Monday, September 30, 2013

မလွယ်တဲ့ခရီး

၂ဝ ရာစုကို ဒီမိုကရေစီ ခေတ်လို့ ဆိုကြ သည်။ သမ္မတ ဘုရှ်ကတော့ သူ့မိန့်ခွန်း တစ်ခုမှာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဒီမိုကရေစ စနစ်၊ ဗဟု ဝါဒကို ပြောင်းလဲ ကျင့်သုံး ခဲ့သည့် နိုင်ငံ အရေ အတွက်အား တန်းစီ ရွတ်ပြသွား ဖူးသည်။ သို့သော် ထိုနိုင်ငံ အားလုံးတွင် ဒီမိုကရေစီ စနစ်ကို စဉ်ဆက် မပြတ် ကျင့်သုံး နိုင်ခြင်း ရှိ၊မရှိ၊ ဒီမိုကရေစီ စံများနှင့် အညီ ကျင့်သုံး ခဲ့ခြင်း ရှိမရှိ ဆိုသည် ကိုတော့ ပြော မသွားခဲ့။
စစ်တမ်း ကောက်ယူချက် များအရ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံးသည့် နိုင်ငံတိုင်း ထိုစနစ်ကို ရေရှည် ကျင့်သုံး နိုင်ခြင်း မရှိဟု တွေ့ရသည်။ ၁၉၆ဝ ပြည့်လွန် နှစ်များမှ ၂ဝဝ၄ ခုနှစ် အကြားတွင် ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၈၈ နိုင်ငံ၌ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံးမှု ၁၂၃ ကြိမ် ပေါ်ပေါက် ခဲ့သည်။ လက်တင် အမေရိကမှာ ( ၂၆) ကြိမ်၊ အနောက် ဥရောပမှာ (၄) ကြိမ်၊ အရှေ့ ဥရောပမှာ (၂၁) ကြိမ်၊ ဆဟာရ တောင်ပိုင်း ဒေသ တွေမှာ ( ၄၆) ကြိမ်၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်ပိုင်း အာဖရိကမှာ (၃)ကြိမ်၊ နှင့် အာရှ တိုက်မှာ (၂၃) ကြိမ် ဖြစ်ခဲ့သည်။ သို့သော် ထိုအထဲတွင် ၆၇ ကြိမ်ကသာ ဒီမို ကရေစီကို ခိုင်ခိုင် မာမာ ကျင့်သုံး နိုင်ပြီး ကျန် ၅၆ ကြိမ်တွင်မူ မူလ နိုင်ငံရေး အခြေအနေ သို့မဟုတ် ပိုဆိုးသည့် ဗရုတ် သုက္ခ အခြေ အနေသို့ ပြန်ရောက် သွားသည်ကို တွေ့ရသည်။
ကမ္ဘာ့ ဒေသ အလိုက် ဒီမို ကရေစီဖော် ဆောင်ရာတွင် အောင်မြင်မှု ကွာခြား သည်ကို လည်း တွေ့ရသည်။ ဆဟာရ တောင်ပိုင်း ဒေသတွင် ဒီမိုကရေစီ စနစ် ပြောင်းလဲ ကျင့်သုံးရန်ေ ဆာင်ရွက်မှု အကြိမ် များသော်လည်း ၎င်းတို့အနက် ၆၃% မှာ အချိန်သိပ် မကြာမီ ဒုံရင်း ဒုံရင်းပြန် ဖြစ်သွားသည်။ လက်တင် အမေရိက တိုက်တွင် အောင်မြင်မှု မရှိသည့် နှုန်းထားမှာ ၃၅% ရှိပြီး အာရှ ဒေသက ၅၇% ရှိ ပေသည်။ အထူး ခြားဆုံး မှာ အရှေ့ ဥရောပ နိုင်ငံများ ဖြစ်ပြီး ထိုဒေသ နိုင်ငံ များ၏ အောင်မြင် မှုက ၉ဝ% အထိ မြင့်မား သည်ကို တွေ့ရသည်။
ဒီမို ကရေစီ စနစ်ကို ဖော်ဆောင်ပြီးမှ ပြန်လည် ပြိုကွဲ သွားသည့် ဖြစ်စဉ် များကို လေ့လာ သည့်အခါ ပထမ ငါးနှစ် အတွင်း တွင် ပြန်လည် ပြိုကွဲမှု ၆၈% အထိ ရှိသည်ကို တွေ့ရ၏။ ပြန်လည် ပြိုကွဲသည့် ဖြစ်စဉ် ၈၄% မှာ ပြုပြင် ပြောင်းလဲရေး ဖြစ်ပေါ်ပြီး ဆယ်နှစ် အတွင်းတွင် ဖြစ်သည် ကိုလည်း တွေ့ရသည်။ ထိုအချက်က နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ် များတွင် ပထမ ဆယ်နှစ်သည် အရေး အကြီးဆုံး ဖြစ်သည် ဆိုသည်ကို ဖော်ညွှန်း နေခြင်းလည်း ဖြစ်ပေသည်။ အချို့ နိုင်ငံများ တွင်မူ ဒီမို ကရေစီသို့ ပြောင်းလဲ ကျင့်သုံးရန် ကြိုးစားမှုများ အကြိမ်ကြိမ် ပေါ်ပေါက် ခဲ့သည်ကို တွေ့ရ၏။ ထို အခြေအနေ မျိုးတွင် ပထမ အကြိမ် ဆောင်ရွက်စဉ်က ပျမ်းမျှ အောင်မြင်မှု နှုန်းသည် ၄၇ % သာ ရှိသော်လည်း ဒုတိယ အကြိမ် ဆောင်ရွက် ရာတွင် အောင်မြင်မှု နှုန်းမှာ ၆၃ % အထိ မြင့်တက် လာသည် ကိုလည်း တွေ့ရ ပြန်သည်။
ထို့ပြင် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲမှုကို ဆောင်ရွက်သည့် အချိန် ကာလ အပေါ် မူတည်ပြီး အောင်မြင်မှု ကွာခြားသည် ကိုလည်း သတိ ပြုဖွယ်ရာ တွေ့ရသည်။ ၁၉၆ဝ ဆယ်စုနှစ်များ အတွင်းက ဒီမို ကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့သည့် နိုင်ငံများ အနက် ၁၁.၅% သာ ရေရှည် တည်တံ့ ခဲ့သော်လည်း ၁၉၇ဝ ဆယ်စုနှစ် များတွင်မူ ၃ဝ % ဖြစ်လာခဲ့သည်။ ၁၉၈ဝ နှင့် ၁၉၉ဝ ဆယ်စုနှစ် များတွင်မူ ၇၂.၅% နှင့် ၇၆.၅% အထိ မြင့်မား လာခဲ့သည်။ ထို အခြေ အနေက ၁၉၈ဝ နောက်ပိုင်းတွင် ပြည်သူ များ၏ အသိပညာ ဗဟုသုတ ပိုမို ပြည့်ဝ လာမှု၊ ဂလိုဘယ် လိုက်ဇေးရှင်းနှင့် နိုင်ငံ တကာက ထိုဖြစ်စဉ် များအပေါ် ပိုမို စိတ်ဝင် စားလာမှုတို့၏ သြဇာ သက်ရောက်မှု ကို ဖော်ပြ နေခြင်း ဖြစ်သည်ဟု နိုင်ငံရေး သိပ္ပံ ပညာရှင်များက ကောက်ချက်ချ ခဲ့ကြသည်။
စီးပွားရေး အကြောင်းခံများ
ထိုကဲ့သို့ ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင် မာမာနှင့် ရေရှည် ကျင့်သုံး နိုင်ခြင်း မရှိသည့် အကြောင်းအရင်း များကို လေ့လာ ရာတွင် သက်ဆိုင်ရာ နိုင်ငံ၏ လူမှု စီးပွားရေး အခြေ အနေသည်လည်း အကြောင်း တစ်ချက် ဖြစ်သည်ကို တွေ့ရ ပြန်သည်။ တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ နှစ်ထောင်ကျော် (၂ဝဝ၆ ခုနှစ် ဒေါ်လာ တန်ဖိုး) သည့် နိုင်ငံများသည် ဒေါ်လာ ရှစ်ရာ အောက်ဝင်ငွေ ရှိသည့် နိုင်ငံများထက် ဒီမိုကရေစီ ဖော်ဆောင်မှု အောင်မြင်ရန် အခွင့်အရေး သုံးဆ ပိုများ သည်ကို တွေ့ရသည်။ သို့သော် တစ်ဦးချင်း ဝင်ငွေ တစ်ခုတည်းဖြင့် လည်း လူမှု စီးပွားရေး အခြေအနေကို အကဲ ဖြတ်၍ မရပြန်ပေ။ နိုင်ငံ၏ ဆင်းရဲ ချမ်းသာ ကွာခြားမှု ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုသည်ကို တွေ့ရသည်။ စစ်တမ်း ကောက်ယူ ချက်များအရ ဆင်းရဲ နွမ်းပါးမှုမျဉ်း အောက်တွင် နိုင်ငံလူဦးရေ၏ ၄ဝ % ရှိသော နိုင်ငံများ အနေဖြင့် ဒီမို ကရေစီကို ရေရှည် တည်တံ့အောင် ဆောင်ရွက် နိုင်ရန် ခဲယဉ်း သည်ကို တွေ့ရ ပြန်သည်။ အချို့ ပညာရှင်များက စီးပွားရေး အကျပ်အတည်း သည် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု မအောင်မမြင် ဖြစ်ရသည့် အကြောင်း အရင်း တစ်ခု ဖြစ်သည် ဟုလည်း ဆိုကြသည်။ ထိုအဆိုကို ဆန့်ကျင်သည့် ပညာရှင် များကမူ အရှေ့ ဥရောပ နိုင်ငံများ၏ အသွင် ကူးပြောင်းရေး ကာလ အတွင်းတွင် စီးပွားရေး အကျပ် အတည်းများ ရှိသည့်တိုင် ဒီမို ကရေစီ စနစ် တည်တံ့အောင် ဆောင်ရွက် နိုင်သည့် အခြေ အနေနှင့် ထိုင်း နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက် နေသည့် ၂ဝဝ၆ ခုနှစ်တွင် စစ်တပ်မှ အာဏာ သိမ်းမှု ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်၊ ရုရှားနှင့် ဗင်နီ ဇွဲလား နိုင်ငံ များ၏ နိုင်ငံရေး ဖြစ်စဉ် များကို ထောက်ပြပြီး စီးပွားရေး အကြောင်းခံ များမှာ ထင်သလောက် အရေး မပါကြောင်း စောဒက တက်ကြသည်။ ထို အယူအဆ ရှိသူများ ကမူ လေ့လာ ဆန်းစစ်ချက် များအရ နိုင်ငံရေး နှင့် အဖွဲ့အစည်း ဆိုင်ရာ အကြောင်းခံ များသည်သာ ဒီမို ကရေစီ စနစ် တည်တံ့ရေး အတွက် အရေးကြီး ဆုံးဖြစ်သည်ဟု ဆိုကြသည်။
