်။ အရှေ့ အလယ်ပိုင်း ဂါဇာ ပိတ်ဆို့မှု ပြဿနာ ကလည်း မသေသလို အီရန် အရေး ကလည်း ရှိနေ သေးသည်။ ကိုရီးယား ကျွန်းဆွယ် မှာက တင်းမာ မှုတွေ ပိုများ နေသည်။ ဒါတွေ အားလုံးက ပြည်ထောင်စု အစိုးရနှင့် သမ္မတသာ ကိုင်တွယ် ဖြေရှင်း နိုင်စွမ်းရှိသည့်၊ ကိုင်တွယ် ဖြေရှင်း ရမည့် အမျိုးသား လုံခြုံရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်သည်။ သို့သော် မီဒီယာများ ကောင်းမှုကြောင့် အိုဘားမား တစ်ယောက် ထိုအလုပ် တွေထက် အလုပ်ကြမ်း ၀တ်စုံ ၀တ်ပြီး ရေထဲ ဆင်းဖို့၊ ဘီပီ ကုမ္ပဏီ ဥက္ကဌကို ကြိမ်းမောင်းဖို့ ဦးစားပေး လုပ်နေ ရသည်။
တကယ်တော့ အိုဘားမား ကိုယ်တိုင်လည်း မီဒီယာ ဖိအားကို ကောင်းကောင်း နားလည်သည်။ သူ၏ Audacity of Hope စာအုပ်တွင် ဟိုတစ်ချိန် တုန်းကတော့ နိုင်ငံရေး အရ ဘာတွေကို ပြောရမယ်၊ ငြင်းခုန် ရမယ်။ အမတ် တစ်ယောက် အနေနဲ့ ဘာကို လုပ်ရမယ်။ မလုပ်ရဘူး။ ဘာကို ပြောရမယ် ဆိုတာ တွေကို ပါတီ ခေါင်းဆောင်တွေ၊ နောက်ကွယ်က နိုင်ငံရေး ကစား နေသူတွေ၊ ၀ါရှင်တန်က ၀ါရင့် နိုင်ငံရေး ဆရာကြီး တွေက ဆုံးဖြတ် ခဲ့တာပါ။ သူတို့ ဖုန်းတစ်ချက် ဆက်လိုက်ရင် အမတ် တစ်ယောက် လျှမ်းလျှမ်း တောက်သွား နိုင်သလို ချက်ခြင်း နိုင်ငံရေး ဇာတ်သိမ်း သွားရ နိုင်တယ်။ အခုခေတ် မှာတော့ အဲဒီ လူတွေ နေရာကို မီဒီယာ တွေက ယူလိုက်ပါပြီ။ ­­xxxx မဲဆန္ဒ ရှင်တွေ အတွက် ကတော့ ကျွန်တော့်ကို မီဒီယာေ တွက ပုံဖော် ပေးထားတဲ့ အတိုင်းပဲ ထင်မြင် ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရေး လောက အပေါ် မီဒီယာ တွေရဲ့ သြဇာ လွှမ်းမိုးမှုက ပုံစံ မျိုးစုံနဲ့လာတာပါ။  ဟုဆိုခဲ့သည်။
ဤသို့ဆိုလျှင် မီဒီယာသည် ထိန်းကျောင်းသူ၊ အသိပညာ ပေးသူ ဘ၀မှ ကိုယ်ဖြစ် ချင်သည့် အတိုင်း လူထုနှင့် နိုင်ငံရေး သမား များကို ပုံသွင်း ပေးနိုင်သည့် ( opinion former )အဆင့်သို့ ရောက်သွား ပြီဟု ဆိုနိုင်သည်။ ထိုအချိန်တွင် မီဒီယာ များက မီဒီယာ ဈေးကွက် ရရှိရေးကို ကျင့်ဝတ် များထက် ပိုပြီး ဦးစားပေး နေလျှင် စတုတ္ထ မဏ္ဍိုင်၏ သမာသမတ် ကျမှု အခန်း ကဏ္ဍကို ထိခိုက် ပေတော့မည်။
သို့သော် ထိုအခြေ အနေသည် အမေရိကန် အပါအ၀င် စက်မှု ဖွံ့ဖြိုးပြီး ဒီမို ကရေစီ နိုင်ငံများတွင် သာမဟုတ် ဒီမို ကရေစီ အသွင် ကူးပြောင်း ရေးကို ဆောင်ရွက် နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်လည်း ကြုံရမည့် အခြေအနေ ဖြစ်သည်။ ထိုနိုင်ငံ ငယ်များတွင် အသွင် ကူးပြောင်း ရေး၏ အကျိုးဆက် အဖြစ် ပုဂ္ဂလိက မီဒီယာ လောက ဖွံ့ဖြိုး လာသည် နှင့်အမျှ မီဒီယာ လုပ်ငန်း များတွင် စီးပွားရေး လုပ်ငန်း ရှင်များ ပါဝင် လာကြသည်။ ထိုအခါ မီဒီယာ လုပ်ငန်း များသည် ပရိသတ် ရရှိရေး၊ အကျိုး အမြတ် ရရှိရေး အတွက် အပြိုင်အဆိုင် ကြိုးစား ရတော့သည်။ ထိုကြောင့် ပွဲဆူမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေက ရှေ့တန်း ရောက်လာ တော့သည်။ သို့သော် ထိုနိုင်ငံ အများစုမှာ သိမ်မွေ့ ငြင်သာသည့် အသွင် ကူးပြောင်း ရေးကာလကို ဖြတ်သန်း နေရသည့် နိုင်ငံတွေ ဖြစ်သည်။ တာဝန်ရှိ အဖွဲ့ အစည်းများက ပွင့်လင်းသည့် မီဒီယာ များနှင့် အကျွမ်းတ၀င် မဖြစ် သေးသလို၊ မီဒီယာ များကလည်း လွတ်လပ်မှုနှင့် အတူ တွဲပါ လာသည့် ကျင့်ဝတ်တွေ၊ တာဝန် ယူမှု တွေနှင့် အသား မကျသေး။ ထိုအခါ နှစ်ဘက်ကြား ဆက်ဆံရေးက ၀ိရောဓိ ဖြစ်ကုန် တော့သည်။  ထိုအဖြစ်မျိုးကို ရှောင်လွဲ နိုင်ဖို့ ဆိုလျှင် ဈေးကွက် လိုအပ် ချက်နှင့် မီဒီယာ ကျင့်ဝတ် များကို ဟန်ချက် ညီညီ ကျင့်သုံး နိုင်ဖို့ လိုပေ လိမ့်မည်။ တနည်း အားဖြင့် လွတ်လပ်သော မီဒီယာသည် ကောင်းမွန်သော အုပ်ချုပ်မှု စနစ် ပေါ်ပေါက် ရေးနှင့် ဒီမို ကရေစီ ကျင့်စဉ် ထွန်းကားရေး အတွက် မရှိ မဖြစ်ဟု ဆိုရုံနှင့် မပြည့်စုံ  ထို လွတ်လပ်သော မီဒီယာ သည်လည်း တာဝန် သိသော၊ ကျင့်ဝတ်ကို လိုက်နာသော မီဒီယာ ဖြစ်ဖို့ လိုသည် ကိုလည်း သတိ ပြုကြ ရပေ လိမ့်မည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
