Wednesday, September 4, 2013

ဝါရှင်တန်သတင်းလောကအတွေ့အကြုံ (၅)

( သမ္မတ ဂျော့ ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့ အကြုံများကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေခဲ့သည်။  ထိုစာအုပ်မှ အခန်းလေး Bias ? ကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြ အပ်ပါသည်။)
၂၀၀၃ အီရတ်စစ်ပွဲ စဖြစ်တော့ စစ်ဆန့်ကျင်ရေး သမားတွေ ဆန္ဒပြကြတယ်။ အဲဒီအထဲမှာ ဗီယက်နမ် စစ်ပွဲကာလ တုန်းက နံမည်ကြီး စစ်ဆန့်ကျင်ရေး သမားတွေ အနုပညာရှင် တွေတဲ့ Jane Fonda, Joan Baez, Tom Hayden , Pete Seeger တို့ရဲ့ အီရတ် စစ်ပွဲ ဆန့်ကျင်ရေး သဘောထား တွေကို နယူးယောက် တိုင်းမ်က သတင်း ဆောင်းပါး ရေးတယ်။ ဒီလူ တွေဟာ ဗီယက်နမ် စစ်ဆန့်ကျင်ရေး ကာလတုန်းက နံမည်ကြီး လစ်ဘရယ် သမားတွေပဲ။ ဒါပေမယ့် အခု ဆောင်းပါး မှာတော့ သူတို့ကို လက်ဝဲယိမ်းတွေ၊ ဒါမှမဟုတ် လစ်ဘရယ် တွေလို့ တစ်လုံးမှ မသုံးခဲ့ဘူး။
အီရတ် စစ်ပွဲ စတဲ့နေ့မှာ ဆန်ဖရန်စ္စကို မြို့မှာ စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြမှု အကြီးအကျယ် ဖြစ်တယ်။ ဆန္ဒပြတဲ့သူ တွေက လူစည်းကားတဲ့ လမ်းဆုံလမ်းခွလေးဆယ်ကို လူတံတိုင်းနဲ့ ပိတ်ဆို့ခဲ့တယ်။ ဆန်ဖရန်စ္စကို မြို့ရဲ အမြင့်ဆုံး မိုးမျှော်တိုက်ကြီး ပတ်လည်မှာ ကောက်ရိုးတွေပုံပြီး မီးရှို့ခဲ့တယ်။ ဆန္ဒပြတဲ့သူလေးဆယ်ကျော်က စစ်ပွဲကို အန်ချင် လောက်အောင် မုန်းတယ်ဆိုတာ သက်သေပြဖို့ အတွက် ပြည်ထောင်စု အစိုးရရုံးရှေ့ လှေကားထစ် တွေမှာ အန်ချခဲ့ တယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ လူတစ်ထောင့် သုံးရာ ငါးဆယ်ကျော် အဖမ်းခံရတယ်။ ဒါပေမယ့် အဲဒီ သတင်းတွေကို ဝါရှင်တန် သတင်းထောက် များက ရေးတဲ့အခါ အစွန်းရောက်တွေ၊ လစ်ဘရယ်တွေ ဆိုတာ တစ်လုံးမှ မပါခဲ့ဘူး။ ကျွန်တော် ကတော့ အဲဒီဆန္ဒပြ သူတွေ ဟာ အလယ်အလတ် ဝါဒီတွေလို့ လုံးဝ မထင်မိဘူး။
ဒါပေမယ့် ရီပတ်ဘလီကင် ပါတီဝင်တွေ ဆန္ဒပြရင်တော့ အဲဒီလို သက်သက်ညှာညှာ ရေးတာခံရမှာ မဟုတ်ဘူး။ ၁၉၉၄ ခုနှစ်မှာ သမ္မတ ကတော် ဟီလာရီ ကလင်တန်က သမ္မတ ကလင်တန်ရဲ့ ကျန်းမားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး အစီအစဉ် အတွက် မဲဆွယ် ခရီးထွက်တယ်။ သူ့ကို ကန့်ကွက် ဆန္ဒပြတဲ့ ရီပတ် ဘလီကင် ထောက်ခံ သူတွေကို အေဘီစီ သတင်းဌာနက ပဋိသန္ဓေ တားဆီးမှု ဆန့်ကျင်ရေး အုပ်စုတွေနဲ့ ကွန်ဆာ ဗေးတစ် တွေလို့ ကင်ပွန်း တပ်ခဲ့တယ်။ ဝါရှင်တန် ပို့စ် ကလည်း ကွန်ဆာဗေးတစ် ဆန္ဒပြသူ တွေလို့ ရေးခဲ့တယ်။ ဒီလိုပဲ ရီပတ် ဘလီကင်ဘက်က ဆန္ဒပြသူ တွေကို သတင်းစာ တွေက ဒေါသ ထွက်နေတဲ့ လက်ယာ သမားတွေ ( Angry Right ) လို့ ရေးပေမယ့် ဒေါသ ထွက်နေတဲ့ လက်ဝဲ သမားတွေ လို့ ရေးတာမရှိဘူး။ ဒါဟာ သဘောတရား ရေးအရ တစ်ဖက်သတ် နံမည်ပေး ထားတာလို့ ယုံကြည်မိ ပါတယ်။
၂၀၀၂ ခုနှစ် နွေရာသီမှာ သမ္မတဘုရှ်ဟာ အော်ရီဂွန် ပြည်နယ်မှာ မဲဆွယ်ခရီး ထွက်ရင်း ကန့်ကွက် ဆန္ဒပြမှုတွေ နဲ့ရင်ဆိုင်ခဲ့ ရတယ်။ အဲဒီ သတင်းကို သမ္မတနဲ့ အတူပါသွားတဲ့ သတင်းထောက် များက ရေးတဲ့အခါ သမ္မတဟာ ပို့လန်မြို့ က တက်ကြွ လှုပ်ရှားသူများရဲ့ ကန့်ကွက်မှု များနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီ လူတွေဟာ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အလုပ်သမား အခွင့်အရေးနဲ့ ဆင်းရဲမှု ပပျောက်ရေး အတွက် လှုပ်ရှား နေသူတွေ ဖြစ်တယ်လို့ ရေးခဲ့တယ်။ တကယ်လို့ သမ္မတကို ကန့်ကွက် ဆန္ဒပြသူ တွေဟာ ပဋိသန္ဓေ တားဆီးမှု ဆန့်ကျင်ရေး အုပ်စုတွေ၊ လက်နက် ကိုင်ဆောင်ခွင့် ကိုထောက် ခံသူတွေ၊ ခရစ်ယန် ဘာသာရေး အုပ်စုတွေသာ ဖြစ်နေမယ် ဆိုရင် သတင်းထောက် တွေက ကွန်ဆာဗေးတစ် ဆန္ဒပြသူတွေ၊ လက်ယာစွန်း အုပ်စုတွေလို့ ပျော်ပျော်ကြီး ခေါ်မှာ သေချာတယ်။ ဒီမိုကရက် တွေလို့ ခေါ်သလို တက်ကြွ လှုပ်ရှားသူများလို့ သာသာ ထိုးထိုး လေးခေါ်မှာ မဟုတ်ဘူး။
အဲဒီလို ဘက်လိုက် ရေးတာမျိုး တွေကို ၀င်ငွေခွန် ကိစ္စတွေ မှာလည်း တွေ့ရတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတ ကလင်တန်ရဲ့ ဘတ်ဂျက်ကို အောက်လွှတ်တော်မှာ နှစ်မဲ အသာ၊ အထက် လွှတ်တော်မှာ တစ်မဲ အသာနဲ့ပဲ အတည်ပြု နိုင်ခဲ့တယ်။ တကယ်တော့ အဲဒီ ဘတ်ဂျက်ဟာ ၀င်ငွေခွန်ကို အများကြီး တိုးကောက်တဲ့ ဘတ်ဂျက်ပါ။ ဒါပေမယ့် ဘယ် သတင်းစာ ကမှ ဒါကို အခွန် တိုးကောက်တဲ့ ဘတ်ဂျက်လို့ မရေးဘူး။ သူတို့က ဒါဟာ လိုငွေ လျှော့ချတဲ့ ဘတ်ဂျက်လို့ ရေးတယ်၊ ဒါမှမဟုတ် ဘတ်ဂျက် သဘောတူညီချက် အသစ်လို့ ရေးတယ်။ ရီပတ် ဘလီကင် သမ္မတက အခွန် လျှော့ချပြီ ဆိုရင်တော့ ဒီမိုကရက်တွေ က ဒါဟာ ချမ်းသာတဲ့ သူတွေကို မျက်နှာသာ ပေးတဲ့ အခွန်ေ လျှာ့ချမှုလို့ အပြစ် တင်တယ်။ သတင်းစာ တွေကလည်း အဲဒီအတိုင်း သံယောင် လိုက်တယ်။ တကယ်တော့ ဘတ်ဂျက်နဲ့ ပတ်သက်ရင် ရီပတ်ဘလီကင် တွေက ဒီမိုကရက်တွေကို အခွန်တွေပဲ တိုးကောက်တယ်၊ အသုံးအစွဲ ကြီးလို့ ဘတ်ဂျက် လိုငွေ ပြနေတယ်လို့ အပြစ် တင်တယ်။ ဒီမိုကရက်တွေက ရီပတ် ဘလီကင် တွေကို လူချမ်းသာ တွေဆီက အခွန် လျှော့ကောက်ပြီး ဆင်းရဲသား တွေရဲ့ လူမှု ဖူလုံရေး အစီအစဉ် တွေကနေ ငွေတွေဖြတ်ဖို့ ကြိုးစား နေတယ်လို့ အပြစ်တင်တယ်။ သတင်းစာ တွေကတော့ အခွန်ကိစ္စနဲ့ ပတ်သက်ရင် ဒီမိုကရက် တွေဘက်က လိုက်ရေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် ရီပတ် ဘလီကင် တွေဟာ သတင်းစာ တွေက သူတို့ကို ထောက်ခံလာ အာင် ဒီမိုကရက် တွေထက် နှစ်ဆလောက် ပိုကြိုးစား ရတယ်။ ဒါတောင် အလုပ်သိပ် မဖြစ်ဘူး။
နောက်တစ်ခု ကတော့ မျိုးချစ်စိတ်နဲ့ ပတ်သက်တယ်။ ရီပတ် ဘလီကင်ေ တွက ဒီမိုကရက် တွေကို မျိုးချစ်စိတ် မရှိ ဘူးလို့ ပြောရင် သတင်းစာတွေက ရီပတ်ဘလီကင် တွေဟာ အီရတ် စစ်ပွဲနဲ့ ပတ်သက်တဲ့ ဘုရှ်ရဲ့ မူဝါဒကို ဝေဖန်သူ မျှန်သမျှ မျိုးချစ်စိတ် မရှိဘူးလို့ စွပ်စွဲ တော့တာပဲလို့ ဝေဖန်တယ်။ ဒါပေမယ့် အယ်လ်ဂိုးနဲ့ ဂျွန်ကယ်ရီ တို့က သမ္မတ ဘုရှ်ကို မျိုးချစ်စိတ် မရှိဘူးလို့ ဝေဖန်တဲ့ အခါမှာတော့ ဘယ်သူကမှ ထောက်မပြ တော့ဘူး။ ကျွန်တော် ရီပတ်ဘလီကင် လွှတ်တော် အမတ် ဂျွန်အာချာ ဆီမှာ အလုပ်လုပ်တုန်းက သူ့ကို ဒီမို ကရက်တွေက နာဇီလို့ ခေါ်တယ်။ ဖက်ဆစ် လို့ ခေါ်တယ်။ ဒီမိုကရက် အမတ် ချာလီ ရမ်ဂဲလ်ကဆိုရင် ဟစ်တလာ လို့တောင် ခေါ်သေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာမျိုး အပေါ် ဘယ်သတင်းစာ ကမှ ဝေဖန်တာ မရှိခဲ့ဘူး။
တကယ်တော့ အမေရိကန် မဲဆန္ဒရှင် တွေဟာ ပါတီကြီး နှစ်ခုကြားမှာ နှစ်ခြမ်း ကွဲနေတာပါ။ ပါတီ နှစ်ခုလုံးက သဘောတရား ရေးအရ ထောက်ခံသူတွေ အခိုင်အမာ ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီ အင်အားက သိပ်မကွာလှဘူး။ ဒီတော့ ရွေးကောက်ပွဲ နိုင်ဖို့ဆိုတာ ဘယ်ပါတီကို ထောက်ခံမယ် ဆိုတာ တိတိကျကျ မဆုံးဖြတ် ရသေးတဲ့ လွတ်လပ်တဲ့ မဲဆန္ဒရှင် Independent Voters တွေကို စည်းရုံးနိုင်ဖို့ လိုတယ်။ ( အမေရိကန် နိုင်ငံတွင် သက်ဆိုင်ရာ ပါတီတွင်း ရွေးကောက် ပွဲများ တွင် မဲပေးနိုင်ရန် အတွက် ကြိုတင် မှတ်ပုံတင် ထားရသည်။ လွတ်လပ်သော မဲဆန္ဒရှင် ဆိုသည်မှာ ထိုကဲ့သို့ မှတ်ပုံတင် မထားသော သူများကို ဆိုလို ပါသည်။ ဘာသာပြန်သူ) အဲဒီ မဲဆန္ဒရှင်တွေက ပြဿနာတွေ အပေါ်မှာ သူတို့ရဲ့ အမြင်ကို အခြေခံပြီး မဲပေးသွားတာ ဖြစ်ပါတယ်။ ဒီတော့ သတင်းစာ တွေအနေနဲ့ ဘယ်ပါတီ ဘက်ကိုမှ မလိုက်ပဲ မျှမျှတတ တင်ပြမှသာ ဒီလူတွေ အနေနဲ့ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အထက်မှာ ကျွန်တော် ထောက်ပြ ခဲ့သလိုပဲ သတင်းထောက် များရဲ့ စကားလုံး ရွေးချယ် သုံးနှုန်းမှုများ ကြောင့် လူတွေက ရီပတ် ဘလီကင်ပါတီ က ကွန်ဆာ ဗေးတစ်တွေ၊ လက်ယာ သမားတွေ၊ အဲဒီလူ အတော် များများက ဒေါသ ထွက်နေတဲ့ လူတွေနဲ့ ဖွဲ့စည်း ထားတယ်လို့ မြင်သွားနိုင်ပြီး ဒီမိုကရက် ပါတီ ကိုတော့ အမျိုးသမီး အခွင့်အရေး အုပ်စုတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ပြည်သူ့ အခွင့်အရေး ကာကွယ် သူတွေ၊ ဆင်းရဲမှု ပပျောက်ရေး ကြိုးပမ်း နေသူတွေ အဖြစ် မြင်သွား စေပါတယ်။ ဒါဟာ ပါတီတစ်ခုကို နှိမ့်ချ ရေးသားပြီး ပါတီတစ်ခု ကိုတော့ သာသာ ထိုးထိုးလေး ရေးပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေက စာနယ်ဇင်း များရဲ့ ဘက်မလိုက်မှု ဆိုတဲ့ အခြေခံ သဘောတရား အပေါ် မေးခွန်း ထုတ်လာတာ ဖြစ်ပါတယ်။
ဝါရှင်တန် သတင်းလောကမှာ အနှစ်နှစ် ဆယ်ကျော်၊ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ် နှစ်နှစ်ခွဲ လုပ်ခဲ့တဲ့ အတွေ့အကြုံ အရ ဝါရှင်တန်က သတင်းစာ ဆရာများဟာ ပဋိပက္ခတွေကို ခံတွင်း အတွေ့ဆုံးပဲ၊ မရှိရင်လည်း ရှိလာအောင် အစ ဆွဲထုတ်တယ်လို့ ဆိုချင်ပါတယ်။ နောက်ပြီး ပါတီကြီး နှစ်ခုကြား မူဝါဒဆိုင်ရာ အငြင်း အခုန်တွေ ဖြစ်လာတဲ့ အခါ ရီပတ် ဘလီကင်တွေ အမြင်ထက် ဒီမိုကရက် ပါတီဘက်က အမြင်ကို ပိုပြီး အလေးပေး ရေးတယ်လို့ ကောက်ချက်ချ ချင်ပါတယ်။ သတင်းစာ ဆရာ အများစုဟာ ဒီမိုကရက်တွေပါ။ သူတို့က ငြင်းနေပေမယ့်  ဒါကို သူတို့ ရေးတာတွေ၊ လုပ်တာ တွေက သက်သေ ပြနေပါတယ်။ ဒါပေမယ့် ဒါဟာ တမင်သက်သက် ရည်ရွယ် လုပ်ဆောင်တဲ့ လုပ်ကြံမှုတော့ မဟုတ်ပါဘူး။ လူတွေရဲ့ သဘော သဘာဝ အတိုင်း ဖြစ်လာတာပါ။ သို့သော် စာနယ်ဇင်း လုပ်ငန်းဆိုတာ အခြား လုပ်ငန်းတွေလို မဟုတ်ပါဘူး။ ဝါဒရေးတွေ၊ သဘော တရားရေးအစွဲတွေဝင်ပါလာရင် လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုကို အများကြီး ထိခိုက် စေပါတယ်။

