Tuesday, March 25, 2014

အာရှသားတို့အတွက်ဒီမိုကရေစီ

အာရှသား များက ဒီမိုကရေစီ စနစ် အပေါ် ဘယ်လို ရှုမြင် သည်ကို လေ့လာ လိုလျှင် အရှေ့ အာရှ ဒေသသည် အသင့်တော်ဆုံး ဖြစ်သည်။ ထိုဒေသတွင် အာရှ၏ သက်တမ်း အရှည်ဆုံး ဒီမို ကရေစီ နိုင်ငံ ဖြစ်သည့် ဂျပန်ရှိသည်။ ၁၉၈၀ ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ဘက်သို့ ကူးပြောင်း လာသော ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) လို နိုင်ငံတွေ ရှိသည်။ စစ်အေး တိုက်ပွဲ ပြီးဆုံး ပြီးနောက် နိုင်ငံရေး စနစ် ပြောင်းခဲ့သည့် မွန်ဂို လီးယားလို့ နိုင်ငံ ရှိသည်။ အလားတူပင် တစ်ပါတီ စနစ် ကျင့်သုံး နေသည့် တရုတ် နိုင်ငံ ရှိသကဲ့သို့ တစ်နိုင်ငံ စနစ် နှစ်မျိုးမူနှင့် ကျင့်သုံး နေသည့် ဟောင်ကောင်လို ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ နယ်မြေ ရှိသည်။
ထို့ကြောင့်လည်း East Asia Barometer အဖွဲ့က အရှေ့အာရှရှိ ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်၊ မွန်ဂို လီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) နိုင်ငံ များမှာ အာရှသား တို့က ဒီမိုကရေစီ အပေါ် မည်ကဲ့သို့ ရှုမြင် သည်ကို စစ်တမ်း ကောက်ယူ မှုများ လုပ်ခဲ့သည်။
ဒီမိုကရေစီလိုချင်သလား
စစ်တမ်း ကောက်ယူ များက မေးခွန်း ငါးခု မေးသည်။ ပထမဆုံး မေးခွန်းက ဘယ်လို နိုင်ငံရေး စနစ်ကို လိုချင်လဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ ထိုအခါ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၇%၊ ဟောင်ကောင်တွင် ၈၇.၆%၊ ဂျပန်တွင် ၈၇.၁%၊ မွန်ဂို လီယားတွင် ၉၁.၆%၊ ဖိလစ်ပိုင် တွင် ၈၈.၁%၊ တောင်ကို ရီးယားတွင် ၉၅.၄%၊ တရုတ် (တိုင်ပေ) တွင် ၇၂.၂ % က ဒီမိုကရေစီ စနစ်ကို လိုလား သည်ဟု ဖြေခဲ့သည်။ သို့သော် မိမိ နိုင်ငံတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီ စနစ် ကျင့်သုံးရန် အခြေအနေ ရှိပြီလား ဆိုသည့် မေးခွန်း ကိုမူ  တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၇၂.၃% ဟောင်ကောင်တွင် ၆၆.၈%၊ ဂျပန်တွင် ၇၆.၃%၊ မွန်ဂို လီယားတွင် ၈၆.၃%၊ ဖိလစ်ပိုင်တွင် ၈၀.၂%၊ တောင်ကို ရီးယားတွင် ၈၄.၂%၊ တရုတ် (တိုင်ပေ) တွင် ၅၉ % ကသာ ကျင့်သုံး နိုင်သည့် အခြေအနေ ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့ ဒီမိုကရေစီ စနစ်ကို လိုချင် သူနှင့် မိမိ နိုင်ငံတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် အခြေအနေ ရှိပြီဟု ယူဆသူများ အကြား ကွာဟချက် ကြီးမား နေရခြင်းမှာ မိမိ နိုင်ငံရှိ နိုင်ငံရေး ပါတီများ၏ စွမ်းဆောင် နိုင်မှု ကျဆင်း နေခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို ဂျပန်၊ တရုတ် (တိုင်ပေ) နှင့် ဖိလစ်ပိုင် နိုင်ငံ များတွင် ထင်ထင် ရှားရှား တွေ့နိုင်သည်။ တရုတ်နှင့် ဟောင်ကောင် တို့တွင်မူ တရုတ် ကွန်မြူနစ် ပါတီ၏ စွမ်းဆောင်မှု မြင့်မား ခြင်းနှင့်  အမိန့် နာခံမှုနှင့် သဟဇာတ ဖြစ်မှု ကို အလေးထားသည့် တရုတ် ယဉ်ကျေးမှု၏ သြဇာ လွှမ်းမိုး မှုကြောင့် ဖြစ်သည်။ ထို့ပြင် အာရှသား တို့က ပြီးပြည့်စုံသော ဒီမိုကရေစီ စနစ်ကို နေ့ချင်း ညချင်း မရောက်နိုင်၊ တရွေ့ရွေ့ ပြောင်းလဲသည့် ဖြစ်စဉ် အရသာ သွားရမည် ဆိုသည့် အယူအဆ ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို တတိယ မေးခွန်း တွင်လည်း တွေ့ရ ပြန်သည်။
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်မှု
တတိယ မေးခွန်းက မိမိ နိုင်ငံ၏ ပြဿနာ များကို ဒီမိုကရေစီ စနစ် ဖြင့်သာ ထိရောက်စွာ ဖြေရှင်းနိုင် မည်ဟု ယူဆ သလား ဆိုသည့် မေးခွန်း ဖြစ်သည်။ အရှေ့အာရှ သားတို့က အံသြဖွယ် ကောင်းလောက်အောင်  ဒီမိုကရေစီ စနစ်၏ စွမ်းဆောင် နိုင်မှု အပေါ် သံသယ ရှိနေ သည်ကို တွေ့ရသည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၀.၅%၊ ဟောင်ကောင်တွင် ၃၉%၊ ဂျပန်တွင် ၆၁.၄%၊ မွန်ဂို လီယား တွင် ၇၈.၄%၊ ဖိလစ်ပိုင် တွင် ၆၀.၇%၊ တောင်ကို ရီးယားတွင် ၇၁.၇%၊ တရုတ် (တိုင်ပေ) တွင် ၄၆.၈ % ကသာ ဒီမိုကရေစီ စနစ် က လူ့အဖွဲ့ အစည်း၏ ပြဿနာ များကို ထိထိ ရောက်ရောက် ကိုင်တွယ် နိုင်မည်ဟု ယုံကြည် ကြသည်။ ထိုအချက်က အရှေ့ အာရှသား တို့က ဒီမိုကရေစီ စံများကို လက်ခံသည့် တိုင်အောင် အရာရာ အားလုံးကို အနောက် ပုံစံ ဒီမို ကရေစီ စနစ်ဖြင့် ချဉ်းကပ် ဖြေရှင်း၍ မရနိုင်၊ သူ့အရပ် ၊ သူ့ဇာတ် ဆိုသကဲ့သို့ မိမိနိုင်ငံ အခြေအနေနှင့်၊ မိမိတို့ လူ့အဖွဲ့အစည်း အနေအထားနှင့် ကိုက်ညီသော နည်းလမ်း များဖြင့် ကျင့်သုံး ရမည်ဟု ယုံကြည် နေကြောင်း ပြသလိုက် ခြင်းလည်း ဖြစ်၏။