How Power Shapes the News by Janine Jackson, Peter Hart, and Rachel Coen
၂။
Media bias in the United States၊ Wikipedia.com
၃။
Presidential Pony Show by Fareed Zakaria, Newsweek 21 June 2010
Read more

ရွေးကောက်ပွဲနှင့် စတုတ္ထမဏ္ဍိုင်တာဝန်

ဒီမို ကရေစီ စနစ်၏ အဓိက လက္ခဏာ တစ်ရပ်မှာ ကာလ အပိုင်း အခြား သတ်မှတ်ပြီး ပုံမှန် ကျင်းပသည့် ရွေးကောက် ပွဲများ ဖြစ်သည်။ ရွေးကောက်ပွဲ များတွင် ပြည်သူ တို့က ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ အတိတ်က လုပ်ဆောင် ချက်များ၊ ရှေ့ဆက် အကောင် အထည် ဖော်မည့် မူဝါဒ များကို မှတ်ကျောက်တင် ဆန်းစစ် ကြသည်။ ဒါတွေကို မူတည်ပြီး ရွေးချယ်မှု ပြုကြသည်။ ထိုကဲ့သို့ ပြည်သူတွေ၊ မဲဆန္ဒ ရှင်တွေက မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ် နိုင်ဖို့ အတွက် သတင်း အချက် အလက်တွေ လိုသည်။ ထိုသတင်း အချက် အလက် များကို ဖြည့်ဆည်း ပေးနိုင် သည်က သတင်း မီဒီယာများ ဖြစ်သည်။ ထို့ကြောင့်လည်း ဒီမို ကရေစီ စနစ်၏ နောက်ထပ် လက္ခဏာ တစ်ရပ် အဖြစ် သတင်း လွတ်လပ်ခွင့်ကို သတ်မှတ် ထားခြင်း ဖြစ်သည်။
ဘက်မလိုက်တဲ့မီဒီယာ
ရွေးကောက်ပွဲ နီးပြီ ဆိုသည်နှင့် ပြည်သူတွေ သိချင်သော အကြောင်း အရာ များကို ယျေဘူယျ အားဖြင့် သုံမျိုး ခွဲခြား နိုင်သည်။ ပထမ တစ်ခု ပါတီနဲ့ ကိုယ်စားလှယ် လောင်းများ အကြောင်း ဖြစ်သည်။ ဒုတိယ တစ်ခုက လက်ရှိ အချိန်တွင် ပြည်သူတွေ အတွက် အရေး အကြီးဆုံး မူဝါဒ ဆိုင်ရာ ပြဿနာ များနှင့် ထိုပြဿနာ များအပေါ် ပါတီနှင့် ကိုယ်စားလှယ် လောင်းများ၏ သဘောထား ဖြစ်သည်။ နောက်ဆုံး တစ်ခု ကတော့ မဲပေးပုံ၊ မဲပေး နည်းနှင့် ဆောင်ရန်၊ ရှောင်ရန်တွေ ဖြစ်သည်။
ထိုသတင်း တွေကို ပေးနိုင်ဖို့ အတွက် လွတ်လပ်သော သတင်း မီဒီယာ ရှိရမည်။ ထိုသတင်း မီဒီယာသည် လွတ်လပ်ရုံမျှ သာမက ယုံကြည် စိတ်ချ ရသော မီဒီယာ ဖြစ်ဖို့လည်း လိုသည်။ ဒါမှသာ မဲဆန္ဒ ရှင်များက ဘယ်သူကို ဘယ်လို ရွေးရ မည်ကို မှန်မှန် ကန်ကန် ဆုံးဖြတ် နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ ယုံကြည် စိတ်ချရသည့် သတင်း အချက် အလက်များ ပေးနိုင်ရန် အတွက် မီဒီယာ များသည့် တိကျခြင်း ( Accuracy) ၊ ဘက်မ လိုက်ခြင်း  ( Impartiality ) ၊ တာဝန်ယူ တတ်ခြင်း  ( Responsibility ) တို့နှင့် ပြည့်စုံရ ပေမည်။ ထို့အတူ ပုဂ္ဂိုလ်ရေး အရ အပုတ်ချ ရေးသားခြင်း ( Defamatory )၊ ခိုင်မာ မှုကို မစိစစ်ပဲ ရေးသား မိခြင်း၊ ( Derivative) ၊ နစ်နာအောင် ရည်ရွယ် ရေးသားခြင်း၊( Malicious )၊ အဂတိ လိုက်စားခြင်း ( Corrupt ) တို့ကိုလည်း ရှောင်ကျဉ်ရန လိုအပ် ပေသည်။
ထိုအချက် များအနက် အရေးကြီးဆုံး အချက်မှာ ဘက်မလိုက်မှု ဖြစ်သည်။ ဘက်မလိုက်ဖူး၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မထားဘူးဆိုလျှင် ကျန်အချက်များပြည့်စုံဖို့မခက်ဟု ဆိုနိုင်သည်။ ဘက်မလိုက်ဘဲ သတင်း ရေးသားဖို့ ဆိုလျှင် သတင်း တစ်ပုဒ်တွင် အနည်းဆုံး နှစ်ဘက် အမြင် သဘောထားကို ထည့်သွင်းဖို့ လိုပေသည်။ ကိုယ်စားလှယ်လောင်း တစ်ယောက်က စွတ်စွဲချက် တစ်ခုကို ပြုလုပ်လျှင် သို့မဟုတ် ရွေးကောက်ပွဲ ကတိ တစ်ခုကို ပေးသည် ဆိုလျှင် ထို ပြောကြားချက် အပေါ် အခြား ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ တုန့်ပြန်ချက်၊ သုံးသပ် ချက်များကို ဖော်ပြဖို့ လိုသည်။ ထိုသို့ ဖော်ပြရာတွင် မျှတ ဖို့လည်း လိုပြန်သည်။ တစ်ဘက်ကို များများ၊ တစ်ဘက်ကို နည်းနည်း ဖော်ပြခြင်း၊ မိမိ မလိုလားသော ဘက်က ပြောကြား ချက်များမှ ကောင်းကွက် များကို ချန်ထား ခြင်းတို့ကို ရှောင်ကြဉ် ရပေမည်။ ထို့ကြောင့်လည်း ဘက်မ လိုက်မှုတွင် Fair and Balanced နှစ်ချက်နှင့် ပြည့်စုံဖို့ လိုသည်ဟု ဆိုကြခြင်း ဖြစ်သည်။