ရဲထွဋ်
Read more

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၄)

( သမ္မတ ဂျော့ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့အကြုံများကို Taking Heat အမည်ဖြင့်  စာအုပ်    ထုတ်ဝေခဲ့သည်။  ထိုစာအုပ်မှ အခန်းလေး Bias ? ကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြ အပ်ပါသည်။)
အိမ်ဖြူတော် ပြန်ကြားရေး အရာရှိအဖြစ် နှစ်နှစ်ခွဲ လုပ်ခဲ့တဲ့ အတွေ့အကြုံ အရပြည်သူ တွေဟာ  ဝါရှင်တန် သတင်းထောက် တွေစီက သတင်းကောင်းတွေ ပိုကြားရသလား၊ သတင်းဆိုးတွေ ပိုကြားရလား၊ ဒါမှမဟုတ် မျှမျှတတ နှစ်မျိုးလုံး ကြားရ သလားလို့ မေးလားရင်တော့ အဆိုးတွေပဲ ပိုကြား ရတယ်လို့ ဖြေရမှာပဲ။ သတင်းဆိုး တွေက မြန်မြန် ပြန့်သွားပြီး သတင်းကောင်း တွေကတော့ ခပ်နှေးနှေးပဲ သွားတယ်။ သတင်းဆိုး တစ်ပုဒ်က ရက်အတော်ကြာကြာ ရေးစရာ၊ ဆွေးနွေး စရာဖြစ်ပေမယ့် သတင်းကောင်း တစ်ခုကတော့ တစ်ရက်ပဲ ခံပါတယ်။
ဒါပေမယ့် အဲဒီလို သတင်းထောက် တွေနဲ့မတူ ကွဲပြားတဲ့ မိုးခါးရေ မသောက်တဲ့ သတင်းထောက် တွေလည်းရှိပါ တယ်။ သူတို့က ခက်ခဲတဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်၊ ဒါပေမယ့် ခင်ဗျားရဲ့ အဖြေက ကျိုးကြောင်း ဆီလျော်တယ်ဆိုရင် သူနဲ့ သဘောချင်း မတိုက်ဆိုင်ရင်တောင် ဖော်ပြပေး လိမ့်မယ်။ နောက်ပြီး သူတို့က တကယ်ဖြစ်လာတဲ့ ပဋိပက္ခကိုပဲ ရေးတယ်။ ပဋိပက္ခ ဖြစ်လာအောင် လှုံ့ဆော် မပေးဘူး။ အင်န်ဘီစီ သတင်းဌာနက တင်မ်ရူးဆပ်က အဲဒီလိုလူမျိုးပါ။ သူဟာ လိမ္မာ ပါးနပ်တယ်။ ဒါပေမယ့် ခင်ဗျားကို ရန်ထောင်ပြီး မမေးဘူး။ ခင်ဗျားကို ရှင်းလင်း တင်ပြခွင့် ပေးတယ်။ ဒါပေမယ့် ထောက်ပြစရာ ရှိရင် မညှာမတာ မေးလိမ့်မယ်။ သူဟာ မျှမျှတတ စဉ်းစားတတ်ပြီး ဖြစ်စဉ်တိုင်းကို ပဋိပက္ခ အမြင်နဲ့ ချဉ်းကပ် တာမျိုးမရှိဘူး။ ဒါပေမယ့် ဝါရှင်တန်မှာ သူလိုလူမျိုးက အတော်နည်းပါတယ်။
စာနယ်ဇင်း သတင်းထောက် ကောင်းတွေဟာ စကားလုံးတွေရဲ့ အရေးကြီးမှုကို ကောင်းကောင်းကြီး သိတယ်။ ဒီလိုပဲ ရုပ်သံ သတင်းထောက် ကောင်းတွေက ရုပ်ပုံတွေနဲ့ ပြောစကားတွေရဲ့ အရေးကြီးမှုကို ကောင်းကောင်းကြီး သိတယ်။ ဒီတော့ သူတို့ရွေးတဲ့ စကားလုံးတွေ၊ ဝါကျ တည်ဆောက်ပုံ တွေဟာ သူတို့ဘယ်လို တွေးသလဲ ဆိုတာကို ဖော်ပြ နေတာပဲ ဖြစ်ပါတယ်။ သူတို့ ရေးသမျှဟာ စာဖတ်သူတွေရဲ့ အတွေးအမြင် တွေပေါ်မှာ လွှမ်းမိုးမှု ရှိတယ်။ ဒီတော့ သတင်းထောက် တွေက ဖြစ်ရပ် တစ်ခုကို သူတို့မြင်သလို စာဖတ်သူက မြင်လာအောင် စကားလုံးတွေကို ရွေးချယ် သုံးတော့တာပဲ။
သတင်းထောက် တွေက သူတို့ကို လစ်ဘရယ် တွေလို့ ပြောရင် မဟုတ်ဘူးလို့ ငြင်းတယ်။ တစ်ချို့ကျတော့ သူတို့ လစ်ဘရယ် ဖြစ်ပေမယ့် ဒါဟာ သူတို့ရဲ့ သတင်းတွေ အပေါ်မှာ ဘယ်လိုမှ အကျိုး သက်ရောက်မှု မရှိဘူးလို့ပြော တယ်။ ဒါပေမယ့် သူတို့ရေးတာတွေကို ဖတ်ကြည့်လိုက်ရင် မူဝါဒဆိုင်ရာ ကိစ္စတွေမှာ ဒီမိုကရက် တွေဘက်က အမြင်နဲ့ သူတို့ ရေးတာကို တွေ့ရလိမ့်မယ်။
မူဝါဒဆိုင်ရာ အငြင်းပွားမှု တွေကို သတင်း ရေးတဲ့အခါ ရီပတ်ဘလီကင် ဘက်က အမြင်တွေကို ကွန်ဆာဗေးတစ်၊ ဒါမှမဟုတ် လက်ယာစွန်း စသည်ဖြင့် ရေးလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရက်ဘက်က အမြင်တွေကို ရေးတဲ့အခါမှာတော့ တစ်ခါတစ်လေ မှသာ လစ်ဘရယ်လို့ သုံးပြီး များသောအားဖြင့် ဒီမိုကရက်လို့ပဲ သုံးလိမ့်မယ်။ နောက်ပြီး လစ်ဘရယ် ဆိုတဲ့ စကားလုံးအစား ဒီမိုကရက်တွေ သဘောကျတဲ့ တိုးတက်သော အမြင်ရှိသူ ( Progressive ) လို့ သုံးလိမ့်မယ်။ တကယ်တော့ တိုးတက်သော အမြင်ရှိသူ ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာ တိတိကျကျ ပြောလို့မရဘူး။ ဒါပေမယ့် ဒီစကားလုံးကို ဒီမိုကရက်တွေ ကြိုက်တော့ စာနယ်ဇင်း တွေကလည်း လိုက်သုံးတာပဲ။ ဘာဖြစ်လို့ ဒီမိုကရက်တွေကို လစ်ဘရယ်လို့ မသုံးလဲ ဆိုတာကတော့ ၁၉၈၀ နဲ့ ၁၉၉၀ နှစ်များမှာ လစ်ဘရယ် သမားလို့ စွတ်စွဲခံရသူ အတော်များများ ရွေးကောက်ပွဲမှာ ရှုံးခဲ့လို့ဖြစ်မယ် ထင်တာပဲ။
နောက်ပြီး ပဋိသန္ဓေ တားဆီးရေးနဲ့ ပတ်သက်လို့ ရှိရင် ဒါကို ဆန့်ကျင်တဲ့ သူတွေကို လူမှုရေး ကွန်ဆာဗေးတစ် ဝါဒီတွေလို့ ရေးတယ်။ ထောက်ခံသူတွေ ဆိုရင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူလို့ ရေးတယ်။ ( အမေရိကန်တွင် ဒီမိုကရက် က ပဋိသန္ဓေ တားဆီးရေး ကိုထောက်ခံပြီး ရီပတ်ဘလီကင် က ဆန့်ကျင့်သည်။ ဘာသာပြန်သူ) ဘာဖြစ်လို့ လူမှုရေး လစ်ဘရယ် ဝါဒီနဲ့ လူမှုရေး ကွန်ဆာဗေးတစ် ဝါဒီလို့ မရေးသလဲ။ စဉ်းစားဖို့ မကောင်းဘူးလား။
ဒီလိုပဲ ဘာသာရေးနဲ့ ပတ်သက်ရင် ရီပတ်ဘလီကင် ဘာကို ရေးတဲ့အခါ ဘာသာရေး လက်ယာ ဝါဒီတို့၊ ဧ၀ံဂလိ ခရစ်ယန်တို့ ဆိုတာမျိုးတွေ တွေ့ရမယ်။ ဒါပေမယ့် ဘာသာရေး လက်ဝဲ ဝါဒီလို့ပြောတာတော့ တွေ့ရမှာ မဟုတ်ဘူး။ ၂၀၀၃ ခုနှစ်မှာ နယူးယောက် တိုင်းမ် သတင်းစာက သမ္မတဘုရှ်ရဲ့ မိန့်ခွန်းရေး ပေးသူ မိုက်ကယ် ဂါဆွန်ကို သတင်း တစ်ပုဒ်ထဲမှာ ဖော်ပြတဲ့အခါ အရမ်း စဉ်းစားတဲ့ ဧ၀ံဂလိ ခရစ်ယန်လို့ ကင်ပွန်းတပ်ပြီး ရေးခဲ့တယ်။ ဒီသတင်းဟာ မိုက်ကယ်ရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ ဘာမှ မပတ်သက်ဘူး။ တကယ်တော့ စာနယ်ဇင်း ကျင့်ဝတ်အရ ဆိုရင် မိုက်ကယ်ရဲ့ ဘာသာရေး ကိစ္စကို ဒီ သတင်းမှာ ထည့်ရေးဖို့ အကြောင်းမရှိဘူး။ သတင်းထောက်က ရေးလာ ရင်လည်း အယ်ဒီတာက ဖြုတ်ပစ်ရမယ်။ ဒါပေမယ့် နယူးယောက် တိုင်းမ် အယ်ဒီတာတွေက မိုက်ကယ်ရဲ့ ဘာသာရေး အယူအဆ ကြောင့် သမ္မတရဲ့ ၂၀၀၃ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်း အပေါ်ကို သက်ရောက်မှု ရှိတယ်လို့ လူတွေက ထင်လာအောင် ဒီစကားကို သုံးခဲ့တာ ဖြစ်တယ်။
ဆက်လက် ဖော်ပြပါမည်။
ရဲထွဋ်
           