စတုတ္ထ မေးခွန်းက အပိုင်း သုံးပိုင်း ပါဝင်သည်။ ဖြေကြား သူများ အနေဖြင့် (၁) ဒီမိုကရေစီက အခြား အစိုးရ ပုံစံတွေ အားလုံးထက် ကောင်းတယ်။ (၂) တစ်ချို့ အခြေအနေ တွေမှာ ဗဟိုက တင်းတင်း ကျပ်ကျပ် ကိုင်တွယ် အုပ်ချုပ်တဲ့ စနစ်က ဒီမိုကရေစီ စနစ်ထက် အလုပ် ဖြစ်တယ်။ (၃) ကျုပ်အတွက်က တော့ ဒီမိုကရေစီ အစိုးရ ဖြစ်ဖြစ်၊ ဒီမိုကရေစီ မကျတဲ့ အစိုးရ ဖြစ်ဖြစ် ဘာမှ မထူးဘူး ဆိုသည့် အချက် သုံးချက် ထဲက တစ်ချက်ကို ရွေးရသည်။ ထိုမေးခွန်း များအနက် တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၅၃.၈%၊ ဟောင်ကောင်တွင် ၄၀.၃%၊ ဂျပန်တွင် ၆၇.၂%၊ မွန်ဂို လီယားတွင် ၅၇.၁%၊ ဖိလစ်ပိုင် တွင် ၅၃.၆%၊ တောင်ကို ရီးယားတွင် ၄၉.၄%၊ တရုတ်(တိုင်ပေ) တွင် ၄၀.၄ % ကသာ ဒီမို ကရေစီက တစ်ခြား အစိုးရ ပုံစံတွေထက် ကောင်းသည်ဟု ယူဆသည်။ ဤနေရာတွင် ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) တို့လို အနောက် ပုံစံ ဒီမိုကရေစီကို အပြည့်အ၀ နီးပါး ကျင့်သုံး နေသည့် နိုင်ငံများတွင် လူထုက လက်ရှိ နိုင်ငံရေး ပါတီ များ၏ စွမ်းဆောင်မှု အပေါ် သံသယ ရှိမှုမှာ သတိ ပြုစရာ ကောင်းသည့် အချက် ဖြစ်သည်။ ထို့အတူ ဒီမိုကရေစီ စနစ်ကို လက်တွေ့ မကြုံရ သေးသည့် တရုတ် နိုင်ငံသား များနှင့် မြည်းစမ်းခွင့် ရနေသည့် ဟောင်ကောင် ကျွန်းသားများ အကြား အမြင် ကွာခြားမှု ကလည်း သတိ ပြုသင့်သည့် အချက် ဖြစ်နေ ပြန်သည်။
နောက်ဆုံး မေးခွန်းက ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှစ်ခု၊ ဘယ်ဟာကို ဦးစားပေး ရွေးမလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၄၀.၃% ဟောင်ကောင် တွင် ၁၉.၆%၊ ဂျပန်တွင် ၄၄%၊ မွန်ဂို လီယားတွင် ၄၈.၆%၊ ဖိလစ်ပိုင် တွင် ၂၁.၈%၊ တောင်ကို ရီးယား တွင် ၃၀.၁ %၊ တရုတ်(တိုင်ပေ) တွင် ၂၃.၅ % ကသာ ဒီမိုကရေစီက စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုထက် ပိုပြီး အရေးကြီး သည်ဟု ဖြေသည်။ ထိုအချက်က ယခုလို စီးပွားရေး အကျပ် အတည်းနှင့် တွေ့ကြုံ နေရသည့် အချိန်တွင် သတိထား စရာ အချက် ဖြစ်နေသည်။ တနည်းအားဖြင့် အာရှသား တို့က ဒီမို ကရေစီကို လိုချင် သော်လည်း အလုပ် ဖြစ်သည့် ဒီမိုကရေစီ စနစ်ကိုသာ လိုချင် သည်ကို ပြောလိုက်ခြင်းလည်း ဖြစ်သည်။
ဒီမိုကရေစီ ဘာတွေမှား
ပြီးခဲ့သည့် နှစ်များ အတွင်း အရှေ့ အာရှက ဒီမိုကရေစီ နိုင်ငံ တွေမှာ ပြဿနာ များစွာ ပေါ်ခဲ့သည်။ ဂျပန် နို်င်ငံတွင် စီးပွားရေး ကျဆင်း မှုနှင့် နှစ်ပေါင်း များစွာ ရင်ဆိုင် နေရခဲ့ရပြီး ၀န်ကြီးချုပ် ကိုအီဇူမီ နောက်ပိုင်းတွင် ဂျပန် နိုင်ငံရေး လောကမှာ ၀န်ကြီးချုပ်များ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် လုပ်နေ သည်မှာ အကြိမ်ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။ တရုတ် (တိုင်ပေ) နိုင်ငံရေး လောက ကလည်း အဂတိ လိုက်စားမှုတွေ၊ အကျင့် ပျက်မှုတွေနဲ့ တင်းကြမ်း ဖြစ်နေကာ သမ္မတဟောာင်း ချန်ရွှေဗျန်း ပင်လျှင် အဂတိ လိုက်စားမှုဖြင့် စုံစမ်း စစ်ဆေးမှု ခံနေ ရသည်။ ဖိလစ်ပိုင် မှာက သမ္မတ ဟောင်းကို အခြေခံ ဥပဒေ ပြင်ပ လူထု တိုက်ပွဲဖြင့် ဖြုတ်ချ ခဲ့ပြီး လက်ရှိ သမ္မတ အာရိုရို မှာလည်း အတိုက် အခံများက အဂတိ လိုက်စားမှုဖြင့် အရေးယူရန် ကြိုးစားမှု ခံနေရသည်မှာ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်သလို စစ်တပ်က အာဏာ သိမ်းရန် ကြိုးပမ်းမှု နှင့်လည်း ရင်ဆိုင် ခဲ့ရသည်။ ထိုအခြေအနေ များက စစ်တမ်း ကောက်ယူ ခံရသူ များ၏ ဒီမိုကရေစီ စနစ် အပေါ် အမြင်ကို ပြောင်းလဲ စေခဲ့ခြင်း ဖြစ်သည်။
ထိုနိုင်ငံ များတွင် အစိုးရများ အနေဖြင့် ဒီမိုကရေစီ ဆိုင်ရာ စွမ်းဆောင်မှု ( Democratic Performance)  များဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံး လှုပ်ရှားခွင့် စသည်တို့ကို အကောင်အထည် ဖော်ပေးမှု များတွင် အောင်မြင် မှုများ ရှိသည့်တိုင် မူဝါဒ ဆိုင်ရာ စွမ်းဆောင်မှု  ( Policy Performance ) များဖြစ်သည့် အဂတိ လိုက်စားမှု များကို ထိန်းချုပ် နိုင်ခြင်း၊ တရား ဥပဒေ စိုးမှုမှုနှင့် ငြိမ်ဝပ် ပိပြားမှု ရရှိအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ခြင်းနှင့် ဆင်းရဲ ချမ်းသာ ကွဲပြား မှုကို လျော့နည်း စေခြင်း စသည့် လုပ်ဆောင်ချက် များတွင် အားနည်း ချက်များ ရှိနေ သည်ကို တွေ့ရသည်။ ထိုအချက် များက ပြည်သူ များ၏ ဒီမိုကရေစီ စနစ် အပေါ် ယုံကြည် အားကိုးမှုကို လျော့ကျ စေသည်။ ဂျပန် နိုင်ငံတွင် ဆိုပါက စစ်တမ်း ကောက်ခံ ရသူများ၏ ၁၉% ကသာ မေးခွန်း ငါးခု လုံးတွင် ဒီမို ကရေစီကို ထောက်ခံ သွားခဲ့ သည်ကို တွေ့ရသည်။
