Friday, September 6, 2013

ဘက်မလိုက်တဲ့ မီဒီယာ

မည်သည့် ရွေးကောက်ပွဲ တွင်မဆို ရွေးကောက်ပွဲ အကြို မဲဆွယ် စည်းရုံးမှု ကာလတွင် မီဒီယာများ အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်း များနှင့်ပတ်သက်ပြီး ပြည်သူများကို အသိပေး ရမည် ဖြစ်သည်။ ထိုတာဝန်ကို မီဒီယာ များက မည်ကဲ့သို့ ထမ်းဆောင် မည်ဆိုသည့် အချက်သည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးတွင် အရေးကြီးသည့် အချက်ဟု ဆိုနိုင် ပါသည်။
လွတ်လပ်မှုနှင့် ယုံကြည်စိတ်ချရမှု
ရွေးကောက်ပွဲ သတင်း ရေးသားမှုနှင့် ပတ်သက်လျှင် အများဆုံး ပြောလေ့ရှိသော၊ ကြားရလေ့ ရှိသော စကားလုံးမှာ မီဒီယာ လွတ်လပ်ခွင့် ဆိုသော စကားလုံးပင် ဖြစ်မည် ထင်သည်။ သို့သော် မီဒီယာ လွတ်လပ်ခွင့်မှာ သက်ဆိုင်ရာ နိုင်ငံအပေါ် မူတည်ပြီး အတိုင်းအတာ ကွာခြား နိုင်ပေသည်။
ထိုကဲ့သို့ လွတ်လပ်မှု ပမာဏခြင်း ကွာခြား သော်လည်း ရွေးကောက်ပွဲ သတင်းများ ရေးသား ရာတွင် မီဒီယာများ၏ သတင်း ရေးသား ပေးပို့မှု များသည် ယုံကြည် စိတ်ချရမှု ရှိရန် လိုသည် ဆိုသည့် အချက်မှာမူ နိုင်ငံ အားလုံးတွင် အတူတူပင် ဖြစ်သည်။ ယုံကြည် စိတ်ချရမှု နှင့် ပတ်သက်လျှင် စံတစ်ခုတည်းသာ ရှိသည်ဟု ဆိုနိုင်သည်။ မီဒီယာများ အနေဖြင့် ပါတီ မူဝါဒများ၊ ကိုယ်စားလှယ် လောင်းများ၏ အရည်အချင်းများ နှင့်ပတ်သက်လျှင် လွတ်လပ်ပြီး ယုံကြည် စိတ်ချ ရသည့် သတင်း အချက်အလက် များပေးအပ်ရန် လိုအပ် ပေသည်။ ထိုကဲ့သို့ ယုံကြည် စိတ်ချရသည့် သတင်း အချက်အလက်များ ပေးနိုင်ရန် အတွက် မီဒီယာ များသည် တိကျခြင်း (Accuracy) ၊ ဘက်မလိုက် ခြင်း  (Impartiality) ၊ တာဝန်ယူ တတ်ခြင်း  (Responsibility) တို့နှင့် ပြည့်စုံ ရပေမည်။ ထို့အတူ ပုဂ္ဂိုလ်ရေး အရ အပုတ်ချ ရေးသားခြင်း (Defamatory)၊ ခိုင်မာမှုကို မစိစစ်ပဲ ရေးသား မိခြင်း၊ (Derivative) ၊ နစ်နာအောင် ရည်ရွယ် ရေးသားခြင်း၊ (Malicious)၊ အဂတိ လိုက်စားခြင်း (Corrupt ) တို့ကိုလည်း ရှောင်ကျဉ်ရန် လိုအပ်ပေသည်။ ထိုအချက် များကို စောင့်ထိန်း နိုင်ရန် အတွက် အောက်ပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် မီဒီယာများ ဘက်က လိုက်နာအပ်၊ စောင့်ထိန်း အပ်သော အချက်များကို သိရှိထားရန် လိုအပ်ပါသည်။
နိုင်ငံရေး ပါတီများနှင့် မဲဆွယ် စည်းရုံးမှုများ
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု ကာလတွင် မဲဆန္ဒရှင် များအနေဖြင့် ၎င်းတို့၏ ရွေးချယ်ပိုင်ခွင့် အခွင့် အရေးကို မှန်မှန်ကန်ကန် အသုံးချ နိုင်အောင် မီဒီယာ များက အထောက် အကူ ပေးရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက ရာတွင် နိုင်ငံရေး ပါတီများ၏ မူဝါဒများ၊ ရွေးကောက်ပွဲ မဟာ ဗျူဟာ များနှင့် ပတ်သက် ပြီး အသိ ပေးခြင်းလည်း ပါဝင်သည်။ ထို့အတူ ပါတီ ခေါင်းဆောင်များ အကြောင်း၊ ပါတီ၏ အတိတ် ကာလက လုပ်ဆောင်မှု များကိုလည်း အသိပေးရန် လိုအပ်သည်။
ပါတီစုံ စနစ်တွင် နိုင်ငံရေး ပါတီများသည် ၎င်းတို့၏ေ ခါင်းဆောင်ကို ဗဟိုပြုပြီး မဲဆွယ် စည်းရုံး သည် ကများသည်။ မိမိတို့ ပါတီ ခေါင်းဆောင်ကို မဲဆန္ဒရှင် များကို နှစ်သက်ေ အာင်၊ ကြည်ညို လေးစား အောင် ပုံဖော် ကြသည်။ ထိုအခါ ပါတီ ခေါင်းဆောင်ကို လေးစားသည့်၊ နှစ်သက်သည့် မဲဆန္ဒရှင် များက ပါတီကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် လောင်းများကို မဲများ ပုံအော ပေးတော့သည်။ ထိုဖြစ်စဉ်သည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို လုပ်ဆောင် နေသည့် နိုင်ငံများ မှာသာမက ဒီမိုကရေစီကို နှစ်ပေါင်း ရာချီ ကျင့်သုံး ခဲ့သည့် နိုင်ငံများ မှာပင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေး ပါတီများက မိမိတို့ ခေါင်းဆောင်၏ ပုံရိပ်ကို အကောင်းဆုံး ပုံဖော်နိုင်ရန် အတွက် ပြည်သူ့ ဆက်ဆံရေး ကျွမ်းကျင်သူများ၊ မိန့်ခွန်း ရေးသား သူများကို ငွေပုံပေးပြီး အသုံးချ နေခြင်းဖြစ်သည်။
ထိုကဲ့သို့ ပုံဖော်မှုများကို မဲဆန္ဒရှင် များထံသို့ အမြန်ဆုံးနှင့် အထိရောက်ဆုံး ပို့နိုင်သော လမ်းကြောင်း မှာ မီဒီယာ များပင် ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေး ပါတီများက မီဒီယာများက တဆင့် ၎င်းတို့ ပါတီ၊ ၎င်းတို့ ခေါင်းဆောင်၏ ပုံရိပ်ကို ၎င်းတို့ လိုလားသည့် ပုံစံအတိုင်း ပုံဖော် နိုင်အောင် ကြိုးစား ကြစမြဲ ဖြစ်သည်။ ထိုကဲ့သို့ မိမိတို့ ပါတီအတွက် အကျိုးရှိ စေမည့် သတင်း များကို Soft News ဟုခေါ်သည်။  မိမိကို ထောက်ခံ သူများနှင့် ရင်းနှီးစွာ ပြောဆို နှုတ်ဆက်နေမှု၊ ကလေးငယ်များနှင့် ရင်းနှီးစွာ နေထိုင်မှု၊ ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်မှု၊ ပါတီ၏ အောင်မြင်မှု များကိုသာ အသားပေး ပြောကြားသည့် မိန့်ခွန်း၊ မိမိပါတီကို လိုလားသည့် သတင်းထောက် များနှင့် တွေ့ဆုံ မေးမြန်းခန်းများ စသည် တို့သည် Soft News များဖြစ်သည်။ ဘက်မလိုက်သည့် မီဒီယာ တစ်ခုသည် ထိုကဲ့သို့ Soft News များကိုသာ ဖော်ပြနေ၍ မရဘဲ ပါတီနှင့် ပါတီ ခေါင်းဆောင်၏ အားသာချက်၊ အားနည်းချက် များကို မျှမျှ တတ ပေါ်လွင်အောင် ဖော်ပြပေးရန် လိုအပ်သည်။ သတင်းစာ ရှင်းလင်းပွဲ များတွင် မဲဆန္ဒရှင်များ သိသင့် သိထိုက် သည်ဟု ယုံကြည့်သည့် အချက် များကို မေးမြန်းဝံ့ရန် လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်း မပြုလျှင် ထိုမီဒီယာသည် နိုင်ငံရေး ပါတီတစ်ခု ပြောသမျှ သံယောင်လိုက် နေသည့် ဘ၀သို့ ရောက်သွားမည် ဖြစ်သည်။
မိန့်ခွန်းများ
မဲဆွယ် စည်းရုံးမှု ကာလတွင် ပါတီ ခေါင်းဆောင် များက သာမက ကိုယ်စားလှယ် လောင်းများကပါ လူထု အစည်းအဝေးများ၊ သတင်းစာ ရှင်းလင်းပွဲ များတွင် မိမိတို့ ပါတီအတွက် မဲဆွယ် စည်းရုံးသည့် မိန့်ခွန်း များကို ပြောကြား ကြမည် ဖြစ်သည်။ မီဒီယာတို့၏ တာဝန်မှ ထိုမိန့်ခွန်းများ ကို ကမှ အ အထိ လုံးစေ့ပတ်စေ့ေ ဖ်ာပြရန် မဟုတ်ပေ။ မိန့်ခွန်းပါ အရေးကြီးသော အချက်များကို ဖော်ပြရန် လိုအပ် သကဲ့သို့ မိန့်ခွန်း ပြောသည့် နေရာ၊ ပြောကြားသည့် ပရိသတ် အမျိုးအစား ကိုလည်း ဖော်ပြရန် လိုအပ် ပေသည်။ ထိုထက်ပိုပြီး အရေးကြီး သည်မှာ ထိုမိန့်ခွန်း အပေါ်  မဲဆန္ဒရှင်များ၏ တုန့်ပြန်ချက်၊ အခြား ပါတီတစ်ခု အပေါ် ဝေဖန် တိုက်ခိုက်မှုများ ပါဝင်ပါက သက်ဆိုင်ရာ ပါတီ၏ တုန့်ပြန် ချက်များကို ထည့်သွင်း ဖော်ပြ ပေးရန် လိုအပ်ခြင်းပင် ဖြစ်သည်။ သို့မှသာ မီဒီယာများ၏ သတင်း ရေးသားချက် များသည် မျှတပြီး ဘက်မလိုက်ရာ  (Fair , Balance and Impartial)  ရောက်မည် ဖြစ်သည်။ အကယ်၍ မိန့်ခွန်းတွင် ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများ၊ အကြမ်းဖ က်မှု၊ လူမျိုး ခွဲခြားမှု တို့ကို လှုံ့ဆော်သော အသုံးအနှုန်း ဘာသာရေးကို နိုင်ငံရေး အတွက် အသုံးချ သည့် ဟောပြော မှုများ စသည့် ဖော်ပြရန် မသင့်သော စကားလုံးများ ပါဝင်လာ ခဲ့လျှင်မူ မီဒီယာများ အနေဖြင့် ချန်လှပ်ထား ပိုင်ခွင့် ရှိပေသည်။