Read more

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၃)

( သမ္မတ ဂျော့ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့အကြုံ များကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေ ခဲ့သည်။  ထိုစာအုပ်မှ အခန်း လေး Bias ? ကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြအပ် ပါသည်။)
သတင်းထောက် ဆိုတာ ကြားရတဲ့ သတင်းကို အလွယ်တကူ မယုံရဘူး။ မေးခွန်းတွေ ထုတ်ရမယ်။ သံသယ  အမြဲ ထားရမယ် ဆိုပေမယ့် သတင်းထောက်တွေ ကိုယ်တိုင်က သူတို့ဟာ လိုတာထက် ပိုပြီး သံသယတွေ များနေတယ်၊ အဆိုး မြင်မှုတွေ များနေတယ် ဆိုတာ လက်ခံထားတာ ကိုလည်း တွေ့ရတယ်။ ၁၉၉၉ ခုနှစ်မှာ လုပ်တဲ့ Pew Research Center ရဲ့ စစ်တမ်းအရာ စာနယ်ဇင်း သတင်းထောက် ၅၉% က သူတို့ဟာ လိုတာထက် ပိုပြီး သံသယတွေ များနေတယ်လို့ ၀န်ခံခဲ့ပြီး စာနယ်ဇင်း သတင်းထောက် ၃၉% ကပဲ သူတို့ဟာ လိုအပ်တာထက် မပိုဘူးလို့ ဖြေကြားခဲ့ တယ်။ ရုပ်သံ သတင်းထောက် ၆၀% ကလည်း အစိုးရ အရာရှိတွေ၊ လွှတ်တော် အမတ်တွေနဲ့ ပတ်သက်ပြီး သတင်း တင်ဆက်တဲ့ အခါမှာ အငြင်းပွားဖွယ်ရာ ရှုထောင့် ကနေပဲ ချဉ်းကပ် ရေးသားတာ များခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်။
ရုပ်သံ သတင်းထောက်တွေရဲ့ အဲဒီလို လုပ်ဆောင်မှုကို အိမ်ဖြူတော် မြက်ခင်းပြင်ကနေ တိုက်ရိုက် သတင်း ထုတ်လွှင့် မှုတွေမှာ အများဆုံး တွေ့ရတယ်။ အချိန်အားဖြင့် တစ်မိနစ်၊ တစ်မိနစ်ခွဲ လောက်ပဲကြာတဲ့ အဲဒီသတင်းတွေကို လူသန်းပေါင်း များစွာက စောင့်ကြည့်နေပြီး ပြည်သူတွေရဲ့ သဘောထားအပေါ် သြဇာ သက်ရောက်မှု အများကြီးရှိတယ်။ အဲဒီ သတင်းတွေကို နားထောင်လိုက်ရင် ရုပ်သံလွှင့် ဌာနတိုင်းလိုလိုက သတင်း အဆုံးသတ်ကို စိတ်ပျက်စရာ၊ အငြင်းပွားစရာ၊ အနှုတ် လက္ခဏာ ဆောင်တဲ့ အချက်တွေနဲ့ အဆုံးသတ် တာကို တွေ့ရပါလိမ့်မယ်။ ပြောနေတဲ့ သတင်းက အပေါင်း လက္ခဏာ၊ အပြုသဘော ဆောင်တဲ့ သတင်းဖြစ်ရင်တောင် အဆုံးသတ်မှာ သံသယ ဖြစ်စရာ လေးတွေ ထောက်ပြ အဆုံးသတ် လိမ့်မယ်။ သတင်းဆိုး ဆိုရင်တော့  ပိုပြီးဆိုးတဲ့ ကောက်ချက်နဲ့ အဆုံးသတ် လိမ့်မယ်။
၂၀၀၂ ခုနှစ် အောက်တို ဘာလမှာ သမ္မတဘုရှ်နဲ့ အထက် လွှတ်တော်(ဆီးနိတ်) က ပါတီနှစ်ခုလုံးရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပြီး အီရတ်မှာ လိုအပ်ရင် စစ်အင်အား သုံးဖို့အတွက် ခွင့်ပြုပေးမယ့် အဆိုနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစ်ခုရခဲ့တယ်။ ဒါဟာ ပါတီနှစ်ခုကြား ပူးပေါင်း လုပ်ဆောင်နိုင်မှု သတင်းကောင်းပဲ။ ဒါပေမယ့် စီဘီအက်စ် သတင်းဌာန သတင်းထောက် ဂျွန်ရောဘတ်က သတင်း တင်ဆက်တဲ့အခါ သတင်း အဆုံးသတ်မှာ အခုအချိန်အထိ  အိမ်ဖြူတော် အနေနဲ့ အဲဒီအဆိုကို အထက် လွှတ်တော်အမတ် အားလုံးက ထောက်ခံလာအောင် ကြိုးစားမှာလား၊ ဒါမှမဟုတ် သာမန် အများစုမဲနဲ့ပဲ အတည်ပြုအောင် လုပ်မှာလားဆိုတာ မရှင်းလင်း သေးပါဘူးဆိုပြီး ပြောသွားခဲ့တယ်။ တကယ်တော့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှု၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု တွေကို အင်အားသုံး လက်တုန့်ပြန်ဖို့ ဆုံးဖြတ်တဲ့ အဆိုတွေ တောင်မှာ ကန့်ကွက်မဲ တစ်မဲစီ ရှိခဲ့တာပါ။ ဒါ့ကြောင့် အခုလို သတင်း အဆုံးသတ်မှုဟာ ပရိတ်သတ် အနေနဲ့ လွှတ်တော်ထဲမှာ နောက်ထပ် ငြင်းခုန်မှုတွေ ရှိလာဦးမယ်လို့ ထင်လာအောင် ထည့်လိုက်တာပဲ ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်  မတ်လမှာ အလုပ်အကိုင်သစ် သုံးသိန်း ရှစ်ရာကို ဖော်ထုတ် နိုင်ခဲ့တဲ့ သတင်းကို အစိုးရက ထုတ်ပြန် ခဲ့တယ်။ ဒါဟာ ပညာရှင်တွေ ခန့်မှန်း ထားတာထက် သုံးဆကျော် ပိုများပြီး စီးပွားရေး ဖွံ့ဖြိုးမှု သတင်းကောင်း လည်းဖြစ်တယ်။ ဒါပေမယ့် ဒီသတင်းကို အေဘီစီ ရုပ်သံက ပြောတဲ့အခါ သတင်းကောင်းလို့ ပြောပေမယ့် ဒါပေမယ့် အရေးကြီး တာက ကုမ္ပဏီတွေကို နောက်လတွေမှာ ဒီလိုပဲ လူတွေဆက်ပြီး ခန့်ထားဦးမလား ဆိုတဲ့ အချက်ပဲ လို့ဆိုပြီး အဆုံးသတ် ခဲ့တယ်။ အင်န်ဘီစီ ရုပ်သံကလည်း စီးပွားရေး ပညာရှင်တွေ ခန့်မှန်း ထားတာထက် ပိုကောင်းတယ်လို့ ဆိုပေမယ့် နောက်ဆုံးတော့ စီးပွားရေး ပညာရှင်တွေက အလုပ်လက်မဲ့ ပြဿနာကို ရှင်းနိုင်ဖို့ အတွက် နောက်ထပ် ခြောက်လ ကနေ တစ်နှစ် အထိ အခုလိုဆက်ပြီး တိုးတက်နေဖို့ လိုတယ် ပြောနေတယ်ဆိုပြီး ဖော်ပြသွားခဲ့တယ်။
 ဒါပေမယ့် အလုပ်အကိုင် ဖော်ထုတ်နိုင်မှုဟာ နောက်ထပ် သုံးလအထိ ဆက်တိုးတက် နေခဲ့ပြီး အလုပ်အကိုင်သစ် ၁.၂ သန်းကို ဖော်ထုတ် ပေးနိုင် ခဲ့တယ်။ ဒါပေမယ့် ဒီသတင်းကို အင်န်ဘီစီ ရုပ်သံက ပြောတဲ့အခါ အလုပ်အကိုင် ဈေးကွက် ကတော့ တိုးတက် လာပါပြီ၊ ဒါပေမယ့် အလုပ်လက်မဲ့ ရှစ်သန်းလုံး အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့တော့ တတ်နိုင်မယ် မထင်ဘူးဆိုပြီး ပြောသွားခဲ့တယ်။ အေဘီစီ ရုပ်သံကတော့ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အလုပ်အကိုင်သစ် ဖော်ထုတ်မှုစာရင်း တွေအရ ပြည်ထောင်စု ငွေကြေး ရန်ပုံငွေ အဖွဲ့က အတိုးနှုန်း ထပ်မြှင့်ဖို့ အတွက် အကြောင်းပြချက် ရသွားပြီ၊ အခုအချိန်မှာ အရေးကြီးဆုံးက စီးပွားရေး တိုးတက်မှုနှုန်း မြန်အောင် ပံ့ပိုးပေးဖို့မဟုတ်တော့ဘူး၊ လိုတာထက် ပိုမြန် မသွားအောင် ထိန်းဖို့ ဖြစ်တယ်ဆိုပြီး ကောက်ချက် ဆွဲသွားခဲ့တယ်။
သတင်းထောက် တွေရဲ့ ပွဲဆူတဲ့ သတင်းကို ကြိုက်တဲ့ သဘောထားကြောင့် အိမ်ဖြူတော်မှာ ဘယ်ပါတီကပဲ သမ္မတ လုပ်လုပ်၊ ဆီလို အပေါက်ရှာ အမေးခံရမှာ သေချာတယ်။ အစိုးရက တစ်ခုခု လုပ်ရင် ဘာ့ကြောင့် လုပ်ရတာလဲ ဆိုပြီး မေးမယ်။ မလုပ်ရင် ဘာ့ကြောင့် မလုပ်တာလဲ ဆိုပြီးမေးမယ်။ ဘုရှ်က အစိုးရရဲ့ စွမ်းအင် မူဝါဒကို ကြေညာတော့ အိမ်ဖြူတော် သတင်းထောက်တွေက ဒါဟာ ရေရှည် စီမံကိန်းပဲ၊ အခု လတ်တလော စက်သုံးဆီ ဈေးတွေကျအောင် လုပ်မယ့် ရေတို စီမံကိန်းကို ဘာဖြစ်လို့ မထည့်တာလဲ ဆိုပြီးဝေဖန်တယ်။ နောက်တစ်ခါ သမ္မတက ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို ကြေညာတော့ သတင်းထောက်များက ဒါက ဆေးမြီးတိုပဲ ရေရှည် စီမံကိန်း မဆွဲဘူးလားလို့ ဝေဖန် ပြန်တယ်။