နိုင်ငံရေး အကြောင်းခံများ
အဆိုပါ အယူအဆကို ထောက်ခံသူ များက ဒီမိုကရေစီ စနစ်ကို ကူးပြောင်း ရာတွင် နိုင်ငံရေး ပါတီများ၏ အရည် အချင်း၊ လူမှု အသိုင်း အဝန်း အတွင်း ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားမှု၊ မဲဆန္ဒရှင် များ၏ နိုင်ငံရေး အသိ ပြည့်ဝမှုနှင့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရား စီရင်ရေး၊ မီဒီယာ စသည့် မဏ္ဍိုင် အဖွဲ့ အစည်း များ၏ အရည်အသွေး ပြည့်ဝမှုက ပိုအရေး ကြီးသည်ဟု ဆိုကြသည်။ ထိုသူတို့က အရှေ့ ဥရောပ နိုင်ငံများတွင် ဒီမိုကရေစီ အသွင် ကူးပြောင်း မှုများ အောင်မြင်မှု ရှိခြင်းမှာ ထိုနိုင်ငံများ အနေဖြင့် ဆိုဗီယက် ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဒီမိုကရေစီ စနစ် ကျင့်သုံးမှု ရှိခဲ့ခြင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ အားကောင်းစွာ ရှိနေခဲ့ခြင်း၊ လူထု၏ နိုင်ငံရေး၊ ပညာရေး အဆင့် မြင့်မားခြင်း တို့က အဓိက အချက် ဖြစ်သည်ဟု ကောက်ချက်ဆွဲ ခဲ့ကြသည်။ ထိုသူတို့ ကပင် အာဖရိက တိုက် နိုင်ငံများ၊ အီရတ်နှင့် အရှေ့ တီမောလို နိုင်ငံမျိုးတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများက ငွေကို ရေလို ပုံအော သုံးသည့် တိုင်အောင် တည်ငြိမ် သည့် နိုင်ငံရေးစနစ်ကို တည်ဆောက် နိုင်ခြင်း မရှိသည့် ဖြစ်စဉ် များကို ထောက်ပြပြီး အဖွဲ့အစည်းများ အင်အား ကောင်းရေး၏ အရေးပါမှုကို ပြောကြားခဲ့ကြသည်။
ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ ကျင့်သုံး ရာတွင် နိုင်ငံရေး စနစ် ပုံစံ အနေဖြင့် အခြေခံ အားဖြင့် သမ္မတက ဦးဆောင်သည့် စနစ်နှင့် ဗြိတိသျှ ပုံစံ ပါလီမန် စနစ်ဟု နှစ်မျိုး ရှိပေသည်။ အသွင် ကူးပြောင်းစ နိုင်ငံများတွင် နိုင်ငံရေး ဖြစ်စဉ်၌ ပါဝင် ပတ်သက်သည့် အဖွဲ့ အစည်းများ၏ အရည် အသွေး၊ မဲ ဆန္ဒရှင်များ၏ အမြင် ကျယ်မှုတို့ အားနည်း သည်မှာ ဓမ္မတာလို ဖြစ်နေသည်။ ထို အခြေအနေ မျိုးတွင် အုပ်ချုပ်ရေးနှင့် ဥပဒေ ပြုရေးကို တိတိ ကျကျ ခွဲခြား ထားသည့် သမ္မတ ဦးဆောင်သည့် စနစ်က ပိုပြီး သင့်တော် သည်ကိုလည်း တွေ့ရသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးကို ဆောင်ရွက် ခဲ့သည့် ၁၂၃ ကြိမ်တွင် ၈၁ ကြိမ်က သမ္မတ စနစ်ကို ကျင့်သုံး ခဲ့သည်။ သမ္မတ စနစ် ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် ၆၄ % က ရေရှည် တည်တံ့ခဲ့ပြီး ဗြိတိသျှ ပုံစံ ပါလီမန် စနစ် ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် ၄၅% သာ အောင်မြင်မှု ရှိသည် ကို တွေ့ရသည်။ ထိုအချက်က ပါလီမန် စနစ်တွင် ပါတီတစ်ခု တည်းက အများစု အနိုင်ရပြီး ထင်ရာ စိုင်းခြင်းနှင့် ပါတီများ အစိတ်စိတ် အမွှာမွှာ ကွဲပြီး အုပ်ချုပ်ရန် ခက်ခဲခြင်း ဆိုသည့် ဆိုးကျိုး များက အသွင် ကူးပြောင်းရေး ကာလ အောင်မြင်မှု အပေါ် အကျိုး သက်ရောက်မှု ရှိသည်ကို ပြဆို နေပေသည်။
ထို့အပြင် အသွင် ကူးပြောင်းရေး ဖြစ်စဉ်များ အကောင် အထည် ဖော်မှုသည် အခြေခံ ဥပဒေ၏ အပြန်အလှန် ထိန်းညှိ နိုင်မှု ( Check and Balance) အားကောင်း ခြင်း၊ အားနည်းခြင်း အပေါ် တွင်လည်း မူတည် နေသည်။ နိုင်ငံရေး သိပ္ပံ ပညာရှင် Ethan B. Kapstein က အသွင် ကူးပြောင်းရေး ဖြစ်စဉ် ၁၂၃ ကြိမ်တွင် ကျင့်သုံး ခဲ့သည့် အခြေခံ ဥပဒေ များကို လေ့လာခဲ့ရာ အပြန်အလှန် ထိန်းညှိမှု အားကောင်းသည့် အခြေခံ ဥပဒေကို ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် အောင်ချက် ၆ဝ% ရှိပြီး အားနည်းသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် ၂၉% မျှသာ အောင်မြင် သည်ကို တွေ့ရသည်။ ထိုအချက်က အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေ ပြုရေးကို ခွဲခြား ထားသည့် သမ္မတ စနစ်၏ အကျိုးကို ထောက်ပြ နေခြင်းလည်း ဖြစ်ပေသည်။
အထက်တွင် ဖော်ပြခဲ့သည့် စစ်တမ်း ကောက်ယူ ချက်များ အရ ဆိုလျှင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ် များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထောင့်စုံမှ စဉ်းစား ဆောင်ရွက် ရသည့် ဖြစ်စဉ်များ ဖြစ်သည် ဆိုသည်မှာ ထင်ရှား ပေသည်။ သို့သော် အဓိက ပြဿနာမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စသည်နှင့် ပြည်သူ များက ရလဒ် ကောင်းများ မြန်မြန် ရရန် မျှော်လင့်သည်။ နေ့ချင်း ညချင်း အကောင်အထည် မြင်လိုသည်။ ထိုအခါ အချိန်နှင့် အရှိန် အဟုန်သည် အငြင်းပွား စရာ ဖြစ်လာသည်။ သို့သော် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းသည် အဆင့်ဆင့် ဆောင်ရွက် ရသည် လုပ်ငန်းစဉ် (Process) ဖြစ်သည်။ တစ်ကြိမ် တစ်ခါတည်းနှင့် ပြီးမြောက်သော အလုပ် မဟုတ်၊ တစ်လှမ်းခြင်း လှမ်းရင်း သင်ခန်းစာတွေ ရှာဖွေရင်း ရှေ့ဆက် ရသော ခရီး ဖြစ်သည်။ ပါဝင် ပတ်သက် နေသူ အားလုံးက ဒီမိုကရေစီ ကျင့်စဉ် တွေ၊ လုပ်နည်း တွေနဲ့ ရင်းနှီး ကျွမ်းဝင်အောင်၊ ကိုယ်တိုင် ကျင့်သုံး တတ်အောင် အချိန်ယူ ရပေမည်။ ထိုအချက်ကို နားလည် နိုင်လျှင် အသွင် ကူးပြောင်းရေး ဖြစ်စဉ်သည် အောင်မြင် ပေလိမ့်မည်။
ရဲထွဋ်
Bi Weekly ; 16-1-09
မှီငြမ်းပြုစာစောင်များ