မီဒီယာများ သမားများ အနေဖြင့် ဘက်လိုက်ပဲ ဓမ္မဓိဋ္ဌာန် ကျကျ တင်ပြရန် တာဝန်ရှိသည့် အတွက် နိုင်ငံရေး သမားများ၏ မိန့်ခွန်းများအပေါ် မိမိ၏ ကိုယ်ပိုင် ထင်မြင် ယူဆ ချက်များကို ထည့်သွင်း ဖော်ပြခြင်းမှ ရှောင်ရှား ရပေမည်။ သို့သော် နိုင်ငံရေးသမား တစ်ဦး၏ မိန့်ခွန်းပါ အချက်များသည် အခြားနေရာ တစ်ခုတွင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ကွဲလွဲနေလျှင် လည်းကောင်း၊ ပါတီ၏ မူဝါဒများ နှင့် ကွဲလွဲနေလျှင် လည်းကောင်း သတင်းသမား တစ်ဦး အနေဖြင့် ထိုကွဲလွဲချက် များကို ထောက်ပြရန် တာဝန် ရှိပေသည်။ ထိုကဲ့သို့ ဆောင်ရွက်မှသာ မီဒီယာ များသည် နိုင်ငံရေး ပါတီများကို ကြော်ငြာ ပေးသည့် အဖြစ်မှ လွတ်မြောက်ပြီး မှန်ကန်သည့် စတုတ္ထမဏ္ဍိုင်အဖြစ်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။
ပြည်သူ့ သဘောထား စစ်တမ်း
ပါတီစုံ ရွေးကောက်ပွဲ များ၏ ထူးခြားသော အင်္ဂါရပ် တစ်ခုမှာ ပြည်သူ့ သဘောထား စစ်တမ်းများ Opinion Poll ပင်ဖြစ်သည်။ ထိုစစ်တမ်း များကို သတင်းဌာန များက ကောက်ယူလေ့ ရှိသကဲ့သို့ လွတ်လပ်သော သုတေသန အဖွဲ့များ ကလည်း ကောက်ယူလေ့ ရှိသည်။ နိုင်ငံရေး ပါတီများ ကလည်း ၎င်းတို့ အစီအစဉ်ဖြင့် ကောက်ယူသည် လည်းရှိသည်။ သတင်းဌာန များကလည်း ရွေးကောက်ပွဲ နီးလာလေ ပြည်သူ့ သဘောထား စစ်တမ်းများကို စိတ်ဝင် စားဖွယ်ရာ သတင်းအဖြစ် သတ်မှတ်ပြီး ထုတ်ပြန် လေ့ရှိသည်။
ထိုစစ်တမ်း များသည် မည်သည့် ပါတီအား ထောက်ခံမည် ဆိုသည်ကို တိတိပပ ဆုံးဖြတ်နိုင်ခြင်း မရှိသည့် မဲဆန္ဒရှင် များ၏ အဆုံးအဖြတ် အပေါ် သြဇာ သက်ရောက် နိုင်သကဲ့သို့ မိမိပါတီ၊ မိမိ ထောက်ခံသော ကိုယ်စားလှယ် လောင်းနိုင်ရန် အလားအလာ မရှိဟု ယူဆပြီး မဲမပေးပဲ နေခြင်းများလည်း ဖြစ်ပေါ် စေနိုင်သဖြင့် မဲဆန္ဒရှင် များ၏ အဆုံးအဖြတ် ပေါ်တွင်လည်း ကြီးမားသည့် အကျိုး သက်ရောက်မှု ရှိသည်ဟု ဆိုနိုင်ပါသည်။ ပြည်သူ့ သဘောထား စစ်တမ်းများ၏ အရေးကြီးမှု ကြောင့်လည်း အချို့ နိုင်ငံများတွင် မဲပေးမှု မစတင်မီ ကာလ တစ်ခုတွင် စစ်တမ်း ကောက်ယူခြင်း၊ ထုတ်ပြန် ကြေညာခြင်း မပြုရန် သတ်မှတ် ထားခြင်းဖြစ်သည်။
ထို့ကြောင့် သတင်း မီဒီယာများ အနေဖြင့် ပြည်သူ့ သဘောထား စစ်တမ်း ကောက်ယူမှုများကို ဖော်ပြခြင်း မပြုမီ ထိုစစ်တမ်း ကောက်ယူသည့် အဖွဲ့အစည်း၏ ယုံကြည် စိတ်ချရမှုနှင့် ဘက်မလိုက်မှု ကို ဆန်းစစ်ရန် လိုအပ် ပေသည်။ ထို့ပြင် စစ်တမ်း ကောက်ယူခြင်း ခံရသည့် ပြည်သူ အရေအတွက် နှင့် ကောက်ယူသည့် နည်းလမ်းများ ကိုလည်း ဆန်းစစ်ရန် လိုအပ်သည်။ နိုင်ငံတကာ စံများအရ အနည်းဆုံး လူ ၂၅၀၀ ဦးကို မေးမြန်း ကောက်ခံ ထားသည့် စစ်တမ်း ကောက်ယူမှု ကိုသာ ခိုင်မာသည် ဟု သတ်မှတ် ထားသည် ကိုလည်း သတိပြုရန် လိုအပ် ပါသည်။ ဖြစ်နိုင်ပါက စစ်တမ်း ကောက်ယူမှု တစ်ခုတည်းကို ဖော်ပြမည့် အစား အခြား စစ်တမ်း ကောက်ယူ မှုများနှင့် နှိုင်းယှဉ် ဖော်ပြသင့် ပေသည်။
မဲဆန္ဒရှင် တို့အသံ
သတင်း မီဒီယာ များသည် ရွေးကောက်ပွဲ ကာလတွင် ပါတီနှင့် ကိုယ်စားလှယ် လောင်းများ၏ မိန့်ခွန်းများ၊ မူဝါဒ ကြေညာ ချက်များ၊ လှုပ်ရှားမှုများ ကိုသာ အသားပေး ဖော်ပြလေ့ ရှိသည်။ ထိုကဲ့သို့သော သတင်းများ ကိုသာ တန်ဖိုးရှိသည့် သတင်းများ အဖြစ် သတ်မှတ်လေ့ ရှိသည်။ သို့သော် ရွေးကောက်ပွဲသည် ပါတီများ၊ နိုင်ငံရေး သမားများ အတွက် မဟုတ်၊ မဲဆန္ဒရှင် ပြည်သူများ အတွက် ဖြစ်သည်ကို မမေ့ရန် လိုအပ်ပေသည်။ မဲဆန္ဒရှင် များက ၎င်းတို့ ဘာတွေ လိုအပ်နေသည်၊ ဘာတွေ ဖြစ်ချင် နေသည်ကို နိုင်ငံရေး ပါတီများကို အသိပေး ရမည်ဖြစ်သည်။ နိုင်ငံရေး ပါတီများက ထိုလိုအပ် ဆန္ဒများကို ၎င်းတို့ မည်ကဲ့သို့ ဆောင်ရွက် ပေးနိုင်သည်ကို ပြောရမည်၊ ပြဿနာ များကို ဖြေရှင်း နိုင်မည့် နည်းဗျူဟာ၊ မဟာဗျူဟာ များကို ချပြရမည်။ တိုင်းပြည် အတွက် အကျိုးရှိမည့် လုပ်ငန်း တွေကို မဲဆန္ဒရှင်များ သိအောင် ချပြရမည်။ ထိုအချက်များကို သုံးသပ် လေ့လာပြီး မဲဆန္ဒရှင် ပြည်သူများက ဆုံးဖြတ်ခြင်း၊ ရွေးချယ်ခြင်း ပြုလုပ် ကြမည် ဖြစ်သည်။ ထိုကဲ့သို့ မဲဆန္ဒရှင် ပြည်သူများ မှန်မှန် ကန်ကန် ရွေးချယ် နိုင်ရန်အတွက် လိုအပ်သော သတင်း အချက်အလက် များကို ပေးနိုင်သည့် အရာမှာ မီဒီယာများ သာဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ကာလသတင်း ရေးသားချက် များသည် ပါတီများထံမှ ပြည်သူများ ထံသို့သာ တစ်လမ်းသွား မဟုတ်ဘဲ ပြည်သူများနှင့် ပါတီများ အကြား အပြန်အလှန် နှစ်လမ်းသွား ဖြစ်အောင် မီဒီယာ များက လုပ်ဆောင် ပေးရမည် ဖြစ်သည်။ တနည်းအားဖြင့် ပါတီများ၏ အသံသာမက မဲဆန္ဒရှင်များ၏ အသံကိုလည်း ကိုယ်စားပြုရန် လိုအပ် သည်ဟု ဆိုနိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည် အချက်များသည် ရွေးကောက်ပွဲ သတင်း ရေးသား ရာတွင် သတိပြု သင့်သော အချက်များ ထဲမှ အချို့မျှသာ ဖြစ်ပါသည်။ သတင်း ရေးသားမှုပုံစံ၊ မီဒီယာများ၏ ကျင့်ဝတ်၊ မီဒီယာများကို စောင့်ကြည့် ထိန်းကျောင်း ပေးရေး စသည့် အကြောင်းအရာ များစွာ ကျန်ပါသေးသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို စတင် လုပ်ဆောင်သည့် နိုင်ငံများ အတွက် ဆိုလျှင် လုပ်ဆောင်ရန် ကိစ္စ များပိုပြီး များမြောင် ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘက်မလိုက်သည့် မီဒီယာ ကဏ္ဍ ဆိုသည်မှာ ရွေးကောက်ပွဲ အတွက် သာမက နိုင်ငံ တည်ဆောက်ရေး တွင်လည်း အရေးကြီး သောကြောင့် မီဒီယာ အဖွဲ့အစည်း တိုင်းက ဘက်မလိုက်သော မီဒီယာ ဖြစ်ရေး၊ ပြည်သူလူထု အကျိုး စီးပွားကို ဦးထိပ်ထား သည့် မှန်ကန်သော စတုတ္ထ မဏ္ဍိုင် ဖြစ်ရေးကို အလေးထား ဆောင်ရွက် ရမည့် အချိန်ကို ရောက်နေ ပြီဖြစ်သည် ဟု ဆိုချင်ပါသည်။   
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။      Support for Media During Election by International Media Support , 2006

၂။       Election Reporting by Ross Howard, IMPACS , 2004
Read more

Thursday, September 5, 2013

ရွေးကောက်ပွဲ နှင့် မီဒီယာ၏ တာဝန်

ဒီမိုကရေစီ စနစ်၏ အဓိက သွင်ပြင် လက္ခဏာ တစ်ခုမှာ ကာလ အပိုင်းအခြား တစ်ခု သတ်မှတ်ပြီး ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ အတွက် ရွေးကောက်ပွဲ များ ပုံမှန် ကျင်းပပေးခြင်း ပင်ဖြစ်သည်။ အလားတူ ဒီမိုကရေစီ စနစ်၏ နောက်ထပ် လက္ခဏာ တစ်ခုမှာ သတင်း မီဒီယာများ၏ အခန်းကဏ္ဍကို အရေးထားမှု ပင်ဖြစ်သည်။
မီဒီယာအဖွဲ့အစည်းများ၏တာဝန်
ရွေးကောက်ပွဲ တစ်ခုတွင် မီဒီယာများ အနေဖြင့် ပြည်သူကို နိုင်ငံရေး ပါတီများနှင့် အရွေး ချယ်ခံ ကိုယ်စားလှယ်များ အကြောင်း၊ ယနေ့ နိုင်ငံနှင့် ပြည်သူများ အတွက် အရေးကြီးသည့် မူဝါဒ ဆိုင်ရာများ (Issues) နှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်း များ ဆိုသည့် အကြောင်းအရာ သုံးခုနှင့် ပတ်သက်ပြီး အသိပေးရမည့် တာဝန် ရှိသည်။ ထိုကဲ့သို့ အသိပေးရာတွင် မီဒီယာများ အနေဖြင့် တိကျ မှန်ကန်မှု၊ ဘက်မလိုက်မှု၊ မိမိ ရေးသားသည့် သတင်းအပေါ် အပြည့်အ၀ တာဝန် ယူမှုတို့နှင့် ပြည့်စုံရန် လိုအပ် ပါသည်။         
ရွေးကောက်ပွဲ သတင်း၊ နိုင်ငံရေး သတင်းများကို ရေးသား တင်ပြရာတွင် သတင်းထောက်များ အနေဖြင့် လိုက်နာ စောင့်ထိန်း သင့်သည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး အဖွဲ့အစည်း အတော် များများ က ရေးသား ထုတ်ပြန် ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဓနသဟာယ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Manoah Esipisu ကမူ ဓနသဟာယ နိုင်ငံများတွင် ပြုလုပ်သည့် ရွေးကောက်ပွဲ များ၏ အတွေ့အကြုံ အရ သတင်းသမား ကကျင့် ၀တ်ကို လိုက်နာဖို့ထက် ထိုသတင်းသမား များကို ခန့်အပ် ထားသည့် မီဒီယာ အဖွဲ့အစည်း များ၏ ကျင့်ဝတ် လိုက်နာမှု ပိုပြီး အရေးကြီး သည်ဟုဆိုသည်။ ၎င်းက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အများ ပြည်သူပိုင် မီဒီယာ လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင် မီဒီယာ လုပ်ငန်း များတွင် ပိုင်ရှင်များ၊ ထိပ်ပိုင်း အဆင့် စီမံ ခန့်ခွဲ သူများ၏ အယ်ဒီတာ အဖွဲ့နှင့် သတင်းထောက် များအပေါ် သြဇာ သက်ရောက်မှုမှာ အလွန် ကြီးမား လှသောကြောင့် အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လိုက်နာမှုက ပိုပြီး အရေးကြီးခြင်း ဖြစ်သည်ဟု ဆို၏။   Manoah Esipisuက မီဒီယာ အဖွဲ့အစည်းများ အနေဖြင့် သတိပြု သင့်သည့် အချက်များကို အောက်ပါ အတိုင်း ဖော်ပြ ခဲ့သည်-
၁။
အယ်ဒီတာ အဖွဲ့နဖြင့် သတင်း အချက်အလက်  (Fact) နှင့် သဘောထားမှတ်ချက်  (Comment) ကို တိတိကျကျ ခွဲခြားသတ်မှတ် ထားသင့်သည်။ အယ်ဒီတာ အဖွဲ့၏ သဘောထား ကို ထင်ဟပ်စေသော ရေးသားချက် များကို သတင်းတွင် ထည့်သွင်းခြင်း မပြုသင့်။ အယ်ဒီတာ့ အာဘော်နှင့် ဆောင်းပါး များတွင်သာ ဖော်ပြသင့်သည်။
၂။
အများ ပြည်သူပိုင် (  Publicly Owned) မီဒီယာများ အနေဖြင့်မူ ပုဂ္ဂိုလ်တစ်ဦး၊ ပါတီ တစ်ခုကို အသား ပေးသော၊ ထိခိုက် နစ်နာစေသော ဆောင်းပါးများ၊ အယ်ဒီတာ့ အာဘော်များကို ရေးသားခြင်း မပြုသင့်ပါ။ ဘက်မလိုက်သည့် မူဝါဒကို တိတိကျကျ ကျင့်သုံးသင့် ပါသည်။
၃။
 နိုင်ငံရေး ကြော်ငြာများကို လက်ခံခဲ့လျှင် ပါတီအားလုံး အတွက် တစ်ပြေးညီ လက်ခံရမည်။ ကြော်ငြာ နှုန်းနှင့် မူဝါဒများကို ခွဲခြား သတ်မှတ် လက်ခံခြင်း မပြုသင့်ပါ။
၎။
ပါတီ အားလုံး၊ ရွေးကောက်ပွဲ ၀င်သူ အားလုံးအပေါ် တူညီသော သတင်း ဖော်ပြမှုများ ပြုလုပ် ရပါမည်။
၅။
မဲဆန္ဒရှင် များ၏ သဘောထားနှင့် အမြင်များ ကိုလည်း ထင်ဟပ် ဖော်ပြ ပေးရပါမည်။
၆။
ပါတီတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးက ၎င်းအနေဖြင့် သိက္ခာ ထိခိုက်အောင် ရေးသား ဖော်ပြခြင်း ခံရသည် ဟု ထင်မြင်လျှင် ထိုပါတီ၊ ထိုပုဂ္ဂိုလ်၏ ဖြေရှင်းချက်ကို အမြန်ဆုံး ပြန်လည် ဖော်ပြ ပေးရမည်။ လိုအပ်လျှင် မီဒီယာ အဖွဲ့အစည်း၏ တောင်းပန်ချက် သို့မဟုတ် အမှား ပြင်ဆင်ချက်ကို ဖော်ပြ ပေးရမည်။
၇။
အာဏာရ ပါတီ၊ အစိုးရ၊ လွှတ်တော် အမတ်များ၏ သတင်း ထုတ်ပြန်ချက်များ၊ သတင်းစာ ရှင်းလင်းပွဲ များသည် အခြား ရွေးကောက်ပွဲ ၀င်မည့် ပါတီ၊ ပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး အငြင်းပွား ဖွယ် သတင်း အချက်အလက်များ ပါဝင်ခဲ့လျှင် ကာယကံရှင်၏ ပြန်လည် ဖြေရှင်းချက်ကို ဖော်ပြ ပေးရမည်။
(Right of Reply)။ ထိုသို့ဖော်ပြရာတွင်ဖြစ်နိုင်သမျှ တူညီသည့် အခွင့်အရေးကိုပေးရမည်။ ( Equal Time or Space Rules) ။
သဘောတရားနှင့်လက်တွေ့
စတုတ္ထ မဏ္ဍိုင် အဖြစ် ရပ်တည်မည့် မီဒီယာများ အနေဖြင့် ဘက်မလိုက်ပဲ သတင်းများကို ရေးသား တင်ပြ ရမည်ဟု ဆိုသော်လည်း သာမန် ပုထုဇဉ် မျှသာ ဖြစ်သော မီဒီယာ သမားများ အနေဖြင့် မိမိ ခံစားချက်၊ မိမိ ယုံကြည်ချက်ကို လျစ်လျူရှုပြီး ဘက်မလိုက်ဘဲ ရေးသား တင်ပြဖို့ ဆိုသည်မှာ လွယ်ကူလှ သည်တော့ မဟုတ်ပေ။ အမေရိကန် နိုင်ငံတွင် သြဇာ တိက္ကမ ကြီးမား လှသည့် ၀ါရှင်တန် ပို့စ် သတင်းစာ ပင်လျှင် အထက်ပါ အဖြစ်မျိုးနှင့် မကင်းခဲ့သည်ကို တွေ့ရသည်။
၂၀၀၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက် သမ္မတလောင်း အိုဘားမားနှင့် ရီပတ် ဘလီကင် သမ္မတလောင်း ဂျွန်မက်ကိန်းတို့ ယှဉ်ပြိုင်ခဲ့သည်။ အမေရိကန် သတင်းစာ လောကမှ သတင်းထောက်များ၊ အယ်ဒီတာ များမှာ လစ်ဘရယ် အယူအဆ ရှိသူ အများစု ဖြစ်ရာ ဂျွန်မက်ကိန်း လို့ ကွန်ဆား ဗေးတစ် တွေပေါ် အမြင်မကြည်လှ။ ထိုသဘောထားက ၀ါရှင်တန် ပို့စ်၏ သတင်း ဖော်ပြချက် များတွင် ထင်ဟပ် နေသည်။ သမ္မတ ရွေးပွဲအတွက် အပြိုင်အဆိုင် မဲဆွယ် နေသည့် ဇူလိုင်နှင့် သြဂုတ် လများ တွင် ၀ါရှင်တန် ပို့စ် သတင်းစာ ရှေ့မျက်နှာဖုံး သတင်း အဖြစ် ဖော်ပြခံရမှု၌ အိုဘားမား က ၃၅ ကြိမ် ဖော်ပြခံရပြီး မက်ကိန်း က ၁၃ ကြိမ်သာ ဖော်ပြခံရသည်။ သတင်းစာ တစ်စောင်လုံးတွင် ဖော်ပြမှု အနေဖြင့်မူ အိုဘားမား က ၁၄၂ ကြိမ် ရှိပြီး မက်ကိန်းက ၉၆ ကြိမ်သာ ရှိသည်။  သတင်း ဓာတ်ပုံ ဖော်ပြမှုတွင် အိုဘားမားက ၁၂၂ ကြိမ်ရှိပြီး မက်ကိန်းက ၇၈ ကြိမ်သာ ရှိခဲ့သည်။ ၀ါရှင်တန် ပို့စ် သတင်း အယ်ဒီတာ အဖွဲ့က ၎င်းတို့အနေဖြင့် သတင်း တန်ဖိုးအပေါ် မူတည်ပြီး ဖော်ပြ ခဲ့ခြင်းသာ ဖြစ်ကြောင်း ကာကွယ် ပြောကြား ခဲ့သော်လည်း ထိုကဲ့သို့ သတင်း ဦးစားပေး ဖော်ပြမှုများက မဲဆန္ဒရှင်များ၏ အမြင်အပေါ် အကျိုး သက်ရောက်မှု ရှိသည် ကတော့ အမှန်ပင် ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာ ပါတီများ၊ နိုင်ငံရေး သမားများ ကလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ လာဘ်လာဘဖြင့်၊ အခြား နည်းများဖြင့် စည်းရုံး သိမ်းသွင်းခြင်း စသည့် နည်းမျိုးစုံဖြင့် မီဒီယာများ၏ ထောက်ခံမှု၊ မျက်နှာသာပေး ရေးသားမှု တို့ကို ရအောင် အစဉ်တစိုက် လုပ်ဆောင်လျှက် ရှိနေရာ မီဒီယာ သမားများ ရင်ဆိုင် ရသည့် ဖိအားများမှာ မနည်း မနောပင် ဖြစ်သည်။ထို့ကြောင့် မီဒီယာ များအနေဖြင့် ဘက်လိုက်မှု မရှိ၊ မျှတစွာ သတင်းရေးသား ဖော်ပြရမည် ဆိုသော်လည်း သဘော တရားနှင့် လက်တွေ့ တစ်ထပ်တည်း ဖြစ်ဖို့ ဆိုသည်မှာ အတော် ခက်ခဲ့သော ကိစ္စပင် ဖြစ်သည်။ အထူးသဖြင့် လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ အခြေအနေ များနှင့် နှစ်ပေါင်း များစွာ ရင်ဆိုင် ခဲ့ရသော၊ တင်းကျပ်သည့် ဗဟို ဦးစီးစနစ်ဖြင့် အုပ်ချုပ်မှု အောက်တွင် နှစ်များစွာ နေထိုင် ခဲ့ရသော နိုင်ငံများတွင် ဗဟုဝါဒသို့ ကူးပြောင်းပြီး ရွေးကောက်ပွဲများ ကျင်းပသည့်အခါ မီဒီယာများ၏ တာဝန်မှာ ပိုပြီး ခက်ခဲ ကြီးမားသည်ဟု ဆိုနိုင် ပါသည်။
စစ်အေး ခေတ်လွန် ကာလတွင် တစ်ပါတီ စနစ်၊ ဗဟိုမှ တင်းကျပ်စွာ ချုပ်ကိုင်သည့် စနစ်များကို ကျင့်သုံးရမှာ ဗဟုဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့သည့် နိုင်ငံများ၏ မီဒီယာ လောကသည် ထူးခြားသော အခြေအနေ သုံးခုနှင့် ရင်ဆိုင် ရသည်ဟု လေ့လာ သူများက ဆိုကြသည်။ ပထမ အခြေအနေမှာ ထို နိုင်ငံ များတွင် မီဒီယာ ကဏ္ဍမှာ တင်းကျပ်သော ထိန်းသိမ်း ကွပ်ကဲမှု အောက်တွင် ကာလ ကြာရှည်စွာ နေထိုင် ခဲ့ရခြင်းကြောင့် နိုင်ငံရေး သတင်းများ၊ ရွေးကောက်ပွဲ သတင်းများ တင်ပြမှုနှင့် ပတ်သက်ပြီး အတွေ့အကြုံ နည်းပါး လှခြင်း ဖြစ်သည်။ ဒုတိယ အခြေအနေမှာ ထိုနိုင်ငံများမှ မီဒီယာ သမားများ အနေဖြင့် မိမိဘာသာ လိုက်နာ စောင့်ထိန်းရသည့် ကျင့်ဝတ်ပိုင်း ဆိုင်ရာများနှင့် အကျွမ်းဝင်မှု အားနည်းခြင်း ဖြစ်သည်။ တတိယ အခြေအနေမှာ ထိုနိုင်ငံများမှ ပြည်သူများမှာ သတင်း ထိန်းချုပ်မှု များပြားသည့် အခြေအနေ အောက်တွင် ကာလ ကြာမြင့်စွာ နေထိုင်ခဲ့ရ သောကြောင့် သတင်းထူး သတင်းဦး မှန်သမျှကို စိတ်ဝင်စားပြီး ယုံလွယ် ကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သတင်းများ အပေါ် အမှားအမှန် ကွဲခြားနိုင်မှု နည်းပါး ခြင်းပင် ဖြစ်သည်။ ထိုအခြေအနေ များကြောင့် အသွင် ကူးပြောင်းဆဲ နိုင်ငံများ၏ ရွေးကောက်ပွဲ ကာလများတွင် မီဒီယာများ ကလည်း သတင်းထူးရင် ပြီးရော ဆိုသည့် သဘောဖြင့် သတင်းများကို ဖော်ပြရာမှ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ နိုင်ငံရေး အဓိကရုဏ်များ ဖြစ်ပွားခဲ့ရ သည်ကို အမြဲတမ်း ကြုံတွေ့ရခြင်း ဖြစ်သည်။ ထိုအခါ မီဒီယာ များ၏ စတုတ္ထ မဏ္ဍိုင် အခန်းကဏ္ဍ မှာလည်း ထိခိုက် နိမ့်ပါးသွားပြန်သည်။
ထို အခြေအနေမျိုးကို ကာကွယ်ရန် အတွက် တောင်အာဖရိက နိုင်ငံတွင်မူ မီဒီယာများ၏ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများနှင့် ပတ်သက်သည့် ကျင့်ဝတ်များကို ထိန်းသိမ်း ကြပ်မတ်ရန် အတွက် (  Indepent Communications Authority of South Africa , ICASA ) ကို ဖွဲ့စည်းထားပြီး မီဒီယာများ၊ နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင် တို့နှင့် ညှိနှိုင်းပြီး စည်းကမ်းများ သတ်မှတ် ပေးသည်။ စကာင်္ပူ၊ မလေးရှား တို့တွင်မူ မီဒီယာများမှ လိုက်နာရမည့် အချက်များကို ဥပဒေဖြင့် သတ်မှတ် ပေးသည်။ ထိုင်းလို နိုင်ငံ တွင်ပင်လျှင် နိုင်ငံရေး ပါတီဆိုင်ရာ ဥပဒေတွင် ပါတီများက မီဒီယာ များပေါ်မှ ပြောကြားချက် များနှင့် ပတ်သက်ပြီး လိုက်နာရမည့် အချက်များကို ထည့်သွင်း ဖော်ပြ ထားသည်ကို တွေ့ရ ပြန်သည်။ အနောက် ဒီမိုကရေစီ နိုင်ငံများ ကတော့ ဒီလို ထိန်းချုပ် တာမျိုးတွေကို မကြိုက်လှ။  မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီ ကျင့်စဉ်များ မခိုင်မာ သေးသည့် လူ့အဖွဲ့အစည်း များတွင် မီဒီယာများ၏ ကျင့်ဝတ်နှင့် ပတ်သက်ပြီး အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းကျောင်း ပေးမည့် စနစ်တစ်ခု လိုအပ်သည် ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ထိန်းကျောင်းမှု များသည် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ၏ အနှစ်သာရကို မထိခိုက် စေဘဲ ပိုမို ကောင်းမွန်သည့် အခြေအနေ တစ်ခု ဖြစ်ပေါ်အောင် ဆောင်ရွက်ဖို့ ဆိုသည်ကတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ထူးခြားသော ၀ိသေသ လက္ခဏာများ အပေါ် မူတည်ပြီး တာဝန်ရှိ သူများ၊ မီဒီယာများ၊ နိုင်ငံရေး ပါတီများ အားလုံးပူးပေါင်း ဆောင်ရွက် ရမည့် အလုပ်သာ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။ 
Eyes of Democracy by Manoah Esipisu and Issac E Khaguli, Commonwealth Secretariat
၂။
Obama's edge in the coverage race by Deborah Howell
၃။
Media and Election  by Ross Howard, IMPACS 
                                                