သို့သော် ထို သဘောထား များက ဒီမိုကရေစီ စနစ်ကို ပစ်ပယ်ခြင်း မဟုတ်။ သူတို့ နိုင်ငံ များတွင် လက်ရှိ တွေ့ကြုံ နေရသည့် ဒီမိုကရေစီ ပုံစံ များကို စိတ်ပျက် နေခြင်းသာ ဖြစ်သည်ဟု စစ်တမ်း ကောက်ယူ သူတို့က ဆိုသည်။ ဘာပဲဖြစ်ဖြစ် အရှေ့အာရှ နိုင်ငံ ခုနှစ် နိုင်ငံက ပြည်သူ များ၏ သဘောထား ကတော့  ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ ဒီမို ကရေစီနှင့် တည်ငြိမ်မှု တွဲဖက် နိုင်မှသာ ပြည်သူတွေ၏ ယုံကြည်မှုကို ရနိုင်မည် ဆိုသည့် အချက်ကို သက်သေပြ လိုက်သည်ဟု ဆိုနိုင်သည်။ ထိုသို့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ်မှု တွဲဖက် နိုင်ရန်မှာမူ မိမိနိုင်ငံနှင့် ကိုက်ညီသည့် အဖြေကို ရှာရပေမည်။ ထိုအချက် သည်ပင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်း များတွင် သတိထား ရမည့် အချက် ဖြစ်ပေသည်။
ရဲထွဋ်
Bi Weekly : 27-3-2009
မှီငြမ်းပြုစာစောင်

Asia Challenged Democracy , The Washington Quarterly 1. 1. 2009
Read more

အမေရိကန်သမ္မတရွေးကောက်ပွဲအကြောင်းတစေ့တစောင်း

နိုင်ငံ တကာတွင် ကျင်းပ နေသည့် ရွေးကောက် ပွဲများ အနက် အမေရိကန် သမ္မတ ရွေးကောက် ပွဲသည် ကမ္ဘာ့ ပြည်သူ များ၏ စိတ်ဝင် စားမှု အခံရဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော် အမေရိကန် နိုင်ငံ၏ သမ္မတ ရွေးချယ်မှု စနစ်တွင် အခြား နိုင်ငံ များနှင့် မတူပဲ ထူးခြား ချက်များ ရှိနေ သည်ကို သတိ ပြုမိသူ နည်းမည် ထင်ပါသည်။
သမ္မတရွေးချယ်ရေးအဖွဲ့
တကယ်တော့ အမေရိကန် သမ္မတကို မဲဆန္ဒရှင် များက တိုက်ရိုက် ရွေးချယ် တင်မြှောက်ခြင်း မဟုတ်ပေ။ သမ္မတ ရွေးချယ်ရေး အဖွဲ့  Electoral College  ကသာ မဲပေး ရွေးချယ်ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်း မှာလည်း အမေရိကန် အခြေခံ ဥပဒေ ရေးဆွဲ စဉ်က ပေါ်ပေါက် ခဲ့သည့် သဘောထား ကွဲလွဲ မှုများကြောင့် ဖြစ်သည်။ ထိုအချိန်က အခြေခံ ဥပဒေ ရေးဆွဲရန် စည်းဝေး ခဲ့ကြသည့် ပြည်နယ် ကိုယ်စားလှယ်များ အကြားတွင် သမ္မတကို ပြည်သူ လူထုမှ တိုက်ရိုက် ရွေးချယ် လိုသူများနှင့် လွှတ်တော်မှ ရွေးချယ် လိုသူများဟု အယူအဆ နှစ်မျိုး ပေါ်ပေါက် ခဲ့သည်။ ထိုအုပ်စု နှစ်ခု အကြား အပေးအယူ လုပ်သည့် အနေဖြင့် သမ္မတ ရွေးချယ်ရေး အဖွဲ့ မှ ရွေးချယ် ပေးသည့် စနစ်ကို ဖော်ထုတ် ခဲ့ခြင်း ဖြစ်သည်။
ထိုစနစ်၏ အခြေခံ သဘော တရားမှာ မဲဆန္ဒရှင်များ အနေဖြင့် သမ္မတ လောင်းများ၏ အရည်အချင်း ကို ဆုံးဖြတ် နိုင်သည့် နိုင်ငံရေး အသိအမြင် နည်းပါး သေးသဖြင့် ပြည်နယ် အလိုက် သမာဓိ လူကြီးများ  (Wise Men) ကိုရွေးချယ် ပေးပြီး ထိုသမာဓိ လူကြီးများက သင့်တော်သည့် သမ္မတ လောင်းကို ရွေးချယ် ပေးရန် ဖြစ်သည်။ အမေရိကန် အခြေခံ ဥပဒေက သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင် လူကြီးများကို ရွေးချယ်သည့် စနစ်ကိုမူ ပြည်နယ် ဥပဒေပြု လွှတ်တော် များက မိမိတို့ ပြည်နယ် အလိုက် သင့်တော်သည့် နည်းလမ်းဖြင့် ရွေးချယ်ခွင့် ပြုထား ခဲ့သည်။
အခြေခံ ဥပဒေ အရ ထိုကဲ့သို့ ရွေးချယ် ခံရသော သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ နှစ်သက်ရာ သမ္မတ လောင်းနှင့် ဒုတိယ သမ္မတ လောင်းကို ရွေးချယ်ခွင့် ရှိသော်လည်း နောက်ပိုင်းတွင် မူလ ကတိပြု ထားသည့် သမ္မတ လောင်းကိုသာ မဲပေး ရသည့် စနစ်ကို ပြည်နယ် များက ကျင့်သုံး လာခဲ့သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒရှင် များက မဲပေး သည်မှာ သမ္မတလောင်း များကို မဲပေးခြင်း   မဟုတ်ဘဲ ထိုသမ္မတ လောင်းကို ထောက်ခံ မည်ဟု ကတိပြု ထားသည့် သမ္မတ ရွေးချယ်ရေး အဖွဲ့ ကိုယ်စားလှယ် အမည် စာရင်းကို မဲပေး ခြင်းသာ ဖြစ်ပေသည်။ ပြည်နယ် တစ်ခုတွင် သမ္မတလောင်း တစ်ဦးက အနိုင် ရသည် ဆိုသည်မှာ ထိုပြည်နယ်တွင် ၎င်းကို ထောက်ခံ မည်ဟု အဆိုပြု ထားသည့် ကိုယ်စားလှယ် အုပ်စုက အနိုင် ရခြင်းပင် ဖြစ်သည်။
ပြည်နယ် အလိုက် သမ္မတ ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခွင့် ရှိသည့် ကိုယ်စားလှယ် အရေ အတွက် ကိုမူ ထိုပြည်နယ်တွင် ရှိသည့် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် အမတ် အရေအတွက်နှင့် အညီ သတ်မှတ် ထားသည်။ ထို့ပြင် ဝါရှင်တန် မြို့တော် တည်ရှိရာ ကိုလံဘီယာ ခရိုင် အတွက် သုံးမဲ သတ်မှတ်ထား သဖြင့် ယနေ့ အချိန် ကာလတွင် သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင် အရေ အတွက်မှာ ၅၃၈ ဦးဖြစ်ပြီး ကိုယ်စားလှယ် မဲ ၂၇ဝ ရရှိသူက သမ္မတနှင့် ဒုတိယ သမ္မတ အဖြစ် အရွေးချယ် ခံရမည် ဖြစ်သည်။ အကယ်၍ မည်သူကမျှ ထက်ဝက် ကျော်မဲကို မရခဲ့လျှင် အောက်လွှတ်တော် အမတ်များက သမ္မတကို လည်းကောင်း၊ အထက် လွှတ်တော် အမတ်များက ဒုတိယ သမ္မတကို လည်းကောင်း မဲပေး ရွေးချယ် ရမည် ဖြစ်သည်။ ထိုသို့ ရွေးချယ် ရာတွင်မူ ပြည်နယ် တစ်ခုလျှင် တစ်မဲသာ ပေးခွင့် ရမည် ဖြစ်သည်။ ၁၈ဝဝ ပြည့်နှစ်၊ ၁၈၂၄ ခုနှစ်နှင့် ၁၈၇၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ များတွင် ကွန်ဂရက်က ထိုကဲ့သို့ ဝင်ရောက် ဆုံးဖြတ် ပေးခဲ့ရ သည်ကို တွေ့ရ သည်။ ထို့ပြင် မူလက အခြေခံ ဥပဒေတွင် ရွေးချယ်ရေး အဖွဲ့ဝင်များ အနေဖြင့် သမ္မတ လောင်း၊ ဒုတိယ သမ္မတ လောင်း တို့ကို ခွဲခြား မဲပေးခြင်း မပြုဘဲ မဲအများဆုံး ရသူကို သမ္မတ၊ ဒုတိယ မဲအများဆုံး ရသူကို ဒုသမ္မတ အဖြစ် သတ်မှတ်ရန် ပြဋ္ဌာန်း ထားခဲ့ သော်လည်း ၁၈ဝဝ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အခြေခံ ဥပဒေ ပြင်ဆင်ချက် ၁၂ ဖြင့် ခွဲခြား မဲပေးရန် သတ်မှတ် ခဲ့သည်။