အိမ်ဖြူတော် သတင်းထောက် တွေက သမ္မတဘုရှ်နဲ့ သမ္မတဟောင်း ကလင်တန် ကြားမှာ ဖွပေးဖို့ကြိုးစား သလို ဒီမိုကရက် အမတ်တွေနဲ့ သမ္မတကြား ဝိရောဓိတွေကို ရှာဖွေကြတယ်။ ဒီထက်ပိုပြီး ကြိုက်တာ ကတော့ ရီပတ်ဘလီကင် အမတ်တွေနဲ့ သမ္မတကြား၊ ၀န်ကြီးတွေနဲ့ သမ္မတကြား သဘောထား ကွဲပြားမှုအဖြစ် ထင်ဟပ်စေမယ့် သတင်းမျိုးပဲ။ အဲဒီလို သတင်းအတွက် အဖွခံရဆုံး ကတော့ နိုင်ငံခြားရေး ၀န်ကြီး ကောလင်းပါဝဲလ် ဖြစ်ပါတယ်။ အလယ်အလတ် သဘောထား ရှိ တယ်လို့ လက်ခံထားတဲ့ ပါဝဲလ်ဟာ ကွန်ဆားဗေးတစ် သမ္မတနဲ့ ကွဲလွဲတဲ့ အမြင်တွေကို ပြောလိုက်တဲ့ အခါတိုင်း သတင်းထောက် တွေအတွက် အကွက်ကောင်း ရတော့တာပဲ။ သူတို့က ကျွန့်တော့်ကို သမ္မတက ကောလင်း ပါဝဲလ်ရဲ့  မှတ်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားလားလို့ မေးမယ်၊ ပြီးရင် ဒါဟာ သမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီးအကြား သဘောထား ကွဲပြားမှု လားလို့ ဆက်မယ်၊ နောက်ဆုံး ပါဝဲလ်ရဲ့ မှတ်ချက်အပေါ် အိမ်ဖြူတော်က ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်မယ်။ ဒါတင် မကသေးဘူး၊ ရီပတ်ဘလီကင် ပါတီထဲက ကွန်ဆာဗေးတစ် တွေကို ဆက်သွယ်ပြီး ကောလင်း ပါဝဲလ်ရဲ့ ပြောကြားချက်အပေါ် သဘောထားကို မေးမယ်၊ ပြီးရင် ကောလင်းပါဝဲလ်နဲ့ အယူအဆ တူတဲ့သူကို ရှာပြီး ထောက်ခံချက် တောင်းမယ်။ နောက်ဆုံး အဲဒီနှစ်ယောက်ကို မီဒီယာတွေ ပေါ်မှာဆုံပြီး အငြင်းအခုန် လုပ်ခိုင်းမယ်။ ဒါဟာ မီဒီယာတွေ လိုချင်တဲ့ ပဋိပက္ခတစ်ခု ပေါ်ပေါက် လာပုံပဲ။
အဲဒီလို ပဋိပက္ခကို အသားပေးတဲ့ မီဒီယာ တွေကြောင့် နိုင်ငံရေး လောကက လူတွေကလည်း အပြုသဘော ဆောင်တဲ့ အမြင်တွေထက် ပဋိပက္ခဘက်ကို ရှေ့ရှုတဲ့ အမြင်တွေကို ဦးစားပေး လာတော့တာပဲ။ ခင်ဗျားရဲ့ အယူအဆတွေ၊ မူဝါဒတွေ ပြောပြရင် သတင်းထဲပါဖို့ မသေချာဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ပြိုင်ဘက်ကို ဝေဖန် ထိုးနှက်မယ် ဆိုရင်တော့ မျက်နှာဖုံး သတင်း ဖြစ်ဖို့များတယ်။ ပါတီ နှစ်ခုလုံးက ထောက်ခံတဲ့ မူဝါဒတစ်ခုကို ကြေညာမယ် ဆိုရင်၊ ဒါကို ဥပဒေကြမ်း အဖြစ် တင်မယ်ဆိုရင် ဒါဟာ သတင်း မဖြစ်နိုင်ဘူး။ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ခြိမ်းခြောက် ထားတဲ့ ကိစ္စတစ်ခုကို ဥပဒေအဖြစ် အတည်ပြု လိုက်သလား၊ ဒါဆိုရင် တကယ့်သတင်းပဲ။ ပဋိပက္ခ မဟုတ်ဘူး၊ သဘောထား ကွဲပြားမှုတွေ မပါဘူး ဆိုရင် သတင်း မဟုတ်ဘူး။
ဥပဒေကြမ်း တစ်ခုနဲ့ ပတ်သက်ပြီး ပါတီနှစ်ခု ကြားမှာ သုံးပတ်လောက် အကြိတ်အနယ် ဆွေးနွေးပြီးမှာ သဘေ တူညီချက် ရတယ်ဆိုပါတော့။ အဲဒီ သုံးပတ်လုံးလုံး မီဒီယာပေါ်မှာ သဘောထား ကွဲတာတွေ၊ ငြင်းခုန် တာတွေ၊ ရှေ့မတိုးနိုင် ဖြစ်နေတာတွေကို အကျယ်တ၀င့် ရေးလိမ့်မယ်။ အဲ သဘောတူညီချက် ရသွားပြီ ဆိုရင်တော့ တစ်ရက်စာ သတင်းတိုလေး အဖြစ်နဲ့ ဖော်ပြပြီးရင် နောက်ထပ်ဘာမှ ထပ်ဖော်ပြမှာ မဟုတ်တော့ဘူး။
တစ်ခါတစ်လေ ကျတော့လည်း သတင်းစာတွေကို လူတွေ စိတ်ဝင်စားမယ့် ဓာတ်ပုံတွေကို လိုက်ရှာတတ်ကြ တယ်။ ၂၀၀၂ ခုနှစ်နွေရာသီမှာ US News and World Report စာစောင်က တက္ကဆက် ပြည်နယ်ထဲက သမ္မတနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကို သမ္မတဘုရှ်ရဲ့ သမီးနှစ်ယောက် ပါတီတက်နေတဲ့ ဓာတ်ပုံတွေ ရှိလား၊ ရှိရင် ဒေါ်လာ ၂၂၅ ဒေါ်လာ ကနေ ၅၀၀ အထိ ပေးပါ့မယ်လို့ အီးမေးလ်ပို့ပြီး ကမ်းလှမ်းခဲ့ဖူးတယ်။ အဲဒီ သတင်းကို မိတ်ဆွေတွေက သမ္မတ ကတော်ဆီကို လှမ်းပြောတဲ့အခါ ကျွန်တော်က စာစောင် အယ်ဒီတာအဖွဲ့ကို ဒါဟာ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးရာ ရောက်ကြောင်းနဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဓာတ်ပုံတွေကို ငွေပေးပြီး လိုက်ဝယ်တာ မသင့်တော်ဘူး ဆိုပြီး ကန့်ကွက် ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အယ်ဒီတာ အဖွဲ့က အဲဒီလိုလုပ်တာကို ရပ်ဆိုင်း ပေးလိုက်တဲ့ အတွက် ကျေးဇူးတင် ပါတယ်။
နေ့စဉ် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါ ကျွန်တော့် အနေနဲ့ တတ်နိုင်သမျှ မီဒီယာတွေ လိုချင်တဲ့ ပဋိပက္ခ ဘောင်ထဲ ရောက်မသွားအောင် တတ်နိုင်သမျှ ရှောင်ပါတယ်။ သတင်းထောက် တွေရဲ့ ပွဲဆူမယ့် သတင်းတွေကိုပဲ လိုက်ရှာတတ်တဲ့ အခြေအနေကြောင့် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ တွေဟာလည်း ဟိုတုံးကလို မူဝါဒတွေကို ရှင်းပြ၊ မေးခွန်းထုတ် ကြတာမျိုး မဟုတ်တော့ပဲ၊ ပြဿနာတွေကို ၀န်ခံလိုက်၊ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အပြစ်တင်တာ ခံလိုက်၊ ၀န်ကြီးအဖွဲ့ထဲမှာ သဘောထား ကွဲပြားမှု ရှိနိုင်တယ် ဆိုတာ အတည်ပြုလိုက် ဆိုတာတွေပဲ လုပ်ရတာက ပိုများ လာတယ်။ အဲဒါ မျိုးတွေကပဲ မျက်နှာဖုံး သတင်းအဖြစ် ပါတော့မယ်။ ကျွန်တော် ကတော့ အဲဒါမျိုးတွေ များလာတာဟာ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွေရဲ့ တန်ဖိုးကို  ကျဆင်းစေတယ်လို့ ထင်ပါတယ်။ ပြန်ကြားရေး အရာရှိနဲ့ သတင်းထောက် တွေကြား ဆက်ဆံရေး ကလည်း ဟိုတုံးကလို အပေးအယူ မျှမျှ မဟုတ်တော့ဘဲ သတင်းထောက်တွေဘ က်က မေးခွန်းတွေနဲ့ ထိုးစစ်ဆင်၊ ပြန်ကြားရေး အရာရှိဘက်ကလည်း ကိုယ်လိုချင်တဲ့ ဘက်ကနေ ကြံ့ကြံ့ခံပြီး ခုခံဆိုတာမျိုး ဖြစ်လာပါတယ်။
ဥပမာ အားဖြင့် ဒုသမ္မတ ချေယင်နီနဲ့ နိုင်ငံခြားရေး ၀န်ကြီး ကောလင်းပါဝဲလ် ကြားမှာ အမြင်မတူတာ တွေရှိမှာပဲ။ ဒါပေမယ့် ဒီလို အမြင်မတူ မှုတွေဟာ သမ္မတ ရှေ့မှာပဲ ပြောရမယ်၊ ဒါမှလည်း သမ္မတ အနေနဲ့ သူ့လူတွေဆီက မတူကွဲပြား တဲ့အမြင်တွေကို စဉ်းစားပြီး ဆုံးဖြတ်ခွင့် ရမှာဖြစ်တယ်။ သို့သော် ရုပ်မြင်သံကြား ပေါ်မှာ ကျွန်တော့်ကို ဒုသမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီး သဘောထား ကွဲပြားနေတယ် ဆိုတာ ဟုတ်သလားလို့ မေးရင် ဟုတ်တယ်လို့ ဖြေလို့မရဘူး။ ကျွန်တော်က ဒီလို အမြင်မတူမှု တွေဟာ အစိုးရ အဖွဲ့အတွင်း ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း အဖြစ်ပဲ မြင်တယ်။ ဒါကို ပဋိပက္ခ တစ်ခုအနေနဲ့ မီဒီယာတွေပေါ်မှာ ဖြေစရာ၊ ပြောစရာ မလိုဘူးလို့ ယုံကြည်ပါတယ်။ ဒီလိုနဲ့ သတင်းထောက်တွေနဲ့ ကျွန်တော် ငြင်းခုန် ရတော့တာပဲ။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်