၁။
Why Democracy Fail by Ethan B. Kapstein and Nathan Converse
၂။
Democracy in ASIA, Europe and the World ediated by Chung- Si An
Read more

အာရှသား တို့အတွက် ဒီမိုကရေစီ

အာရှသား များက ဒီမိုကရေစီ စနစ် အပေါ် ဘယ်လို ရှုမြင် သည်ကို လေ့လာ လိုလျှင် အရှေ့အာရှ ဒေသသည် အသင့်တော်ဆုံး ဖြစ်သည်။ ထိုဒေသတွင် အာရှ၏ သက်တမ်း အရှည်ဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်သည့် ဂျပန် ရှိသည်။ ၁၉၈၀ ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ဘက်သို့ ကူးပြောင်း လာသော ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) လို နိုင်ငံတွေ ရှိသည်။ စစ်အေး တိုက်ပွဲ ပြီးဆုံး ပြီးနောက် နိုင်ငံရေး စနစ် ပြောင်းခဲ့သည့် မွန်ဂို လီးယားလို့ နိုင်ငံ ရှိသည်။ အလားတူပင် တစ်ပါတီ စနစ် ကျင့်သုံး နေသည့် တရုတ် နိုင်ငံ ရှိသကဲ့သို့ တစ်နိုင်ငံ စနစ်နှစ်မျိုး မူနှင့် ကျင့်သုံး နေသည့် ဟောင်ကောင်လို ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ နယ်မြေ ရှိသည်။
ထို့ကြောင့် လည်း East Asia Barometer အဖွဲ့က အရှေ့ အာရှရှိ ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်၊ မွန်ဂို လီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) နိုင်ငံများမှာ အာရှ သားတို့က ဒီမိုကရေစီ အပေါ် မည်ကဲ့သို့ ရှုမြင် သည်ကို စစ်တမ်း ကောက်ယူ မှုများ လုပ်ခဲ့သည်။
ဒီမိုကရေစီ လိုချင်သလား
စစ်တမ်း ကောက်ယူသူ များက မေးခွန်း ငါးခု မေးသည်။ ပထမဆုံး မေးခွန်းက ဘယ်လို နိုင်ငံရေး စနစ်ကို လိုချင်လဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ ထိုအခါ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၇%၊ ဟောင်ကောင်တွင် ၈၇.၆%၊ ဂျပန်တွင် ၈၇.၁%၊ မွန်ဂို လီယားတွင် ၉၁.၆%၊ ဖိလစ်ပိုင်တွင် ၈၈.၁%၊ တောင်ကို ရီးယားတွင် ၉၅.၄%၊ တရုတ် (တိုင်ပေ) တွင် ၇၂.၂ % က ဒီမို ကရေစီ စနစ်ကို လိုလား သည်ဟု ဖြေခဲ့သည်။ သို့သော် မိမိ နိုင်ငံတွင် ပြီးပြည့်စုံသည့် ဒီမိုကရေစီ စနစ် ကျင့်သုံးရန် အခြေအနေ ရှိပြီလား ဆိုသည့် မေးခွန်းကိုမူ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၇၂.၃% ဟောင်ကောင်တွင် ၆၆.၈%၊ ဂျပန်တွင် ၇၆.၃%၊ မွန်ဂို လီယားတွင် ၈၆.၃%၊ ဖိလစ်ပိုင် တွင် ၈၀.၂%၊ တောင်ကို ရီးယားတွင် ၈၄.၂%၊ တရုတ်(တိုင်ပေ) တွင် ၅၉ % ကသာ ကျင့်သုံး နိုင်သည့် အခြေအနေ ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့ ဒီမို ကရေစီ စနစ်ကို လိုချင်သူနှင့် မိမိနိုင်ငံတွင် ပြီးပြည့်စုံသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် အခြေအနေ ရှိပြီဟု ယူဆသူများ အကြား ကွာဟချက် ကြီးမား နေရခြင်းမှာ မိမိနိုင်ငံရှိ နိုင်ငံရေး ပါတီများ၏ စွမ်းဆောင် နိုင်မှု ကျဆင်း နေခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို ဂျပန်၊ တရုတ် (တိုင်ပေ) နှင့် ဖိလစ်ပိုင် နိုင်ငံ များတွင် ထင်ထင် ရှားရှား တွေ့နိုင်သည်။ တရုတ်နှင့် ဟောင်ကောင် တို့တွင်မူ တရုတ် ကွန်မြူနစ် ပါတီ၏ စွမ်းဆောင်မှု မြင့်မား ခြင်းနှင့် အမိန့် နာခံမှုနှင့် သဟဇာတ ဖြစ်မှု ကို အလေးထားသည့် တရုတ် ယဉ်ကျေးမှု၏ သြဇာ လွှမ်းမိုး မှုကြောင့် ဖြစ်သည်။ ထို့ပြင် အာရှ သားတို့က ပြီးပြည့်စုံသော ဒီမိုကရေစီ စနစ်ကို နေ့ချင်း ညချင်း မရောက်နိုင်၊ တရွေ့ရွေ့ ပြောင်းလဲ သည့် ဖြစ်စဉ် အရသာ သွားရမည် ဆိုသည့် အယူအဆ ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို တတိယ မေးခွန်းတွင် လည်း တွေ့ရ ပြန်သည်။
ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု
တတိယ မေးခွန်းက မိမိနိုင်ငံ၏ ပြဿနာများကို ဒီမိုကရေစီ စနစ်ဖြင့်သာ ထိရောက်စွာ ဖြေရှင်း နိုင်မည်ဟု ယူဆ သလား ဆိုသည့် မေးခွန်း ဖြစ်သည်။ အရှေ့ အာရှသား တို့က အံသြဖွယ် ကောင်းလောက် အောင် ဒီမိုကရေစီစ နစ်၏ စွမ်းဆောင် နိုင်မှု အပေါ် သံသယ ရှိနေ သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ တွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၀.၅%၊ ဟောင်ကောင်တွင် ၃၉%၊ ဂျပန်တွင် ၆၁.၄%၊ မွန်ဂို လီယား တွင် ၇၈.၄%၊ ဖိလစ်ပိုင်တွင် ၆၀.၇%၊ တောင် ကိုရီးယားတွင် ၇၁.၇%၊ တရုတ် (တိုင်ပေ) တွင် ၄၆.၈ % ကသာ ဒီမိုကရေစီ စနစ် က လူ့အဖွဲ့အစည်း၏ ပြဿနာ များကို ထိထိ ရောက်ရောက် ကိုင်တွယ် နိုင်မည်ဟု ယုံကြည် ကြသည်။ ထိုအချက်က အရှေ့ အာရှသား တို့က ဒီမိုကရေစီ စံများကို လက်ခံသည့် တိုင်အောင် အရာရာ အားလုံးကို အနောက် ပုံစံ ဒီမိုကရေစီ စနစ်ဖြင့် ချဉ်းကပ် ဖြေရှင်း၍ မရနိုင်၊ သူ့အရပ်၊ သူ့ဇာတ် ဆိုသကဲ့သို့ မိမိနိုင်ငံ အခြေအနေ နှင့်၊ မိမိတို့ လူ့အဖွဲ့အစည်း အနေ အထားနှင့် ကိုက်ညီသော နည်းလမ်း များဖြင့် ကျင့်သုံး ရမည်ဟု ယုံကြည် နေကြောင်း ပြသ လိုက်ခြင်း လည်း ဖြစ်၏။
စတုတ္ထ မေးခွန်းက အပိုင်း သုံးပိုင်း ပါဝင်သည်။ ဖြေကြားသူ များအနေဖြင့် (၁) ဒီမို ကရေစီက အခြား အစိုးရ ပုံစံတွေ အားလုံးထက် ကောင်းတယ်။ (၂) တစ်ချို့ အခြေ အနေတွေမှာ ဗဟိုက တင်းတင်း ကျပ်ကျပ် ကိုင်တွယ် အုပ်ချုပ်တဲ့ စနစ်က ဒီမို ကရေစီ စနစ်ထက် အလုပ် ဖြစ်တယ်။ (၃) ကျုပ်အတွက်က တော့ ဒီမိုကရေစီ အစိုးရ ဖြစ်ဖြစ်၊ ဒီမိုကရေစီ မကျတဲ့ အစိုးရ ဖြစ်ဖြစ် ဘာမှ မထူးဘူး ဆိုသည့် အချက် သုံးချက် ထဲက တစ်ချက်ကို ရွေးရသည်။ ထိုမေးခွန်းများ အနက် တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၅၃.၈%၊ ဟောင်ကောင်တွင် ၄၀.၃%၊ ဂျပန်တွင် ၆၇.၂%၊ မွန်ဂို လီယားတွင် ၅၇.၁%၊ ဖိလစ်ပိုင် တွင် ၅၃.၆%၊ တောင် ကိုရီးယားတွင် ၄၉.၄%၊ တရုတ်(တိုင်ပေ) တွင် ၄၀.၄ % ကသာ ဒီမို ကရေစီက တစ်ခြား အစိုးရ ပုံစံတွေထက် ကောင်း သည်ဟု ယူဆသည်။ ဤနေရာတွင် ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ) တို့လို အနောက် ပုံစံ ဒီမိုကရေစီကို အပြည့်အ၀ နီးပါး ကျင့်သုံး နေသည့် နိုင်င များတွင် လူထုက လက်ရှိ နိုင်ငံရေး ပါတီများ၏ စွမ်းဆောင်မှု အပေါ် သံသယရှိမှုမှာ သတိ ပြုစရာ ကောင်းသည့် အချက် ဖြစ်သည်။ ထို့အတ ဒီမိုကရေစီ စနစ်ကို လက်တွေ့ မကြုံရ သေးသည့် တရုတ် နိုင်ငံသား များနှင့် မြည်းစမ်းခွင့် ရနေသည့် ဟောင်ကောင် ကျွန်းသားများ အကြား အမြင် ကွာခြားမှု ကလည်း သတိပြု သင့်သည့် အချက် ဖြစ်နေ ပြန်သည်။
နောက်ဆုံး မေးခွန်းက ဒီမို ကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှစ်ခု၊ ဘယ်ဟာကို ဦးစားပေး ရွေးမလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၄၀.၃% ဟောင်ကောင် တွင် ၁၉.၆%၊ ဂျပန်တွင် ၄၄%၊ မွန်ဂို လီယားတွင် ၄၈.၆%၊ ဖိလစ်ပိုင်တွင် ၂၁.၈%၊ တောင် ကိုရီးယား တွင် ၃၀.၁ %၊ တရုတ်(တိုင်ပေ) တွင် ၂၃.၅ % ကသာ ဒီမို ကရေစီက စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ထက် ပိုပြီး အရေးကြီး သည်ဟု ဖြေသည်။ ထိုအချက်က ယခုလို စီးပွားရေး အကျပ် အတည်းနှင့် တွေ့ကြုံ နေရသည့် အချိန်တွင် သတိ ထားစရာ အချက် ဖြစ်နေသည်။ တနည်း အားဖြင့် အာရှသား တို့က ဒီမိုကရေစီကို လိုချင် သော်လည်း အလုပ် ဖြစ်သည့် ဒီမိုကရေစီ စနစ်ကို သာလိုချင် သည်ကို ပြောလိုက် ခြင်းလည်း ဖြစ်သည်။
ဒီမိုကရေစီ ဘာတွေမှား
ပြီးခဲ့သည့် နှစ်များ အတွင်း အရှေ့ အာရှက ဒီမိုကရေစီ နိုင်ငံတွေမှာ ပြဿနာ များစွာ ပေါ်ခဲ့သည်။ ဂျပန် နို်င်ငံတွင် စီးပွားရေး ကျဆင်း မှုနှင့် နှစ်ပေါင်း များစွာ ရင်ဆိုင် နေခဲ့ရပြီး ၀န်ကြီးချုပ် ကိုအီဇူမီ နောက်ပိုင်းတွင် ဂျပန် နိုင်ငံရေး လောက မှာ ၀န်ကြီးချုပ်များ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် လုပ်နေသည်မှာ အကြိမ်ကြိမ် ရှိပြီ ဖြစ်သည်။ တရုတ် (တိုင်ပေ) နိုင်ငံရေး လောက ကလည်း အဂတိ လိုက်စားမှုတွေ၊ အကျင့် ပျက်မှုတွေနဲ့ တင်းကြမ်း ဖြစ်နေကာ သမ္မတ ဟောာင်း ချန်ရွှေဗျန်း ပင်လျှင် အဂတိ လိုက်စား မှုဖြင့် စုံစမ်း စစ်ဆေးမှု ခံနေ ရသည်။ ဖိလစ်ပိုင် မှာက သမ္မတ ဟောင်းကို အခြေခံ ဥပဒေ ပြင်ပ လူထု တိုက်ပွဲဖြင့် ဖြုတ်ချခဲ့ပြီး လက်ရှိ သမ္မတ အာရိုရို မှာလည်း အတိုက်အခံ များက အဂတိ လိုက်စားမှုဖြင့် အရေးယူရန် ကြိုးစားမှု ခံနေ ရသည်မှာ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်သလို စစ်တပ်က အာဏာ သိမ်းရန် ကြိုးပမ်းမှု နှင့်လည်း ရင်ဆိုင် ခဲ့ရသည်။ ထိုအခြေ အနေများက စစ်တမ်း ကောက်ယူ ခံရသူများ၏ ဒီမိုကရေစီ စနစ် အပေါ် အမြင်ကို ပြောင်းလဲ စေခဲ့ခြင်း ဖြစ်သည်။
ထိုနိုင်ငံ များတွင် အစိုးရများ အနေဖြင့် ဒီမိုကရေစီ ဆိုင်ရာ စွမ်းဆောင်မှု ( Democratic Perfor- mance) များဖြစ် သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံး လှုပ်ရှားခွင့် စသည် တို့ကို အကောင်အထည် ဖော်ပေးမှု များတွင် အောင်မြင် မှုများ ရှိသည့်တိုင် မူဝါဒ ဆိုင်ရာ စွမ်းဆောင်မှု ( Policy Performance ) များဖြစ်သည့် အဂတိ လိုက်စားမှု များကို ထိန်းချုပ် နိုင်ခြင်း၊ တရား ဥပဒေ စိုးမိုးမှုနှင့် ငြိမ်ဝပ် ပိပြားမှု ရရှိအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် အောင် ဆောင်ရွက် ခြင်းနှင့် ဆင်းရဲ ချမ်းသာ ကွဲပြားမှုကို လျော့နည်း စေခြင်း စသည့် လုပ်ဆောင်ချက် များတွင် အားနည်း ချက်များ ရှိနေ သည်ကို တွေ့ရသည်။ ထိုအချက်များက ပြည်သူများ၏ ဒီမိုကရေစီ စနစ် အပေါ် ယုံကြည် အားကိုးမှု ကို လျော့ကျစေသည်။
ဂျပန် နိုင်ငံတွင် ဆိုပါက စစ်တမ်း ကောက်ခံ ရသူများ၏ ၁၉% ကသာ မေးခွန်း ငါးခုလုံးတွင် ဒီမိုကရေစီ ကို ထောက်ခံ သွားခဲ့ သည်ကို တွေ့ရသည်။
သို့သော် ထိုသဘော ထားများက ဒီမိုကရေစီ စနစ်ကို ပစ်ပယ်ခြင်း မဟုတ်။ သူတို့ နိုင်ငံများတွင် လက်ရှိ တွေ့ကြုံ နေရသည့် ဒီမိုကရေစီ ပုံစံများကို စိတ်ပျက် နေခြင်းသာ ဖြစ်သည်ဟု စစ်တမ်း ကောက်ယူသူ တို့က ဆိုသည်။ ဘာပဲဖြစ်ဖြစ် အရှေ့ အာရှနိုင်ငံ ခုနှစ် နိုင်ငံက ပြည်သူ များ၏ သဘောထား ကတော့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ ဒီမို ကရေစီနှင့် တည်ငြိမ်မှု တွဲဖက်နိုင်မှသာ ပြည်သူ တွေ၏ ယုံကြည်မှုကို ရနိုင်မည် ဆိုသည့် အချက်ကို သက်သေ ပြလိုက် သည်ဟု ဆိုနိုင်သည်။ ထိုသို့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ်မှု တွဲဖက် နိုင်ရန်မှာမူ မိမိနိုင်ငံနှင့် ကိုက်ညီသည့် အဖြေကို ရှာရပေမည်။ ထိုအချက် သည်ပင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်း များတွင် သတိထား ရမည့် အချက် ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်