ယခုကဲ့သို့ သမ္မတ ရွေးချယ်ရေး အဖွဲ့ဖြင့် ရွေးချယ်သည့် စနစ် အပေါ် ဝေဖန် သူများက ထိုစနစ်ကို ကျင့်သုံး ခြင်းကြောင့် သမ္မတ ရွေးချယ်ရေး အဖွဲ့ ကိုယ်စားလှယ် အရေအတွက် အများအပြား ရရှိ ထားသည့် ကယ်လီ ဖိုးနီးယား (၅၅)၊ တက္ကဆက် (၃၄)၊ နယူယော့ခ် (၃၁)၊ ဖလော်ရီဒါ (၂၇)၊ အီလီနွိုက် ( ၂၁) ပင်ဆယ် ဗေးနီးယား ( ၂၁) စသည့် ပြည်နယ် ကြီးများက အခွင့်အရေး ပိုရ နေသည်။ သမ္မတ လောင်းများ အနေဖြင့် ကိုယ်စားလှယ် မဲသုံးမဲ သာရှိသည့် အလာစကား၊ မွန်တာနာ တို့ကဲ့သို့ ပြည်နယ်ငယ် များရှိ မဲဆန္ဒရှင် များ၏ သဘောထားကို ဂရုမပြုပဲ စူပါ ပြည်နယ်များ အကြိုက်ကိုသာ လိုက်လုပ် နေသည်ဟု ဝေဖန် ခဲ့ကြသည်။ ထို့အပြင် ၂ဝဝဝ ပြည့်နှစ် ရွေးကောက် ပွဲတွင် အယ်လ်ဂိုးက လူထု ထောက်ခံမဲ အများဆုံး ရခဲ့ သော်လည်း ကိုယ်စားလှယ်မဲ အများဆုံး ရခဲ့သည့် ဘုရှ်က အနိုင်ရ သွားသည့် ဖြစ်စဉ်ကိုလည်း ထောက်ပြ ပြီး သမ္မတ ရွေးချယ်ရေး အဖွဲ့ဖြင့် ရွေးချယ်မှုကို ဝေဖန် ခဲ့ကြသည်။
ပါတီတွင်းအကြိုရွေးကောက်ပွဲများ
အမေရိကန် သမ္မတ ရွေးကောက်ပွဲ၏ နောက်ထပ် ထူးခြားချက် တစ်ခုမှာ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ပါတီတွင်း အကြို ရွေးချယ်ပွဲ များကို လပေါင်း များစွာ ကျင်းပခြင်း ဖြစ်သည်။ တကယ်တော့ အမေရိကန် အခြေခံ ဥပဒေတွင် နိုင်ငံရေး ပါတီ ဆိုသည့် စကားလုံး၊ နိုင်ငံရေး ပါတီနှင့် ပတ်သက်သည့် ပြဋ္ဌာန်း ချက်များ မပါရှိခဲ့ပေ။ ၁၈ ရာစု အမေရိကန် အခြေခံ ဥပဒေကို ရေးဆွဲ ခဲ့သည့် ခေါင်းဆောင်များ အနေဖြင့် ပြည်နယ် အလိုက် ပြည်သူ များက မိမိတို့ယုံကြည်သူ များကို ရွေးချယ်၊ ထိုကိုယ်စားလှယ် များက ဥပဒေပြုရေး လုပ်ငန်း များကို ဆောင်ရွက် ကြရန်သာ ရည်ရွယ် ခဲ့သည်။ သို့သော် ဂျော့်ရှ် ဝါရှင်တန် သမ္မတ သက်တမ်း ကုန်ဆုံး ပြီးချိန် နောက်ပိုင်းတွင် ကွန်ဂရက် အတွင်း စိတ်တူ သဘောတူ အမတ်များ စုစည်း လုပ်ကိုင် ရာမှ နိုင်ငံရေး ပါတီများ ပေါ်ပေါက် လာခဲ့ ရသည်။ ပါတီတွင်း အကြို ရွေးကောက်ပွဲ ဆိုသည်မှာလည်း နိုင်ငံရေး ပါတီ များက ပါတီ ကိုယ်စားပြု သမ္မတ လောင်းများကို ရွေးချယ် ရာမှ ပေါ်ပေါက် လာသည့် စနစ်ပင် ဖြစ်သည်။
အစပိုင်းတွင် နိုင်ငံရေး ပါတီများက သမ္မတလောင်း ရွေးချယ်မှုကို ထိုပါတီ၏ လွှတ်တော် အမတ်များ ကသာ ဆောင်ရွက် ခဲ့ကြသည်။ သို့သော် ထိုစနစ်က လွှတ်တော် အမတ် များက သမ္မတ အပေါ် သြဇာ သက်ရောက် စေသည်ဟု ဆိုကာ ၁၈၃ဝ နောက်ပိုင်းတွင် ပါတီ ညီလာခံမှ ရွေးချယ်သည့် စနစ်ကို ကျင့်သုံး ခဲ့ကြသည်။ သို့သော်   ပါတီ ညီလာခံ ကိုယ်စားလှယ် များကို ပြည်နယ်နှင့် ဒေသ အဆင့် ပါတီ ခေါင်းဆောင် များကသာ စိတ်ကြိုက် ရွေးချယ် စေလွှတ်ခဲ့ ကြသည်။ ထို့ကြောင့် သမ္မတ လောင်းများ ကလည်း ပါတီဝင် များထက် ဒေသခံ ပါတီ ခေါင်းဆောင် များ၏ ထောက်ခံမှုကို ရအောင်သာ စည်းရုံး ကြသည်။ လက်သိတ်ထိုး အပေးအယူတွေ လုပ်ခဲ့ ကြသည်။
ထို့ကြောင့် ၁၉ဝ၁ ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည်နယ်က ပါတီတွင်း အကြို ရွေးကောက်ပွဲ များ ဖြင့် ကိုယ်စားလှယ်များ ရွေးချယ်ပြီး ပါတီ ညီလာခံသို့ စေလွှတ်သည့် စနစ်ကို ကျင့်သုံး ခဲ့သည်။ ၁၉၁၇ ခုနှစ် တွင်မူ ပြည်နယ် လေးခုမှ လွဲပြီး ကျန်ပြည်နယ် အားလုံးတွင် ထိုစနစ်ကို ကျင့်သုံး ခဲ့ကြသည်။
ထိုအကြို ရွေးကောက် ပွဲများ ကျင်းပပုံ စနစ်မှာ ပြည်နယ် တစ်ခုနှင့် တစ်ခု ကွာခြား သော်လည်း အခြေခံ သဘောမှာမူ ပါတီ သမ္မတ လောင်းများ အနက် မည်သူ့ကို ထောက်ခံ မည်ကို ရွေးချယ်ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် အချို့ ပြည်နယ် များတွင် အကြို ရွေးကောက်ပွဲ များ၌ ပါတီဝင် များ၏ ထောက်ခံမဲ အများဆုံး ရသူက ညီလာခံ ကိုယ်စားလှယ် မဲအားလုံး ကိုရသည့် (Winner Take All)  စနစ်ကို ကျင့်သုံးသည်။ အချို့ ပြည်နယ် များတွင်မူ ပြည်နယ် အတွင်း ရရှိသည့် ထောက်ခံမဲ ရာခိုင်နှုန်း အပေါ် မူတည်ပြီး ညီလာခံ ကိုယ်စား လှယ်မဲများကို ခွဲဝေေ ပးသည်။