           

Read more

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၂)

( သမ္မတ ဂျော့ ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့အကြုံ များကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေခဲ့သည်။  ထိုစာအုပ်မှ အခန်းလေး Bias ? ကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြ အပ်ပါသည်။)
ဝါရှင်တန် သတင်း လောက သားတွေ ဒီမိုကရက်ဘက် ယိမ်းတယ် ဆိုတာကလည်း သတင်းစာ ပညာသင်တန်း တက်သူ တွေနဲ့ သူတို့ကို သင်ပေးတဲ့ ဆရာတွေ ကိုယ်တိုင်က လစ်ဘရယ် သမားတွေ များနေ လို့ပဲ။ ၂၀၀၂ ခုနှစ် စက်တင် ဘာလ ထုတ် The American Enterprise မဂ္ဂဇင်းရဲ့ ဆောင်းပါး အဆိုအရ တော့ ပညာရှင်တွေ ကြားမှာ ဒီမိုကရက် ဘက်ကို ယိမ်းတဲ့ ကိစ္စက အရမ်းသိသာ ထင်ရှားတယ် လို့ဆိုတယ်။ အဲဒီ ဆောင်းပါးမှာ ကော်နယ် တက္ကသိုလ်ရဲ့ မဟာဌာန ရှစ်ခုက ပါမောက္ခ ၁၆၆ဦး က ဒီမိုကရက် ဒါမှမဟုတ် တစ်ခြား လစ်ဘရယ် ပါတီ ငယ်တွေရဲ့ ပါတီဝင်အဖြစ် မှတ်ပုံတင် ထားပြီး ရီပတ် ဘလီကင် အဖြစ် မှတ်ပုံတင် ထားတာ ခြောက်ဦးပဲ ရှိတယ်။ ကျန် တက္ကသိုလ် တွေမှာလည်း ပညာရှင် တွေထဲမှာ  ဒီမိုကရက်နဲ့ ရီပတ်ဘလီကင် အချိုးက အရမ်း ကွာတယ်။   ကော်လိုရာဒို တက္ကသိုလ် မှာတော့ ၁၁၆ ယောက်နဲ့ ငါးယောက်၊ စတန်းဖို့ဒ် တက္ကသိုလ်မှာ ၁၅၁ ယောက်နဲ့ ၁၇ ယောက်၊ ဘရောင်း တက္ကသိုလ်မှာ ၅၄ ယောက်နဲ့ သုံးယောက်၊ ကယ်လီ ဖိုးနီးယား တက္ကသိုလ်မှာ ၉၉ ယောက်နဲ့ ၆ယောက်၊ ဘာကလေ တက္ကသိုလ်မှာ ၅၉ ယောက်နဲ့၇ ယောက် ဆိုပြီး တွေ့ရတယ်။ ဝီလီယံ ကော်လိပ်မှာဆို ပါမောက္ခ ၂၀၀ မှာ ရီပတ် ဘလီကင်က ၄ယောက်ပဲရှိတယ် ဆိုပြီး ဖော်ပြထား တယ်။  American Enterprise က လုပ်ခဲ့တဲ့ နောက် ထပ်စစ်တမ်း ကောက်ယူမှု တစ်ခုမှာတော့ ထိပ်တန်း တက္ကသိုလ် တွေက ပညာရှင် တွေရဲ့ ၈၄% ဟာ ၂၀၀၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း အယ်လ်ဂိုးကို မဲပေးခဲ့ကြတယ်။ ဘုရှ်ကို မဲပေးတဲ့လူက ၉% ပဲရှိတယ်။ အဲဒါ ဟာ နောက်ထပ် လစ်ဘရယ် တစ်သီးပုဂ္ဂလ သမ္မတလောင်း ဖြစ်တဲ့ Nader ကိုမဲပေးတဲ့ သူ ၆% ထက်မဆိုစလောက်လေးပဲ များတာပါ။
တကယ်တော့ သတင်းထောက် ဆိုတာ အမှန်တရား ကို ရှာဖွေဖို့၊ ဘယ်သူ့ကို မဆို မေးခွန်းထုတ်ဖို့၊ စိန်ခေါ်ဖို့ အတွက် သင်ကြား လေ့ကျင့်ပေး ခံရသူတွေပါ။ ဒါပေမယ့် တစ်နှစ်လောက် သင်တန်း တက်လိုက်ရုံနဲ့ သူ့မှာ နဂိုထဲက ရှိနေတဲ့ အမြင်တွေ၊ သဘောတရား တွေကို ပြောင်းလဲ ပစ်လိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သင်ပေးတဲ့ ဆရာတွေကိုယ် တိုင်က ဒီမို ကရက်ဘက်ကို ယိမ်းတယ် ဆိုတော့ ပိုဆိုးတော့ တာပေါ့။ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာရဲ့ သတင်း တစ်ပုဒ်မှာ ဒီမိုကရက်တစ် ပါတီ ညီလာခံကို သတင်း ယူနေတဲ့ သတင်းထောက် ၁၅၅ ယောက်ကို ဆန္ဒခံယူတဲ့ သတင်းတစ်ပုဒ် ပါလာတယ်။ အဲဒီသတင်းမှာ ဝါရှင်တန် ပြင်ပက သတင်းထောက် တွေထဲက  ဂျွန်ကယ်ရီကို ထောက်ခံသူနဲ့ ဘုရှ်ကို ထောက်ခံသူ အချိုးက ၃ အချိုး ၁ ရှိတယ်။ ဒါပေမယ့် ဝါရှင်တန် အခြေစိုက် သတင်း ထောက်တွေမှာတော့ ကယ်ရီကို ထောက်ခံသူနဲ့  ဘုရှ်ကို ထောက်ခံသူ အချိုးက ၁၂ အချိုး ၁ အထိ ကွာခြားတယ်လို့ ဖော်ပြ ထားတယ်။ နောက်ပြီး သတင်းထောက်တွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ် သူတို့ လစ်ဘရယ်လို့ ခံယူတာ ပိုများတယ်။ ၂၀၀၄ ခုနှစ်မှာ Pew Research Center  က လုပ်တဲ့ စစ်တမ်း ကောက်ယူမှု တစ်ခုမှာ သတင်းထောက် ၃၄ % က သူတို့ ကိုယ်သူတို့ လစ်ဘရယ် သမားတွေလို့ ပြောခဲ့တယ်။  ၁၉၉၅ ခုနှစ်တုံးက ကောက်တဲ့ စစ်တမ်း မှာတော့ ၂၂ % ကပဲ လစ်ဘရယ် ပါလို့ ပြောခဲ့တယ်။ တစ်ဖက်မှာတော့ သတင်းထောက် ၉% ကပဲ သူတို့ ကိုယ်သူတို့ ကွန်ဆာဗေးတစ် တွေပါ လို့ ဆိုထားတာကို တွေ့ရတယ်။ သတင်းထောက် တွေက အဲဒီလို ဖြစ်နေသလို လူထုကလည်း စာနယ်ဇင်း သမား တွေကို လစ်ဘရယ် တွေလို့ မြင်တယ်။ ၂၀၀၄ ခုနှစ်မှာ Gallup လူထု သဘောထား ကောက်ယူရေး အဖွဲ့က ကောက်ယူတဲ့ စစ်တမ်းမှာ လူထုထဲမှာ စာနယ်ဇင်း သမားတွေကို လစ်ဘရယ် ဆန်လွန်း တယ်လို့ ယူဆသူ ၄၈%၊ ကွန်ဆာဗေးတစ် ဆန်လွန်းတယ် လို့ယူဆသူ ၁၅% နဲ့ မျှတတယ်လို့ ယူဆသူ ၃၃ % လို့တွေ့ခဲ့ရတယ်။
ဒီလို အခြေအနေက သတင်းတွေ ဖော်ပြတဲ့ နေရာမှာ ပြဿနာပေါ် စေပါတယ်။ အခုခေတ်မှာ သတင်းရေးတဲ့ အခါ သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာရဲ့ အာဘော် မပါရဘူး ဆိုတဲ့ ကျင့်ဝတ်က အတော် လိုက်နာဖို့ ခက်နေတယ်။ ဘယ်ဟာက သတင်း အချက်အလက်လဲ၊ ဘယ်ဟာက ရေးသူရဲ့ အမြင်လဲ ဆိုတာ ခွဲဖို့ မလွယ်တော့ဘူး။ ၁၉၉၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ Pew Research Center ရဲ့ စစ်တမ်းမှာ သတင်းထောက် ၆၉% က သတင်းနဲ့ ရေးသူ အမြင်ကြား စည်းခြား ထားမှု ဟာ သိသိသာသာ ပျက်ပြား နေခဲ့ပြီလို့ ၀န်ခံ ထားတယ်။ နယူးယောက် တိုင်းမ် သတင်းစာရဲ့ အမှုဆောင် အယ်ဒီတာချုပ် ဘီလ်ကီလာ ကလည်း ၂၀၀၄ ခုနှစ် ဖေဖော် ဝါရီလ ၉ရက်နေ့ က အမျိုးသား သတင်းထောက် ကလပ်မှာ မိန့်ခွန်း ပြောတဲ့အခါ အခု နယူးယောက် တိုင်းမ် သတင်းစာမှာ မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြနေတဲ့ သတင်း အတော် များများဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဆိုရင် ကိုယ်ပိုင် အယူအဆတွေ ဖော်ပြတာ များလွန်းတယ် ဆိုပြီး အပြောခံရမှာ သေချာ တယ်လို့ ၀န်ခံ သွားခဲ့တယ်။
နောက်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ဆိုရင် သတင်းသမား တွေက  ရုပ်သံ တွေ့ဆုံ မေးမြန်းခန်း တွေမှာ ပါဝင် ပြောဆိုမှု မရှိသလောက်ပဲ။ ဒါမျိုးကို ပင်တိုင် ဆောင်းပါးရှင် တွေကပဲ လုပ်တယ်။ အခုတော့ သတင်းထောက်တွေက သူတို့ လိုက်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး သူတို့ အမြင်တွေကို ရုပ်သံလိုင်း တွေမှာ တက်ပြောနေတယ်။ ရုပ်သံ သတင်းထောက် ကလည်း သူ့အမြင်ကို ၀င်ပြောတယ်။ သတင်းထောက်ကို နောက် သတင်းထောက် တစ်ယောက်က တွေ့ဆုံ မေးမြန်းတာ မျိုးက မြင်ရဖန် များလွန်းလို့ ရိုးတောင် နေပြီ။ ဒီလိုနဲ့ သတင်းထောက် တွေက ရှေ့ရေးကို ကြိုတွက် ပြောတဲ့သူ တွေဖြစ်လာတယ်။ သူတို့ ကိုယ်ပို်င် အမြင်တွေက ရုပ်သံပေါ်မှာ သတင်းစာ စာမျက်နှာ တွေပေါ်မှာ ရောက်ကုန် တော့ တာပဲ။