Asia Challenged Democracy , The Washington Quarterly 1. 1. 2009
Read more

Sunday, September 29, 2013

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေ

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေကို The Law Concerning Political Parties ( 2002) ဟု အမည်ပေး ထားသည်။ ထို ဥပဒေသည် ဆူဟာတို၏ လမ်းညွှန် ဒီမို ကရေစီကို စစ်မှန်သော ဒီမိုကရေစီ ပုံစံဖြင့် အစား ထိုးနိုင်ရေး ဆောင်ရွက် နေချိန်တွင် ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်။ ဆူဟာတို၏ လမ်းညွှန် ဒီမိုကရေစီ အောက်တွင် အာဏာရ ပါတီ ဖြစ်သည့် ဂိုလ်ကာ ပါတီအပြင် ဘာသာရေး ပါတီများကို စုစည်း ထားသည့် ပါတီကြီး တစ်ခုနှင့် ကျန် နိုင်ငံရေး ပါတီများကို စုစည်း ထားသည့် ပါတီကြီး တစ်ခု စုစုပေါင်း ပါတီကြီး သုံးခုသာ ရပ်တည်ခွင့် ပေးထား ခဲ့သည်။ ထို့ကြောင့် ယခုနိုင်ငံရေး ပါတီ ဥပဒေကို ရေးဆွဲသည့် အခါ ဆူဟာတို လက်ထက် ကလောက်လည်း မတင်းကျပ်၊ ဆူကာနို လက်ထက် ကလောက်လည်း ဗရမ်း ပတာ မဖြစ် စေရန် ရည်ရွယ် ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။
ပါတီ တည်ထောင် သူများ
အင်ဒိုနီးရှား ဥပဒေ အရ အသက် ၂၁ နှစ်ထက် မငယ်သော အင်ဒိုနီးရှား နိုင်ငံသား ငါးဆယ်ဦးက နိုတြီ စာချုပ် ချုပ်ဆိုပြီး ပါတီကို ဖွဲ့စည်း နိုင်သည်။ ပါတီ ဖွဲ့စည်း မှုကိုမူ ကော်မရှင်တွင် မှတ်ပုံ တင်ရခြင်း မဟုတ်ဘဲ တရားရေး ၀န်ကြီး ဌာနတွင် မှတ်ပုံ တင်ရသည်။ ထိုသို့ ဖွဲ့စည်း ရာတွင် အခြေခံ ဥပဒေနှင့် လည်းကောင်း အခြား ဥပဒေ များနှင့် လည်းကောင်း အညီ ဖြစ်ရန် လိုပါသည်။ ထို့ပြင် ပါတီ အနေဖြင့် ပါတီ ဌာနချုပ်ရုံးကို အတည် တကျ ဖွင့်လှစ် နိုင်စွမ်း ရှိရမည့် အပြင် ပြည်နယ် များ၏ အနည်းဆုံး ၅၀% တွင် အမှုဆောင် အဖွဲ့များ ဖွဲ့စည်း နိုင်ရမည် ဖြစ်သည်။ အလားတူပင် ပြည်နယ် အတွင်းရှိ ခရိုင် ထက်ဝက် ကျော်တွင် အမှုဆောင် အဖွဲ့ ဖွဲ့စည်း နိုင်ရမည် ဖြစ်ပြီး ခရိုင်တစ်ခု အတွင်းရှိ မြို့နယ် ၂၅ % တွင်လည်း အမှုဆောင် အဖွဲ့များ ဖွဲ့စည်း နိုင်ရမည် ဖြစ်သည်။ ထိုအချက် များကို ဆောင်ရွက် နိုင်မှသာ ပါတီ အဖြစ် အသိအမှတ် ပြုခြင်း ခံရမည် ဖြစ်သည်။
ပါတီများ လိုက်နာရမည့် စည်းကမ်း
အင်ဒိုနီးရှား ဥပဒေအရ အသက် ၁၇ နှစ်ပြည့် ပြီးသူ သို့မဟုတ် အိမ်ထောင်ရှင် တိုင်း ပါတီ ၀င်ခွင့် ရှိသည်။ ပါတီ ၀င်ရာတွင် လူမျိုး၊ ဘာသာနှင့် ကျားမ ခွဲခြားခြင်း မပြုရန် သတ်မှတ် ထားသည်။ ပါတီ အဖွဲ့ အစည်း အဆင့်ဆင့် ဖွဲ့စည်း ရာတွင် နိုင်ငံတော် အဆင့်မှ ကျေးရွာ အဆင့် အထိ အမှုဆောင် အဖွဲ့များ ဖွဲ့စည်းရန် လိုအပ်သည့် အပြင် ပါတီ ဌာနချုပ် ကိုလည်း နိုင်ငံ၏ မြို့တော်တွင် အခြေစိုက်ရန် သတ်မှတ် ထားသည်။ ဤအချက်သည် ကျွန်းပေါင်း ထောင်ချီ ရှိသည့် နိုင်ငံတွင် ဒေသဆိုင်ရာ ပါတီငယ် လေးများ ပေါ်လာပြီး ဒေသစွဲ၊ လူမျိုးစွဲ အစွန်း ရောက်သည့် အခြေအနေ ဖြစ်မလာ စေရန် ရည်ရွယ် လုပ်ဆောင် ထားခြင်း လည်း ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံရေး ပါတီ များသည် ပါတီ မူဝါဒများ ချမှတ် ရာတွင် (Pancasila) ဟုခေါ်သည့် နိုင်ငံတော် အခြေခံ မူငါးရပ်( တစ်ဆူ တည်းသော ဘုရားကို ယုံကြည်မှု၊ တရားမျှတပြီး ယဉ်ကျေးသော လူ့ အဖွဲ့အစည်း ဖြစ်မှု၊ စည်းလုံး ညီညွတ်မှု၊ အသိဥာဏ် ပြည့်ဝစွာ ဒီမို ကရေစီ ကျင့်သုံးမှု နှင့် လူမှုရေး တရားမျှတမှု) နှင့် ၁၉၄၅ ခုနှစ် အခြေခံ ဥပဒေကို ဆန့်ကျင်ခြင်း မရှိရန် ပြဋ္ဌာန်း ထားသည်။ ထို့ပြင် နိုင်ငံတော် အခြေခံမူ ငါးရပ်ကို စောင့်ထိန်းရန်၊ အခြေခံ ဥပဒေနှင့် အခြား ဥပဒေများကို ကာကွယ်ရန်နှင့် အင်ဒိုနီးရှား နိုင်ငံ၏ ဂုဏ်သိက္ခာကို စောင့်ထိန်း ရန်နှင့် ကာကွယ် စောင့်ရှောက်ရန် ကို နိုင်ငံရေး ပါတီများ၏ မဖြစ်မနေ ထမ်းဆောင် ရမည့် တာဝန် အဖြစ် သတ်မှတ် ထား ခဲ့သည်။ အထက်တွင် ဖော်ပြ ထားသည့် အခြေခံမူ ငါးရပ်သည် ဆူကာနို လက်ထက် ကပင် အင်ဒိုနီးရှား နိုင်ငံ အတွင်း ဘာသာရေး၊ လူမျိုးရေး ကွဲပြား နေမှု များကို ကျော်လွန်ပြီး စည်းလုံး ညီညွတ်သည့် ပြည်ထောင်စု အဖြစ် တည်ဆောက် နိုင်ရန် အတွက် သတ်မှတ် ခဲ့ခြင်း ဖြစ်ပြီး ဆူကာနို နောက်ပိုင်း အစိုးရ အဆက်ဆက် ကလည်း အမျိုးသားရေး မူဝါဒ အဖြစ် ဆက်လက် လက်ခံ ကျင့်သုံး ခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရေး ပါတီ ဥပဒေ ကဲ့သို့ပင် အင်ဒိုနီးရှား နိုင်ငံ ဥပဒေ တွင်လည်း ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ရေးနှင့် ပတ်သက်ပြီး ထည့်သွင်း ပြဋ္ဌာန်း ထားသည်ကို တွေ့ရ၏။ အင်ဒိုနီးရှား နိုင်ငံရေး ပါတီများတွင် အမှုဆောင် အဖွဲ့ အဆင့်ဆင့်သည် ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့် အညီ ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက် ထားသူများ ဖြစ်ရမည်ဟု သတ်မှတ် ထားသကဲ့သို့ နိုင်ငံတော် အဆင့် အမှုဆောင်အဖွဲ့ ကို ပြင်ဆင် ပြောင်းလဲ မှုများ ပြုလုပ်ပါက ရက်ပေါင်း သုံးဆယ် အတွင်း တရားရေး ၀န်ကြီး ဌာနသို့ တင်ပြရန် နှင့်  တရားရေး ၀န်ကြီးဌာနက အမှုဆောင်အဖွဲ့သစ်ကို အသိအမှတ်ပြုသည့်စာထုတ်ပြန်ပေးရန် သတ်မှတ် ထားပါသည်။
အင်ဒိုနီးရှား ဥပဒေ တွင်လည်း နိုင်ငံရေး ပါတီများ အနေဖြင့် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်ချက် များကိုလည်း သီးခြား ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။ ထို ပြဋ္ဌာန်းချက် များအရ နိုင်ငံရေး ပါတီများ အနေဖြင့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လည်းကောင်း၊ အခြား ဥပဒေ များနှင့် လည်းကောင်း ဆန့်ကျင်သော လုပ်ဆောင် ချက်များ၊ နိုင်ငံ၏ စည်းလုံး ညီညွတ်မှုကို ထိခိုက် စေသော မလုပ်ရန် တားမြစ် ထားသည့် အပြင် ထူးထူး ခြားခြား ကွန်မြူနစ် နှင့် မာ့စ် - လီနင် ၀ါဒ များကို ဖြန့်ဖြူးခြင်း၊ သင်ကြားခြင်း၊ ယုံကြည် လက်ခံခြင်း မပြုရန် သတ်မှတ် ထားသည်ကို တွေ့ရ  ပြန်သည်။ ထိုသတ်မှတ် ချက်မှာ ၁၉၆၅ ခုနှစ် စက်တင်ဘာ ၃၀ ရက် အင်ဒိုနီးရှား ကွန်မြူနစ် ပါတီ၏ မအောင် မြင်သော အာဏာ သိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ဆူဟာတို အစိုးရ လက်ထက် တွင်လည်း သတ်မှတ်ခဲ့ရာ ယခု အချိန် အထိ နိုင်ငံရေး ပါတီများ လိုက်နာ ရမည့် စည်းကမ်း အဖြစ် ဆက်လက် တည်ရှိ နေသည်ကို တွေ့ရသည်။ ထို့ပြင် အစိုးရက ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရှေ့ရှုပြီး  နိုင်ငံတကာနှင့် ချစ်ကြည် ရင်းနှီးစေရန် ဆောင်ရွက် နေသည့် မူဝါဒများကို ထိခိုက် စေမည့် လုပ်ဆောင် ချက်များကို မလုပ် ရန်လည်း တားမြစ် ထားပါသည်။