ဘက်မလိုက် မှုနှင့် ပတ်သက်ပြီး နောက်ထပ် အရေးကြီးသော အချက် တစ်ခုရှိ သေးသည်။ ထိုအချက်မှာ သတင်းထောက် သို့မဟုတ် အယ်ဒီတာများ အနေဖြင့် မည်သည့် ပါတီ၊ အဖွဲ့ အစည်းတွင် မှ ပါဝင် လှုပ်ရှားခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်ခြင်း မပြုရန် ဆိုသည့် အချက် ဖြစ်သည်။ သတင်းထောက်များ၊ အယ်ဒီတာ များတွင်လည်း ယုံကြည် ချက်များ ရှိကြ မည်သာ ဖြစ်သည်။ သို့သော် သတင်း မီဒီယာ သမားများ အနေဖြင့်မူ ရွေးကောက်ပွဲ နှင့် ပတ်သက်လျှင် မိမိ နိုင်ငံရေး ယုံကြည်မှုက လွှမ်းမိုး မသွား စေရန်၊ မိမိ ရေးသား ချက်များတွင် မိမိအနေ ဖြင့် မည်သည့် ပါတီ၊ မည်သည့် ပုဂ္ဂိုလ်ကို ထောက်ခံသည်ကို စာဖတ် ပရိသတ်က ကောက်ချက် ဆွဲမသွားအောင် ထိန်းသိမ်း နိုင်ဖို့လိုပါသည်။ ဒါသည်ပင် စာနယ်ဇင်း သမား စစ်စစ်များ လိုက်နာ ရမည့် စံနှုန်း တန်ဖိုးလည်း ဖြစ်သည်။
ဘက်လိုက်မှုတွေ
သို့သော် လက်တွေ့ နယ်ပယ်တွင် ထိုစံများ အတိုင်း လိုက်နာရန် ခက်ခဲ လှသည်ကို တွေ့ရသည်။ စာနယ်ဇင်း သမားများ မှာလည်း ခံစားချက် ရှိသူများ ဖြစ်ရာ အနည်းနှင့် အများ တိမ်းစောင်းမှု၊ ဘက်လိုက် မှုများ ရှိကြ မည်သာ ဖြစ်သည်။ ထိုကဲ့ သို့သော ဘက်လိုက်မှု များနှင့် ပတ်သက်ပြီး မက်ကွေး (Mc Gural) က ရွေးကောက်ပွဲ ကာလတွင် နိုင်ငံရေး ဘက်လိုက် မှုသည် ပုံစံ လေးမျိုးနှင့် ဖြစ်ပေါ် နိုင်သည်ဟု ဆိုသည်။
ပထမ ဘက်လိုက် မှုမှာ ပုဂ္ဂိုလ်ရေး ဘက်လိုက်မှု ဖြစ်သည်။ ထို ဘက်လိုက်မှု များမှာ စာနယ်ဇင်း သမားများ၏ ပုဂ္ဂိုလ်ရေး ခံစားချက်၊ ပုဂ္ဂိုလ်ရေး ကြည်ညိုမှု များကို အခြေခံပြီး ဖြစ်ပေါ်ခြင်း ဖြစ်သောကြောင့် ထင်ထင် ရှားရှား မြင်နိုင်သည်။ လုပ်ဆောင် သူကလည်း ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုဘက်လိုက်မှု မျိုးကို အယ်ဒီတာ့ အာဘော် ဆောင်းပါးများ၊ ခေါင်းကြီး များတွင် အများဆုံး တွေ့ရ တတ်သည်။
ဒုတိယ ဘက်လိုက် မှုမျိုး ကတော့ ၀ါဒ ဖြန့်ချိရေး သဘော တရား အရ ဘက်လိုက် မှုမျိုး ဖြစ်သည်။ မိမိ လိုလားသော ပါတီ၊ ပုဂ္ဂိုလ်နှင့် ပတ်သက်လျှင် သာသာ ထိုးထိုး ရေးသကဲ့သို့ မလိုသူ ဘက်ကို ဖိဖိ နှိပ်နှိပ် ရေးခြင်းမျိုး ဖြစ်သည်။ ထိုဘက်လိုက်မှု မျိုးကို စကားလုံးများ ရွေးချယ် ရာတွင် တွေ့နိုင်သည်။ ဒီမို ကရစီ လိုလား သူများ၊ သဘောထား ပျော့ပြောင်းသူ၊ အစွန်းရောက် သမား၊ စစ်သွေး ကြွများ ဆိုသည့် စကားလုံး များကို တစ်ခါ တစ်ရံတွင် ဘက်လိုက်သည့် သဘောဖြင့် သုံးနှုန်း သည်ကို တွေ့နိုင် ပါသည်။
တတိယ ဘက်လိုက်မှု ကတော့ အတွေး အခေါ် သဘော အရ ဘက်လိုက်မှု ဖြစ်သည်။ စာနယ်ဇင်း သမား၏ ပုဂ္ဂိုလ်ရေး ယုံကြည် မှုများ၊ တန်ဖိုး များကို အခြေခံပြီး ဘက်လိုက် မိခြင်း ဖြစ်သည်။ ဥပမာ အားဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို စိတ်ဝင် စားသူ ဆိုပါက ပြဿနာ တစ်ခုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင် ဘက်မှ အလေးကဲ စဉ်းစား သဖြင့် အခြား ရှုထောင့် များကို ထည့်သွင်း စဉ်းစား ရေးသားရန် ပျက်ကွက်ခြင်း မျိုးဖြစ်သည်။