Read more

ပြုပြင် ရတော့မည့် ဗြိတိန်နိုင်ငံ စာနယ်ဇင်းလောက (၅)

စုံစမ်းရေး ကော်မရှင်က မီဒီယာ လောကအတွက် လက်ဝါးကြီးအုပ် ပိုင်ဆိုင်မှု အခြေအနေသည် သတင်း လွတ်လပ်မှု အပေါ် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း အလေးထား ထောက်ပြခဲ့သည်။ စုံစမ်းရေး ကော်မရှင်က လက်ရှိ ဗြိတိန် နိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာ ဥပဒေပါ ရုပ်သံ စာနယ်ဇင်း ကျင့်ဝတ်များအရ ရုပ်သံလွှင့် ဌာနများ အနေဖြင့် သတင်းများကို ဘက်မလိုက်ဘဲ ဓမ္မအဓီ ဋ္ဌာန်ကျကျ တင်ပြရန် သတ်မှတ် ထားပြီး ဖြစ်ကြောင်း၊ သို့သော် ပြည်သူများ အတွင်း သတင်း ဖြန့်ဖြူး ပေးရာ သတင်းဌာန အများအပြား ရှိခြင်း သည်သာ ဘက်မလိုက်သော သတင်းများ ရရှိရန်အတွက် အကောင်းဆုံး အာမခံချက် ဖြစ်ကြောင်း၊ စုံလင်  များပြားသည့် သတင်း အရင်းအမြစ် များရှိမှသာ ပြည်သူများ အနေဖြင့် သတင်းများကို နှိုင်းယှဉ် စိစစ် သုံးသပ် နိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုတွင် ဒေသန္တရသတင်း၊ နိုင်ငံသတင်းနှင့် နိုင်ငံတကာ သတင်းများကို ပြည်သူများ အနေဖြင့် ကွဲပြား ခြားနားသည့် အရင်းအမြစ်များ ထံမှ ရရှိအောင် ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ဖော်ပြ ထားခဲ့သည်။
စုံစမ်းရေး ကော်မရှင်၏ အဆိုရ ဗြိတိန်နိုင်ငံ၏ တည်ဆဲ ဥပဒေများ ဖြစ်သည့် Enterprise Act 2002 နှင့်  Communication Act 2003တို့တွင် သက်ဆိုင်ရာ ၀န်ကြီးဌာန အနေဖြင့် မီဒီယာ လက်ဝါးကြီး အုပ်မှုကို ဖြစ်ပေါ်စေမည့် ကုမ္ပဏီချင်း ပေါင်းစည်း မှုများကို တားဆီးနိုင်ခွင့် ရှိသော်လည်း ဈေးကွက် အတွင်း ပြောင်းလဲမှု အခြေအနေများကို ၀င်ရောက် ထိန်းညှိ ပေးနိုင်သည့် လုပ်ပိုင်ခွင့်များ မရှိဟု သိရှိရသည်။ စုံစမ်းရေး ကော်မရှင်က ဗြိတိန် နိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာ ကြီးကြပ်ရေး အဖွဲ့ ဖြစ်သည့် Ofcom  ၏ အဆိုပြုချက် ဖြစ်သည့် ဈေးကွက် အခြေအနေများကို ပုံမှန်သုံးသပ်ပြီး ၀င်ရောက် ထိန်းညှိခွင့် ပေးရန် ဆိုသည့် အချက်ကို ထောက်ခံ တင်ပြခဲ့သည်။ သို့သော် စုံစမ်းရေး ကော်မရှင်က ဈေးကွက် အခြေအနေ လေ့လာ ထိန်းညှိမှု များသည် နိုင်ငံတကာနှင့် ပြည်တွင်း သတင်း အစီအစဉ်များ အတွက် သာဖြစ်သင့်ကြောင်း၊ ရုပ်သံ မီဒီယာအပြင် အွန်လိုင်း မီဒီယာမှ တဆင့် သတင်း ဖြန့်ချိမှု အခြေအနေများ ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း အဆိုပြု ခဲ့သည်ကိုတွေ့ရသည်။
ထို့ပြင် စုံစမ်းရေး ကော်မရှင်က မားဒေါ့၏ News Corp က ဗြိတိသျှ အဓိက ရုပ်သံလွှင့် ဌာနဖြစ်သည့် BskyB ကို ၀ယ်ယူရေး ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး စိစစ်ရန် တာဝန်ရှိသည့် ၀န်ကြီးဌာန၏ အကြံပေး အရာရှိများနှင့် News Corp အကြား ရင်းနှီးသည့် ဆက်ဆံရေး များကြောင့် အစိုးရ၏ မီဒီယာ လက်ဝါးကြီး အုပ်မှု ကာကွယ်ရေး အစီအစဉ်များ အပေါ် မေးခွန်း ထုတ်စရာများ ပေါ်ပေါက် ခဲ့ကြောင်း ထောက်ပြ ခဲ့သည်။ (ယခု အရှုတ်တော်ပုံ နောက်ပိုင်းတွင် ၀န်ကြီးချုပ် ကင်မရွန်း အစိုးရက News Corp ၏ BskyB ၀ယ်ယူရေး အစီအစဉ်အပေါ် ထောက်ခံမှု မပြုရန် ဆုံးဖြတ် ခဲ့သည်။ စာရေးသူ) ထို့ကြောင့် အနာဂတ်တွင် မီဒီယာ ကုမ္ပဏီချင်း ပေါင်းစည်း မှုများ၊ မီဒီယာကဏ္ဍ အများအပြားကို ကုမ္ပဏီ တစ်ခုတည်းက ပိုင်ဆိုင်မှု ( Corss Ownership) တို့ နှင့်ပတ်သက်ပြီး အစိုးရ၏ ထိန်းချုပ်ရေး မူဝါဒများသည် ပိုမို ပွင့်လင်း မြင်သာမှု ရှိစေရန် အတွက် ဆောင်ရွက် သွားရန်တိုက် တွန်းခဲ့ပြီး ဖြစ်နိုင်ပါက အရေးကြီးသည့် မီဒီယာ ပေါင်းစည်းမှု များတွင် ၀န်ကြီးဌာနက သာမက လွတ်လပ်သော ကော်မရှင် တစ်ခုပါ ဖွဲ့စည်းပြီး ဆုံးဖြတ် သင့်ကြောင်း ထောက်ခံတင်ပြ သွားခဲ့သည်။
စာနယ်ဇင်းများ၏တုန့်ပြန်ချက်
ဗြိတိသျှ ၀န်ကြီးချုပ် ကင်မရွန်း ကတော့ အစိုးရနှင့် ပါလီမန် အနေဖြင့် စုံစမ်းရေး ကော်မရှင်၏ ထောက်ခံ တင်ပြချက် များကို ဥပဒေဖြင့် အကောင်အထည် ဖော်ရမည့်အစား စာနယ်ဇင်းများ ကိုယ်တိုင်က မိမိတို့ဘာသာ ထိန်းကျောင်းသည့် အစီအစဉ်ကို ဆောင်ရွက် သင့်ကြောင့် သတင်းစာ အယ်ဒီတာများနှင့် တွေ့ဆုံချိန်တွင် တိုက်တွန်း ပြောကြားခဲ့သည်။
Goldsmithတက္ကသိုလ်မှ မီဒီယာနှင့်လူထုဆက်ဆံရေးပါမောက္ခ Natalie Fentonကဲ့သို့သောသူများကတော့ ကင်မရွန်း ၏ ချဉ်းကပ်မှုသည် နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအကြား ဆက်ဆံရေးကို ထိန်းသိမ်း နိုင်ရန် အတွက် ပူးပေါင်း ကြံစည်မှု သာဖြစ်ကြောင်း၊ ပြည်သူ့ အကျိုးစီးပွားကို ပစ်ပယ် ထားကြောင်း စွပ်စွဲ ပြောကြား ခဲ့သော်လည်း အများစုကမူ ထို နည်းလမ်း သည်သာလျှင် အကောင်းဆုံး နည်းလမ်း အဖြစ် လက်ခံခဲ့ကြသည်။
ထို့ကြောင့် လည်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗြိတိနိုင်ငံ၏ အဓိက သတင်းစာများမှ  အယ်ဒီတာများ တွေ့ဆုံပြီး စုံစမ်းရေး ကော်မရှင်၏ အဆိုပြုချက် ၄၇ ချက်အနက် ၄၀ ချက်ကို လိုက်နာ ဆောင်ရွက် မည်ဖြစ်ကြောင်း ဆုံးဖြတ် ခဲ့ကြ သည်။ ထို အဆိုပြုချက်များ အနက် အဓိက အချက်မှာ လက်ရှိ စာနယ်ဇင်း တိုင်ကြားမှု စုံးစမ်းရေး ကော်မရှင်ကို ဖျက်သိမ်း ပြီး လက်ရှိ သတင်းစာ အယ်ဒီတာများ ပါဝင်ခွင့် မရှိသည့် စာနယ်ဇင်း ကောင်စီ အသစ်တစ်ခု ဖွဲ့စည်းရန်၊ ထိုကောင်စီကို စုံစမ်းရေး ကော်မရှင်က အဆိုပြု သည့်အတိုင်း စည်းကမ်း ဖောက်ဖျက်သည့် သတင်းစာ များကို ဒဏ်ကြေး ပေါင်စတာလင် တစ်သန်းအထိ ချမှတ်နိုင်သည့် အာဏာ အပ်နှင်းရန် ဆိုသည့် အချက် ဖြစ်သည်။ ထိုအချက်ကို သတင်းစာများ အားလုံးက လိုက်နာ အကောင်အထည် ဖော်ရန် သဘောတူညီ ခဲ့ကြသည်။ သို့တိုင်အောင် လေဘာပါတီ အမတ်အချို့က အဆိုပါ စာနယ်ဇင်း ကောင်စီ အသစ်၏ လုပ်ပိုင်ခွင့် များကို ပါလီမန် ဥပဒေဖြင့် အာမခံရန် ဆိုသည့် စုံစမ်းရေး ကော်မရှင် အဆိုပြုချက် အတိုင်း ဆက်လက် ဆောင်ရွက် နိင်ရန် အတွက် ဥပဒေကြမ်း တစ်ခု တင်သွင်း ရန်လည်း စီစဉ်လျှက် ရှိသည် ကိုတွေ့ရ သည်။ သို့သော် ကွန်ဆာ ဗေးတစ်နှင့် လစ်ဘရယ် ပါတီ အမတ်များ ကမူ အဆိုပါ ဥပဒေကြမ်းကို ပယ်ချမည် ဖြစ်ကြောင်း အတိအလင်း ပြောကြား လျက်ရှိသည်။
မည်သို့ပင်ဖြစ်စေ ဗြိတိန် နိုင်ငံက စာနယ်ဇင်းများ အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်း နိုင်ရန် အတွက် လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ် နေသည့် သာမက အနာဂတ်တွင် စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အဆင့်အတန်း များကို ယခုထက် ပိုမိုမြှင့်တင် သွားရန် ကြိုးစား ရတော့မည် ဆိုသည် ကတော့ သေချာ နေပြီ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်
၁။         An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry

၂။         ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Guardian , Independent သတင်းစာများ
Read more

ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက (၄)

စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဗြိတိသျှ ပါလီမန်အ တွင်း ဆွေးနွေး ကြစဉ်တွင်  ဗြိတိန် နိုင်ငံ၏ အဓိက နိုင်ငံရေး ပါတီ သုံးခုလုံးမှ ခေါင်းဆောင် များက ပြီးခဲ့သည့် နှစ်များ အတွင်း  နိုင်ငံရေး သမားများနှင့် သတင်းစာများ အကြား ဆက်ဆံ ရေးသည် လိုအပ်သည်ထက် ပိုမို နီးစပ် ယှက်နွယ် နေသည်ဟု ယူဆကြောင်း၊ ထုတ်ဖော် ပြောကြား ခဲ့ကြသည်။
ထို့ကြောင့် Leveson စုံစမ်းရေး ကော်မရှင်က သတင်းစာများနှင့် နိုင်ငံရေး သမားများ အကြား ဆက်ဆံမှုနှင့် ပတ်သက်ပြီး အောက်ပါ အချက် သုံးချက်ကို စုံစမ်း ဖော်ထုတ်ရန် ဆောင်ရွက် ခဲ့သည်-
(က)
လက်ရှိ ဖြစ်ပေါ် နေသည့် စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ ပြဿနာ များသည် ထိုဆက်ဆံရေး အခြေအနေ နှင့် သက်ဆိုင်မှု ရှိ၊မရှိ။
(ခ)
ပါလီမန် အနေဖြင့် ယခင် ဖြစ်ပေါ်ခဲ့သည့် အရှုတ်တော်ပုံများ၊ စုံစမ်း စစ်ဆေးမှု များတွင် ပြည်သူ များက စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အရည်အသွေးများ ကျဆင်း လာမှုအပေါ် စိုးရိမ် နေမှုများအား ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက် ရန်ပျက်ကွက်ခဲ့ခြင်း ရှိမရှိ။
(ဂ)
ထိုဆက်ဆံရေး အခြေအနေကြောင့် နောက်ထပ် ပြဿနာများ ထပ်မံ ပေါ်ပေါက် လာနိုင်သည့် အလားအလာများ။
စုံစမ်းရေး ကော်မရှင်က ၎င်းတို့၏ စုံစမ်း စစ်ဆေးမှု များသည် နိုင်ငံရေး သမားများနှင့် စာနယ်ဇင်း သမားများ အကြား ရှိ သင့် ရှိအပ်သည့် ပုံမှန် ဆက်ဆံရေး များအပေါ် မေးခွန်း ထုတ်ရန် မဟုတ်ကြောင်း၊ ထိုပုံမှန် ဆက်ဆံရေးသည် ဒီမိုကရေစီ စနစ်တွင် ရှိရမည့် ပြည်သူများ အနေဖြင့် သတင်း အချက်အလက်များ လွတ်လပ်စွာ ရယူခွင့်၊ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားရေး မဏ္ဍိုင်များကို စောင့်ကြည့် နိုင်မှု၊ ပြည်သူ့ရေးရာ မူဝါဒများတွင် ပြည်သူများ ပါဝင် ဆွေးနွေး နိုင်မှုတို့အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း၊ သို့သော် ကော်မရှင် အနေဖြင့် ထိုဆက်ဆံရေး ကြောင့် နိုင်ငံရေး သမားများ အနေဖြင့် ပြည်သူများ၏ အကျိုး စီးပွားကို ကာကွယ် နိုင်ရန်တွက် လိုအပ်သော မီဒီယာ ဆိုင်ရာ ပြည်သူ့ရေးရာ မူဝါဒများ ( Public Policy about Media) ချမှတ်ရာတွင် မလိုအပ်သော နှောင့်နှေး မှုများ၊ ဘက်လိုက်မှုများ ရှိမရှိ စိစစ်ရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
လက်တွေ့ စုံစမ်း စစ်ဆေး ရာတွင်လည်း ဗြိတိသျှ ၀န်ကြီးချုပ် ငါးဦး လက်ထက်က မီဒီယာများနှင့် ဆက်ဆံရေး၊ မီဒီယာ ဆိုင်ရာ မူဝါဒများ ချမှတ်ခဲ့သည့် အခြေအနေများကို ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် အောက်ပါ ဖြစ်စဉ် ငါးခုကို အလေးထား ဆန်းစစ် ခဲ့သည်-
(က)
ဝန်ကြီးချုပ် မာဂရက် သက်ချာ လက်ထက်တွင် ဗြိတိန် နိုင်ငံ၏ ဂုဏ်သိက္ခာ ကြီးမားလှသည့် The Time သတင်းစာ ကို မားဒေါ့၏ News Corp က ၀ယ်ယူမှုကို ခွင့်ပြုခဲ့သည့် ဖြစ်စဉ်။
(ခ)
ဝန်ကြီးချုပ် ဂျွန်မေဂျာ လက်ထက်တွင် ပြုလုပ ခဲ့သည့် Sir David Calcutt စုံစမ်းရေး ကော်မရှင်က တင်ပြ ခဲ့သည့် စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အစီအရင်ခံစာ များအပေါ် အရေးယူ ဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည့် ဖြစ်စဉ်။
(ဂ)
ဝန်ကြီးချုပ် တိုနီဘလဲ လက်ထက်တွင် မီဒီယာများ၏ ရေးသားချက် များအပေါ် လွှမ်းမိုး နိုင်ရန် ဆောင်ရွက်ခဲ့မှု  (News Management)၊ အစိုးရ၏ မီဒီယာ မူဝါဒနှင့် လူ့အခွင့်အရေး ဥပဒေ ၁၉၉၈ နှင့် ဆက်သွယ်ရေး ဥပဒေ ၂၀၀၃ တို့တွင် မီဒီယာများ၏ တောင်းဆို ချက်များကို ထည့်သွင်း ပေးခဲ့သော ဖြစ်စဉ်နှင့် ဒိုင်ယာနာ သေဆုံးမှု ဖြစ်စဉ် နောက်ပိုင်း မီဒီယာများ၏ ပုဂ္ဂလိက အခွင့်အရေး ချိုးဖောက်မှု များကို ထိရောက်စွာ ထိန်းချုပ် ပေးရန် တောင်းဆို မှုများ အပေါ် အကောင်အထည် ဖော်ရန် ပျက်ကွက် ခဲ့သည့် ဖြစ်စဉ်။ 
(ဃ)
ဝန်ကြီးချုပ် ဘရောင်း လက်ထက်တွင် သတင်း အချက်အလက် ကာကွယ်ရေး ဥပဒေ (Data Proctection Act) ပြင်ဆင်ရာ၌ မီဒီယာများ အနေဖြင့် ပုဂ္ဂလိက သတင်း အချက်အလက် များကို နည်းမျိုး စုံဖြင့် ရယူ နိုင်ခွင့်ပေးရာ ရောက်သည့် ပြဋ္ဌာန်းချက် များထည့်သွင်း ခဲ့သည့် ဖြစ်စဉ်။
(င)
လက်ရှိ ၀န်ကြီးချုပ် ကင်မရွန်း လက်ထက်တွင် ဗြိတိန်နိုင်ငံ BskyB ရုပ်သံဌာနအား မားဒေါ့၏ News International က ၀ယ်ယူရန် ကြိုးစားမှု အပေါ် ကိုင်တွယ် ဆောင်ရွက် ခဲ့မှု အခြေအနေ။
စုံစမ်းရေး ကော်မရှင်က ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ်မှ သုံးဆယ့် ငါးနှစ် အတွင်းတွင် အဓိကပါတီ သုံးခုလုံး အနေဖြင့် မိမိတို့ ပါတီအပေါ် လူထု အမြင်ကောင်း စေရန်အတွက် အချို့သော မီဒီယာ သမားများကို အသုံးချ ခဲ့သည်ဟု ကောက်ချက်ချ ခဲ့ပါသည်။ ထို့ပြင် ဗြိတိသျှ နိုင်ငံရေး သမားများ အနေဖြင့် မီဒီယာများက အကောင်းမြင် ရေးသား စေရန် အတွက် အရေးကြီးသော သတင်းများကို ရင်းနှီးသည့် သတင်းစာ ဆရာများ ကိုသာ ပေးအပ်ခြင်း၊ မီဒီယာ ဆိုင်ရာ ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်ရာတွင် ပြည်သူ့ အကျိုးစီးပွား (Public Interest) ထက် မီဒီယာ အုပ်စုများ၏ အကျိုးကို ပိုပြီး ဦးစား ပေးခြင်းများ ပြုလုပ် ခဲ့သည်ဟု လည်း သုံးသပ် သွားခဲ့ပါသည်။
စုံစမ်းရေးေ က်ာမရှင်က နိုင်ငံရေး သမားများဘ က်ကလည်း မိမိတို့ မူဝါဒများကို ပြည်သူများက အမှန်အတိုင်း သိစေရန် အတွက် စာနယ်ဇင်း များနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရမည်ဟု ခုခံ ကာကွယ် ပြောဆိုချက် များကိုလည်း ဖော်ပြ ခဲ့ပြီး ထို အကြောင်း ပြချက်မှာ မှန်ကန် သော်လည်း နိုင်ငံရေး သမားများနှင့် မီဒီယာများ အကြား ဆက်ဆံရေးသည် ပြည်သူများက သံသယ ဖြစ်ပေါ် စေနိုင်သည့် အခြေအနေ အထိ နီးကပ်ရန် မသင့်ကြောင်း၊ လက်ရှိ အခြေအနေတွင် ပြည်သူများက နိုင်ငံရေး ပါတီများနှင့် စာနယ်ဇင်းများ အကြားတွင် လုပ်ပိုင်ခွင့် အာဏာနှင့် လူထုအပေါ် သြဇာ လွှမ်းမိုး နိုင်မှု တို့ကို အပေးအယူ လုပ်နေသည်ဟု သံသယများရှိနေကြောင်း ထောက်ပြ သွားခဲ့ ပါသည်။ အထူးသဖြင့် အင်အား ကောင်းသည့် သတင်းစာများ အနေဖြင့် နိုင်ငံရေး ပါတီများ၏ မူဝါဒများနှင့် နိုင်ငံရေး သမား တစ်ဦးချင်း၏ အပြုအမူများ အပေါ် လူထုအမြင်ကို ပြောင်းလဲ သွားအောင် လုပ်ဆောင် နိုင်စွမ်း ရှိနေသဖြင့် နှစ်ဘက်ကြား ဆက်ဆံရေးသည် ပွင့်လင်း မြင်သာမှု ရှိရန် လိုကြောင်း သုံးသပ် ထားခဲ့သည်။
ထို့ပြင် စုံစမ်းရေး ကော်မရှင်က မီဒီယာ အုပ်စုများက မီဒီယာ ဆိုင်ရာ ပါလီမန် ဥပဒေများ ပြဋ္ဌာန်းရာတွင် နိုင်ငံရေး ပါတီများကို ချဉ်းကပ်စဉ်းရုံး  (Lobby)လုပ်မှုသည် အန္တရာယ် ရှိသည့် အတိုင်းအတာ အထိ ရောက်ရှိ နေပြီဟု ထင်မြင်ခဲ့ သည့်အတွက်   လွတ်လပ်ပြီး အင်အား ကောင်းသော စာနယ်ဇင်း များသည် ပြည်သူ့ အကျိုးစီးပွား ကိုဖော်ဆောင် နိုင်သော်လည်း နိုင်ငံရေးသမားများ အနေဖြင့် မီဒီယာများ၏ အကျိုး စီးပွားသည် အမြဲတမ်း ပြည်သူ့ အကျိုးစီးပွားနှင့် ထပ်တူ မကျကြောင်းကို သတိပြု သင့်ပုံကို  အောက်ပါ အတိုင်း သတိပေး ဖော်ပြခဲ့ပါသည် -
I consider it to be entirely the responsibility of the politicians who are the object of press lobbying  to judge how far and in what they consider it to be in the public interest for them to respond. And one of the chief aspects of the responsibility is to bear in mind  that while  a free press and healthy press is certainly in the public interest, that does not mean that everything which is in the ( commercial or wider ) interest of any individual press organization or even the industry as a whole , will itself necessarily be in the public interest . The matter must be looked at in the round.
စုံစမ်းရေး ကော်မရှင်က နိုင်ငံရေး သမားများနှင့် မီဒီယာများ၊ အထူးသဖြင့် သတင်းစာ ဆရာများ အကြား ဆက်ဆံရေး အပေါ် ပြည်သူများက သံသယ ကင်းရှင်း စေရန်အတွက် ထိပ်တန်း မူဝါဒ ချမှတ်သူများနှင့် မီဒီယာများ အကြား တွေ့ဆုံမှု များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ပေးသင့်ကြောင်း၊ ထို့ပြင် တွေ့ဆုံမှု၊ စာ၊ ဖုန်း၊ အီးမေးလ် ဆက်သွယ်မှု များနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်းအရာ အပြည့်အစုံကို ထုတ်ပြန်ခြင်း မပြုသော်လည်း ယျေဘူယျ အချက်များကို ပြည်သူများကို အသိပေး သင့်ကြောင်း၊ အလားတူပင် မူဝါဒ ဆိုင်ရာများ၊ အရေးကြီးသော သတင်းများကို မီဒီယာ အားလုံး အတွက် သတင်း ထုတ်ပြန်ချက် အဖြစ် ထုတ်ပြန်ပေး သင့်ကြောင်း အကြံပြုခဲ့ သည်ကို တွေ့ရပါသည်။
စုံစမ်းရေး ကော်မရှင်က နောက်ထပ် ဆန်းစစ် ခဲ့သည့် အချက်မှာ မီဒီယာ ပိုင်ဆိုင်မှု အခြေအနေ ဖြစ်ပါသည်။
ဆက်လက် ဖော်ပြ ပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်