အကြို ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံး ခြင်းကြောင့် ပါတီ တွင်းမှ လူသိ နည်းသည့် သမ္မတ လောင်းများ အနေဖြင့် ပါတီဝင် များနှင့် တိုက်ရိုက် ထိတွေ့ခွင့် ရပြီး အရွေးခံခွင့် ရအောင် ကြိုးစား နိုင်ခွင့် ရှိသော်လည်း ရှစ်လ နီးပါးခန့် အကြို ရွေးကောက်ပွဲ များတွင် မဲဆွယ် စည်းရုံး လှုပ်ရှား ရသဖြင့် ရွေးကောက်ပွဲ အသုံးစရိတ် အများအပြား ကုန်ကျသည်။ နိုင်ငံတော်နှင့် ပြည်နယ် အဆင့် ပါတီ အဖွဲ့ အစည်းများ၏ အခန်း ကဏ္ဍ လျော့ပါး သွားသည်ဟု ဝေဖန် မှုများလည်း ရှိသည်။ သို့သော် မည်သို့ပင် ဖြစ်စေ ပါတီတွင်း အကြို ရွေးကောက်ပွဲများ သည် အမေရိကန် နိုင်ငံရေး စနစ်၏ မရှိမဖြစ် အစိတ်အပိုင်း အဖြစ်သို့ ရောက်နေပြီ ဖြစ်သည်။
ရွေးကောက်ပွဲကုန်ကျစရိတ်
အမေရိကန် သမ္မတ ရွေးကောက်ပွဲ များ၏ နောက်ထပ် ထူးခြားချက် တစ်ခုမှာ ရွေးကောက်ပွဲ အသုံး စရိတ် အလွန် များပြားခြင်း ဖြစ်သည်။ ၂ဝဝ၈ စက်တင်ဘာ လဆန်း အထိ အိုဘားမားက ရန်ပုံငွေ ဒေါ်လာ သန်း ၄၆ဝ ကျော် ကောက်ခံ ရရှိ ထားပြီး မက်ကိန်းက သန်း ၃ဝဝ နီးပါး ရရှိထားပြီ ဖြစ်သည်။ ပါတီတွင်း အကြို ရွေးကောက်ပွဲ များတွင် အရေးနိမ့် သွားခဲ့သည့် သမ္မတ လောင်းများ၏ အသုံး စရိတ် များကိုပါ ထည့်ပေါင်းလျှင်  ယခုနှစ် သမ္မတ ရွေးကောက် ပွဲတွင် ကိုယ်စားလှယ် လောင်းများ၏ အသုံး စရိတ်မှာ ဒေါ်လာသန်း တစ်ထောင် ကျော်မည်ဟု ခန့်မှန်း ထားကြသည်။
ထိုရန်ပုံငွေ များကို တစ်ဦးချင်း အလှုရှင်များ၊ စီးပွားရေး လုပ်ငန်းကြီးများ၊ အထူး အကျိုးစီးပွား ကိုယ်စားပြု အဖွဲ့အစည်း များက ထည့်ဝင် ကြခြင်း ဖြစ်ရာ ထိုအလှုရှင် များ၏ သမ္မတအပေါ် သြဇာ လွှမ်းမိုးမှု အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာ ရသည်။ တကယ်တော့ အမေရိကန် ရွေးကောက်ပွဲ ဥပဒေ အရ ပြည်ထောင်စု အစိုးရမှ ရွေးကောက်ပွဲ ရန်ပုံငွေ ထောက်ပံ့ရန် သတ်မှတ် ထားပြီး ဖြစ်သည်။ သို့သော် ထိုရန်ပုံငွေကို လက်ခံပါက ရွေးကောက်ပွဲ အသုံး စရိတ်ကို ကန့်သတ် ခံရမည့် အပြင် တစ်ဦးချင်း အလှုရှင် များက အများဆုံး ထည့်ဝင် နိုင်သည့် ငွေပမာဏ ကိုလည်း ဒေါ်လာ ၂၅ဝ သာ သတ်မှတ် ထားခြင်းကို လက်ခံ ရမည် ဖြစ်သည်။ ထို့ကြောင့် သမ္မတ လောင်းများ အနေဖြင့် အစိုးရ၏ ထောက်ပံ့မှုကို လက်မခံဘဲ မိမိဘာသာ ရန်ပုံငွေရှာ ရွေးကောက်ပွဲ ဝင်ကြသည်။ ယခု ရွေးကောက်ပွဲ တွင်လည်း အိုဘားမားရော၊ မက်ကိန်း ကပါ မိမိတို့ အစီ အစဉ် ဖြင့် ငွေရှာပြီး ရွေးကောက်ပွဲ ဝင်လျှက် ရှိကြသည်။
ထိုသို့ ရန်ပုံငွေ ရှာရာတွင် ရွေးကောက်ပွဲ ဥပဒေ အရ အလှုရှင် တစ်ဦးချင်းနှင့် အဖွဲ့များက  သမ္မတလောင်း တစ်ဦး ချင်းထံ သို့လှုဒါန်း နိုင်သည့် ငွေပမာဏကို ကန့်သတ် ထားသည်။ ၂ဝဝ၈ ခုနှစ် ရွေးကောက် ပွဲအတွက် သတ်မှတ် ထားသည့် ပမာဏမှ ဒေါ်လာ ၄၆ဝဝ ဖြစ်သည်။ ထိုကဲ့သို့ ကောက်ခံ ရရှိသည့် ငွေများ အသုံးပြုမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စောင့်ကြည့် ကြပ်မတ်သည်။ သို့သော် သမ္မတလောင်း သို့ မဟုတ် ပါတီကို တိုက်ရိုက် ဖော်ပြခြင်း မပြုပဲ ကိစ္စတစ်ခု အတွက် မဲဆွယ် စည်းရုံး မှုများ အတွက်ကိုမူ ကန့်သတ်မှု မရှိဘဲ လှုဒါန်းခွင့် ရှိသည်။
ဥပမာ အားဖြင့် ဂျွန်မက်ကိန်းက အခွန် လျှော့ချ ရေးကို ထောက်ခံ ထားသည်။ ထို့ကြောင့် အခွန် လျှော့ချရေး အတွက် တောင်းဆို နေသည့် အဖွဲ့အစည်း တစ်ခုက မက်ကိန်းကို မဲပေးပါ။ ရီပတ် ဘလီကင် အမတ်များကို မဲပေးပါ ဟု တိုက်ရိုက် မဲဆွယ်ခြင်း မပြုပဲ အခွန် လျှော့ချရေး အတွက် မဲဆွယ် စည်းရုံးခွင့် ရှိသည်။ မက်ကိန်းက အခွန် လျှော့ချ ရေးကို ထောက်ခံသူ ဖြစ်သည်။ အိုဘားမားက ကန့်ကွက်သူ ဖြစ်သည် ဟု ဖော်ပြခွင့် ရှိသည်။ ထို့ပြင် ရွေးကောက်ပွဲ နေ့တွင် မဲပေးသူ များပြားရေး အတွက် စည်းရုံး ရာတွင်လည်း အသုံးပြုခွင့် ရှိသည်။ ထိုသို့ မဲဆွယ် စည်းရုံးခြင်း အတွက် အလှုရှင် များက ငွေကြေး ထည့်ဝင်မှု အပေါ် ဥပဒေ အရ ကန့်သတ်ချက် မရှိပေ။ ထို့ကြောင့် သမ္မတ လောင်းများ အနေဖြင့် ထိုအချက်ကို အခွင့်ကောင်းယူပြီး ထိုနည်းလမ်းဖြင့် ရရှိသည့် ငွေများကို မဲဆွယ် စည်းရုံး ရာတွင် သွယ်ဝိုက် အသုံးပြု နေခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံရေး လောကတွင် တိုက်ရိုက် လှုဒါန်းသည့် ငွေများကို Hard Money ဟုခေါ်ပြီး အထက်ပါ သွယ်ဝိုက် ထည့်ဝင်သည့် ငွေများ ကိုမူ Soft Money ဟု ခေါ်ဝေါ်ကြသည်။ ထို့အပြင် ကုမ္ပဏီများ က ဝန်ထမ်း များ၏ အမည်များဖြင့် Hard Money များကို ထည့်ဝင် သည်များလည်း ရှိသည်။
ထိုကဲ့သို့ သမ္မတ ရွေးကောက်ပွဲ များတွင် လည်းကောင်း၊ လွှတ်တော် ရွေးကောက်ပွဲ များတွင် လည်းကောင်း ရွေးကောက်ပွဲ ရန်ပုံငွေ အများအပြား သုံးစွဲမှု များကြောင့် ဒီမိုကရေစီ၏ အနှစ် သာရကို ထိခိုက် စေသဖြင့် ရွေးကောက်ပွဲ ရန်ပုံငွေ စနစ်ကို ပြုပြင်ရန် တောင်းဆိုမှု များလည်း ရှိခဲ့သည်။ သို့သော် ပါတီတွင်း ရွေးကောက် ပွဲများ၊ ရုပ်သံ ကြော်ငြာများ၊ မဲဆွယ် စည်းရုံး လှုပ်ရှားမှု ကော်မတီ အဆင့်ဆင့်များ၏ လုပ်ငန်းများ အတွက် မဖြစ်မနေ ငွေပုံပြီး သုံးနေ ရသည့် ကာလ မျိုးတွင် အောက်ခြေသိမ်း ပြုပြင်မှုမျိုး လုပ်ရန် အတွက် လွှတ်တော် အမတ်များ ကိုယ်တိုင်က ဆန္ဒ မရှိလှ သည်ကိုလည်း တွေ့ရသည်။