သတင်းထောက် ဆိုတာ ကြားရတဲ့ သတင်းကို အလွယ်တကူ မယုံရဘူး။ မေးခွန်းတွေ ထုတ်ရမယ်။အဲဒီလို သံသယ တွေထားတဲ့ အတွက် သတင်းထောက် တွေဟာ ပြဿနာ အတော် များများကို ဖော်ထုတ်နိုင်တာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ လူ့အဖွဲ့အစည်း ကိုယ်စား စောင့်ကြည့်သူတွေ ဖြစ်လာတာပဲ။ သူတို့ ဒီလိုမေးခွန်း ထုတ်တတ်တဲ့ အတွက် အစိုးရရော၊ လွှတ်တော်ကပါ သူတို့လုပ်တဲ့ အလုပ်တွေ မှန်ကန်ကြောင်း သက်သေ ပြနိုင်ဖို့ အပြင်းအထန် ကြိုးစား ရတယ်။ သတင်းထောက် တွေရဲ့ ဖော်ထုတ်မှု များကြာင့် စီးပွားရေး လုပ်ငန်းများရဲ့ မသမာမှုတွေ၊ အလုပ်သမား သမဂ္ဂတွေရဲ့ မဖွယ်မရာ လုပ်ရပ်တွေ ပေါ်ထွက် လာခဲ့တယ်။ ဒါပေမယ့် ပြဿနာက အဲဒီလို သံသယ ထားမှုတွေ၊ မေးခွန်း ထုတ်မှု တွေကို ဘယ်လောက် အတိုင်းအတာ ထိလုပ်မှာလဲ၊ မျှမျှတတ ဖြစ်အောင် ဘက်လိုက်ရာ မရောက်အောင် ဘယ်လို လုပ်မှာလဲ ဆိုတဲ့ အချက်ပဲ။ ဒီနေရာမှာ သတင်းထောက် တွေရဲ့ ပဋိပက္ခ သတင်းတွေ၊ ဝိရောဓိ သတင်းတွေကို ကြိုက်တာက မရည်ရွယ်ဘဲနဲ့ ဘက်လိုက်မှု တွေကို ဖြစ်စေတော့တာပဲ။
ကျွန်တော့် မိတ်တွေ Ron Reese က ရီပတ်ဘလီကင် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးထံမှာ သတင်း ထုတ်ပြန်ရေး အရာရှိ အဖြစ်နဲ့ အမှုထမ်း ဖူးတယ်။ ၂၀၀၄ ခုနှစ် ကျတော့ သူက လာ့ဗီဂတ်စ်မြို့က အကြီးဆုံး ကာစီနို ဟိုတယ်တစ်ခု ဖြစ်တဲ့ ဗင်နီးရှန်း ဟိုတယ်ရဲ့ ပြည်သူ့ ဆက်ဆံရေး အရာရှိအဖြစ် ပြောင်းသွားတယ်။ သူ့ကို ဝါရှင်တန်မှာ လုပ်ရတာနဲ့ အခု လုပ်နေရတာ ဘာကွာ သလဲလို့ မေးတော့ သူက  ကွန်ဂရက်မှာ တုန်းက သတင်းထောက်တွေက ကျွန်တော့်ကို မေးခွန်း မေးမယ်။ ကျွန်တော် ဖြေပြီးတာနဲ့ ဒီမိုကရက် ဘက်က တစ်ယောက်ယောက်ကို  ဖုန်းဆက်ပြီး ဟိုဘက်ကတော့ ဒီလို ပြောနေပြီ၊ ခင်ဗျား ဘယ်လို တုန့်ပြန် ချင်သလဲလို့မေးမယ်။ ဒီမှာတော့ ကျွန်တော် ပြောတာနဲ့ပတ်သက်ပြီး သတင်းထောက် တွေက ပြိုင်ဘက် ဟိုတယ်ကို သွားမေးမှာ မဟုတ်ဘူး။ ကျွန်တော် ပြောတာဟာ သတင်း တန်ဖိုးရှိရင် ဖော်ပြမယ်၊ မရှိရင် မဖော်ပြ ဘူး။ --- လို့ ရှင်းပြ ရှာပါတယ်။
ဝါရှင်တန် မှာက ပါတီ နှစ်ခုလုံး က လူတွေက ပြိုင်နေကြတာ၊ တစ်ခါ တစ်လေ အပြန်အလှန် စွပ်စွဲ ပုတ်ခတ် ကြတယ်။ သတင်းထောက် တွေက ဟိုဘက် ဒီဖက် ပြောတာ တွေကို အပြန်အလှန် ဖော်ပြတယ်။ မပြောရင် ပြောအောင် ဆွပေး တယ်။ ဒီလိုလုပ်တဲ့အတွက် စာဖတ်ပရိသတ်က နှစ်ဘက်လုံးရဲ့ အမြင်တွေကိုသိခွင့်ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျတော့ သတင်းထောက် တွေက အငြင်းအခုန် ဖြစ်အောင် တမင် သက်သက် ဖွတာ မျိုးတွေ လည်းရှိတယ်။
ကျွန်တော် အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာ အဲဒီလို အငြင်းအခုန် တွေကို ရှောင်ရှားနိုင်ဖို့ အတွက် သတင်းထောက် တွေက ပြောတဲ့ အချက်တွေကို ကိုယ်တိုင် ပြန်မစိစစ်ဘဲနဲ့ လက်ခံပြီး တုန့်ပြန် ပြောဆိုတာ မလုပ်ခဲ့ဘူး။ ကျွန်တော့်ကို တစ်ခြား နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်၊ ဒါမှမဟုတ် လွှတ်တော် အမတ် တစ်ဦးရဲ့ အငြင်းပွား ဖွယ်ရာ ပြောဆိုချက် အပေါ် တုန့်ပြန် ပြောဆိုဖို့ မကြာခဏ အမေးခံ ရတယ်။ ဒါပေမယ့် သတင်းထောက် တွေက အဲဒီ ပြောဆိုချက် ထဲက အရေးကြီး တဲ့အချက်ကို ချန်ပြီး အငြင်းအခုန် ဖြစ်မယ့် အချက်ကိုပဲ ရွေးမေးတာမျိုး လုပ်လေ့ရှိတယ်။
ဥပမာအားဖြင့် ၂၀၀၁ ခုနှစ် ဧပြီလမှာ အေပီသတင်းထောက် Ron Fournier က ကျွန်တော့်ကို ရုရှားသမ္မတ ပူတင်က အမေရိကန်နိုင်ငံအနေနဲ့ ဒုံးခွင်းဒုံးသဘောတူညီချက် ( Anti Ballistic Missile Treaty, ABM) ကနေ နှုတ်ထွက် လိုက်တာဟာ အမှားတစ်ခုကို ကျူးလွန်လိုက်တာပဲ၊ ဒီသဘောတူညီချက်က တကယ်တော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်ဖြစ်တယ်လို့ ပြောသွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ခင်ဗျားဘာမှတ်ချက်ပေးချင်လဲ လို့ မေးခဲ့တယ်။
            ဒါပေမယ့် ကျွန်တော်က ချက်ခြင်းအဖြေမပေးဘဲ ပူတင်ပြောတာကို ပြန်စိစစ်ခဲ့တယ်။ ပူတင်က အမေရိကန် အနေနဲ့ အမှားလုပ်ခဲ့တယ်လို့ ပြောတာမှန်တယ်။ ဒါပေမယ့် အဲဒီစကားနောက်မှာ သူက အဲဒီလို နှုတ်ထွက်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အံ့သြမှုမရှိပါဘူး၊ နောက်ပြီး ဒီလို နှုတ်ထွက်လိုက်တဲ့အတွက် အမေရိကန်အနေနဲ့ ရုရှားနိုင်ငံရဲ့ အမျိုး သားလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တယ်လို့လည်း သူမထင်ပါဘူး လို့ဆက်ပြောခဲ့တာကိုတွေ့ရတယ်။ နောက်ပြီး ပူတင်က ဒီစာချုပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်သော့ချက်ဆိုတာလုံးဝမပြောခဲ့ဘူး။
            ဒီလိုပဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလမှာ အေဘီစီရုပ်သံသတင်းဌာနက Terry Moran က အရှေ့အလယ်ပိုင်း ပြဿနာနဲ့ပတ်သက်ပြီး -- မနေ့ညက ( ထိုအချိန်တွင်သမ္မတခရီးထွက်နေသည်) သမ္မတဘုရှ်က အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်ပြီး ပြောသွားခဲ့တယ်၊ မနှစ်ဇွန်လတုံးကတော့ သမ္မတက အစ္စရေးအနေနဲ့  သိမ်းပိုက်ထား တဲ့နယ်မြေတွေမှာ လူနေအခြေချအိမ်ယာတွေဆောက်နေတာ ချက်ခြင်း ချက်ခြင်း ရပ်ဆိုင်းရမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် မနေ့ညကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေတိုးတက် လာတာနဲ့အမျှ လူနေ အခြေချ အိမ်ယာတွေ ဆောက်လုပ်တာ ရပ်ဆိုင်း ရမယ်လို့ ပြန်ပြောသွားတယ်။ သမ္မတရဲ့ မူဝါဒက ဘာကြောင့် နောက်ပြန် လှည့်သွားတာလဲ  --- လို့ မေးခဲ့ပါတယ်။  
ကျွန်တော့် အနေနဲ့ ဒါဟာ သမ္မတပြောတဲ့စကားလို့ မထင်ဘူး။ ဒါ့ကြောင့် ပြန်စစ်ဆေးပြီးမှာ ပြောပါ့မယ်လို့ ပြန်ဖြေခဲ့ တယ်။ ဒါတောင် Terry Moran က သမ္မတ အရင်တုန်းက ပြောထားတာ ရှင်းနေတာပဲ။ အိမ်ယာ ဆောက်တာ တွေကို ချက်ခြင်း ရပ်ရမယ်လို့ ပါတယ်ဆိုပြီး ထပ်အတွန့် တက်လိုက် ပါသေးတယ်။
ဒါပေမယ့် ကျွန်တော် တကယ် ပြန်စိစစ်တဲ့ အခါကျတော့ လူနေ အခြေချ အိမ်ယာတွေ ဆောက်နေတာ ချက်ခြင်း ချက်ခြင်း ရပ်ဆိုင်း ရမယ်လို့ ပြောခဲ့တာ သမ္မတဘုရှ် မဟုတ်ပါဘူး။ အီဂျစ် သမ္မတ မူဘာရက်က ဘုရှ်နဲ့ တွေ့တဲ့အချိန်မှာ ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ ဒါဟာ အင်မတန်မှ စေ့စပ် သေချာတယ်လို့ နံမည်ကြီးတဲ့ သတင်းထောက် တစ်ယောက် ရိုးရိုး သားသား မှားသွား ခဲ့တာပဲလား။
သတင်းထောက် တွေကတော့ ကျွန်တော် အဲဒီလို ပြန်စိစစ်မယ် လို့ဖြေတာ မျိုးကို ဘယ်တော့မှ မကြိုက်ပါဘူး။ သူတို့က ချက်ခြင်း ဖြေစေ ချင်တယ်။ ပြီးရင် အဲဒီကနေ အစထုတ်ပြီး ဆက်ဖွချင်တယ်။
ဆက်လက်ဖော်ပြပါမည်။