နောက်ဆုံး ဘက်လိုက်မှု အမျိုးအစား မှာမူ မရည် ရွယ်ဘဲ ဘက်လိုက်မှု ဖြစ်သည်။ ထိုဘက်လိုက်မှု မျိုးမှာ လုပ်ငန်း သဘောအရ စဉ်းစားပြီး သတင်း အဖြစ် ရွေးချယ် ရာတွင် ဖြစ်ပေါ်လေ့ ရှိသည်။  စာနယ်ဇင်း များအနေဖြင့် မိမိ သတင်းစာ၊ မိမိဂျာနယ် ရောင်းအား ကောင်းအောင်လည်း ထည့်သွင်း စဉ်းစား ရပေရာ လူများ စိတ်ဝင် စားသော ပုဂ္ဂိုလ် အဖွဲ့ အစည်း အကြောင်းကို ဦးစားပေး ဖော်ပြ ခြင်းဖြင့် ဘက်လိုက် သကဲ့သို့ ဖြစ်သွား တတ်သည်ကို တွေ့ရသည်။ မြန်မာ သတင်းစာ ဆရာများ အတွက် သတင်း ပညာ စာစောင်ကို ရေးသား ပြုစုခဲ့သူ ဂျွို့က်ဆလုံး ကတော့ ရွေးကောက်ပွဲမှာ သမာသမတ် ကျစေရန် အတွက် အချို့ ဂျာနယ်များ အနေဖြင့် ကိုယ်စား လှယ်လောင်း အားလုံး အတွက် ဖော်ပြ ပေးမည့် စာမျက်နှာ အကျယ်၊ စာလုံး အရေအတွက် စသည် တို့ကို တစ်ညီတည်း သတ်မှတ် ပေးလေ့ ရှိပုံကို ဥပမာ အဖြစ် ဖော်ပြ ထားသည်။ ထိုနည်းလမ်းသည် မရည်ရွယ်ဘဲ ဘက်လိုက်မှုကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း တစ်ခုလည်း ဖြစ်သည်။
ကျွန်တော်တို့ဆီမှာ
ကျွန်တော်တို့ နိုင်ငံ တွင်လည်း မကြာမီ ကြားဖြတ် ရွေးကောက် ပွဲများ ကျင်းပ တော့မည် ဖြစ်သည်။ အစိုးရသစ် လက်ထက်တွင် အကောင် အထည် ဖော်ခဲ့သည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ဆောင် ချက်များ၏ ရလဒ်ကြောင့် ယခု ရွေးကောက်ပွဲကို ပြည်သူတွေ ပိုပြီး စိတ်ဝင်စား ကြသည်။ သတင်း မီဒီယာများ ဘက်တွင်လည်း အစိုးရ သစ်၏ မူဝါဒ အပြောင်း အလဲ များကြောင့် နိုင်ငံရေး သတင်းတွေ၊ ရွေးကောက်ပွဲ သတင်းတွေကို ပိုပြီး လွတ်လွတ် လပ်လပ် ရေးနိုင် နေပြီ ဖြစ်သည်။ ပြည်သူတွေ အတွက် လိုအပ်သော သတင်း အချက် အလက်တွေ ပိုပြီး ပေးနိုင် နေပြီ ဖြစ်သည်။
သို့သော် စာနယ်ဇင်း အနည်းစု ကသာ ယနေ့ ပြည်သူတွေ အတွက် အရေးကြီးဆုံး ဖြစ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ များနှင့် ပတ်သက်ပြီး ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ မူဝါဒများ၊ ထုတ်ပြန် ချက်များကို စိစိစစ်စစ် ဝေဖန် သုံးသပ်ခြင်း၊ ရွေးကေက်ပွဲ မဲပေးခြင်း၊ မဲစာရင်း ပြုစုခြင်း၊ မဲရေတွက် ခြင်းတို့နှင့် ပတ်သက်ပြီး ပြည်သူကို အသိပညာ ပေးခြင်း တို့ကို ပြုလုပ် နေပြီး အများစု မှာမူ အဖွဲ့ အစည်းနှင့် ကိုယ်စားလှယ် လောင်းများ၏ လှုပ်ရှားမှု သတင်း များကိုသာ ဦးစားပေး ဖော်ပြ နေသည်ကို လေ့လာ တွေ့ရှိရ ပါသည်။
ထိုကဲ့သို့ လှုပ်ရှားမှု သတင်းများ ဖော်ပြ ရာတွင်ပင် ကြားဖြတ် ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပါတီ ၁၇ ခုအနက် အနည်းစု အကြောင်း ကိုသာ ဖော်ပြ နေပြီး ကျန်ပါတီ အများစု၏ သတင်း များကို ဖော်ပြမှု မရှိ သလောက်ပင် ဖြစ်နေ သည်ကို တွေ့ရပါသည်။ ဥပမာ အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပေါ်ပေါက် လာသည့် နိုင်ငံရေး အသားပေး ဂျာနယ် တစ်စောင်၏ ဇန်န၀ါရီလ ၂၆ ရက်နေ့မှ  ဖေဖော် ၀ါရီလ ၂၃ ရက်အကြား ထုတ်ဝေ ခဲ့သော ဂျာနယ် လေးစောင်ကို လေ့လာခဲ့ရာ ပါတီ တစ်ခုတည်းမှ ကိုယ်စားလှယ် လောင်းများ ၏ တွေ့ဆုံ မေးမြန်းခန်း များကို ၁၂  ကြိမ် ဖော်ပြထားပြီး ကျန်ပါတီ ၁၆ ခုမှ ပါတီ သုံးခု၏ ကိုယ်စားလှယ် လောင်းများနှင့် တွေ့ဆုံ မေးမြန်းမှု သုံးကြိမ်သာ ဖော်ပြထား သည်ကို လေ့လာ တွေ့ရှိ ရပေသည်။ အကယ်၍ ပါတီ လှုပ်ရှားမှု သတင်းများ ကိုပါ ထည့်သွင်း တွက်ချက်မည် ဆိုလျှင် ပါတီကြီး တစ်ခုနှင့် ကျန်ပါတီများ အကြား သတင်း ဖော်ပြ ခံရမှု ပိုမို ကွာခြား သည်ကို တွေ့ရမည် ဖြစ်သည်။  ဂျာနယ် အယ်ဒီတာ အဖွဲ့ အနေဖြင့် မည်ကဲ့သို့ စဉ်းစား လုပ်ဆောင် ခဲ့သည်ကို မသိ နိုင်သော်လည်း ကိန်းဂဏန်း အရ ပြောမည် ဆိုလျှင် ထိုဂျာနယ် အနေဖြင့် ကျန်ပါတီ များအပေါ် ခွဲခြား ဆက်ဆံရာ ရောက်သည်၊ ပါတီ တစ်ခု အတွက် ဘက်လိုက် ဖော်ပြရာ ရောက်သည်ဟု ကောက်ချက်ချ ရမည်သာ ဖြစ်ပေသည်။
မှတ်ကျောက် တင်စရာ
ထိုကဲ့သို့ အဖြစ်မျိုး တွေကား မြန်မာ နိုင်ငံမှာ သာမဟုတ် အမေရိကန်လ နိုင်ငံ မျိုးမှာပင် မီဒီယာ တွေ၏ ဘက်လိုက် မှုတွေ ရှိနေဆဲ ဖြစ်သည်။ စာနယ်ဇင်း ပညာရှင် Ross Howard ကတော့ သူ့ရဲ့ An Elections Reporting Handbook မှာ ဘက်လိုက်မှု အနည်းဆုံး ဖြစ်ဖို့ အတွက် စာနယ်ဇင်း သမားများ အနေဖြင့် ရွေးကောက်ပွဲ သတင်း များကို အောက်ပါစံ ခုနှစ်ချက်နှင့် တိုက်ပြီး စစ်ဆေး ပါဟု အကြံ ပြုသည်-