သူ့အရပ်နှင့်သူ့ဇာတ်
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြုလုပ်သည့် စနစ်၊ ပါတီတွင်း သမ္မတလောင်း ရွေးချယ်သည့် စနစ် များသည် ငွေကုန် ကြေးကျ များလှသည်၊ မဲဆန္ဒရှင် များ၏ ဆန္ဒကို ကိုယ်စား မပြု၊ အထူး အခွင့်အရေး အုပ်စုများ၊ စီးပွားရေး လုပ်ငန်းကြီး များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုကို ခံနေ ရသည်ဟု ဗြိတိသျှ ပါလီမန် ပုံစံ နိုင်ငံရေး စနစ်ကို ကြိုက်သူ များက ဝေဖန်လေ့ ရှိသည်။  သို့သော် အမေရိကန် နိုင်ငံသား တို့ကမူ ထိုစနစ် သည် အမေရိကန် အတွက် အသင့်တော်ဆုံး ဖြစ်သည်ဟု လက်ခံ ထားပြီး ဖြစ်သည်။ ထိုထူးခြားချက် များမှာလည်း ၁၇၈၇ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲချိန်မှ စပြီး အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ် လာခြင်း ဖြစ်ရာ အမေရိကန် တို့၏ စရိုက် လက္ခဏာ၊ အမေရိကန် တို့၏ လူနေမှုပုံစံ၊ နိုင်ငံရေး ပုံစံ တို့နှင့် လိုက်လျော ညီထွေ ပေါ်ပေါက် လာခြင်း ဖြစ်သည် ဟုသာ ဆိုရ ပေမည်။ ဤထူးခြားချက် များကပင် နိုင်ငံရေး စနစ် ဆိုသည်မှာ နိုင်ငံ အားလုံး အတွက် တစ်ပုံစံတည်း မဖြစ်နိုင်၊ ပေတံ တစ်ခုတည်း ဖြင့် တိုင်း၍မရ။ သူ့အရပ်နှင့် သူ့ဇာတ် လိုက်လျော ညီထွေ ရှိဖို့သာ လိုသည်ကို ဖော်ပြ နေခြင်းလည်း ဖြစ်သည်ဟု ဆိုရပေမည်။
ရဲထွဋ်
Bi Weekly
မှီငြမ်းပြုစာစောင်များ
၁။
Campaign finance in the United States, wikipedia.com  
၂။
Electroal College by Michael J. Glennon   
၃။
 Primary Electios by Brad T. Goemz 





Read more

အစားထိုးဖို့မလွယ်ပါ

ကမ္ဘာကြီး ပူနွေး လာမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ရေနံ ဈေးနှုန်း ကြီးမြင့်မှုများ ပေါင်းစပ် လိုက်သည့် အခါ အခြား စွမ်းအင် အရင်း အမြစ်များ  (Alternative Energy) ဆိုသည့် စကားလုံးက ခေတ်စား လာတော့သည်။ ရုပ်ကြွင်း လောင်စာ တွေကို ကာဘွန် ထုတ်လုပ်မှု လျော့နည်းသည့် စွမ်းအင် အရင်း အမြစ်များ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် များဖြင့် အစား ထိုးရန် တောင်းဆို မှုတွေ များလာသည်။ သို့သော် ထိုစွမ်းအင် အရင်း အမြစ် တွေက လူတွေကို ကောင်းကျိုး တွေချည်း ပေးမှာလား။ အသေအချာ လေ့လာလျှင် ထိုအစားထိုး စွမ်းအင် အရင်း အမြစ် တွေနှင့် ပတ်သက်ပြီး လုပ်စရာတွေ အများကြီး ကျန်နေ သေးသည်ကို တွေ့ရမည် ဖြစ်သည်။
ဇီဝလောင်စာ
ကာဘွန် ထုတ်လုပ်မှု များပြားသော ရေနံ စွမ်းအင် နေရာတွင် ကာဘွန် ထုတ်လုပ်မှု နည်းပါးသည့် ဇီဝ လောင်စာ များနှင့် အစား ထိုးဖို့ တိုက်တွန်း သူတွေ များလှသည်။ အမေရိကန်နှင့် အနောက် ဥရောပ နိုင်ငံ အစိုးရ များက စိုက်ပျိုး သီးနှံများမှ ဇီဝ လောင်စာ ထုတ်မည့် စီမံကိန်း များအတွက် ငွေတွေ ပုံအော သုံးနေ ကြသည်။ ပြောင်းဖူး၊ ပဲပုတ်၊ ဆီအုန်း၊ ဆီမုန်ညင်း စသည့် သီးနှံ များမှ ဇီဝ လောင်စာ ထုတ်လုပ်ပြီး တွင်တွင် ကျယ်ကျယ် သုံးနေ ကြပြီ ဖြစ်သည်။ ဘရာဇီးလ်လို နိုင်ငံတွင် ဇီဝ လောင်စာက အဓိက လောင်စာ အဖြစ် ရောက်ရှိ နေပြီ ဖြစ်သည်။ ဇီဝ လောင်စာ အတွက် စိုက်ပျိုးသော သီးနှံများက လေထဲက ကာဘွန် ဒိုင် အောက်ဆိုက်ကို စုပ်ယူသည်။ ထိုအပင်များက ထုတ်လုပ်လိုက်သည့် ဇီဝ လောင်စာက ကာဘွန် ထုတ်လုပ်မှု အလွန် နည်းသည်။ ထိုနှစ်ချက် ပေါင်းလိုက် သောအခါ ဇီဝ လောင်စာသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ အစားထိုး စွမ်းအင် ရှာနေ သူများ အတွက် သည်းခြေကြိုက် ဖြစ်နေ တော့သည်။
သို့သော် လက်တွေ့တွင် ဇီဝ လောင်စာ ကလည်း ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်။ ဆေးအတွက် လေးရတာတွေ အများကြီး ရှိသည်။ ဇီဝ လောင်စာ သီးနှံများ တိုးချဲ့ စိုက်ပျိုးရန် အတွက် သစ်တော မြေတွေကို ရှင်းပစ်ရသည်။ ထိုသစ်တော တွေက ကာဘွန် စုပ်ယူ မှုသည် ဇီဝ လောင်စာ သီးနှံများ၏ ကာဘွန် စုပ်ယူမှု ထက်များသည်။ ထိုသစ်တော များကို ရှင်းလင်း မီးရှို့ ရသည့် အတွက် ကာဘွန် ဓာတ်ငွေ့ အများအပြား ပေါ်ထွက်သည့် အပြင် နောက်ဆက်တွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာ တွေလည်း ရှိသေးသည်။ အင်ဒိုနီးရှား နိုင်ငံတွင် ဥရောပ ဇီဝ လောင်စာ ဈေးကွက် အတွက် ဆီအုန်း တိုးချဲ့ စိုက်ပျိုးရန် သစ်တောမြေ အမြောက် အများကို ရှင်းလင်း ပစ်ခဲ့ရသည်။ အကျိုးဆက် ကတော့ အင်ဒိုနီရှား နိုင်ငံသည် ကမ္ဘာ့ ကာဘွန် အများဆုံး ထုတ်လုပ်သည့် နိုင်ငံ များတွင် အဆင့် ၂၁ ရှိနေရာမှ အဆင့် ၃ သို့ ထိုးတက် သွားခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်က ပြုလုပ် ခဲ့သည့် လေ့လာမှု တစ်ခုက ဆီအုန်း စိုက်ပျိုးရန် အတွက် မြေ ရှင်းလင်းမှု များက ပေါ်ထွက် လာသည့် ကာဘွန် ဓာတ်ငွေ့ ပမာဏသည် ဇီဝ လောင်စာ များကို နှစ်ပေါင်း လေးရာ အသုံးပြု ခြင်းကြောင့် လျော့နည်း သွားမည့် ကာဘွန် ဓာတ်ငွေ့ ပမာဏနှင့် ညီသည်ဟု ဆိုသည်။