ရဲထွဋ် 
Read more

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၁)

( သမ္မတေ ဂျာ့ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူကအတွေ့ အကြုံများကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေခဲ့သည်။  ဒီစာအုပ်ကို ၂၀၀၅ ခုနှစ်တွင် ကျွန်တော် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ သတင်းပို့ရန် အတွက် ရန်ကုန် သို့အလာ တောင်ကြီးမှာ ခေတ္တ ရောက်နေစဉ် စစ်တက္ကသိုလ် တပ်ဘက် သူငယ်ချင်း ဗျူဟာမှူးက မင်း ပြန်ကြားရေး ပြောင်းတော့မယ် ဆိုတော့ ဒီစာအုပ်ကို ဖတ်သင့်တယ်ဆိုပြီး လက်ဆောင်ပေး လိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ သတင်းမီဒီယာ ဆက်ဆံရေး နှင့် ပတ်သက်ပြီး ကျွန်တော့်ကို ပထမဆုံး မိတ်ဆက်ပေးသည့် စာအုပ်လည်း ဖြစ်သလို ယခုအထိ အကြိမ်ကြိမ် ပြန်ဖတ် ဖြစ်သော စာအုပ်လည်း ဖြစ်ပါသည်။ ရီပတ်ဘလီကင် ပါတီဝင် တစ်ဦးရဲ့ အမြင် ဖြစ်သော်လည်း ဝါရှင်တန် သတင်းလောက မည်ကဲ့သို့ လည်ပတ်နေ  သိနိုင်ရန် အတွက် ထိုစာအုပ်မှ အခန်း လေး Bias ? ကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။)
စာနယ်ဇင်း တွေနဲ့ ဆက်ဆံရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည် နေနိုင်တာဟာလည်း လွတ်လပ်တဲ့ စာနယ်ဇင်း တွေရဲ့ အကူအညီ ကြောင့်ပါပဲ။
Ari Fleisher
ရီပတ် ဘလီကင် တွေ အထူးသဖြင့် ကွန်ဆာ ဗေးတစ် တွေက ဝါရှင်တန်က မီဒီယာသမား တွေဟာ လစ်ဘရယ် တွေ ဖြစ်ပြီး ဒီမိုကရက် ဘက်က လိုက်တယ်။  ရီပတ်ဘလီကင် တွေရဲ့ မူဝါဒတွေကို အမြဲဆန့်ကျင် နေတယ်လို့ ယူဆကြတယ်။ ဒီစွပ်စွဲ ချက်မှာ အမှန်တရား နည်းနည်းပါးပါး ပါပေမယ့် လုံးဝ မှန်တာတော့ မဟုတ်ဘူး။ ဝါရှင်တန်က မီဒီယာတွေက ဘက်လိုက်တယ် ဆိုတာက အဓိက အားဖြင့် ပဋိပက္ခ သတင်းတွေ၊ ဝိရောဓိ သတင်းတွေကို ပိုပြီး ကြိုက်တာမျိုး ဖြစ်တယ်။ အထူးသဖြင့် အိမ်ဖြူတော်မှာ အမြဲသတင်း ယူနေတဲ့ အိမ်ဖြူတော် သတင်းထောက် တွေက အဲဒါမျိုး ပိုများတယ်။
သတင်း သမား တွေက ပဋိပက္ခတွေ၊ ဝိရောဓိ တွေကို ကြိုက်တယ်။ အဲဒါမျိုး တွေ့ရင် သတင်းအဖြစ် ဖန်တီးတယ်။ တကယ်လို့ အဲဒါတွေ မရှိရင် တွေ့အောင် ရှာတယ်။ အစတစ်ခု တွေ့ရင် ဆက်တိုက် သတင်း ဖော်ပြတာနဲ့ အဲဒါက ကိစ္စ အကြီးကြီး ဖြစ်သွား တတ်တယ်။ ဘယ်ပါတီက ဖြစ်ဖြစ် တစ်ယောက် ပြဿနာ ဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေကို သူ့ကို ထုတ်ပစ် မှာလားလို့ မေးမယ်၊ မထုတ်ပါဘူးဆိုရင် ဘာ့ကြောင့် မထုတ်ရတာ လည်းလို့ ထပ်မေးမယ်။ ဒါဟာ နိုင်ငံရေး သမားတွေ တင်ရင်ဆိုင် ရတာ မဟုတ်ဘူး။ အားကစား အသင်း မန်နေဂျာတွေ၊ နည်းပြတွေ၊ အားကစား သမားတွေ၊ စီးပွားရေး သမားတွေ အားလုံး ပဋိပက္ခ ဗဟိုပြု သတင်းလိုက်တဲ့ စနစ်နဲ့ ရင်ဆိုင်နေရတာပဲ။
ဒါနဲ့ ပတ်သက်ရင် သတင်း သမားတွေက ဘယ်ပါတီကိုမှ မညှာပါဘူး။ သမ္မတက လင်တန်ကိုလည်း သူ့ရဲ့ အရှုတ် ထုတ်တွေနဲ့ ပတ်သက်ရင် မညှာမတာ ဝေဖန်ရေးသား ခဲ့တာပါ။ တစ်ချို့ နေရာကျတော့ ကလင်တန်ကို ရေးချင်ဇော များပြီး ဘက်လိုက်သလို၊ မမျှတသလို ဖြစ်သွားတယ်။ ဥပမာ အားဖြင့် ၁၉၉၃ ခုနှစ် မေလမှာ ကလင်တန်က လော့စ်အင်ဂျလိစ် လေယာဉ်ကွင်းမှာ ရပ်ထားတဲ့ သမ္မတရဲ့ လေယာဉ်ပေါ်မှာ ဆံပင်ညှပ်တယ်။ အဲဒီအခါမှာ သတင်းစာ တွေက သမ္မတဒီလို ဆံပင်ညှပ် နေတဲ့အတွက် လေယာဉ် ထွက်ချိန်တွေ နောက်ကျ ရတယ်၊ ဆင်းမယ့် လေယာဉ်တွေ မဆင်းနို်င်ပဲ ဝဲနေရတယ် ဆိုပြီး ဝေဖန် ရေးသားခဲ့ ကြတယ်။
ရုပ်သံ သတင်းဌာန တွေကလည်း ဒီသတင်းကို အကြီးအကျယ် လွှင့်တယ်။ နယူးယော့ တိုင်းမ်၊ လော့စ်အင်ဂျလိ တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ ဘော့စတွန် ဂလုပ်၊ ဒါးလတ်စ် မနက်ခင်း သတင်းစာတွေက မျက်နှာဖုံး သတင်း အဖြစ်နဲ့ရေးတယ်။ အဲဒီ သတင်းပါပြီး ခြောက်ပတ် ကြာတော့ ပြည်ထောင်စု လေကြောင်း ထိန်းသိမ်းရေး အဖွဲ့က သမ္မတ ဆံပင် ညှပ်နေတဲ့ အတွက် ဘယ်လေယာဉ်မှ ရောက်ချိန်၊ ထွက်ချိန် နောက်ကျတာ မရှိဘူး၊ ကွင်းအပေါ်မှာ ဝဲပြီး စောင့်နေရတာ မရှိဘူး။ လေယာဉ် တစ်စင်းပဲ အခြား အကြောင်း ကြောင့် နှစ်မိနစ် နောက်ကျ ခဲ့တယ် ဆိုပြီး အချက်အလက် မှတ်တမ်းတွေ ထုတ်ပြန် ပေးခဲ့တယ်။ ဒီလို ထုတ်ပြန် တာကလည်း Freedom of Information Act အရ Newsday သတင်းစာက တောင်းခံလို့ ထုတ်ပြန် ပေးခဲ့တာပါ။ ဒါပေမယ့် အဲဒီသတင်းကို Newsday ၊ USA Today နဲ့ ဟူစတန် ခရောနီကယ် သတင်းစာ တို့ကပဲ မူလ သတင်း မှားကြောင်း အပြည့်အစုံ ပြန်ဖော်ပြ ပေးခဲ့တယ်။ ဝါရှင်တန်ပို့စ်က တစ်ပိုဒ်စာ သတင်း တိုလေး အဖြစ် ရေးတယ်။ ပထမ သတင်းတုံး က အယ်ဒီတာ့ အာဘော်တောင် ရေးခဲ့တဲ့ နယူးယောက် တိုင်းမ်က ဘာမှ မရေးဘူး။ အဓိက ရုပ်သံဌာန သုံးခုကလည်း မသိချင်ယောင် ဆောင်နေတယ်။ ကျန်တဲ့ သတင်းစာတွေ၊ ရုပ်သံလိုင်းတွေ ကလည်း ဒီလိုပဲ။
ဘာကြောင့် အဲဒီလို ဖြစ်ရလည်း ဆိုတော့ အိမ်ဖြူတော် သတင်းထောက်များက ပဋိပက္ခတွေ၊ ပြဿနာ တွေကိုပဲ စိတ်ဝင်စား တယ်။ ပရိသတ်ကလည်း ဒါမျိုးပဲ ကြိုက်တယ်။ အိမ်ဖြူတော် သတင်းထောက် တစ်ဦးအတွက် ရှုပ်ထွေးတဲ့ မူဝါဒ ဆိုင်ရာ ဆွေးနွေးမှုတွေကို သတင်းပို့ ရတာထက် ပွဲဆူမယ့် သတင်းတွေကို ပြောရတာ ပိုကြိုက်တယ်။ ဒီလို ဖြစ်ရတာ ၂၄ နာရီ ပတ်လုံး သတင်း ထုတ်လွှင့်နေတဲ့ သတင်းဌာန တွေကြောင့်လည်း ပါတယ်။ အဲဒီ သတင်းဌာန တွေက အယ်ဒီတာ တွေက သူတို့ရဲ့ သတင်းထောက် တွေကို တစ်နေ့ ၁၂ ခါလောက် အိမ်ဖြူတော် မြက်ခင်း ပြင်ကနေ နောက်ဆုံး သတင်းတွေကို တိုက်ရိုက် ထုတ်လွှင့်ဖို့ ဖိအားပေးပြီး ခိုင်းတယ်။ ဘာသတင်းမှ မရှိလဲ နောက်ဆုံး အခြေအနေ ဆိုပြီး ပြောခိုင်းတာပဲ။ ဒီတော့ သတင်းထောက် တွေကလည်း ပြောစရာ သတင်း ရှာရတယ်။ အဲဒီအခါမှာ တစ်ယောက်က တစ်ယောက်ကို ဝေဖန် လိုက်ပြီ ဆိုတာနဲ့ အဲဒါ သတင်းအဖြစ် တက်သွားတော့တာပါ။ တကယ်လို့ ကျွန်တော်က လွှတ်တော်နဲ့ ပတ်သက်ပြီး ဝေဖန်ချက် တစ်ခုခု ပြောလိုက်တာနဲ့ အဲဒါက ချက်ခြင်း သတင်းဖြစ်သွား တော့မှာ သေချာတယ်။ သမ္မတဘုရှ် တာဝန်ယူပြီး ခြောက်လ လောက်အထိ အိမ်ဖြူတော် သတင်းထောက် တွေက ကျွန်တော့်ကို သမ္မတဟောင်း ကလင်တန်နဲ့ ထိပ်တိုက် တွေ့အောင် မေးခွန်းတွေ မေးခဲ့ဖူးတယ်။ ကျွန်တော် ကတော့ ဘုရှ်အနေနဲ့ အတိတ်ကို ပြန်ကြည့်ဖို့ထက် ရှေ့ဆက်ဖို့ပဲ စိတ်ဝင်စားတယ် ဆိုပြီး အမြဲ ရှောင်ထွက် ခဲ့ရတယ်။ သတင်းထောက် တွေအနေနဲ့ အဲဒီလို ပွဲဆူမယ့် ပဋိပက္ခ သတင်းမျိုးတွေ ကိုပဲ စိတ်ဝင်စားတဲ့ အတွက် တကယ် အရေးကြီးတဲ့ သတင်းတွေ လွတ်သွားတာမျိုး၊ ဦးစားပေး မခံရတာ မျိုးတွေ ဖြစ်လာပါတယ်။
နောက်ထပ် ဘက်လိုက်မှု ဖြစ်စေတဲ့ အကြောင်း အရင်း တစ်ခုကတော့ သတင်းထောက်တွေရဲ့ ကိုယ်ပိုင်အတွေး အမြင်၊ အယူအဆ တွေ၊ နိုင်ငံရေး သဘောတရား တွေပဲ။ ၁၉၉၈ မတ်လ  ကျွန်တော် အောက် လွှတ်တော် အခွန်နဲ့ ငွေကြေး ကော်မတီမှာ ပြည်သူ့ ဆက်ဆံရေး အရာရှိအဖြစ် တာဝန်ယူ နေတုန်း ကိုလံဘီယာ တက္ကသိုလ် သတင်းစာ သင်တန်း ကျောင်းက ကျောင်းသား ၁၂ ယောက် လေ့လာရေး ခရီးရောက်လာတယ်။ ကျွန်တော့်က ပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်ရဲ့ တာဝန်နဲ့ သတင်းမီဒီယာ တွေနဲ့ ဆက်ဆံရပုံ တွေကို ရှင်းပြ ပြီးတဲ့နောက် သိချင်တာနဲ့ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးသလဲလို့ မေးကြည့်တော့ ၁၁ ယောက်က ကလင်တန်ကို မဲပေးခဲ့ပြီး နောက်တစ် ယောက်ကတော့ လစ်ဘရယ် တစ်သီးပုဂ္ဂလ သမ္မတလောင်း Ralph Nader ကို မဲပေးခဲ့တယ်လို့ ပြောတယ်။
သတင်းထောက် တွေကတော့ သူတို့ ကိုယ်ပိုင် အယူအဆတွေ၊ ဘယ်ပါတီကို မဲပေးခဲ့တယ် ဆိုတာတွေဟာ သူတို့ သတင်းရေးတဲ့ အပေါ်မှာ လွှမ်းမိုးမှု မရှိဘူးလို့ ပြောမှာပဲ။ တကယ်လည်း သူတို့က အဲဒီအတိုင်း ယုံကြည်နေ ကြတယ်။ ဒါပေမယ့် ဝါရှင်တန် သတင်းလောကနဲ့ အနှစ် နှစ်ဆယ်လောက် ဆက်ဆံခဲ့ရတဲ့ ကျွန်တော့် အတွေ့အကြုံ အရတော့ အရှုပ် တော်ပုံ သတင်းတွေနဲ့ပတ်သက်ရင် သတင်းထောက် တွေက ပါတီနှစ်ခုလုံးကို တန်းတူ ရေးပေမယ့် မူဝါဒ ဆိုင်ရာတွေ အထူးသဖြင့် လူမှုရေး မူဝါဒတွေနဲ့ ပတ်သက်ရင် ဒီမိုကရက် ပါတီက ရီပတ်ဘလီကင် ပါတီထက် မျက်နှာသာ အပေးခံရတာ တော့ အသေအချာပဲ။
တကယ်လို့ ရီဂင်ကို မဲပေးတဲ့ သူဆယ့် တစ်ယောက်နဲ့ Pat Buchanan ( ကွန်ဆာ ဗေးတစ် တသီးပုဂ္ဂလ သမ္မတလောင်း )ကို မဲပေးတဲ့သူ တစ်ယောက်နဲ့ ခင်ဗျားရဲ့ သတင်း အယ်ဒီတာ အခန်းကို ဖွဲ့စည်း လိုက်မယ် ဆိုရင် ထွက်လာမယ့် သတင်းတွေက လုံးဝ ခြားနား သွားမယ်လို့ ကျွန်တော် ပြောရဲတယ်။ ဒီကနေ့ မျက်နှာဖုံး သတင်းမှာ ပါနေတဲ့ ကိစ္စတွေ က အတွင်းကို ရောက်သွားပြီး အတွင်းက သတင်းတွေက မျက်နှာဖုံး ပေါ်ရောက်လာ လိမ့်မယ်။ တစ်ချို့ သတင်းတွေက လုံးဝ ပျောက်သွား လိမ့်မယ်။ တစ်ရက်ပဲ ဖော်ပြတဲ့ ဒီမိုကရက်တွေရဲ့ အငြင်းပွားစရာ ကိစ္စတွေက နေ့စဉ် ရက်ဆက် ဖော်ပြခံရပြီး ရီပတ်ဘလီကင် တွေရဲ့ ပြဿနာက တစ်ရက်ပဲရေးပြီး ပြီးသွားလိမ့်မယ်။ ဥပမာအားဖြင့် ၂၀၀၄ သမ္မတ ရွေးကောက်ပွဲ တုံးက မီဒီယာတွေက ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ သမ္မတဘုရှ် အမျိုးသား ကာကွယ်ရေး လေကြာင်း တပ်ဖွဲ့မှာ အမှုထမ်း တုန်းက ပျက်ကွက်ရက် များတယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဂျွန်ကယ်ရီ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အထက် လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ တာဝန် ထမ်းဆောင် တဲ့အချိန်က ကော်မတီ ကြားနာပွဲ တွေရဲ့ သုံးပုံတစ်ပုံကို တက်ဖို့ ပျက်ကွက် ခဲ့တာကိုတော့ အနည်း အကျဉ်းပဲ ပြောခဲ့တယ်။
တကယ်လို့ သတင်းထောက်တွေ၊ အယ်ဒီတာတွေသာ ပိုပြီး မျှမျှတတ ရေးမယ်ဆိုရင် စကားလုံး အသုံးအနှုန်းတွေ လည်း အများကြီး ပြောင်းသွားလိမ့်မယ်။ ၁၉၉၇ ခုနှစ်တုံးက ရီပတ်ဘလီကင် အမတ်တွေက ပြည်တွင်း အခွန်ဌာနရဲ့ အလွဲ သုံးစား လုပ်မှု တွေကို စုံစမ်းမှုတွေ လုပ်တော့ နယူးယောက် တိုင်းမ် သတင်းစာက ပြည်တွင်း အခွန်ဌာနကို သက်သက် အပြစ် ရှာတာလို့ ရေးတယ်။ ဒါပေမယ့် ဒီမိုကရက် အမတ်တွေက ကျန်းမာရေး ၀န်ဆောင်မှု ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းကြီး တွေကို တွယ်တဲ့ အခါဆိုရင်တော့ ဘယ် သတင်းစာကမှ အကြောင်းမဲ့ အပြစ်ရှာတာ လို့မရေးဘူး။ လေ့လာ ဆန်းစစ်ချက် တွေအရ ဝါရှင်တန်က သတင်းထောက်တွေ၊ အယ်ဒီတာတွေ အများစုက ဒီမိုကရက်ကို မဲပေးတဲ့ လူတွေ ဖြစ်ကြောင်း သိရတယ်။ ဒါ့ကြောင့်လည်း ရီပတ်ဘလီကင်တွေက ဝါရှင်တန်က သတင်းထောက် တွေဟာ မူဝါဒ ဆိုင်ရာ ကိစ္စတွေမှာ ဒီမိုကရက် တွေ ဘက်ကို လိုက်တယ်လို့ ပြောတာဖြစ်တယ်။
ဒါပေမယ့် သတင်း ဦးစားပေး ရေဒီယို အသံလွှင့် ဌာနတွေ ကျတော့ ကွန်ဆာဗေးတစ် သမားတွေ များတယ်။ ရုပ်သံ ဌာနတွေ မှာတော့ Fox News က ရီပတ်ဘလီကင် ပရိသတ် အတွက် ဖြစ်ပြီး CNN ကတော့ ဒီမိုကရက် ပရိသတ် အတွက် ဖြစ် နေတယ်။ ဝါရှင်တန် အပြင်ဘက် ပြည်နယ် တွေမှာတော့ သတင်း မီဒီယာတွေက ပိုပြီး ကွဲပြား ခြားနားတဲ့ အမြင်တွေကို တင်ပြ နိုင်ကြတယ်။ အဲဒီဒေသတွေမှာ ရီပတ်ဘလီကင် ဘက်ယိမ်းတဲ့ သတင်းစာတွေ အများကြီး တွေ့နိုင်တယ်။
(ဆက်လက်ဖော်ပြပါမည်။ )