An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
Read more

ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက (၃)

သတင်းစာ များနှင့် ရဲတပ်ဖွဲ့
စုံစမ်းရေး ကော်မရှင်က သတင်းစာ များ အနေဖြင့် ထိရောက်သော ကျင့်ဝတ် ဆိုင်ရာ ထိန်းကျောင်းမှု စနစ်များ တည်ထောင်ရန် တိုက်တွန်း ခဲ့သကဲ့သို့ သတင်းစာ များနှင့် ရဲတပ်ဖွဲ့ အကြား ဆက်ဆံရေး ကိုလည်း သုံးသပ် အကြံပြု သွားခဲ့ သည်။ သို့သော် ထူးခြားချက်မှာ စုံစမ်းရေး ကော်မရှင် အနေဖြင် ဗြိတိန် နိုင်ငံက အဓိက သတင်းစာကြီး များနှင့် ရဲတပ်ဖွဲ့ အကြား ဆက်ဆံရေး မကောင်း သောကြောင့် ထောက်ပြ ရခြင်းမဟုတ်ဘဲ အလုပ် သဘောထက် ပိုမိုသည့် ဆက်ဆံရေး များရှိနေ ခြင်းက စာနယ်ဇင်း ကျင့်ဝတ်နှင့် သတင်းစာ များ၏ အဆင့်အတန်း ကို ထိခိုက် လာခြင်းကြောင့် သုံးသပ် အကြံပြု ခဲ့ရခြင်း ပင်ဖြစ်သည်။
စုံစမ်းရေး ကော်မရှင်က ၂၀၀၆ ခုနှစ်တွင် ပေါ်ပေါက် ခဲ့သည့် News of the World က ဗြိတိန် တော်ဝင် မိသားစု များ၏ ဖုန်းများကို ကြားဖြတ် နားထောင် ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လန်ဒန် ရဲတပ်ဖွဲ့က ထဲထဲ ၀င်ဝင် စုံစမ်းမှု မပြုခဲ့ခြင်း၊  တယ်လီဖုန်း ကြားဖြတ် နားထောင်မှု ဖြစ်စဉ်များကို ၂၀၁၁ ခုနှစ်တွင် ဂါဒီးယန်း သတင်းစာနှင့် နယူးယောက် တိုင်းမ် သတင်းစာ တို့မှ စတင် ဖွင့်ချ ခဲ့ချိန်၌လည်း စုံစမ်းမှုများ ချက်ခြင်း ပြုလုပ်ရန် ပျက်ကွက် ခဲ့ခြင်း တို့ကြောင့် လန်ဒန် ရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများနှင့် News of the World သတင်းစာပိုင်ရှင် News International တို့အကြား ဆက်ဆံရေး အပေါ် မေးခွန်း ထုတ်စရာ တွေဖြစ် လာခဲ့သည် ဟုဆိုသည်။ ထို့ပြင် ယခုကဲ့သို့ ပုံမှန် မဟုတ်သည့် ဆက်ဆံရေး များသည်  News of the World နှင့် လန်ဒန် မြို့တော် ရဲတပ်ဖွဲ့( Metropolitan Police Service, MPS) အကြား တွင်သာ ပေါ်ပေါက်ခြင်း မဟုတ်ဘဲ အခြား သတင်းစာ ကြီးများနှင့်လည်း ရှိခဲ့ကြောင်း၊ ဒေသန္တရ သတင်းစာ ငယ်များနှင့် ဒေသခံ ရဲတပ်ဖွဲ့များ အကြား တွင်လည်း အတိုင်းအတာ တစ်ခုအထိ ရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
စုံစမ်းရေး ကော်မရှင်က ရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူများကို မှုခင်း ဆိုင်ရာ သတင်း အချက်အလက်များ ဖြန့်ဝေ ပေးရန်၊ ရာဇ၀တ်မှု ဖြေရှင်းရေး တွင် ပြည်သူများ ပါဝင်လာရန်၊ ရဲတပ်ဖွဲ့၏ ပုံရိပ်ကို မြှင့်တင် နိုင်ရန်အတွက် စာနယ်ဇင်း များနှင့် ထိတွေ့ ဆက်ဆံရန် လိုအပ်ကြောင်း၊ စာနယ်ဇင်းများ အနေဖြင့်လည်း ပြည်သူ များကို ရာဇ၀တ်မှု များနှင့် ပတ်သက်သည့် သတင်းများ အသိပေး နိုင်ရန် အတွက် ရဲတပ်ဖွဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလိုကြောင်း၊ သို့သော် တစ်ဘက် တွင်လည်း ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ထိန်းကျောင်း ပေးရန် လိုကြောင်း၊ ထို့ကြောင့် နှစ်ဘက်ကြား ဆက်ဆံရေး သည် တိကျ မှန်ကန်သော ဆက်ဆံရေးဖြစ်ရန်၊ ကိုယ်ကျိုး စီးပွားကိုအခြေခံသည့် ဆက်ဆံရေးမျိုး မဖြစ်ရန် လိုကြောင်း သတိပေး ဖော်ပြခဲ့သည်။
ထိုကဲ့သို့ဆက်ဆံရေးမျိုးမဖြစ်ပေါ်စေရန်အတွက် ရဲတပ်ဖွဲ့ဝင်များဘက်က အောက်ပါအချက်များနှင့်ပတ်သက်ပြီး တိကျ သောစည်းမျဉ်းများချမှတ်ထားသင့်သည်ဟု စုံစမ်းရေးကော်မရှင်ကအကြံပြုခဲ့သည်ကိုတွေ့ရသည်-
(က)
စာနယ်ဇင်းအချို့ကိုသာ လျှို့ဝှက်သတင်းထုတ်ပေးခြင်း ( Tip Offs, Leaks)
(ခ)
အလွတ် သဘော ပြောကြားခြင်း ( Off the Record Briefings )
(ဂ)
သတင်းထောက် များကို ရဲတပ်ဖွဲ့ စစ်ဆင်ရေး များတွင် လိုက်ပါခွင့် ပြုခြင်း ( Taking Media on Operations)
(ဃ)
ဧည့်ခံပွဲများ ( Entertainments)
(င)
ရဲတပ်ဖွဲ့ဝင် ဟောင်းများကို စာနယ်ဇင်း လုပ်ငန်းများတွင် ခန့်ထားခြင်း ( Revolving Door Phenomenon)
စုံစမ်းရေး ကော်မရှင်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စာနယ်ဇင်းများနှင့် ဆက်ဆံရာတွင်လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက် လျှင် Association of Chief Police Officers , ACPO က ပြုစု ထားသည့် ကျင့်ဝတ် များသည် အခြေခံအားဖြင့် ကောင်းမွန်ပြီး လိုအပ်ချက် များကို ပြန်လည် ပြင်ဆင် သင့်ကြောင်း အကြံပြု ခဲ့သည်။
ထို့ပြင် စုံစမ်းရေး ကော်မရှင်က ရဲအရာရှိ များအနေဖြင့် စာနယ်ဇင်း များနှင့် တွေ့ဆုံမှု မှတ်တမ်း ထားရှိပြီး ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ပေးနိုင် ရမည်ဟု ဆိုသည်။ အလားတူပင် ဖြစ်ပေါ်ခဲ့သည့် တယ်လီဖုန်း ကြားဖြတ် နားထောင်မှု များတွင် ရဲတပ်ဖွဲ့ဝင် ဟောင်း များကို သတင်း စာတိုက်က စုံစမ်းရေးမှူး အဖြစ် တာဝန်ပေး ခဲ့ခြင်းကြောင့် နောင်တွင် ရဲတပ်ဖွဲ့မှ အနားယူပြီးသည့် တပ်ဖွဲ့ဝင် ဟောင်းများကို တစ်နှစ်အတွင်း စာနယ်ဇင်း လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် မပြုရန်၊ ထိုသို့ လုပ်ကိုင် ရာတွင်လည်း ရဲတပ်ဖွဲ့နှင့် ဆက်ဆံရေးတွင် လိုက်နာရမည့် စည်းမျဉ်း များကိုပါ သတ်မှတ် ပေးရန် အကြံပြုခဲ့သည်။
စုံစမ်းရေး ကော်မရှင်က နောက်ထပ် စုံစမ်း စစ်ဆေး အကြံပြု ခဲ့သည့် ကိစ္စမှာ သတင်းစာများနှင့် နိုင်ငံရေး သမားများ အကြား ဆက်ဆံရေး ဖြစ်သည်။
ဆက်လက် ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်

An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
Read more

ပြုပြင်ရတော့မည့် ဗြိတိန်နိုင်ငံစာနယ်ဇင်းလောက (၂)

စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်းများကို  ကြီးကြပ် ထိန်းကျောင်းမည့် အဖွဲ့ ( Self Regulatory Body )( စာဖတ်သူများ ပိုမို ရှင်းလင်းစေရန် အတွက် ဆောင်းပါးတွင် စာနယ်ဇင်း ကောင်စီ ဟုသာ သုံးစွဲပါမည်။)   ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အဓိက တင်ပြသည့် အချက်မှာ အစိုးရနှင့် လည်းကောင်း၊ စာနယ်ဇင်း သမားများ၊ စာနယ်ဇင်း လုပ်ငန်းရှင်များ နှင့် လည်းကောင်း သီးခြား လွတ်လပ်သည့် အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းရန် ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်သည် လက်ရှိ PCC ကြုံတွေ့နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက်လည်းဖြစ်သည်။
ကော်မရှင်က စာနယ်ဇင်း ကောင်စီ  ဥက္ကဌနှင့် အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် လက်ရှိစနစ် ဖြစ်သည့် PCC ကို စာနယ်ဇင်း လောကသားများ ပါဝင်သည့် Press Standards Board of Finance ( Press BOF ) ကရွေးချယ် ခန့်အပ်သည့် စနစ်အစား သီးခြား လွတ်လပ်သည့် ရွေးချယ် ခန့်ထားရေး အဖွဲ့( Appointment Panel) ဖြင့် ရွေးချယ် ခန့်အပ်ရန်၊ ရွေးချယ် ခန့်အပ်သည့် စနစ်သည် လွတ်လပ်ပြီး ပွင့်လင်း မြင်သာမှု ရှိရန် လိုသည်ဟု ဆိုသည်။ ထို့ပြင် ရွေးချယ်ရေး အဖွဲ့ဝင်များ အတွင်းတွင် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ အယ်ဒီတာ တစ်ဦးနှင့် စာနယ်ဇင်း လောက အတွေ့အကြုံ ရှိသူ တစ်ဦးသာ ပါဝင်ရန်နှင့် ကျန်အဖွဲ့ဝင်များသည် စာနယ်ဇင်း လောကနှင့် ပတ်သက်သူများ မဖြစ်ရန် လိုအပ်ကြောင်း ကိုလည်း အလေးထား ဖော်ပြထား ခဲ့သည်။
စာနယ်ဇင်း ကောင်စီဝင်များနှင့် ပတ်သက် လျှင်လည်း အများစုမှာ စာနယ်ဇင်း လောကနှင့် မပတ်သက်သူများ ဖြစ်ရန်၊ အနည်းစုမှာ စာနယ်ဇင်း အတွေ့အကြုံ ရှိသူများ ဖြစ်ရန်၊ သို့သော် သတင်းစာ များတွင်လက်ရှိ တာဝန် ထမ်းဆောင် နေသည့် အယ်ဒီတာများ၊ သတင်းစာ ဆရာများနှင့် အစိုးရ အရာရှိများ၊ လွှတ်တော် အမတ်များကို အဖွဲ့ဝင်အဖြစ် လက်ခံခြင်း မပြုရန် အကြံပြု ထားသည်။
ဘဏ္ဍာရေး လွတ်လပ်မှုနှင့် ပတ်သက်ပါက စာနယ်ဇင်း ကောင်စီအတွက် ရန်ပုံငွေကို စာနယ်ဇင်း လုပ်ငန်းများမှ ထည့်ဝင်ရာ တွင် ကောင်စီအပေါ် ဖိအားပေးမှုများ မပေါ်ပေါက် စေရန်အတွက် ရန်ပုံငွေကို လေးနှစ် သို့မဟုတ် ငါးနှစ် အတွက် ကြိုတင် လျာထား သတ်မှတ် သင့်ကြောင်း အကြံပြု ထားသည်။
စာနယ်ဇင်း ကျင့်ဝတ်နှင့် ပတ်သက်လျှင် လက်ရှိ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များမှ သင်ခန်းစာ ဖော်ထုတ်ပြီး စာနယ်ဇင်း ကျင့်ဝတ် များနှင့် သတင်း စုဆောင်း ရယူရာတွင် လိုက်နာရမည့် စည်းမျဉ်း များကို ပြန်လည် ရေးဆွဲရန်၊ ထိုသို့ ပြန်လည် ရေးဆွဲရာတွင် စာနယ်ဇင်း ကောင်စီနှင့် သတင်းစာ များမှ လက်ရှိ အယ်ဒီတာများ ပါဝင်သည့် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ရန် အကြံပြုထား ပါသည်။ စုံစမ်းရေး ကော်မရှင်က အထက်ပါ ကျင့်ဝတ်နှင့် စည်းမျဉ်းများကို ပြုစုရာတွင် စာနယ်ဇင်း လွတ်လပ်ခွင့်၊ ပြည်သူများ၏ အမှန်တရားကို သိပိုင်ခွင့်နှင့် ပုဂ္ဂလိက လွတ်လပ်မှုတို့ကို မျှတအောင် စဉ်းစားပြီး အောက်ပါ ကဏ္ဍများ အတွက် လိုအပ်သည့် စံနှုန်းများ သတ်မှတ်သင့်ကြောင်း တိုက်တွန်း ထားပါသည်-
(က)
သတင်း စုဆောင်း ရယူရာတွင် အခြားသူများ အပေါ် ပြုမူ ဆက်ဆံရမည့် နည်းလမ်းများ။
(ခ)
ပြည်သူ့ အကျိုးစီးပွား အတွက် လိုအပ်ချက်အရ မဟုတ်လျှင် အခြားသူများ၏ ပုဂ္ဂလိက အခွင့်အရေး များကို လေးစားသည့် အနေဖြင့် လိုက်နာ ဆောင်ရွက် ရမည့် အချက်များ။
(ဂ)
သတင်း တိကျ ခိုင်မာမှုကို အထောက်အကူ ဖြစ်စေရန် လိုက်နာရမည့် အချက်များ။
ထို့ပြင် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ အတွက် အဓိက ကျသည့် ပြည်သူ့ အကျိုးစီးပွား အတွက်  ( Publci Interest ) ဆိုသည့် စကားရပ်ကို ဖွင့်ဆိုနိုင်မည့် စံများကိုလည်း တိတိကျကျ သတ်မှတ် သင့်ကြောင်း စုံစမ်းရေး ကော်မရှင်က အကြံပြု ထားခဲ့သည်။ အလားတူပင် စာနယ်ဇင်း သမားများ အနေဖြင့် မိမိ၏ သတင်း အရင်းအမြစ်ကို ကာကွယ်ရမည် မှန်သော်လည်း ပြည်သူ များ၏ ယုံကြည်မှုကို ရရှိနိုင်ရန် အတွက် တတ်နိုင်သမျှ ပွင့်လင်း မြင်သာမှု ရှိရန် တိုက်တွန်း ခဲ့သည်။ စုံစမ်းရေး ကော်မရှင်က ထူးထူးခြားခြား ထောက်ပြခဲ့သည့် အချက်မှာ သတင်းထောက်များ၊ အယ်ဒီတာများ အနေဖြင့် ကျင့်ဝတ်များကို လျစ်လျူရှုပြီး သတင်း လိုက်ရသည့် အခြေအနေသို့ ရောက်အောင် တွန်းပို့နေသည့် လုပ်ငန်းခွင် အခြေအနေများ ( ဥပမာ၊ ပိုင်ရှင်များ၏ ဖိအားပေးမှု) များကို ဖယ်ရှားနိုင်မည့် နည်းလမ်း များကိုလည်း စဉ်းစားသင့် သည်ဆိုသည့် အချက်ဖြစ်သည်။
တိုင်ကြား မှုများကို ဖြေရှင်းခြင်း အတွက်ဆိုပါက စာနယ်ဇင်း ကောင်စီ အနေဖြင့် တိကျလျှင် မြန်သည့် တိုင်ကြားမှု ဖြေရှင်းနည်း စနစ်တစ်ခုကို တည်ထောင်ရန် လိုအပ် သည်ဟု ဆိုသည်။ ထို့ပြင် နစ်နာသူများ၊ တိုင်ကြား လိုသူများ အနေဖြင့် အခြား နည်းလမ်းများ ( ဥပမာ၊ တရားရုံး) ကို ရွေးချယ်ခြင်း မပြုမီ ကောင်စီ၏ တိုင်ကြားမှု ဖြေရှင်းနည်းလမ်းကို ယုံယုံကြည်ကြည် အသုံးပြု စေရန် အတွက်လည်း ကြိုးစားရန် လိုအပ်သည်ဟု ဆိုသည်။ စုံစမ်းရေး ကော်မရှင်၏ အဓိက အကြံပြုချက်မှာ တိုင်ကြားမှုများနှင့် ပတ်သက်ပြီး ကြားနာမှုများ ပြုလုပ်ရာတွင် စာနယ်ဇင်း ကောင်စီကို အကြံပေးရန် အတွက် အကြံပေး အဖွဲ့များ ဖွဲ့စည်း သင့်ကြောင်း၊ သို့သော် အကြံပေး အဖွဲ့တွင် လက်ရှိ သတင်းစာ အယ်ဒီတာများ ပါဝင်ခြင်း မပြုရန်နှင့် အကြံပေး အဖွဲ့သည်လည်း စာနယ်ဇင်း ကောင်စီ ကဲ့သို့ပင် စာနယ်ဇင်း လောကနှင့် မပတ်သက်သူ အများစု ပါဝင်ရန် လိုအပ်ကြောင်း ဆိုသည့် အချက်ဖြစ်သည်။
စာနယ်ဇင်း ကောင်စီ အနေဖြင့် တိုင်ကြား မှုများနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ သတင်းစာ အနေဖြင့် အမှား ပြင်ဆင်ချက်၊ သို့မဟုတ် တောင်းပန်ခြင်း သို့မဟုတ် အခြား သင့်လျော်သည့် နည်းလမ်းဖြင့် နစ်နာမှုများကို ဖြေရှင်း ပေးရန် ညွှန်ကြား နိုင်သည့် အခွင့်အာဏာ ရှိရမည် ဖြစ်သည်။ သို့သော် စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်း ကောင်စီ အနေဖြင့် အယ်ဒီတာ များကို ထူးခြားသော အခြေအနေ တစ်ခုတွင် သတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး အလေးထား စဉ်းစားရန် ညွှန်ကြား နိုင်သော်လည်း မည်သည့် စာစောင်မှ ထုတ်ဝေခြင်း မပြုရန် အတွက် တားမြစ် ပိုင်ခွင့် မရှိသင့်ကြောင်း အတိအလင်း ဖော်ပြ ထားသည် ကိုလည်း တွေ့ရသည်။
စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်း ကောင်စီသည် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်သည် နှင့်အညီ ကျင့်ဝတ် ချိုးဖောက်မှု များ ရှိနေသည်ဟု ယူဆပါက တိုင်ကြားမှုများ မရှိသည့်တိုင် မိမိ အစီအစဉ်ဖြင့် စတင် စုံစမ်းနိုင်သည့် အခွင့်အရေး ရှိရမည်ဟု အကြံပြု ခဲ့သည်။ ထို့ပြင် မိမိတို့သတင်းစာ အနေဖြင့် တယ်လီဖုန်း ကြားဖြတ် နားထောင်ခြင်း ကဲ့သို့သော ကျင့်ဝတ်နှင့် မညီသည့် လုပ်ရပ်များကို အစီအစဉ်ရှိရှိ လုပ်ကိုင်နေပါက အယ်ဒီတာများ၊ သတင်းထောက် များက တိုင်ကြား နိုင်သည့် Hot Line စနစ် ကိုလည်း ထားရှိ သင့်သည်ဟု ဆိုသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီ အနေဖြင့် သက်ဆိုင်ရာ သတင်းစာ တိုက်က အစီအစဉ် ရှိရှိဖြင့် ကျင့်ဝတ် ချိုးဖောက်ကြောင်း တွေ့ရှိပါက ဒဏ်ငွေ ချမှတ်နိုင်သည့် လုပ်ပိုင်ခွင့် ပေးသင့် သည်ဟု အကြံပြု ထားသည်ကို လည်းတွေ့ရ ပါသည်။
နောက်ဆုံး အနေဖြင့် စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်များကို အာမခံသည့် ဥပဒေ တစ်ခု ပြဋ္ဌာန်း သင့်သည်ဟု အကြံပြုခဲ့သည်။ သို့သော် ထိုဥပဒေသည် လွှတ်တော် သို့မဟုတ် အစိုးရ အဖွဲ့က စာနယ်ဇင် များကို ထိန်းချုပ်သည့် ဥပဒေ မဖြစ်စေပဲ၊ စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှု၊ လုပ်ပိုင်ခွင့်နှင့် စာနယ်ဇင်းများ၏ အချင်းချင်း ထိန်းကျောင်းသည့် စနစ်ကို အထောက် အကူ ဖြစ်ဖို့ လိုအပ်သည်ဟု သတိပေးထားခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
၂။ The Guardian , 4 Dec
Read more

ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက (၁)