၁။
သတင်း မှန်မှန် မမှန် အတည်ပြု နိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ် မှုတွေ လုပ်ပြီး၊ မပြီး။
၂။
ဘက်လိုက်မ မရှိဘဲ ကွဲပြား ခြားနားသည့် အမြင် အားလုံးကို မျှမျှတတ ထင်ဟပ် ရေးသားပြီး၊ မပြီး။
၃။
မိမိ ရေးသားသည့် သတင်း အပေါ် တာဝန်ခံ နိုင်မှု၊ တာဝန်ယူ နိုင်မှု ရှိမရှိ။
၎။
မဲဆန္ဒ ရှင်များ သိသင့် သိထိုက်သော အချက်များ၊ ၎င်းတို့နှင့် သက်ဆိုင်သော သတင်း အချက် အလက်များ ပါဝင်မှု ရှိ မရှိ။
၅။
ဖြစ်စဉ် တစ်ရပ် လုံးကို ခြုံငုံ ဖော်ပြ နိုင်ခြင်း ရှိ မရှိ၊ အရေးကြီးသော အချက်များ အားလုံးကို စာသား၊ ရုပ်ပုံ တို့ဖြင့် ဖော်ပြ ထားခြင်း ရှိ၊ မရှိ။
၆။
မဲဆန္ဒ ရှင်များ အတွက် မှန်ကန်သော ရွေးချယ်မှု ပြုလုပ် နိုင်အောင် အထောက် အကူပြု နိုင်ခြင်း ရှိ၊ မရှိ။
၇။
လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် အတွက် အခြား ဖော်ပြ သင့်သော သတင်း အချက် အလက်များ ရှိ၊မရှိ။
ရွေးကောက်ပွဲ တစ်ခု ပြုလုပ်တိုင်း လွတ်လပ်ပြီး တရား မျှတမှု ရှိရန် အားလုံးက မျှော်လင့် ကြစမြဲ ဖြစ်ပါသည်။ သို့သော် လွတ်လပ်ပြီး တရား မျှတမှု ရှိစေ ရန်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီ များတွင်သာ တာဝန် ရှိသည် မဟုတ်ပေ။ စတုတ္ထ မဏ္ဍိုင် ဖြစ်သည့် စာနယ် ဇင်းများ ကိုယ်တိုင် ကလည်း ဘက်လိုက် မှုမရှိ၊ အစွဲ ကင်းစွာဖြင့် စောင့်ကြည့်ခြင်း၊ အသိပညာ ပေးခြင်း တို့ဖြင့် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဆောင် ပေးဖို့ လိုပါသည်။ သို့မှသာ စတုတ္ထ မဏ္ဍိုင် တာဝန် ကျေပွန် သည်ဟု ဂုဏ်ယူ နိုင်မည် ဟု ထင်ပါသည်။                               
ရဲထွဋ်
Bi Weekly : (09-03-2012)
မှီငြမ်းပြုစာစောင်များ

၁။
An Elections Reporting Handbook by Ross Howard
၂။
Support the Media During the Election , International Media Support
၃။
မီဒီယာနှင့်နိုင်ငံရေး၊ မိမိကြီး (IR), မျက်မှောက်ရေးရာစာစောင်
၎။
မြန်မာသတင်းစာဆရာများအတွက် သတင်းပညာ၊ ဂျွိုက်ဆလုံး
Read more

ဘက်မလိုက်တဲ့မီဒီယာ

မည်သည့် ရွေးကောက် ပွဲတွင် မဆို ရွေးကောက်ပွဲ အကြို မဲဆွယ် စည်းရုံးမှု ကာလတွင် မီဒီယာများ အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများနှင့် ပတ်သက်ပြီး ပြည်သူ များကို အသိပေး ရမည် ဖြစ်သည်။ ထို တာဝန်ကို မီဒီယာ များက မည်ကဲ့သို့ ထမ်းဆောင် မည်ဆိုသည့် အချက်သည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ် ရေးတွင် အရေး ကြီးသည့် အချက်ဟု ဆိုနိုင် ပါသည်။
လွတ်လပ်မှုနှင့် ယုံကြည်စိတ်ချရမှု
ရွေးကောက်ပွဲ သတင်း ရေးသား မှုနှင့် ပတ်သက်လျှင် အများဆုံး ပြောလေ့ရှိသော၊ ကြားရလေ့ ရှိသော စကားလုံးမှာ မီဒီယာ လွတ်လပ်ခွင့် ဆိုသော စကား လုံးပင် ဖြစ်မည် ထင်သည်။ သို့သော် မီဒီယာ လွတ်လပ် ခွင့်မှာ သက်ဆိုင်ရာ နိုင်ငံ အပေါ် မူတည်ပြီး အတိုင်း အတာ ကွာခြား နိုင်ပေသည်။
ထိုကဲ့သို့ လွတ်လပ်မှု ပမာဏခြင်း ကွာခြား သော်လည်း ရွေးကောက်ပွဲ သတင်းများ ရေးသား ရာတွင် မီဒီယာ များ၏ သတင်း ရေးသား ပေးပို့မှု များသည် ယုံကြည် စိတ်ချ ရမှု ရှိရန် လိုသည် ဆိုသည့် အချက် မှာမူ နိုင်ငံ အားလုံးတွင် အတူတူပင် ဖြစ်သည်။ ယုံကြည် စိတ်ချ ရမှုနှင့် ပတ်သက်လျှင် စံတစ်ခု တည်းသာ ရှိသည်ဟု ဆိုနိုင်သည်။ မီဒီယာများ အနေဖြင့် ပါတီ မူဝါဒများ၊ ကိုယ်စားလှယ် လောင်းများ၏ အရည် အချင်း များနှင့် ပတ်သက်လျှင် လွတ်လပ်ပြီး ယုံကြည် စိတ်ချ ရသည့် သတင်း အချက် အလက်များ ပေးအပ်ရန် လိုအပ် ပေသည်။ ထိုကဲ့သို့ ယုံကြည် စိတ်ချ ရသည့် သတင်း အချက် အလက်များ ပေးနိုင်ရန် အတွက် မီဒီယာ များသည့် တိကျခြင်း ( Accuracy) ၊ ဘက်မလိုက်ခြင်း  ( Impartiality ) ၊ တာဝန်ယူ တတ်ခြင်း  ( Responsibility ) တို့နှင့် ပြည့်စုံ ရပေမည်။ ထို့အတူ ပုဂ္ဂိုလ်ရေး အရ အပုတ်ချ ရေးသားခြင်း ( Defamatory ) ၊ ခိုင်မာမှုကို မစိစစ်ပဲ ရေးသား မိခြင်း၊ ( Derivative) ၊ နစ်နာအောင် ရည်ရွယ် ရေးသားခြင်း၊( Malicious )၊ အဂတိ လိုက်စားခြင်း ( Corrupt ) တို့ကိုလည်း ရှောင်ကျဉ်ရန် လိုအပ် ပေသည်။ ထိုအချက်များကို စောင့်ထိန်း နိုင်ရန် အတွက် အောက်ပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် မီဒီယာများ ဘက်က လိုက်နာအပ်၊ စောင့်ထိန်း အပ်သော အချက် များကို သိရှိ ထားရန် လိုအပ် ပါသည်။
နိုင်ငံရေးပါတီများ နှင့်မဲဆွယ်စည်းရုံးမှုများ
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု ကာလတွင် မဲဆန္ဒ ရှင်များ အနေဖြင့် ၎င်းတို့၏ ရွေးချယ် ပိုင်ခွင့် အခွင့် အရေးကို မှန်မှန် ကန်ကန် အသုံးချ နိုင်အောင် မီဒီယာ များက အထောက် အကူ ပေးရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ရာတွင် နိုင်ငံရေး ပါတီ များ၏ မူဝါဒများ၊ ရွေးကောက်ပွဲ မဟာ ဗျူဟာ များနှင့် ပတ်သက်ပြီး အသိပေး ခြင်းလည်း ပါဝင်သည်။ ထို့အတူ ပါတီ ခေါင်းဆောင်များ အကြောင်း၊ ပါတီ၏ အတိတ် ကာလက လုပ်ဆောင်မှု များကိုလည်း အသိ ပေးရန် လိုအပ်သည်။
ပါတီစုံ စနစ်တွင် နိုင်ငံရေး ပါတီများသည် ၎င်းတို့၏ ခေါင်းဆောင်ကို ဗဟိုပြုပြီး မဲဆွယ် စည်းရုံး သည်က များသည်။ မိမိတို့ ပါတီ ခေါင်းဆောင်ကို မဲဆန္ဒရှင် များကို နှစ်သက်အောင်၊ ကြည်ညို လေးစားအောင် ပုံဖော် ကြသည်။ ထိုအခါ ပါတီ ခေါင်းဆောင်ကို လေးစားသည့်၊ နှစ်သက်သည့် မဲဆန္ဒရှင် များက ပါတီကို ကိုယ်စား ပြုသည့် ကိုယ်စားလှယ် လောင်းများကို မဲများ ပုံအော ပေးတော့သည်။ ထို ဖြစ်စဉ်သည် ဒီမို ကရေစီ အသွင် ကူးပြောင်း ရေးကို လုပ်ဆောင် နေသည့် နိုင်ငံ များမှာ သာမက ဒီမို ကရေစီကို နှစ်ပေါင်း ရာချီ ကျင့်သုံး ခဲ့သည့် နိုင်ငံများ မှာပင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေး ပါတီများက မိမိတို့ ခေါင်းဆောင်၏ ပုံရိပ်ကို အကောင်းဆုံး ပုံဖော် နိုင်ရန် အတွက် ပြည်သူ့ ဆက်ဆံရေး ကျွမ်းကျင် သူများ၊ မိန့်ခွန်း ရေးသား သူများကို ငွေပုံ ပေးပြီး အသုံးချ နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပုံဖော်မှု များကို မဲဆန္ဒ ရှင်များ ထံသို့ အမြန်ဆုံးနှင့် အထိ ရောက်ဆုံး ပို့နိုင်သော လမ်းကြောင်းမှာ မီဒီယာ များပင် ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေး ပါတီများက မီဒီယာ များက တဆင့် ၎င်းတို့ပါတီ၊ ၎င်းတို့ ခေါင်းဆောင်၏ ပုံရိပ်ကို ၎င်းတို့ လိုလားသည့် ပုံစံ အတိုင်း ပုံဖော် နိုင်အောင် ကြိုးစားကြ စမြဲ ဖြစ်သည်။ ထိုကဲ့သို့ မိမိတို့ ပါတီ အတွက် အကျိုးရှိ စေမည့် သတင်း များကို Soft News ဟု ခေါ်သည်။  မိမိကို ထောက်ခံ သူများနှင့် ရင်းနှီးစွာ ပြောဆို နှုတ်ဆက် နေမှု၊ ကလေးငယ် များနှင့် ရင်းနှီးစွာ နေထိုင်မှု၊ ဖွင့်ပွဲ အခမ်း အနားများ တက်ရောက်မှု၊ ပါတီ၏ အောင်မြင်မှု များကိုသာ အသားပေး ပြောကြားသည့် မိန့်ခွန်း၊ မိမိ ပါတီကို လိုလားသည့် သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်းခန်းများ စသည် တို့သည် Soft News များဖြစ်သည်။ ဘက်မလိုက်သည့် မီဒီယာ တစ်ခုသည် ထိုကဲ့သို့ Soft News များကိုသာ ဖော်ပြ နေ၍ မရဘဲ ပါတီနှင့် ပါတီ ခေါင်းဆောင်၏ အားသာချက်၊ အားနည်း ချက်များကို မျှမျှ တတ ပေါ်လွင်အောင် ဖော်ပြ ပေးရန် လိုအပ်သည်။ သတင်းစာ ရှင်းလင်းပွဲ များတွင် မဲဆန္ဒရှင် များသိသင့် သိထိုက် သည်ဟု ယုံကြည့်သည့် အချက် များကို မေးမြန်း ၀ံ့ရန် လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်း မပြုလျှင် ထို မီဒီယာသည် နိုင်ငံရေး ပါတီ တစ်ခု ပြောသမျှ သံယောင် လိုက်နေသည့် ဘ၀သို့ရောက်သွား မည်ဖြစ်သည်။