ရဲထွဋ်  
Read more

Tuesday, September 3, 2013

စာနယ်ဇင်း ကောင်စီ ဆိုသည်မှာ (၅)

အငြင်းပွားမှုများကိုဖြေရှင်းခြင်း
စာနယ်ဇင်း ကောင်စီက ဖြေရှင်းပေးရသည့် အငြင်းပွားမှုများမှာ သုံးမျိုးသုံးစား ရှိသည်ဟု ဆိုနိုင်သည်။ ပထမ အမျိုးအစားမှာ စာနယ်ဇင်းများ၏ သတင်းရယူမှုကို ပိတ်ပင် တားဆီးမှုများနှင့် ပတ်သက်သည်။ ဒုတိယ အမျိုးအစားမှာ စာနယ်ဇင်း အချင်းချင်း ဖြစ်ပွားသော ကိစ္စများနှင့် ပတ်သက်သည်။ တတိယ အမျိုးအစားကတော့ စာနယ်ဇင်းများ၏ ရေးသားချက်များ၊ စာနယ်ဇင်း သမားများ၏ အပြုအမူများနှင့် ပတ်သက်သည့် ကန့်ကွက်ချက်များ၊ တိုင်ကြားချက်များနှင့် ပတ်သက်သည်။ ထိုတတိယ အမျိုးအစားသည်ပင် စာနယ်ဇင်း ကောင်စီ တစ်ခုအတွက် အများဆုံး ဖြေရှင်း ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံအသီးသီးရှိ စာနယ်ဇင်း ကောင်စီတိုင်းတွင် အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် ပတ်သက်ပြီး တိကျသည့် လုပ်ထုံး လုပ်နည်းများကို သတ်မှတ်ထားသည်ကို တွေ့ရသည်။ နယ်သာလန်နိုင်ငံ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းပုံ စည်းမျဉ်း ပုဒ်မ ၃ တွင် စာနယ်ဇင်း ကောင်စီ အနေဖြင့် ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်း ထားသည်။ အငြင်းပွားမှုများ ဖြေရှင်းမှုနှင့် ပတ်သက်ပြီး တိုင်ကြားချက်များကို ဖြစ်ပွားပြီး ခြောက်လအတွင်း ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်းများ ပြုလုပ်ရန် သတ်မှတ်ထားသည်။ ယျေဘူယျအားဖြင့် ကန့်သတ်ချိန် ကျော်လွန်သွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တိုင်ကြားချက်များကို လက်ခံစဉ်းစားခြင်း မပြုသော်လည်း နစ်နာသူက အချိန်မီ တိုင်ကြားနိုင်ခြင်း မရှိရသည့် အကြောင်းအရင်းကို ခိုင်လုံစွာ တင်ပြနိုင်ပါက အထူးကိစ္စအနေဖြင့် စဉ်းစားပေးသည်။ တိုင်ကြားချက်များကို စဉ်းစားသည့် ခုံအဖွဲ့ကို သုံးဦး သို့မဟုတ် ငါးဦးဖြင့် ဖွဲ့စည်းပြီး စာနယ်ဇင်း ကောင်စီ ဥက္ကဌ၊ ဒုဥက္ကဌနှင့် စာနယ်ဇင်း ကောင်စီဝင်များ ပါဝင်သည်။ အဖွဲ့ဝင်ထဲတွင် စာနယ်ဇင်း လောကသားများနှင့် စာနယ်ဇင်း လောကသား မဟုတ်သူများ အားလုံး ပါဝင်အောင် ဖွဲ့စည်းရသည်။ နယ်သာလန် စာနယ်ဇင်းကောင်စီ၏ လုပ်ထုံး လုပ်နည်းအရ ခုံအဖွဲ့ဖြစ် စစ်ဆေးခြင်း မပြုမီတွင် နှစ်ဘက်လုံးက ကြားဝင် စေ့စပ်မှုကို လက်ခံလိုကြောင်း ဆန္ဒပြုပါက ဖြန်ဖြေရေး သမားတစ်ဦးကို ခန့်အပ်ပြီး ပဏာမ စေ့စပ် ဖြေရှင်းစေသည်။ သို့သော် ရှစ်ပတ်အတွင်း ဖြေရှင်း မပြုနိုင်လျှင် ဖြစ်စေ၊ နှစ်ဘက်လုံးက ဆက်လက် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိတော့လျှင်မူ ခုံအဖွဲ့ဖြင့် ပြန်လည် စစ်ဆေး ဆုံးဖြတ်သည်။ ခုံအဖွဲ့ဖြင့် စစ်ဆေးမည်ဆိုပါက စွပ်စွဲခံရသည့် စာနယ်ဇင်းဘက်မှ ဖြေရှင်းချက်ကို သုံးပတ်အတွင်း ပြန်လည် တင်ပြရမည် ဖြစ်သည်။ နယ်သာလန် စာနယ်ဇင်း ကောင်စီအနေဖြင့် တိုင်ကြားမှုများ မရှိသည့် တိုင်အောင် ဖြစ်ပေါ်နေသည့် အခြေအနေ တစ်ရပ်ရပ်နှင့်ပတ်သက်ပြီး စာနယ်ဇင်းသမားများ အနေဖြင့် ဆောင်ရွက်သင့်သည့် အချက်များ ရှိသည်ဟု ထင်မြင်ပါက ကောင်စီစုံညီ အစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ချက်များကို ထုတ်ပြန် ကြေညာခြင်း၊ တာဝန်ရှိသည့် အဖွဲ့အစည်းများကို တိုက်တွန်းခြင်းတို့ကို လုပ်ဆောင်နိုင်သည်ကိုလည်း တွေ့ရသည်။ နယ်သာလန် စာနယ်ဇင်း ကောင်စီ အနေဖြင့် ၂၀၀၇ နှစ်တွင် တိုင်ကြားချက် ၉၃ ချက် လက်ခံရရှိခဲ့ရာ ၄၀ ချက်တွင် စာနယ်ဇင်းများဘက်မှာ ကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်မှုများ ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဆွီဒင် စာနယ်ဇင်း ကောင်စီ၏ စည်းမျဉ်းအရမူ ထူးခြားသော အခြေအနေများမှ လွဲ၍ တိုင်ကြားချက်များကို ဖြစ်ပွားပြီး သုံးလအတွင်း တိုင်ကြားခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ သို့သော် တိုင်ကြားသူ အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရလည်း အရေးယူရန် ဆောင်ရွက်နေပါက ကောင်စီအနေဖြင့် တိုင်ကြားချက်ကို လက်မခံဘဲ ပယ်ချနိုင်ခွင့်ရှိသည်။ ထိုတိုင်ကြားချက်များကို ကောင်စီက လက်ခံစဉ်းစားခြင်း မပြုမီ ပထမအဆင့်နေဖြင့် စာနယ်ဇင်းဆိုင် ရာသမာဓိလူကြီး ( Press Ombudsman) က ပထမအဆင့် ညှိနှိုင်း ဖြေရှင်းပေးရသည်။ သို့သော် တိုင်ကြားချက်များ၏ ၅% ကိုသာ အဆိုပါ နည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ကို တွေ့ရသည်။ စာနယ်ဇင်း ကောင်စီ အနေဖြင့် တိုင်ကြားချက်များကို ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင် ခုနှစ်ဦး စုစုပေါင်း ကိုးဦးပါ ခုံအဖွဲ့ဖြင့် စစ်ဆေးသည်။ ထိုခုံအဖွဲ့တွင် တိုင်ကြားခံရသည့် စာနယ်ဇင်း သို့မဟုတ် စာနယ်ဇင်းသမား ပါဝင်သည့် စာနယ်ဇင်း အဖွဲ့အစည်းကို ကိုယ်စားပြုသည့် ကောင်စီအဖွဲ့ဝင်များ ပါဝင်ခြင်း မပြုရန် ကန့်သတ်ထားသည်။ ဆွီဒင် စာနယ်ဇင်း ကောင်စီ ဥပဒေအရ ထူးခြားချက်မှာ စာနယ်ဇင်း ကောင်စီအနေဖြင့် နစ်နာသူကို လျော်ကြေးပေးရန် အမိန့် ချမှတ်နိုင်သကဲ့သို့ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်သည့် စာနယ်ဇင်းကိုလည်း ဖြန့်ချိသည့် စောင်ရေအပေါ် မူတည်ပြီး ဒဏ်ငွေ ( Administrative Fine ) ချမှတ်နိုင်သည့် အာဏာရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဒဏ်ကြေး ပေးဆောင်ရာတွင် စောင်ရေ တစ်သောင်းနှင့် အောက် ထုတ်ဝေသော စာနယ်ဇင်း ဖြစ်ပါက ယူရို ၁၀၆၈၊ တစ်သောင်း အထက် ဖြန့်ချိပါက ယူရို ၂၆၇၀ ပေးဆောင်ရန် သတ်မှတ်ထားသည်။ ထို့ပြင် တာဝန်ရှိသည့် ပုံနှိပ်မီဒီယာ ဖြစ်စေ၊ အွန်လိုင်းမီဒီယာ ဖြစ်စေ ကျင့်ဝတ် ချိုးဖောက်မှုနှင့် ပတ်သက်သည့် ကောင်စီ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးရန် သတ်မှတ်ထားသည်။ ဆွီဒင် စာနယ်ဇင်း ကောင်စီသည် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားချက် ၃၁၃ ခုကို လက်ခံရရှိခဲ့ပြီး ၄၇ ခုတွင် စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။
ဒိန်းမတ်နိုင်ငံတွင်မူ  ဖြစ်စဉ် ဖြစ်ပွားပြီး လေးပတ်အတွင်း နစ်နာသူ အနေဖြင့် သက်ဆိုင်ရာ မီဒီယာ သို့မဟုတ် စာနယ်ဇင်း ကောင်စီကို တိုင်ကြားနိုင်သည်။ သက်ဆိုင်ရာ မီဒီယာသို့ ကန့်ကွက်သည့် ကိစ္စတွင် မီဒီယာ၏ ဖြေရှင်းချက်ကို မကျေနပ်ပါက နောက်လေးပတ် အတွင်း စာနယ်ဇင်း ကောင်စီသို့ ထပ်ဆင့် တိုင်ကြားနိုင်သည်။ အချက်အလက် မှားယွင်းမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စာနယ်ဇင်းက ဖော်ပြပေးရန် ငြင်းဆန်ခဲ့လျှင် ငြင်းဆန်သည့်နေ့မှစ၍ လေးပတ်အတွင်း ကောင်စီသို့  တိုင်ကြား နိုင်ကြောင်းလည်း သတ်မှတ် ပေးထားသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားထားသည့်တိုင် ကာယကံရှင် အနေဖြင့် ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်ခွင့်ကိုလည်း ခွင့်ပြု ပေးထားသည်ကို တွေ့ရသည်။ တိုင်ကြားချက်များ နှင့်ပတ်သက်ပြီး ကျင့်ဝတ် ဖောက်ဖျက်ကြောင်း တွေ့ရှိလျှင် စာနယ်ဇင်း ကောင်စီက ညွှန်ကြားသည့် အတိုင်း သက်ဆိုင်ရာ စာနယ်ဇင်းက ဆုံးဖြတ်ချက် သို့မဟုတ် ပြင်ဆင်ချက် သို့မဟုတ် တောင်းပန်လွှာကို ထည့်သွင်း ဖော်ပြရသည်။ ထိုကဲ့သို့ ဖော်ပြရန် ငြင်းဆိုလျှင် ဒိန်းမတ် ဥပဒေအရ အများဆုံး ထောင်ဒဏ် လေးလ သို့မဟုတ် ဒဏ်ငွေ ယူရို ၆၇၀ ပေးဆောင်ရန် သတ်မှတ်ထားသည်။ ဒိန်းမတ် စာနယ်ဇင်း ကောင်စီသည် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားချက်ပေါင်း ၁၇၇ ခုကို လက်ခံရရှိခဲ့ ပြီး ၎င်းအနက် ၅၃ ခုတွင် ကျင့်ဝတ် ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရသည်။
အင်ဒိုနီးရှား စာနယ်ဇင်း ကောင်စီကမူ တိုင်ကြားချက်၊ ကန့်ကွက်ချက်များကို ထူးခြားသည့် အခြေအနေမျိုးမှ လွဲလျှင် နှစ်လအတွင်း တိုင်ကြားရန် သတ်မှတ်ထားသည်။ တိုင်ကြားချက်နှင့် ပတ်သက်ပြီး ကျင့်ဝတ် ချိုးဖောက်ကြောင်း တွေ့ရှိပါက တာဝန် ရှိသည့် စာနယ်ဇင်း အနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက် အပြည့်အစုံကို ဖော်ပြပေးရန် တာဝန် ရှိသည်။ တိုင်ကြားသူ အနေဖြင့် ဥပဒေကြောင်းအရ ဆက်လက် အရေးယူ ဆောင်ရွက်မှု မပြုဟု ၀န်ခံ ကတိပြုမှာသာ စာနယ်ဇင်း ကောင်စီက ကြားဝင်ဖြေရှင်း ပေးမည်ဖြစ်ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်သေအဖြစ် အသုံးပြုပြီး တရားစွဲဆိုမှု မပြုရန်လည်း သတ်မှတ်ထားသည်။
အိန္ဒိယ စာနယ်ဇင်း ကောင်စီ၏ စည်းကမ်းချက်များ အရ သက်ဆိုင်ရာ ကာယကံရှင် သာမက ကျန်စာဖတ် ပရိသတ်များကလည်း စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီဟု ယူဆသည့် လုပ်ဆောင်ချက် မှန်သမျှကို ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်း ပြုနိုင်သည်။ ကာလ စည်းကမ်း သတ်မှတ်ချက်တွင်မူ နေ့စဉ်နှင့် အပတ်စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များနှင့် သတင်း အေဂျင်စီများနှင့် ပတ်သက်လျှင် ဖြစ်ပွားပြီး နှစ်လအတွင်း၊ အခြားကိစ္စရပ်များတွင် လေးလအတွင် ကန့်ကွက် တိုင်ကြားရန် သတ်မှတ်ထားသည်။ နစ်နာသူအနေဖြင့် ဥပဒေအရ ဆက်လက် အရေးယူရန် ရည်ရွယ်ပါက ကောင်စီက တိုင်ကြားချက်များ အပေါ် လက်ခံ စဉ်းစားခြင်း မပြုရန် သတ်မှတ်ထားသည်။ ထို့ပြင် တိုင်ကြားချက်များနှင့် ပတ်သက်သည့် စာနယ်ဇင်း ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် အာဏာများကို လွှတ်တော် ဥပဒေ ဖြစ်သည့် Press Council Act, 1978 တွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
စာနယ်ဇင်း ကောင်စီအနေဖြင့် တိုင်ကြားမှု၊ ကန့်ကွက်မှုများ အပေါ်တွင် ကိုင်တွယ် ဖြေရှင်းသည့် လုပ်ထုံး လုပ်နည်းများသည် နိုင်ငံအလိုက် အမျိုးမျိုး ကွဲပြား ခြားနားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ သို့သော် လုပ်ထုံး လုပ်နည်းများ ကွဲပြား ခြားနားစေကာမူ စာနယ်ဇင်းများ အနေဖြင့် ကျင့်ဝတ်များကို တိတိကျကျ လိုက်နာ စောင့်ထိန်း ခြင်းအားဖြင့် ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို ရရှိစေရန် ဆိုသည့် ရည်ရွယ်ချက်မှာ အတူတူပင် ဖြစ်သည်ဟု ဆိုရပါမည်။ ထိုကဲ့သို့ ပြည်သူလူထုက ယုံကြည် ကိုးစားသည့် စာနယ်ဇင်းများ၏ အသံကိုသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားရေး မဏ္ဍိုင်များက အလေးထားမည် ဖြစ်သည်။  ထို့ကြောင့် စာနယ်ဇင်း ကောင်စီကို ဖွဲ့စည်း ပြီးသည်နှင့် အငြင်းပွားမှုများကို ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှုနှင့် တရားမျှတမှုများဖြင့် ဖြေရှင်း ဆောင်ရွက်ပေးမည့် လုပ်ထုံး လုပ်နည်းများ၊ စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာအောင် ကျောထောက် နောက်ခံပေးမည့် နည်းလမ်းများကို ချမှတ်နိုင်ရေး အတွက် အလေးအနက်ထား ဆောင်ရွက် ရမည် ဖြစ်ပါသည်။
နိဂုံး
ဒီမိုကရေစီစနစ်တွင် စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းတို့၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီးပါသည်။ စတုတ္ထမဏ္ဍိုင် ပီပီသသ ရပ်တည်နိုင်ဖို့ဆိုလျှင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင်ဖို့ လိုသည်။ သို့သော် လွတ်လပ်ခွင့် ဟူသမျှသည် အကြွင်းမဲ့ မဟုတ်၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ယှဉ်တွဲ ကျင့်သုံးရသည် ဖြစ်ရာ လွတ်လပ်သည့် စာနယ်ဇင်း ကောင်စီကသာ စာနယ်ဇင်း သမားတို့၏ တာဝန်ခံမှု၊ ယုံကြည် စိတ်ချရမှုတို့ မြင့်မားအောင် စွမ်းဆောင် နိုင်ပေလိမ့်မည်။ ဒါပေမယ့် စာနယ်ဇင်း ကောင်စီ တစ်ခုကို လွယ်လွယ် ကူကူ ဖွဲ့စည်းလို့ ရသည်တော့ မဟုတ်ပေ။ ပြည်သူရော စာနယ်ဇင်း သမားများကပါ ယုံကြည်စိတ်ချ အားကိုးသည့် စာနယ်ဇင်း ကောင်စီတစ်ခု ဖြစ်ဖို့ဆိုလျှင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ကျော်လွှားရမည့် စိန်ခေါ်မှုများ အများအပြား ရှိပေသည်။ ဒါတွေကို သိထားဖို့၊ ကျော်လွှားဖို့ ဆိုတာကတော့ စာနယ်ဇင်း သမားများရဲ့ တာဝန်ပဲ ဖြစ်သည်။
စာနယ်ဇင်း ကောင်စီတစ်ခု၏ သဘော သဘာဝနှင့် လုပ်ငန်း တာဝန်များနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခဲ့သမျှသည် လက်လှမ်းမီသမျှ လေ့လာထားမှုများကို အခြေခံထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ သို့သော် စာနယ်ဇင်း ကောင်စီ တစ်ခု၏ ခက်ခဲ ရှုပ်ထွေးလှသော လုပ်ငန်းစဉ်များကို ရိပ်စားမိအောင်တော့ အထောက်အကူ ပြုမည်ဟု ရိုးသားစွာ မျှော်လင့်မိပါသည်။
ရဲထွဋ်
Read more