ထို့ပြင် စိုက်ပျိုးရေး သမား များက ဈေးကောင်း ရသည့် ဇီဝ လောင်စာ သီးနှံများကို ပြောင်းလဲ စိုက်ပျိုး သဖြင့် ဂျုံကဲ့ သို့သော အဓိက ရိက္ခာ သီးနှံ ဈေးများ တက်ကုန်သည်။ အခြား နိုင်ငံများက ဈေးတက် သွားသည့် အဓိက ရိက္ခာ သီးနှံ များကို တိုးစိုက် နိုင်ဖို့ စိုက်ပျိုး မြေတွေ ချဲ့ထွင်သည်။ နိဂုံး ချုပ်လိုက်တော့ တစ်ကမ္ဘာလုံးမှာ သစ်တောတွေ လျှင်လျှင် မြန်မြန် ပျောက်ကွယ် ကုန်တော့သည်။
သစ်တော ပြုန်းတီးမှု တွေက ကမ္ဘာ့ ကာဘွန် ဓာတ်ငွေ့ ထုတ်လုပ်မှု၏ ၂၀ % ရှိသည်။ ကားတွေ၊ စက်ရုံတွေ၊ မွေးမြူရေး ခြံတွေ၏ ကာဘွန် ထုတ်လုပ်မှု များကို သိသိသာသာ လျော့မချ နိုင်ဘူး ဆိုလျှင် သစ်တော တွေကို ယခုထက် ပိုပြီး ကာကွယ် စောင့်ရှောက် ရလိမ့်မည်။ သို့သော် တိုးတက် နေသည့် ပါးစပ် ပေါက်များကို ကျွေးနိုင်ဖို့ ရိက္ခာ သီးနှံတွေ တိုးချဲ့ စိုက်ဖို့ ကလည်း လိုသေးသည်။ ထို့ကြောင့် မည်သည့် သီးနှံ အမျိုး အစားကို ဦးစားပေး တိုးချဲ့မည် ဆိုသည်ကို မှန်မှန် ကန်ကန် ရွေးဖို့ လိုလာသည်။
တကယ်တော့ စွမ်းအင် လိုအပ်ချက် အားလုံးကို ဇီဝ လောင်စာဖြင့် အစား ထိုးရန် ဆိုသည် မှာလည်း မဖြစ်နိုင်။ အမေရိကန် နိုင်ငံရှိ ဂျုံစိုက်ခင်း အားလုံးကို အီသနော ထုတ်ရန် အတွက် သုံးသည့်တိုင် အမေရိကန် နိုင်ငံ ရေနံ လိုအပ်ချက်၏ ၂၀ % ကိုသာ အစားထိုး နိုင်မည် ဖြစ်သည်။ အလား တူပင် ဂျာမနီ နိုင်ငံ၏ စိုက်ပျိုးမြေ အားလုံးမှ ဇီဝ လောင်စာ ထုတ်လျှင်ပင် နိုင်ငံ ရေနံ လိုအပ်ချက်၏ ၂၅% ကျော် ကျော်လေး ကိုသာ အစားထိုး နိုင်မည် ဖြစ်သည်။ အီသနော ၂၅ ဂါလံရဖို့ ပြောင်းပေါင် ၄၅၀ လိုသည်။ ဒါက အာဖရိကလို နေရာမှာ လူတစ်ယောက် လပေါင်း များစွာ စားနိုင် သည်။  ထို့ကြောင့် ဇီဝ လောင်စာ တွင် ကောင်းကွက်တွေ ရှိနေ သည့်တိုင် ရိက္ခာ လိုအပ်ချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လိုအပ်ချက် များကို ထည့်တွက် ပြီးမှ တိုးချဲ့ ထုတ်လုပ် ရမည့် အခြေအနေတွင် ရောက်နေ ပေသည်။
အနုမြူစွမ်းအင်
အနုမြူ စွမ်းအင်က ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်ခြင်း မရှိ။ ထို့ကြောင့် စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံ အများစုက အနုမြူ စွမ်းအင်ကို သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေး နေရာတွင် အစားထိုး သုံးနေ ကြသည်။ အမေရိကန် နိုင်ငံက လျှပ်စစ် လိုအပ်ချက် ၂၀ %ကို အနုမြူ ဓာတ်ပေါင်း ဖိုများမှ ရယူ နေသကဲ့ သို့ ပြင်သစ် နိုင်ငံက ၈၀% ရယူလျှက် ရှိသည်။ ရေနံတွေ ဈေးချို လှသည့် ၁၉၈၀၊ ၉၀ ပြည့်လွန်နှစ် များ အတွင်းကမူ ရေဒီယို သတ္တိကြွ လောင်စာများ စွန့်ပစ်ရန် အခက်အခဲ၊ အနုမြူ လက်နက် နည်းပညာ ပြန့်ပွားမည့် အန္တရာယ်၊ ဓာတ်ပေါင်း ဖိုများ မတော်တဆ ဖြစ်မှု များကြောင့် အနုမြူ စွမ်းအင်က ဘေးရောက် နေခဲ့သည်။ အခုတော့ သုံးမိုင်ကျွန်း ဓာတ်ပေါင်းဖို မတော်တဆ ဖြစ်မှု ပြီးကထဲက ဓာတ်ပေါင်း ဖို တည်ဆောက်မှုကို ရပ်ထား ခဲ့သည့် အမေရိကန် နိုင်ငံ ပင်လျှင် ဓာတ်ပေါင်းဖို စီမံကိန်း အသစ်ကို စတင် နေပြီ ဖြစ်သည်။ သို့သော် အနုမြူ စွမ်းအင် မှာလည်း စွန့်ပစ် ပစ္စည်း ပြဿနာ အပြင် အခြား ပြဿနာ များလည်း ရှိနေ သေးသည်။
ပထမ ပြဿနာမှာ အချိန် ဖြစ်သည်။ ဓာတ်ပေါင်းဖို တစ်ခု လည်ပတ်ဖို့ အတွက် ဆယ်နှစ်လောက် အချိန်ယူ ရသည်။ အမေရိကန် နိုင်ငံ၏ ဓာတ်ပေါင်းဖို အသစ်သည် ၂၀၁၇ ခုနှစ်မှ စတင် လည်ပတ် နိုင်မည်။ သို့သော် ရာသီဥတု ပြောင်းလဲ မှုကို ထိန်းသိမ်း နိုင်ရန် အတွက် ကမ္ဘာ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်မှုကို ၂၀၂၀ တွင် ၂၅% လျှော့ချ နိုင်ရမည် ဖြစ်ပြီး ၂၀၅၀ တွင် ၈၀% လျှော့ချ နိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် အနုမြူ စွမ်းအင် တစ်ခု တည်းဖြင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့် မှုကို အချိန်မှီ လျှော့ချဖို့မဖြစ်နိုင်။