ပါတီရန်ပုံငွေ
အင်ဒိုနီးရှား နိုင်ငံတွင် နိုင်ငံရေး ပါတီ တစ်ရပ်သည် ပါတီဝင် များထံမှ ပါတီ ၀င်ကြေး၊ ဥပဒေ နှင့်အညီ လှုဒါန်းမှုများနှင့် အစိုးရ ထောက်ပံ့ ငွေများ ဟူသည့် နည်းလမ်း သုံးရပ်ဖြင့် ရန်ပုံငွေ ရှာဖွေ နိုင်သည်။ ပါတီ ရန်ပုံငွေ လှုဒါန်း ရာတွင် လူတစ်ဦး ချင်းထံမှ တစ်နှစ်လျှင် ရူပီးငွေ သန်း နှစ်ရာထက် ပိုပြီး လက်ခံခြင်း မပြုရန်နှင့် စီးပွားရေး ကုမ္ပဏီ များထံမှ ဆိုပါက တစ်နှစ်လျှင် ရူပီးငွေ သန်းရှစ်ရာ ထက်ပိုပြီး လက်ခံခြင်း မပြုရန် သတ်မှတ်ထား ပါသည်။ ထို့ပြင် စီးပွားရေး ကုမ္ပဏီများ၊ အဖွဲ့ အစည်းများ ထံမှ ပစ္စည်း၊ ၀န်ဆောင်မှု၊ အဆောက် အဦများ ရရှိခြင်း ကိုလည်း လှုဒါန်းမှု အဖြစ် သတ်မှတ်ရန် ပြဋ္ဌာန်း ထားပါသည်။ သို့သော် နိုင်ငံပိုင် စီးပွားရေး အဖွဲ့ အစည်းများ၊ ဒေသပိုင် စီးပွားရေး အဖွဲ့ အစည်းများ၊ ကျေးလက် သမ၀ါယမများ၊ ဖောင်ဒေးရှင်းများ၊ NGO များ၊ လူမှု ဂရုဏာ အကူအညီ ပေးနေသည့် အဖွဲ့ အစည်းများ၊ လှုမှုရေး အသင်း များထံမှ ငွေကြေး၊ ပစ္စည်းများ တောင်းခံခြင်း မပြုရဟု သတ်မှတ် ထားပါသည်။ ထိုအချက်မှာ ဆူဟာတို လက်ထက်က ဂိုလ်ကာ ပါတီကို အမည်ခံ ဖောင်ဒေးရှင်း အမျိုးမျိုးမှ တဆင့် ငွေများ ထောက်ပံ့ ပေးခဲ့သည့် အဖြစ်များမှ သင်ခန်း စာယူ ထည့်သွင်း ထားခြင်း ဖြစ်ပေသည်။
ထို့ပြင် နိုင်ငံခြား အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုမှ အလှုငွေနှင့် ပစ္စည်းများ လက်ခံခြင်း၊ လှုဒါန်းသည့် နေရာ၊ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကို တိကျစွာ ဖော်ပြ မထားသော အလှုငွေနှင့် ပစ္စည်းများကို လက်ခံခြင်း၊ သတ်မှတ် ပမာဏထက် ကျော်လွန်သော ငွေကို လက်ခံခြင်း၊ စီးပွားရေး လုပ်ငန်း ထူထောင်ခြင်း၊ စီးပွားရေး လုပ်ငန်း များတွင် အစုရှယ်ယာ ၀င်ခြင်းတို့မပြုလုပ် ရန်လည်း တားမြစ် ထားပါသည်။
ပါတီ ဖျက်သိမ်းခြင်း
အင်ဒိုနီးရှား ဥပဒေ အရ ပါတီ တစ်ခုကို တရားရေး ၀န်ကြီး ဌာနက မှတ်ပုံ တင်ခြင်းကို ပယ်ဖျက်ခြင်း ငြင်းပယ်ခြင်း ပြုနိုင် သကဲ့သို့ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး ကလည်း ဖျက်သိမ်းရန် ဆုံးဖြတ် နိုင်သည်။ ပါတီများ လိုက်နာရန် သတ်မှတ် ထားသည့် စည်းကမ်းများ အနက် ကွန်မြူနစ် နှင့် မာ့စ်-လီနင် ၀ါဒများကို ဖြန့်ဖြူးခြင်း၊ သင်ကြားခြင်း၊ ယုံကြည် လက်ခံခြင်း မပြုရန် သတ်မှတ် ချက်ကို ချိုးဖောက် ပါက ကျူးလွန်သူကို နိုင်ငံတော် လုံခြုံရေး ဥပဒေ အရ အရေးယူပြီး ပါတီကို ဖျက်သိမ်းခြင်း ခံရမည် ဖြစ်သည်။ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး အနေဖြင့် နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေနှင့် အခြား ဥပဒေ များကို ချိုးဖောက် သော နိုင်ငံရေး ပါတီ တစ်ခုကို ဖျက်သိမ်းရန် အမိန့်ချ နိုင်သကဲ့သို့ ပါတီ အဖြစ်မှ တစ်နှစ် ရပ်ဆိုင်းခြင်း သို့မဟုတ် ရွေးကောက်ပွဲ ၀င်ခွင့်ကို ပိတ်ပင်ခြင်း တို့ကိုလည်း အမိန့် ချမှတ် နိုင်သည်။
တရားရေး ၀န်ကြီး ဌာန အနေဖြင့် မှတ်ပုံ တင်သော နိုင်ငံရေး ပါတီသည် သတ်မှတ် ထားသည့် အတိုင်း ရုံးများ မဖွင့်နိုင်လျှင် လည်းကောင်း၊ နိုင်ငံတော် အခြေခံ မူငါးရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် လည်းကောင်း မှတ်ပုံ တင်ခြင်း ကို ပယ်ဖျက် နိုင်သည်။
ယခု ဥပဒေ ထုတ်ပြန် ချိန်တွင် တည်ရှိနေပြီး ဖြစ်သည့် နိုင်ငံရေး ပါတီများ အနေဖြင့် ဥပဒေပါ သတ်မှတ် ထားသည့် ပါတီ ရုံးများ ဖွင့်လှစ် ရမည့် အရေ အတွက်ကို ပြည့်မီအောင် ဖွဲ့စည်းခြင်း မပြုနိုင်လျှင် ပါတီ အဖြစ် အသိအမှတ် ပြုခြင်းကို ရပ်စဲမည် ဖြစ်ကြောင်း လည်း ဖော်ပြ ထားသည်ကို တွေ့ရသည်။
ပြစ်မှုနှင့် ပြစ်ဒဏ်များ
 အင်ဒိုနီရှား ဥပဒေ အရ နိုင်ငံရေး ပါတီများ ကိုကြီးကြပ်မှုအား တရားရေး ၀န်ကြီး ဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင် တို့က ဆောင်ရွက်သည်။ ပြစ်ဒဏ်များ အနေဖြင့်မူ ထောင်ဒဏ် အနေဖြင့် နှစ်လမှ ခြောက်လ အထိ ချမှတ် နိုင်ပြီး ဒဏ်ငွေ အနေဖြင့်မူ အနည်းဆုံး ရူပီးသန်း နှစ်ရာမှ သန်း တစ်ထောင် အထိချမှတ် နိုင်သည်။ ထို့ပြင် ပါတီကို ဖျက်သိမ်းခြင်း၊ ပါတီ တည်ရှိမှုကို တစ်နှစ် ရပ်ဆိုင်းခြင်း၊ ရွေးကောက်ပွဲ ၀င်မှုကို ပိတ်ပင်ခြင်း များအပြင် ရွေးကောက်ပွဲ ကော်မရှင်က သတိပေးခြင်း၊ နိုင်ငံတော်မှ ထောက်ပံ့ငွေ များကို ရပ်ဆိုင်းခြင်း၊ ငွေကြေးနှင့် ပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်း တို့ကိုလည်း လုပ်ဆောင် နိုင်သည်။ ထူးထူး ခြားခြား အနေဖြင့် ပါတီ ရန်ပုံငွေ လှုဒါန်းမှုနှင့် ပတ်သက်သည့် စည်းမျဉ်း များကို ချိုးဖောက်လျှင် သက်ဆိုင်ရာ ပါတီကို သာမက လှုဒါန်းသူ ကိုပါ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ် နိုင်ရန် သတ်မှတ် ထားသည် ကိုလည်း တွေ့ရသည်။
ပါတီများ၏ အခွင့်အရေး
အင်ဒိုနီးရှား ဥပဒေတွင် နိုင်ငံရေး ပါတီများ ဘက်မှ လိုက်နာ ရမည့် စည်းကမ်း များကို သတ်မှတ် ထားသကဲ့သို့ နိုင်ငံရေး ပါတီများ၏ အခွင့်အရေး များကိုလည်း သီးခြား ပြဋ္ဌာန်း ထားသည်ကို တွေ့ရ၏။ ထို ပြဋ္ဌာန်းချက် အရ ဥပဒေနှင့် အညီ ရပ်တည်သည့် နိုင်ငံရေး ပါတီ များသည် အစိုးရ၏ တန်းတူ ရည်တူနှင့် တရား မျှတစွာ ဆက်ဆံမှု၊ ပါတီ ရေးရာ များကို လွတ်လပ်စွာ ဆောင်ရွက် နိုင်မှု၊ ရွေးကောက်ပွဲ ဥပဒေနှင့် အညီ ယှဉ်ပြိုင်ခွင့်၊ အမည်စာရင်း တင်းသွင်းခွင့် ရှိမှု၊ ရွေးချယ်ခံ အဖွဲ့အစည်း များတွင် ပါဝင် နေသည့် မိမိတို့ ပါတီဝင် များကို ဥပဒေနှင့် အညီ အစား ထိုးခွင့်၊ တာဝန်မှု ရုပ်သိမ်း ခွင့်ရှိမှု၊ ဥပဒေ နှင့်အညီ သမ္မတနှင့် ဒုတိယ သမ္မတ လောင်းအမည် စာရင်းများ တင်သွင်း နိုင်မှု စသည့် အခွင့်အရေး များကို ရရှိရန် အာမခံ ထားသည်ကို တွေ့ရသည်။
မှတ်ချက်
(၂၀၀၇ခုနှစ် တွင် ဤဥပဒေကို ပြင်ဆင်မှု အချို့ ပြုလုပ် ခဲ့သော်လည်း အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ခြင်း မရှိသေး သဖြင့် ၂၀၀၂ ဥပဒေ ကိုပင် ကိုးကား ရေးသား ထားပါသည်။)
ရဲထွဋ်
မှီငြမ်းပြုစာစောင်