မိန့်ခွန်းများ
မဲဆွယ် စည်းရုံးမှု ကာလတွင် ပါတီ ခေါင်းဆောင် များက သာမက ကိုယ်စားလှယ် လောင်းများ ကပါ လူထု အစည်း အဝေးများ၊ သတင်းစာ ရှင်းလင်းပွဲ များတွင် မိမိတို့ ပါတီ အတွက် မဲဆွယ် စည်းရုံးသည့် မိန့်ခွန်း များကို ပြောကြား ကြမည် ဖြစ်သည်။ မီဒီယာ တို့၏ တာဝန်မှ ထိုမိန့်ခွန်း များကို က မှ အ အထိ လုံးစေ့ ပတ်စေ့ ဖော်ပြရန် မဟုတ်ပေ။ မိန့်ခွန်းပါ အရေး ကြီးသော အချက် များကို ဖော်ပြရန် လိုအပ် သကဲ့သို့ မိန့်ခွန်း ပြောသည့် နေရာ၊ ပြောကြားသည့် ပရိသတ် အမျိုးအစား ကိုလည်း ဖော်ပြရန် လိုအပ် ပေသည်။ ထိုထက် ပိုပြီး အရေးကြီး သည်မှာ ထိုမိန့်ခွန်းအပေါ်  မဲဆန္ဒရှင် များ၏ တုန့်ပြန်ချက်၊ အခြား ပါတီ တစ်ခု အပေါ် ဝေဖန် တိုက်ခိုက် မှုများ ပါဝင်ပါက သက်ဆိုင်ရာ ပါတီ၏ တုန့်ပြန်ချက် များကို ထည့်သွင်း ဖော်ပြ ပေးရန် လိုအပ် ခြင်းပင် ဖြစ်သည်။ သို့မှသာ မီဒီယာ များ၏ သတင်း ရေးသားချက် များသည် မျှတပြီး ဘက်မလိုက်ရာ  ( Fair , Balance and Impartial)  ရောက်မည် ဖြစ်သည်။ အကယ်၍ မိန့်ခွန်းတွင် ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများ၊ အကြမ်း ဖက်မှု၊ လူမျိုး ခွဲခြားမှု တို့ကို လှုံ့ဆော်သော အသုံးအနှုန်း ဘာသာရေးကို နိုင်ငံရေး အတွက် အသုံး ချသည့် ဟောပြော မှုများ စသည့် ဖော်ပြရန် မသင့်သော စကားလုံးများ ပါဝင် လာခဲ့ လျှင်မူ မီဒီယာများ အနေဖြင့် ချန်လှပ်ထား ပိုင်ခွင့် ရှိပေသည်။
မီဒီယာ သမားများ အနေဖြင့် ဘက်လိုက်ပဲ ဓမ္မ အဓိဋ္ဌာန် ကျကျ တင်ပြရန် တာဝန် ရှိသည့် အတွက် နိုင်ငံရေး သမားများ၏ မိန့်ခွန်းများ အပေါ် မိမိ၏ ကိုယ်ပိုင် ထင်မြင် ယူဆချက် များကို ထည့်သွင်း ဖော်ပြခြင်းမှ ရှောင်ရှား ရပေမည်။ သို့သော် နိုင်ငံရေး သမားတစ်ဦး၏ မိန့်ခွန်းပါ အချက် များသည် အခြား နေရာ တစ်ခုတွင် ပြောကြား ခဲ့သည့် မိန့်ခွန်းနှင့် ကွဲလွဲ နေလျှင် လည်းကောင်း၊ ပါတီ၏ မူဝါဒများ နှင့် ကွဲလွဲ နေလျှင် လည်းကောင်း သတင်း သမား တစ်ဦး အနေဖြင့် ထို ကွဲလွဲချက် များကို ထောက်ပြရန် တာဝန် ရှိပေသည်။ ထိုကဲ့သို့ ဆောင်ရွက် မှသာ မီဒီယာ များသည် နိုင်ငံရေး ပါတီများကို ကြော်ငြာ ပေးသည့် အဖြစ်မှ လွတ်မြောက်ပြီး မှန်ကန်သည့် စတုတ္ထ မဏ္ဍိုင် အဖြစ်သို့ရောက်ရှိ နိုင်မည် ဖြစ်သည်။
ပြည်သူ့သဘောထားစစ်တမ်း
ပါတီစုံ ရွေးကောက်ပွဲ များ၏ ထူးခြားသော အင်္ဂါရပ် တစ်ခုမှာ ပြည်သူ့ သဘောထား စစ်တမ်းများ Opinion Poll ပင်ဖြစ်သည်။ ထိုစစ်တမ်း များကို သတင်း ဌာနများက ကောက်ယူလေ့ ရှိသကဲ့သို့ လွတ်လပ်သော သုတေသန အဖွဲ့များ ကလည်း ကောက်ယူလေ့ ရှိသည်။ နိုင်ငံရေး ပါတီ များကလည်း ၎င်းတို့ အစီ အစဉ်ဖြင့် ကောက်ယူ သည်လည်း ရှိသည်။ သတင်း ဌာနများ ကလည်း ရွေးကောက်ပွဲ နီးလာလေ ပြည်သူ့ သဘောထား စစ်တမ်း များကို စိတ်ဝင်စား ဖွယ်ရာ သတင်း အဖြစ် သတ်မှတ်ပြီး ထုတ်ပြန်လေ့ ရှိသည်။
ထိုစစ်တမ်း များသည် မည်သည့် ပါတီအား ထောက်ခံမည် ဆိုသည်ကို တိတိပပ ဆုံးဖြတ် နိုင်ခြင်း မရှိသည့် မဲဆန္ဒရှင် များ၏ အဆုံး အဖြတ် အပေါ် သြဇာ သက်ရောက်နိုင် သကဲ့သို့ မိမိပါတီ၊ မိမိ ထောက်ခံသော ကိုယ်စားလှယ်လောင်း နိုင်ရန် အလား အလာ မရှိဟု ယူဆပြီး မဲမပေးပဲ နေခြင်း များလည်း ဖြစ်ပေါ် စေနိုင်သဖြင့် မဲဆန္ဒ ရှင်များ၏ အဆုံးအဖြတ် ပေါ်တွင်လည်း ကြီးမားသည့် အကျိုး သက်ရောက်မှု ရှိသည်ဟု ဆိုနိုင် ပါသည်။ ပြည်သူ့ သဘောထား စစ်တမ်း များ၏ အရေးကြီး မှုကြောင့်လည်း အချို့ နိုင်ငံများတွင် မဲပေးမှု မစတင်မီ ကာလတစ်ခုတွင် စစ်တမ်း ကောက်ယူခြင်း၊ ထုတ်ပြန် ကြေညာခြင်း မပြုရန် သတ်မှတ် ထားခြင်း ဖြစ်သည်။