နောက်ခံသမိုင်း  
News of the World သတင်းစာ သည် မီဒီယာ လုပ်ငန်းရှင် ရူးပတ်မါးဒေါ့၏ ကုမ္ပဏီ ဖြစ်သည့် News International က ပိုင်ဆိုင်သော သတင်းစာဖြစ်သည်။ ထိုသတင်းစာ သည် ထင်ရှား ကျော်ကြားသူ များ၏ အရှုတ်တော်ပုံများ၊ အခြား သတင်းစာများ မရရှိသည့် သတင်းထူး၊ သတင်းဦးများကို ဖော်ပြလေ့ရှိသည့် တက်ဘလွိုက် သတင်းစာ ဖြစ်သော်လည်း ဗြိတိန် နိုင်ငံတွင် စောင်ရေ နှစ်သန်း ရှစ်သိန်း ကျော်အထိ ရောင်းချ ခဲ့ရကာ ရောင်းအကောင်းဆုံး သတင်းစာ များထဲတွင် အပါအ၀င် ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှာတော့ News of the World က ဗြိတိန် တော်ဝင် မိသားစုများ၏ ဖုန်းများကို ကြားဖြတ် နားထောင် ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အယ်ဒီတာ တစ်ဦးနှင့် သတင်းထောက် တစ်ဦးမှာ ဥပဒေအရ အရေးယူ အပြစ်ပေး ခြင်းခံခဲ့ရသည်။
News of the World သတင်းစာနှင့် မိခင် ကုမ္ပဏီဖြစ်သည့် News International တို့က ထိုဖြစ်စဉ်သည့် ကျင့်ဝတ် ချိုးဖောက်သော သတင်းထောက် အချို့၏ လုပ်ရပ်သာဖြစ်ပြီး သတင်းစာ၏ မူဝါဒ မဟုတ်ကြောင်း ပြောကြား ခဲ့သည်။ စကော့ တလန်ယဒ်နှင့် လန်ဒန် ရဲတပ်ဖွဲ့ ကလည်း ထိုရှင်းလင်းချက်ကို လက်ခံပြီး ဆက်လက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိခဲ့သလို အစိုးရအဖွဲ့နှင့် ပါလီမန်ကလည်း သီးခြား စစ်ဆေး ကြားနာမှုများ ပြုလုပ်ခြင်း မရှိခဲ့ပေ။သို့သော် ၂၀၁၁ ဇူလိုင်လတွင် News of the World က ငှားရမ်း အသုံးပြု ခဲ့သည့် အလွတ်စုံထောက်တစ်ဦးက News of the World အနေဖြင့် ၂၀၀၂ ခုနှစ် ခန့်လောက် ကပင်စတင်ပြီး ထင်ရှား ကျော်ကြား သူများ၏ ဖုန်းများ သာမက အသတ်ခံ ရသော၊ ပျောက်ဆုံး နေသော အမျိုးသမီး ငယ်များ၏ မိသားစုများ၊ အီရတ်နှင့် အာဖဂန်တွင် ကျဆုံး သွားသော ဗြိတိသျှ စစ်သည်များ၏ မိသားစုများ၏ ဖုန်းများကိုပါ ကြားဖြတ် နားထောင်ပြီး သတင်းထူး ရရှိအောင် ကြိုးစား ခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။ နောက်ပိုင်းတွင် မူ News of the World အယ်ဒီတာများ ကိုယ်တိုင်က ဖုန်းများ ကြားဖြတ် နားထောင်ခြင်း၊ ကွန်ပျူတာ စနစ် အတွင်းသို့ တရားမ၀င် ဖောက်ထွင်း ၀င်ရောက်ကာ ကိုယ်ရေး ကိုယ်တာ အချက်အလက် များ ခိုးယူခြင်း တို့ကို လုပ်ဆောင် ခဲ့ကြောင်း သတင်းများ ဆက်တိုက် ပေါ်ထွက်လာ ခဲ့သည်။ ထို့ပြင် News of the World ၏ ပိုင်ရှင် ဖြစ်သည့် မားဒေါ့၏ News International ကုမ္ပဏီနှင့် ဗြိတိန် နိုင်ငံရေး သမားများ၊ ရဲတပ်ဖွဲ့ အကြီးအကဲ များကြား အလုပ်သဘော ထက်ပိုမိုသည့် ဆက်ဆံရေးများ ရှိခဲ့ကြောင်း စွတ်စွဲချက်များ လည်း ပေါ်ထွက် လာခဲ့သည်။
ထို အဖြစ်အပျက် များကြောင့် News International နှင့် News of the World တို့၏ လုပ်ရပ်များ အပေါ် ရာဇ၀တ်ကြောင်း အရ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၃၁ ရက်နေ့အထိ ဖုန်း ကြားဖြတ် နားထောင်မှု အတွက် လူ ၁၇ ဦး၊ စုံစမ်း စစ်ဆေးမှုကို နှောက်ယှက် မှုဖြင့် ၇ ဦး၊ ပြည်သူ့ ၀န်ထမ်းများကို သတင်း ရရှိရေး အတွက် လာဘ်ပေးမှုဖြင့် သတင်းစာဆရာ ၂၅ ဦး အပါအ၀င် ၅၂ ဦး၊ ကွန်ပျူတာ ကွန်ယက် အတွင်းသို့ ဖောက်ထွင်း ၀င်ရောက်ပြီး သတင်း အချက်အလက်များ ခိုးယူမှုဖြင့် ၁၇ တို့ကို ဖမ်းဆီး စစ်ဆေး အရေးယူ လျှက်ရှိပေသည်။ ထို့ပြင် စကော့ တလန်ယဒ်နှင့် လန်ဒန် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အချို့ နှုတ်ထွက် ခဲ့ရသလို ၁၈၄၃ ခုနှစ်မှစပြီး  နှစ်ပေါင်း တစ်ရာကျော် ထုတ်ဝေခဲ့သည့် News of the World သတင်းစာ လည်း နံမည်ပျက်­နှင့် ထုတ်ဝေမှု ရပ်ဆိုင်း သွားခဲ့ရသည်။
Lord Justic Leveson စုံစမ်း စစ်ဆေးရေး ကော်မရှင်
News of the World သတင်းစာ၏ ဖုန်း ကြားဖြတ် နားထောင်မှု အရှုတ်တော်ပုံမှ ပေါ်ထွက် လာသော သတင်း အချက် အလက် များအရ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်မှုများ၊ စာနယ်များနှင့် နိုင်ငံရေး သမားများ၊ ပြည်သူ့ ၀န်ထမ်းများ အကြား ပုံမှန်ထက် ပိုသော ဆက်ဆံရေး များသည် News of the World  တွင်သာမက အခြား သတင်းစာ အုပ်စု များတွင်ပါ ဖြစ်ပေါ် နေကြောင်း ထင်ရှားလာ ခဲ့သည်။ ထို့ကြောင့် ၀န်ကြီးချုပ် ကင်မရွန်က တရားရုံးချုပ် တရားသူကြီး Leveson ဦးဆောင် သော စုံစမ်းရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်း ပေးခဲ့သည်။
အစိုးရ အဖွဲ့၏ တာဝန် ပေးချက်အရ Leveson စုံစမ်း စစ်ဆေးရေး ကော်မရှင် သည် သတင်းစာများ၏ လုပ်ငန်း ဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ၊ လက်တွေ့ ဆောင်ရွက်မှု၊ ကျင့်ဝတ် များတို့နှင့် ပတ်သက်သည့် အောက်ပါ အချက်များကို ဖော်ထုတ်ပြီး အကြံပြု ချက်များနှင့် တကွ တင်ပြရမည် ဖြစ်သည်-
(က)    သတင်းစာများနှင့် ပြည်သူများ အကြား ဆက်ဆံရေးနှင့် တရားမ၀င် ဖုန်း ကြားဖြတ် နားထောင်မှု အပါအ၀င် အခြား  ကျူးလွန် နိုင်ဖွယ်ရာ ရှိသည့် တရားမ၀င် လုပ်ရပ် များကို ဖြစ်ပေါ် စေခဲ့သည့် ကျင့်ဝတ် ဆိုင်ရာ အကြောင်းအရင်းများကို  ဖော်ထုတ်ရန်။
(ခ)       သတင်းစာများနှင့် ရဲတပ်ဖွဲ့ကြား ဆက်ဆံရေး အခြေအနေနှင့် ပြည်သူ့ အကျိုး စီးပွားကို ထိခိုက် စေမှု ရှိမရှိ ဖော်ထုတ် ရန်။
( ဂ)      သတင်းစာ များနှင့် နိုင်ငံရေး သမားများ အကြား ဆက်ဆံမှုကို သုံးသပ်ရန်။
(ဃ)   သတင်းစာ များ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ် ထိန်းသိမ်း မြှင့်တင် ပေးနိုင်မည့် ထိရောက်သော မူဝါဒ နှင့် ကျင့်ဝတ် ဆိုင်ရာ လုပ်နည်း စနစ်များကို အကြံပြု တင်ပြရန်
စုံစမ်းရေး ကော်မရှင်၏ သဘောထား
ပြီးခဲ့သည့် ရက်ပိုင်းက ဂျာနယ် တစ်စောင်တွင် ဗြိတိသျှ ၀န်ကြီးချုပ် ကင်မရွန်းက Leveson စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ တင်ပြ ချက်များကို ဆွေးနွေး ရာတွင် ကော်မရှင်မှ တင်ပြသည့် အဆိုပြုချက် တစ်ရပ် ဖြစ်သော သတင်း မီဒီယာ များကို ဥပဒေဖြင့် ထိန်းချုပ်မည့် အစီအစဉ်ကို ကန့်ကွက်သည် ဆိုသည့် သဘော သက်ရောက်သော သတင်း တစ်ခု ဖော်ပြ ထားသည်ကို တွေ့ရသည်။ တကယ်တော့ ၀န်ကြီးချုပ် ကင်မရွန်းက သတင်းစာ များအနေဖြင့် စုံစမ်းရေး ကော်မရှင်က မိမိဘာသာ ထိန်းကျောင်းသည့် လုပ်နည်း စနစ်များ ပိုမို ခိုင်မာ စေရန် အကြံပြု ထားသည့် အချက်များကို အမြန်ဆုံး အကောင်အထည် ဖော်ရန် လိုကြောင်း၊ ထိုသို့ မလုပ်ဆောင် ပါက ပါလီမန်နှင့် အစိုးရက လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရသည့် အခြေအနေ သို့ ရောက်သွား နိုင်ကြောင်း၊ ၎င်းအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင် ရမည့် အခြေအနေကို ရှောင်ရှား လိုကြောင်း ပြောကြား ခဲ့ခြင်းသာ ဖြစ်သည်။
စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဖြစ်သူ တရားသူကြီး Leveson ကိုယ်တိုင် ကလည်း ၎င်း၏ အစီရင်ခံစာ နိဒါန်းတွင် ကော်မရှင်၏ တာဝန်သည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို တားဆီး ပိတ်ပင်ရန် မဟုတ်ဘဲ သတင်းစာ ဆရာများ ကိုယ်တိုင်က မိမိတို့ သတ်မှတ် ထားသည့် စံချိန် စံညွှန်း များကို လိုက်နာ စေရန်။ သတင်း လွတ်လပ်ခွင့် ကြောင့် ပြည်သူ့ အကျိုးစီးပွားကို မထိခိုက် စေရန်၊ မရည်ရွယ် ဘဲနှင့် ထိခိုက်မှုများ ဖြစ်လာပါက နစ်နာမှု များကို ကုစား နိုင်သည့် စနစ် တစ်ခုကို တည်ဆောက် ရန်သာ ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ ထို့ပြင် ကော်မရှင် အနေဖြင့် သက်သေ ၃၃၇ ဦးကို လူကိုယ်တိုင် စစ်ဆေး ခဲ့သကဲ့သို့ ကျန်သက်သေ သုံးရာကျော်၏ စာဖြင့် ရေးသား ထွက်ဆို ချက်များကို ရယူခဲ့ကြောင်း၊ ထိုအထဲတွင် မည်သူ တစ်ဦး တစ်ယောက်ကမျှ အစိုးရ သို့မဟုတ် ပါလီမန်က ၀င်ရောက် ထိန်းကျောင်းရာ ရောက်မည့် စာနယ်ဇင်း ဥပဒေတစ်ခု လိုအပ်သည်ဟု ပြောဆိုခြင်း မရှိကြောင်း အလေးအနက် ဖော်ပြ ထားသည်ကို တွေ့ရသည်။ တရားသူကြီး Leveson က လွတ်လပ်စွာ ပြောဆိုခွင့် ဆိုသည့် အခွင့်အရေး နှင့်အတူ ပြည်သူ့ အကျိုးစီးပွား( Public Interest ) ကိုရှေ့ရှုသည့်  အမှန်တရားကို အလေး ထားမှု ( Respect the Turth ) ၊ ဥပဒေကို လိုက်နာမှု ( To Obey the Law ) ၊ ပုဂ္ဂလိက လွတ်လပ် ခွင့်နှင့် အခွင့် အရေးကို လေးစားမှု ( To Uphold the Rights and Liberties of Individuals) ကို လိုက်နာရန် လိုကြောင်း ဖော်ပြ ထားသည် ကိုလည်း တွေ့ရသည်။
ကော်မရှင်၏ အကြံပြုချက်များ
ကော်မရှင်၏ အကြံ ပြုချက်များအနက် အရေးအကြီးဆုံး အကြံပြုချက်မှာ စာနယ်ဇင်း တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင် (Press Complaints Commission, PCC) နှင့် ပတ်သက်သည်။ ဗြိတိန် နိုင်ငံတွင် စာနယ်ဇင်း ကောင်စီဟု မရှိဘဲ စာနယ်ဇင်း တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင်က ကျင့်ဝတ် ဆိုင်ရာ ကိစ္စများကို တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးသည်။ သို့သော် မားဒေါ့ အရှုတ်တော်ပုံ ပေါ်ထွက် လာသည့်အခါ ကွန်ဆာဗေးတစ် ပါတီ၊ လေဘာ ပါတီနှင့် လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် များက စာနယ်ဇင်း တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင်၏ ထိရောက်မှု များအပေါ် မေးခွန်း ထုတ်လာ ခဲ့သည်။ စုံစမ်းရေး ကော်မရှင် ကလည်း PCC ၏ အဓိက ပြဿနာမှာ လွတ်လပ်မှု မရှိခြင်းနှင့် ဖွဲ့စည်းပုံ အရ အားနည်း ချက်များ ရှိနေခြင်း ဖြစ်သည်ဟု ထောက်ပြ ခဲ့သည်။ PCC အနေဖြင့် တိုင်ကြားချက် များကိုသာ ဖြေရှင်းရန် တာဝန်ရှိပြီး စာနယ်ဇင်း ကျင့်ဝတ်များနှင့် ပတ်သက်လျှင် သီးခြား အဖွဲ့အစည်း ဖြစ်သည့် The Editors’ Code Committee က ဆောင်ရွက်ကာ ထို ကော်မတီကို သတင်းစာ အယ်ဒီတာ များဖြင့်သာ ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ထို့ပြင် PCC ဥက္ကဌ အပါအ၀င် အဖွဲ့ဝင်များ ခန့်ထားမှုနှင့် ကော်မရှင် အတွက် လိုအပ်သော ဘဏ္ဍာငွေ များကို Press Standards Board of Finance ( PressBOF ) ကတာဝန်ယူဆောင်ရွက်ပြီး ထိုအဖွဲ့ကို မီဒီယာ လုပ်ငန်း ရှင်ကြီးများ ဖြင့်သာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်သော ကော်မရှင် တစ်ခု အဖြစ် ရပ်တည်နိုင်မှု မရှိသည်ကို တွေ့ရသည်။
အလားတူပင် PCC စနစ် အတွင်းသို့ ၀င်ရောက်မှုမှာ မိမိ ဆန္ဒအလျှောက် ဖြစ်သည့် အပြင် ၂၀၁၁ ခုနှစ်တွင် အင်အားကြီး မီဒီယာ အုပ်စု ဖြစ်သည့် Nothern and Shell အုပ်စုက PCC မှ နှုတ်ထွက် သွားခြင်းကြောင့် PCC ၏ သြဇာ သက်ရောက်မှု မှာ ပိုမို လျော့ပါး သွားခဲ့ ရသည်။ ထိုကဲ့ သို့သော အာနည်းချက် များ ရှိနေသည့် အပြင် တိုင်ကြားချက် များနှင့် ပတ်သက်ပြီး PCC အဖွဲ့ဝင် သတင်းစာများ အနေဖြင့် မလိုက်နာ မနေရ မဟုတ်ဘဲ ဆန္ဒရှိမှသာ လိုက်နာ နိုင်သည့် အတွက် ထိရောက်မှု မရှိ သလောက်ပင် ဖြစ်ခဲ့ ရသည်။ စုံစမ်းရေး ကော်မရှင်က ထိုအချက်သည် သတင်းစာ များ၏ ကျင့်ဝတ် အဆင့်အတန်းကို ထိန်းသိမ်း ရာတွင် အဓိက အားနည်းချက် အဖြစ် သုံးသပ်ခဲ့ပြီး ပြင်ဆင် သင့်သည့် အချက် အများအပြားကို အကြံပြု ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
၂။ The Guardian , 4 Dec
Read more