The Law  of the Republic of Indonesia Concerning Political Parties ( 2002) 
Read more

ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီဥပဒေ

ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေကို Organic Act on Political Parties ( 2007) ဟု ခေါ်သည်။ ထိုဥပဒေ သည် သက်ဆင် အစိုးရ လက်ထက် ထိုင်းရတ်သ် ထိုင်း ပါတီ၏ လုပ်ဆောင် ခဲ့မှုများ အပေါ် အခြေခံပြီး ရေးဆွဲ ခဲ့ခြင်း ဖြစ်သော ကြောင့် အနာဂတ်တွင် ငွေကို တံတား ခင်းပြီး နိုင်ငံရေး အာဏာ ရယူ ခဲ့သည့် ဖြစ်စဉ်မျိုး ထပ်မပေါ်အောင် ရည်ရွယ် ရေးဆွဲ ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။
ပါတီ တည်ထောင် သူများ
ထိုင်းနိုင်ငံ ဥပဒေ အရ ထိုင်း နိုင်ငံသား အသက် ၁၈ နှစ် ပြည့်ပြီးသူ ၁၅ ဦးနှင့် အထက်ဖြင့် နိုင်ငံရေး ပါတီကို ဖွဲ့စည်း နိုင်သည်။ သို့သော် ထိုသူ များသည် ထိုင်း အခြေခံ ဥပဒေ အရ နိုင်ငံရေး လုပ်ဆောင်ခြင်း မပြုရန် ပိတ်ပင်ခြင်း ခံထား ရသူများ မဖြစ် စေရန် သတ်မှတ် ထားသည်။ ထိုင်းအခြေခံ ဥပဒေတွင် မိမိ ပိုင်ဆိုင်မှုကို အမှန်အတိုင်း မကြေညာပဲ ဖုံးကွယ် ထားသူများ၊ အထက် လွှတ်တော် အမတ် အဖြစ်မှ စွတ်စွဲ ပြစ်တင် ဖယ်ရှား ခံရသူ များနှင့် နိုင်ငံရေး ပါတီ ဥပဒေပါ အချက် များကို ဖောက်ဖျက် သူများကို နိုင်ငံရေး လုပ်ဆောင် ခြင်းမှ ငါးနှစ်အထိ ပိတ်ပင်ရန် သတ်မှတ် ထားပါသည်။
ယခု အချိန်တွင် သက်ဆင်နှင့် ထိုင်းရတ်သ် ထိုင်း ပါတီ ခေါင်းဆောင် တစ်ရာ ကျော်မှာ နိုင်ငံရေး လုပ်ဆောင်ခြင်း မပြုရန် ပိတ်ပင် ခံထားရ သူများ ဖြစ်သောကြောင့် နောက်ထပ် ပါတီ တစ်ခု ထပ်မံ တည်ထောင် ခွင့် မရှိသည်ကို တွေ့ရ ပါသည်။ ထို့ပြင် နိုင်ငံရေး ပါတီ များသည် ဘုရင်ကို နိုင်ငံ အကြီးအကဲ အဖြစ် အသိ အမှတ်ပြု ထားသည့် အခြေခံ ဥပဒေကို လိုက်နာရန် အတွက်လည်း ကတိ ပြုရန် လိုအပ်ပါသည်။
ထိုင်း ဥပဒေအရ ၁၈ နှစ်ပြည့်ပြီး သူများသည် ပါတီ ထောင်ခွင့် ရသော်လည်း ပါတီ၏ အရေးကြီးသည့် တာဝန်များ ဖြစ်သည့် ရွေးချယ် တင်မြှောက် ထားသည့် ခေါင်းဆောင်၊ ဒုတိယ ခေါင်းဆောင်၊ အတွင်း ရေးမှူး၊ ဒုတိယ အတွင်း ရေးမှူး၊ ဘဏ္ဍာထိန်း၊ မော်ကွန်းထိန်း၊ ပြောရေး ဆိုခွင့် ရှိသူနှင့် ဗဟိုအမှုဆောင် ကော်မတီ ၀င်များသည် အသက် နှစ်ဆယ်ထက် မငယ်သည့်  ထိုင်း နိုင်ငံသားများ ဖြစ်ရန် သတ်မှတ် ထားပါသည်။
ပါတီ လုပ်ငန်းများ ဆောင်ရွက်ခြင်း
ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဥပဒေတွင် ပါတီများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အတော်လေး အသေးစိတ် ရေးထား သည်ကို တွေ့ရသည်။ ထူးခြားချက်မှာ ပါတီ အလုပ် အမှုဆောင် ကော်မတီသည် ပါတီ၏ နိုင်ငံရေး  လုပ်ငန်း များကို အခြေခံ ဥပဒေ နှင့်အညီ၊ တရား ဥပဒေနှင့် အညီ လုပ်ဆောင်ရန် တာဝန် ရှိသည့် အပြင် ပါတီဝင်များ၊ လွှတ်တော် အမတ်များ အနေဖြင့် အခြေခံ ဥပဒေနှင့် လည်းကောင်း၊ တရားဥပဒေ နှင့်လည်းကောင်း လိုက်နာေ ဆာင်ရွက် စေရန် အတွက် တာဝန် ရှိသည်ဟု ပုဒ်မ ၁၇ နှင့် ၁၈ တွင် ထည့်သွင်း ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။ ထို့ပြင် ပါတီဝင် ဖြစ်စေရန် အတွက် ငွေကြေး၊ ပစ္စည်း နှင့်အခြား အကျိုး ခံစားခွင့် များဖြင့် တိုက်ရိုက် သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်း ဆွဲဆောင် စည်းရုံးခြင်း မပြုရန် သတ်မှတ် ထားသကဲ့သို့ ပါတီဝင် ဖြစ်စေရန် အတွက် ပုဂ္ဂိုလ် တစ်ဦး ဦးထံမှ ဖြစ်စေ ငွေကြေး၊ ပစ္စည်းနှင့် အခြား အကျိုး ခံစားခွင့် တစ်ခုခုကို တောင်းဆိုခြင်း မပြုရန်လည်း ကန့်သတ် ထားသည်။ ထို ကန့်သတ် ချက်သည် ထိုင်း နိုင်ငံရေး ပါတီများ လုပ်လေ့ ရှိသည့် အခြား ပါတီမှ အမတ်များကို ငွေကြေး၊ အခွင့်အရေးများ ပေးပြီး ဘက်ပြောင်းအောင် ဆွဲဆောင် သည့် အလေ့အထကို ကာကွယ်နိုင် ရန် ပြဋ္ဌာန်း ထားခြင်း ဖြစ်ပေသည်။
ထိုင်းနိုင်ငံ ဥပဒေတွင် နိုင်ငံရေး ပါတီ တည်ထောင် ပြီးနောက် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည့်မီ ရမည့် စံများကို မြင့်မြင့် မားမား သတ်မှတ် ထားသည် ကိုလည်း တွေ့ရသည်။ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် ကော်မရှင်က သတ်မှတ် ပေးထားသည့် ဒေသ တစ်ခုစီတွင် အနည်းဆုံး ပါတီဝင် အင်အား ငါးထောင် ရအောင် တစ်နှစ် အတွင်း စည်းရုံး ဆောင်ရွက် ရမည် ဖြစ်သည်။ ထို့ပြင် ထိုဒေသများ ( Region and Provinces ) တွင် အနည်းဆုံး ရုံးတစ်ရုံးစီ ဖွင့်လှစ် နိုင်ရမည် ဖြစ်သည့် အပြင် တစ်နှစ်အတွင်း ထို သတ်မှတ်ချက် နှစ်ခုကို ပြည့်မီအောင် ဆောင်ရွက် နိုင်ခြင်း မရှိပါက ပါတီအဖြစ်မှ ရပ်ဆိုင်းခြင်း ခံရမည်ဖြစ် ပါသည်။ ထိုင်း ဥပဒေတွင် မှတ်သားစရာ ကောင်းသည့် အချက်မှာ ပါတီတွင်း ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေး အတွက် ဥပဒေဖြင့် သတ်မှတ် ထားခြင်း ဖြစ်သည်။ နိုင်ငံရေး ပါတီ တစ်ခုသည် သတ်မှတ် ပါတီဝင် အင်အားကို ပြည့်မီပါက ရက်ပေါင်း ခြောက်ဆယ် အတွင်း ပါတီ ညီလာခံ ခေါ်ယူပြီး ခေါင်းဆောင် များကို ပြန်လည် ရွေးချယ်ခြင်း၊ ပါတီ ဖွဲ့စည်းရန် ဆောင်ရွက်စဉ်က ချမှတ် ခဲ့သည့် မူဝါဒများကို သုံးသပ် အတည် ပြုခြင်းတို့ကို လုပ်ဆောင် ရမည် ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာ ပါတီက ညီလာခံ ခေါ်ယူခြင်း မပြုလျှင် ပါတီ မှတ်ပုံ တင်ခြင်းကို ကြီးကြပ် ရသည့် အဖွဲ့အစည်းက ထိုအတိုင်း လိုက်နာ ဆောင်ရွက်ရန် အချိန် သတ်မှတ် ညွှန်ကြား နိုင်သည်။ လိုက်နာခြင်း မပြုလျှင် အရေးယူ နိုင်သည်။  
ထို့ပြင် ပါတီ တစ်ခုသည် တစ်နှစ် တစ်ကြိမ် ပါတီ ညီလာခံကို ခေါ်ယူရန် လိုအပ် သကဲ့သို့  ပါတီဝင် အောက လွှတ်တော် အမတ် လေးပုံ တစ်ပုံ၊ သို့မဟုတ် အမှုဆောင်ေ က်ာမတီဝင် သုံးပုံ တစ်ပုံ သို့မဟုတ် ပါတီဝင် အားလုံး၏ ဆယ်ပုံ တစ်ပုံ သို့မဟုတ် နှစ်ထောင် ထက် မနည်းသော ပါတီဝင် များက တောင်းဆို လျှင် အရေးပေါ် ပါတီ ညီလာခံ ခေါ်ယူပေး ရမည် ဟုလည်း ကန့်သတ် ထားသည် ကို တွေ့ရ၏။
ပါတီရန်ပုံငွေ