ထို့ကြောင့် သတင်း မီဒီယာများ အနေဖြင့် ပြည်သူ့ သဘောထား စစ်တမ်း ကောက်ယူမှု များကို ဖော်ပြခြင်း မပြုမီ ထိုစစ်တမ်း ကောက်ယူသည့် အဖွဲ့ အစည်း၏ ယုံကြည် စိတ်ချ ရမှုနှင့် ဘက်မလိုက် မှုကို ဆန်းစစ်ရန် လိုအပ် ပေသည်။ ထို့ပြင် စစ်တမ်း ကောက်ယူခြင်း ခံရသည့် ပြည်သူ အရေ အတွက်နှင့် ကောက်ယူသည့် နည်းလမ်း များကိုလည်း ဆန်းစစ်ရန် လိုအပ်သည်။ နိုင်ငံတကာ စံများ အရ အနည်းဆုံး လူ ၂၅၀၀ ဦးကို မေးမြန်း ကောက်ခံ ထားသည့် စစ်တမ်း ကောက်ယူမှု ကိုသာ ခိုင်မာသည် ဟု သတ်မှတ် ထားသည် ကိုလည်း သတိပြုရန် လိုအပ် ပါသည်။ ဖြစ်နိုင် ပါက စစ်တမ်း ကောက်ယူမှု တစ်ခု တည်းကို ဖော်ပြမည့် အစား အခြား စစ်တမ်း ကောက်ယူမှု များနှင့် နှိုင်းယှဉ် ဖော်ပြ သင့်ပေသည်။
မဲဆန္ဒရှင်တို့အသံ
သတင်း မီဒီယာ များသည် ရွေးကောက်ပွဲ ကာလတွင် ပါတီနှင့် ကိုယ်စားလှယ် လောင်းများ၏ မိန့်ခွန်းများ၊ မူဝါဒ ကြေညာ ချက်များ၊ လှုပ်ရှားမှု များကိုသာ အသားပေး ဖော်ပြလေ့ ရှိသည်။ ထိုကဲ့သို့သော သတင်း များကိုသာ တန်ဖိုး ရှိသည့် သတင်းများ အဖြစ် သတ်မှတ်လေ့ ရှိသည်။ သို့သော် ရွေးကောက် ပွဲသည် ပါတီများ၊ နိုင်ငံရေး သမားများ အတွက် မဟုတ်၊ မဲဆန္ဒရှင် ပြည်သူများ အတွက် ဖြစ်သည်ကို မမေ့ရန် လိုအပ် ပေသည်။ မဲဆန္ဒရှင် များက ၎င်းတို့ ဘာတွေ လိုအပ် နေသည်၊ ဘာတွေ ဖြစ်ချင် နေသည်ကို နိုင်ငံရေး ပါတီ များကို အသိပေး ရမည် ဖြစ်သည်။ နိုင်ငံရေး ပါတီ များက ထိုလိုအပ်သော ဆန္ဒများကို ၎င်းတို့ မည်ကဲ့သို့ ဆောင်ရွက် ပေးနိုင် သည်ကို ပြောရမည်၊ ပြဿနာ များကို ဖြေရှင်း နိုင်မည့် နည်းဗျူဟာ၊ မဟာ ဗျူဟာ များကို ချပြ ရမည်။ တိုင်းပြည် အတွက် အကျိုး ရှိမည့် လုပ်ငန်း တွေကို မဲဆန္ဒရှင်များ သိအောင် ချပြ ရမည်။ ထိုအချက် များကို သုံးသပ် လေ့လာပြီး မဲဆန္ဒရှင် ပြည်သူ များက ဆုံးဖြတ်ခြင်း၊ ရွေးချယ်ခြင်း ပြုလုပ် ကြမည် ဖြစ်သည်။ ထိုကဲ့သို့ မဲဆန္ဒရှင် ပြည်သူများ မှန်မှန် ကန်ကန် ရွေးချယ် နိုင်ရန် အတွက် လိုအပ်သောသတင်း အချက်အလက်များကို ပေးနိုင်သည့်အရာမှာ မီဒီယာများသာဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ကာလ သတင်း ရေးသားချက် များသည် ပါတီများ ထံမှ ပြည်သူများ ထံသို့သာ တစ်လမ်းသွား မဟုတ်ဘဲ ပြည်သူ များနှင့် ပါတီများ အကြား အပြန်အလှန် နှစ်လမ်းသွား ဖြစ်အောင် မီဒီယာ များက လုပ်ဆောင် ပေးရမည် ဖြစ်သည်။ တနည်း အားဖြင့် ပါတီ များ၏ အသံ သာမက မဲဆန္ဒရှင် များ၏ အသံ ကိုလည်း ကိုယ်စား ပြုရန် လိုအပ် သည်ဟု ဆိုနိုင် ပါသည်။
အထက်တွင် ဖော်ပြ ခဲ့သည် အချက် များသည် ရွေးကောက်ပွဲ သတင်း ရေးသား ရာတွင် သတိပြု သင့်သော အချက်များ ထဲမှ အချို့ မျှသာ ဖြစ်ပါသည်။ သတင်း ရေးသားမှု ပုံစံ၊ မီဒီယာ များ၏ ကျင့်ဝတ်၊ မီဒီယာ များကို စောင့်ကြည့် ထိန်းကျောင်း ပေးရေး စသည့် အကြောင်း အရာ များစွာ ကျန်ပါ သေးသည်။ ဒီမို ကရေစီ အသွင် ကူးပြောင်း ရေးကို စတင် လုပ်ဆောင်သည့် နိုင်ငံများ အတွက် ဆိုလျှင် လုပ်ဆောင်ရန် ကိစ္စများ ပိုပြီး များမြောင် ပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေ ဘက်မ လိုက်သည့် မီဒီယာကဏ္ဍ ဆိုသည်မှာ ရွေးကောက်ပွဲ အတွက် သာမက နိုင်ငံ တည်ဆောက် ရေးတွင်လည်း အရေးကြီး သောကြောင့် မီဒီယာ အဖွဲ့ အစည်း တိုင်းက ဘက် မလိုက်သော မီဒီယာ ဖြစ်ရေး၊ ပြည်သူ လူထု အကျိုး စီးပွားကို ဦးထိပ် ထားသည့် မှန်ကန်သော စတုတ္ထ မဏ္ဍိုင် ဖြစ်ရေးကို အလေးထား ဆောင်ရွက် ရမည့် အချိန်ကို ရောက်နေပြီ ဖြစ်သည်ဟု ဆိုချင် ပါသည်။   
ရဲထွဋ်
Bi Weekly : (03-05-2010)
မှီငြမ်းပြုစာစောင်များ

၁။
Support for Media During Election by International Media Support , 2006
၂။
Election Reporting by Ross Howard, IMPACS , 2004
Read more