ဒုတိယ ပြဿနာက ကုန်ကျ စရိတ် ဖြစ်သည်။ ဓာတ်ပေါင်းဖို တစ်ခု အတွက် ကုန်ကျ စရိတ်က ပြီးခဲ့သည့် ဆယ်နှစ် အတွင်း လေးဆ တက်လာသည်။ ဖင်လန် နိုင်ငံ၏ တည်ဆောက်ဆဲ ဓာတ်ပေါင်းဖို စီမံကိန်း မှာ ဘတ်ဂျက် ပြဿနာ ကြောင့် မျှော်မှန်း သည်ထက် နောက်ကျ နေသည်။ ကနေဒါ နိုင်ငံနှင့် အမေရိကန် ပြည်နယ် အများ အပြား၏ ဓာတ်ပေါင်းဖို စီမံကိန်းတွင် ဖျက်သိမ်း ခဲ့ရသည်။ ရင်းနှီးမြှပ်နှံ သူများက အနုမြူ ဓာတ်ပေါင်းဖို စီမံကိန်း များကို လက်ရှောင် နေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လေစွမ်းအင်မှ လျှပ်စစ် ထုတ်မည့် စီမံကိန်း များတွင် ရင်းနှီး မြှပ်နှံမှု ၇၁ ဘီလီယံ ရှိခဲ့ သော်လည်း ဓာတ်ပေါင်းဖို စီမံကိန်းများ အတွက် ရင်းနှီး မြှပ်နှံမှုက သုည ဖြစ်ခဲ့သည်။ ခြုံကြည့် လိုက်လျှင် အနုမြူ စွမ်းအင်သည် လာမည့် နှစ်နှစ် ဆယ်အတွင်း လျှပ်စစ် ထုတ်လုပ် ရာတွင် ကျောက်မီးသွေး နှင့်သဘာဝ ဓာတ်ငွေ့ကို ထိထိ ရောက်ရောက် အစားထိုး နိုင်ဖို့မရှိသေး ဟုသာ ဆိုရမည် ဖြစ်သည်။
နည်းပညာသစ်များ
ဇီဝ လောင်စာနှင့် အနုမြူ စွမ်းအင် အပြင် နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင် စသည့် အစားထိုး စွမ်းအင် များလည်း ရှိသေးသည်။ အထူးသဖြင့် လေစွမ်းအင် ထုတ်လုပ်မှုသည် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း ဆယ်ဆ တိုးခဲ့သည်။ သို့သော် ထိုသို့ တိုးလာ သည့်တိုင် လေစွမ်းအင်သည် ကမ္ဘာ့ လျှပ်စစ် ထုတ်လုပ်မှု၏ ၂ % အောက်သာ ရှိသေးသည်။ ထို့ပြင် လေနှင့် နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ် ဓာတ်အား တစ်ယူနစ် ထုတ်လုပ်ရန် ကုန်ကျ စရိတ်မှာ မြင့်မား နေဆဲ ဖြစ်သည်။ အလား တူပင် ရိက္ခာ သီးနှံ မှမဟုတ်ဘဲ မြက်များ၊ စွန့်ပစ် ပစ္စည်းများမှ ဇီဝ လောင်စာ ထုတ်လုပ် နိုင်မည့် နည်းပညာ များလည်း ရှိလာပြီ ဖြစ်သည်။ သို့သော် စီးပွားဖြစ် ထိထိ ရောက်ရောက် ထုတ်လုပ် နိုင်ဖို့ နှစ်များစွာ စောင့်ရ ဦးမည် ဖြစ်သည်။
ထိရောက်သောစွမ်းအင်အသုံးပြုမှု
ရုပ်ကြွင်း လောင်စာ များကိုလည်း လုံးဝ ပစ်ပယ် နိုင်ခြင်း မရှိသလို၊ အစားထိုး လောင်စာ များတွင်လည်း နောက်ဆက်တွဲ ပြဿနာတွေ ရှိနေ ချိန်တွင် မည်သည့် နည်းလမ်းကို ရွေးချယ် မည်နည်း။ အကောင်းဆုံး ကတော့ ရှိနေသည့် စွမ်းအင် များကို ထိထိ ရောက်ရောက် သုံးဖို့  ( Energy Efficiency ) ပင်ဖြစ်သည်။ ဤနည်းလမ်း သည် စွမ်းအင် ချွေတာခြင်း ( Energy Conservation ) လို လျှော့သုံးဖို့ မဟုတ်။ ယနေ့ ကမ္ဘာ ပေါ်တွင် မော်တော်ယာဉ် သန်း တစ်ထောင်ကျော် ရှိသည်။ ထိုယာဉ် များကို ဆီစားနှုန်း သက်သာအောင် လုပ်နိုင်လျှင် ၊ နောက်ထပ် ထုတ်လုပ်မည့် မော်တော်ယာဉ်များကို ပိုပြီး ဆီစား သက်သာအောင် လုပ်ဖို့ အစိုးရက ဥပဒေဖြင့် ထိန်းချုပ် နိုင်လျှင် မိမိတို့၏ လူနေမှု ပုံစံကို ပြင်ရန် မလိုပဲ ရေနံ လောင်စာ အသုံး ပြုမှုကို များစွာ လျှော့ချ နိုင်မည် ဖြစ်သည်။
အလားတူပင် အမေရိကန် အိမ်ထောင်စု တစ်ခုတွင် ပျမ်းမျှခြင်း အားဖြင့် လျှပ်စစ် ပစ္စည်း ၂၆ မျိုး သုံးနေသည်။ ကျန်နိုင်ငံ များကလည်း အမေ ရိကန်တို့ နောက်ကို အမှီလိုက် နေသည်။ ၂၀၃၀ ပြည့်နှစ် ရောက်လျှင် ကမ္ဘာ့လျှပ်စစ် သုံးစွဲ မှုမှာ ၇၇ % တိုးလာ မည်ဟု အမေရိကန် စွမ်းအင် ၀န်ကြီး ဌာနက ခန့်မှန်း ထားသည်။ ထို့ကြောင့် အိမ်သုံး လျှပ်စစ် ပစ္စည်း များ၏ လျှပ်စစ် သုံးစွဲမှုကို လျှော့ချ နိုင်လျှင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ် မှုကို သိသိ သာသာ လျှော့ချ နိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် အစိုးရက ဥပဒေ ပြဋ္ဌာန်း မှုကြောင့် ယနေ့ အမေရိကန် နိုင်ငံတွင် ရောင်းချ နေသည့် ရေခဲ သေတ္တာ များသည် ၁၉၇၀ နှစ်များ ကထက် လျှပ်စစ် သုံးစွဲမှု သုံးဆ လျော့နည်း နေပြီ ဖြစ်သည်။ ထို့ပြင် အများ ပြည်သူသုံး ပို့ဆောင်ရေး စနစ်များ ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ရုံးသွား ချိန်တွင် ကားစုပေါင်း အသုံးပြုသည့် အလေ့ အထကို အားပေးခြင်း စသည့် နည်းလမ်း များဖြင့် ယာဉ် သုံးစွဲမှုကို လျှော့ချ နိုင်သေးသည်။ နေအိမ်များ ဆောက်လုပ် ရာတွင် လိုက်နာ ရမည့် စံချိန် စံညွှန်း အချို့ကို ပြောင်းလိုက် ရုံဖြင့် လေအေး ပေးစက်၊ အပူ ပေးစက် တွေအတွက် လျှပ်စစ် သုံးစွဲ ရမှုတွေ အများကြီး လျော့သွား နိုင်သည်။
တကယ်တော့ ရေနံနှင့် ရုပ်ကြွင်း လောင်စာတွေ မရှိပဲ လူသားတွေ မနေ တတ်တော့ သည်မှာ အမှန်ပင် ဖြစ်သည်။ ဒီလောင်စာ တွေကို အစားထိုး ဖို့လည်း ထင်သလောက် မလွယ်လှ။ ထို့ကြောင့် စွမ်းအင်ကို ထိထိ ရောက်ရောက် သုံးနိုင်အောင် ပြုလုပ်ခြင်း၊ လူနေမှု ပုံစံ များကို ပြောင်းလဲ ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေမည်။
ရဲထွဋ်
Bi Weekly
မှီငြမ်းပြုစာစောင်များ
၁။
Seven Myths About Alternative Energy  BY MICHAEL GRUNWALD | AUGUST 24, 2009
၂။
A Renewed Push for Ethanol, Without the Corn , New York Time , 17-4-07
၃။
How Biofuels Could Starve the Poor By C. Ford Runge and Benjamin Senauer





Read more