ပါတီ ရန်ပုံငွေ ရှာဖွေ ခြင်းနှင့် ပတ်သက် လျှင် ထိုင်း နိုင်ငံရေး ခေါင်းဆောင် များက ကိုယ်ပိုင် ငွေကြေးကို သုံးပြီး ကိုယ်ပိုင် ပါတီများ တည်ထောင်သည့် အလေ့ အထကို ထိန်းချုပ် နိုင်ရန် အတွက် ရည်ရွယ် လုပ်ဆောင် ထားသည် ကို တွေ့ရသည်။ ထို့ကြောင့် ပါတီသို့ လှုဒါန်း ငွေများ အနက် ဘတ်တစ်သိန်း ထက်ကျော်လွန် သောလှုဒါန်းမှု များကို လှုဒါန်းသူ အမည်နှင့် တကွ တင်ပြရန် သတ်မှတ် ထားသကဲ့ သို့ လူတစ်ဦး တည်းက ဘတ် ဆယ်သန်းထက် ကျော်လွန် လှုဒါန်းမှု များကိုလည်း တားမြစ် ထားပေသည်။ ထို့ပြင် ထိုင်း နိုင်ငံသား မဟုတ်သူများ၊ နိုင်ငံခြား တိုင်းပြည် တစ်ခု၏ ဥပဒေကို လိုက်နာ ရသူများ၊ ပြည်ပ အဖွဲ့အစည်း များနှင့် အခြား တိုင်းပြည် များမှ အထောက်အပံ့ များကို ရယူထား သူများ ထံမှ လှုဒါန်းမှု များကို လက်မခံ ရန်လည်း ကန့်သတ် ထားပါသည်။ ထို့ပြင် ၀န်ကြီးချုပ်နှင့် ၀န်ကြီး တာဝန် ထမ်းဆောင်နေ သူများက အရှိန်အ၀ါ၊ သြဇာကို သုံးပြီး မိမိပါတီနှင့် အမတ်များ အတွက် ငွေရှာ ပေးခြင်း ကိုလည်း တားမြစ်သည့် အပြင် ဖောက်ဖျက်ပါက ထောင်ဒဏ် ချမှတ် ရန်လည်း ပြဋ္ဌာန်းထားပါသည်။
နိုင်ငံရေး ပါတီ အဖြစ်မှ ပျက်ပြယ်ခြင်း
ထိုင်းနိုင်ငံ ဥပဒေတွင် နိုင်ငံရေး ပါတီ အဖြစ်မှ ပျက်ပြယ် ခြင်းနှင့် ပတ်သက်ပြီး အသိအမှတ် ပြုခံရမှု ဆုံးရှုံးခြင်း ( Loss of Status of Political Parties)၊ ရပ်စဲခြင်း ( Cessation of Political Parties )နှင့် ဖျက်သိမ်းခြင်း ( Dissolution fo Political Parties) ဟု အသေးစိတ် ခွဲခြား ထားသည်ကို တွေ့ရ ပါသည်။ အသိအမှတ် ပြုခံရမှု ဆုံးရှုံးခြင်း နှင့် ပတ်သက်လျှင် ပါတီ တစ်ခုသည် တစ်နှစ် အတွင်း သတ်မှတ် ပါတီဝင် အရေအတွက် ပြည့်မီမှု မရှိခြင်း၊ အောက် လွှတ်တော် သက်တမ်း နှစ်ကြိမ် သို့မဟုတ် ရှစ်နှစ် အထိ ကိုယ်စားလှယ် လောင်းအမည် စာရင်း တင်သွင်းရန် ပျက်ကွက် ခြင်း၊ ခိုင်လုံသော အကြောင်း မရှိဘဲ တစ်နှစ် ပတ်လုံး ပါတီ ညီလာခံ ခေါ်ရန် ပျက်ကွက်ခြင်း တို့ဖြစ် လာလျှင် အသိ အမှတ်ပြု ခံရမှု ဆုံးရှုံးမည်ဟု သတ်မှတ် ထားသည်။ ပါတီ တစ်ခုသည် ပါတီ စည်းမျဉ်းနှင့် အညီ ပါတီကို ဖျက်သိမ်းလျှင် သို့မဟုတ် အခြား ပါတီ တစ်ခုနှင့် ပူးပေါင်းလျှင်မူ အလို အလျောက် ပါတီ အဖြစ်မှ ရပ်စဲ သွားမည် ဖြစ်သည်။
ထိုင်း ဥပဒေအရ ပါတီများ ဖျက်သိမ်း ခြင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံးကသာ ဆောင်ရွက်နိုင်ပြီး ပါတီ တစ်ခုသည် ဘုရင်မင်းမြတ်ကို နိုင်ငံတော် အကြီးအကဲ အဖြစ် သတ်မှတ် ထားသော ဒီမို ကရေစီ အစိုးရကို ဖြုတ်ချရန်၊ အခြေခံ ဥပဒေနှင့် မညီသော လုပ်ရပ် များဖြင့် နိုင်ငံတော် အာဏာ ကိုရယူရန် ကြိုးစားလျှင် ပါတီ အဖြစ်မှ ဖျက်သိမ်း ခံရမည် ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ ဥပဒေ များကို ချိုးဖောက် လျှင်လည်း ပါတီ အဖြစ်မှ ဖျက်သိမ်း ခံရမည် ဖြစ်သည်။ ထိုင်း ရတ်သ်ထိုင်းနှင့် ချတ်ထိုင်း ပါတီ တို့မှ ရွေးကောက်ပွဲ ဥပဒေပါ မဲဝယ်ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှု များကို ကျူးလွန် ခဲ့သဖြင့် ပါတီ ဖျက်သိမ်း သည့်အပြင် နိုင်ငံရေး လုပ်ဆောင်ခွင့် ကိုလည်း ပိတ်ပင် ခံခဲ့ရခြင်း ဖြစ်သည်။ အလားတူပင် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ ဖြစ်စေ ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်အောင် ဆောင်ရွက်ခြင်း၊ ဥပဒေကို ချိုးဖောက်ခြင်း၊ ပြည်သူ လူထု ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူ လူထု၏ အကျင့် စာရိတ္ထကို ထိခိုက်အောင် ဆောင်ရွက်ခြင်း စသော ပြစ်မှုများကို ကျူးလွန်လျှင်လည်း ပါတီ ဖျက်သိမ်းရန် သတ်မှတ် ထားသည်ကို တွေ့ရ ပါသည်။
မီဒီယာ ကျင့်ဝတ်များ
ထိုင်း နိုင်ငံရေးတွင် နိုင်ငံရေး သမားများ တစ်ဦးနှင့် တစ်ဦး အပုတ်ချခြင်း၊ မမှန်မကန် စွတ်စွဲချက် များဖြင့် သိက္ခ ကျအောင် လုပ်ခြင်း တို့မှာ ထုံးတမ်း စဉ်လာလို ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ၂၀၀၇ နှစ် နိုင်ငံရေး ပါတီများ ဥပဒေ တွင်မူ ထိုအမူ အကျင့် များကို ပြုပြင်ရန် အတွက် ကြိုးစား လာသည် ကို ထင်ထင် ရှားရှား တွေ့လာ ရသည်။ ထိုင်း ဥပဒေတွင် ပါတီဝင် တစ်ဦးသည် အခြား ပါတီ တစ်ခု သို့မဟုတ် အခြား ပါတီဝင် တစ်ဦးကို မမှန်မကန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်လျှင် ထို ဥပဒေများ အတွက် ပြဋ္ဌာန်း ထားသည့် ပြစ်ဒဏ်၏ နှစ်ဆကို ကျခံရမည် ဖြစ်ပြီး ပါတီက ဆောင်ရွက်ခြင်း ဖြစ်ပါက ပါတီကို ဖျက်သိမ်း သည် အထိ ပြစ်ဒဏ် ချမှတ်နိုင် ကြောင်း ဖော်ပြ ထားသည်။
ပြစ်မှုနှင့် ပြစ်ဒဏ်များ
ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဥပဒေသည် အခြား နိုင်ငံများ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေ များနှင့် နှိုင်းယှဉ်လျှင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ကျယ်ကျယ် ပြန့်ပြန့် သတ်မှတ် ထားသည်ကို တွေ့ရ ပါသည်။ ပြစ်မှုနှင့် ပြစ်ဒဏ် များနှင့် ပတ်သက်လျှင် အခန်း(၅) တွင် ပုဒ်မ ၁၀၄ မှ ၁၃၂ အထိ ပြဋ္ဌာန်း ထားပြီး ချမှတ် နိုင်သော ပြစ်ဒဏ် များကိုလည်း ရာဇ၀တ် ကြောင်းအရ  ( Criminal Penalities )  နှင့် အုပ်ချုပ်မှု နည်းလမ်း အရ ( Adminiatrative Penalities) ဟု နှစ်ပိုင်း ခွဲထား သည်ကို တွေ့ရ ပါသည်။ ပြစ်ဒဏ် များမှာ ဘတ် သုံးထောင်မှ သုံးသောင်း အထိ ဒဏ်ငွေမှ အစပြုပြီး ထောင်ဒဏ် ဆယ်နှစ်နှင့် ဘတ်ငွေ နှစ်သိန်း အထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်ကို တွေ့ရပါသည်။ ထို့ပြင် သက်ဆိုင်ရာ နိုင်ငံရေး ပါတီကို ဖျက်သိမ်းခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ် များကို နိုင်ငံရေး လုပ်ဆောင် ခွင့်မှ ငါးနှစ် အထိ ပိတ်ပင်ခြင်း စသည့် ပြစ်ဒဏ် များကို ချမှတ် နိုင်ကြောင်း ဖော်ပြ ထားသည် ကိုလည်း တွေ့ရပါသည်။
ရဲထွဋ်

မှီငြမ်းပြုစာစောင်
Organic Act on Political Parties ( 2007) , Unofficial Translation provided by IFES 
Read more

Saturday, September 28, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ(၆)

အာရှဒေသ အခြေအနေ 
ဥရောပ တိုက်တွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အားကောင်း မောင်းသန် ဖွံ့ဖြိုး တိုးတက် နေသော်လည်း အာရှ ဒေသမှာ နောက်ကျ ကျန်နေ ခဲ့ပြီး  အိန္ဒိယ၊ တောင်ကို ရီးယားနှင့် ဂျပန် နိုင်ငံများ တွင်သာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ခိုင်ခိုင် မာမာ ထွန်းကား သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း Aisa- Pacific Institute of Broadcast Development , AIBD က ၁၉၉၀ ပြည့်နှစ် အစပိုင်း များမှပင် စတင်ပြီး ဒေသတွင်း၌ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ ပေါ်ထွက်လာ စေရန် အတွက် ကြိုးပမ်း လုပ်ဆောင် ခဲ့သည်။
သို့သော် AIBD ၏ ညွှန်ကြား ရေးမှူး ဒေါက်တာ ဂျာဗတ် မိုတာဂီက စီးပွားရေး ကဏ္ဍကို အလေး ထားမှု၊ ပြည်သူ့ ဘဏ္ဍာငွေ ကန့်သတ် ချက်ရှိမှု၊ သြဇာ ကြီးမားသည့် ပုဂ္ဂလိက မီဒီယာများ၏ ဆန့်ကျင်မှု၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ သဘော သဘာဝ အပေါ် သဘော မပေါက်မှု၊ လူ့စွမ်းအား အရင်းအမြစ် ချို့တဲ့မှုနှင့် နိုင်ငံရေး အရ စိတ်အား ထက်သန်မှု မရှိခြင်း များကြောင့် အာရှ- ပစိဖိတ်ဒေသ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဖွံ့ဖြိုး တိုးတက် ရေးတွင် စိန်ခေါ်မှု အများ အပြားနှင့် ရင်ဆိုင် နေရကြောင်း ၀န်ခံ ပြောဆို ခဲ့သည်။ မည်သို့ပင် ဖြစ်စေ ဗဟု မီဒီယာ အခြေအနေကို ဖော်ဆောင် နိုင်ရန် နှင့် မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေအနေကို ကာကွယ်ရန်၊ နိုင်ငံသား အားလုံး ထံသို့ သတင်းအချက် အလက်များ လွတ်လပ်စွာ စီးဆင်း နိုင်စေရန် အတွက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ပုံစံ တစ်ခုကို ဖော်ထုတ်ရန် လိုအပ် နေပြီဆိုသည့် အချက်ကို ဒေသတွင်း နိုင်ငံများက လက်ခံ လာခဲ့ကြသည်။
ထို့ကြောင့် ၂၀၀၄ ခုနှစ် မေလ ၂၇ ရက်နေ့ ဘန်ကောက် မြို့တွင် ပြုလုပ်ခဲ့သည့် အာရှ- ပစိဖိတ် ပြန်ကြားရေး ၀န်ကြီးများ အစည်းအဝေး က ထုတ်ပြန် ခဲ့သည့် ဘန်ကောက် ကြေညာချက်တွင်  ပြည်သူများကို အသိပေးရန်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို မြှင့်တင်ရန်၊ သတင်း အချက် အလက် များ လွတ်လပ်စွာ စီးဆင်းမှုကို အထောက်အကူ ပြုရန်၊ ပြည်သူများ ပါဝင်နိုင်မှုကို မြှင့်တင်ရန် စသည့် အကျိုး ကျေးဇူးများကို ဖော်ဆောင် နိုင်ရန် အတွက် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများကို ဖော်ဆောင် ပေးရန်  ဟု ဖော်ပြ လာသည်ကို တွေ့ရသည်။
အဆိုပါ ဘန်ကောက် ကြေညာချက် ၌ပင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အနေဖြင့် ဘဏ္ဍာရေး လွတ်လပ်မှု၊ အယ်ဒီတာ လွတ်လပ်မှု တို့ကို အာမခံ နိုင်စေရန် အတွက် လိုက်နာ သင့်သည့် အချက်များ၊ နိုင်ငံသား အားလုံးသို့ သတင်း အချက်အလက် များဖြန့်ဝေ နိုင်ရန် အတွက် လိုက်နာ သင့်သည့် အချက်များနှင့် ရန်ပုံငွေ ထောက်ပံ့ ရမည့် နည်းလမ်းများ စသည်တို့ကို ထည့်သွင်း ဖော်ပြ ခဲ့ပါသည်။
မြန်မာနိုင်ငံ အပါအ၀င် ဖြစ်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အတွင်းတွင် အင်ဒိုနီးရှား နိုင်ငံမှာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို အစောဆုံး စတင် အကောင်အ ထည် ဖော်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ ၁၉၉၈ ခုနှစ်  ပြုပြင် ပြောင်းလဲရေး စတင် ချိန်တွင် နိုင်ငံပိုင် ရုပ်မြင် သံကြားနှင့် အသံလွှင့် ဌာနကို အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ အသွင် ကူးပြောင်းခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ် မတ်လ တွင် ဖို့ဒ် ဖောင်ဒေးရှင်း၏ အကူအညီဖြင့် Centre for Innovation Policy and Governance က ပြုစု ခဲ့သည့် Mapping Media Policy in Indonesia အစီရင်ခံစာ၌ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် မီဒီယာ ကဏ္ဍ ကို စနစ်တကျ စီမံ ခန့်ခွဲရန် ပျက်ကွက် ခဲ့ကြောင်း၊ ထို့ကြောင့် အကျိုးအမြတ်ကို အဓိက ထားသည့် မီဒီယာများသာ အလွန်အကျွံ ဖွံ့ဖြိုး တိုးတက် လာပြီး  မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေအနေ ဖြစ်လာကြောင်း၊ အင်ဒိုနီးရှား အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များမှာလည်း အဖွဲ့အစည်း တွင်း ပြဿနာ များကြောင့် ထိရောက်စွာ စွမ်းဆောင် နိုင်မှု မရှိကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ကို ပြည်သူ့ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားမှု မပြုဘဲ စီးပွားရေး အကျိုးအမြတ် အတွက် သက်သက် စဉ်းစားခြင်းမှာ မသင့် တော်ကြောင်း၊ မီဒီယာ လုပ်ငန်းများကို အခြား စီးပွားရေး လုပ်ငန်းများနှင့် မတူ သီးခြား စဉ်းစား သင့် ကြောင်း ထောက်ပြ ထားသည်ကို တွေ့ရပါသည်။ လက်တွေ့ တွင်လည်း အင်ဒိုနီးရှား နိုင်ငံ၏  သတင်းစာ နှင့် ဂျာနယ် မဂ္ဂဇင်းများ၊ ပုဂ္ဂလိက ရုပ်မြင် သံကြားနှင့် ရေဒီယို အသံလွှင့် ဌာနများ သာမက လူကြိုက် များသည့် အင်တာနက် မီဒီယာ ၀က်ဘ်ဆိုက် များအပါအ၀င် မီဒီယာ အားလုံး နီးပါးသည် မီဒီယာ အုပ်စု ၁၂ ခုလက်ဝယ်တွင် ရှိနေသည်ကို လေ့လာ တွေ့ရှိရ ပါသည်။
ထိုင်းနိုင်ငံတွင်မူ ယခင် ပုဂ္ဂလိကပိုင် Thai Independent Television , TITV ကို ၂၀၀၈ ခုနှစ် တွင် ဥပဒေဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ပြောင်းလဲခဲ့သည်။ ပြောင်းလဲ သည့် နှစ် မကြာမြင့် သေးသော်လည်း ထိုင်းနိုင်ငံ အများပြည်သူ ၀န်ဆောင်မှု ရုပ်သံလွှင့် ဌာန Thai PSB သည် သတင်း အရည်အသွေး မြင့်မား မှုကြောင့် ပြည်တွင်း၊ ပြည်ပမှ အသိ အမှတ်ပြု ခံရသည် ကိုတွေ့ရ ပါသည်။
ဖိလစ်ပိုင် နိုင်ငံတွင်မူ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တစ်ခု ထူထောင်ရန် အတွက် ၂၀၀၇ ခုနှစ် မှ စတင် ကြိုးစား ခဲ့သော်လည်း အောင်မြင်မှု မရှိသေးပါ။   University of the Philippines Visayas မှ ရုပ်သံလွှင့် ပညာရပ် ဆိုင်ရာ လက်ထောက် ပါမောက္ခ Amy Daquilanea-Tanoy ကတော့ ထိုကဲ့သို့ အောင်မြင်မ မရှိရ ခြင်းမှာ အစိုးရနှင့် လွှတ်တော် အနေဖြင့် နိုင်ငံရေးအရ စိတ်အား ထက်သန်မှု မရှိခြင်း၊ လက်ရှိ ပုဂ္ဂလိက မီဒီယာ အုပ်စုကြီးများက ကိုယ်ကျိုး စီးပွား အပေါ် အခြေခံ၍ ဆန့်ကျင်နေ ခြင်းနှင့် ပြည်သူလူထု အနေဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အကြောင်းကို ကောင်းစွာမသိခြင်း တို့ကြောင့် ဖြစ်သည်ဟု သုံးသပ် ပြောကြား ခဲ့ပါသည်။
ထိုကဲ့သို့ အာဆီယံ နိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အယူအဆ စတင် မိတ်ဆက် နေချိန်၌ မိမိတို့ မြန်မာ နိုင်ငံတွင်လည်း အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ စတင်ဖွဲ့စည်း နိုင်ရန် အတွက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ထားပြီ ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံ ဖြစ်သည်နှင့် အညီ ထိုဥပဒေ ကြမ်းအပေါ် အယူအဆ အမျိုးမျိုး၊ အမြင် အမျိုးမျိုးဖြင့် တုန့်ပြန် ဆွေးနွေး ကြသည် မှာလည်း သဘာဝ ကျပါသည်။ ကြိုဆိုရမည့် အချက်လည်း ဖြစ်ပါသည်။
သို့သော် မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဆောင်ရွက် ရာတွင် ယခင် ရှိပြီးဖြစ်သည့် အင်စတီ ကျူးရှင်းများကို ပိုမို ကောင်းမွန်အောင် ပြုပြင်ခြင်း၊ အချို့ အင်စတီ ကျူးရှင်းများကို ဖျက်သိမ်းခြင်း၊ အင်စတီ ကျူးရှင်း အသစ်များကို ဖွဲ့စည်း တည်ထောင်ခြင်း များကို တစ်ပြိုင်တည်း လုပ် ဆောင် နေရသည့် အချိန်ဖြစ်သည်။
ယခု တင်သွင်း ထားသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းမှာ မြန်မာ နိုင်ငံတွင် မရှိ ခဲ့ဖူးသည့် အင်စတီ ကျူးရှင်း အသစ် တစ်ခုကို တည်ထောင် နိုင်ရန် အတွက် ရည်ရွယ် ဆောင်ရွက် ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာကို စတင် ထူထောင် ခဲ့သည့် အပြင်  နိုင်ငံတကာက အလေးထား ရသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ စံနှုန်းများကို ကျင့်သုံး နေသည့် ဥရောပ နိုင်ငံများမှ စံနှုန်းများကို အခြေပြုပြီး မြန်မာနိုင်ငံ အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်အောင် ရေးဆွဲ ထားခြင်း ဖြစ် ပါသည်။
သို့သော် ယနေ့ အချိန်အထိ ဥပဒေကြမ်း အပေါ် ဝေဖန် ထောက်ပြမှု အများစုသည် နိုင်ငံတကာ စံနှုန်းများကို အခြေခံ ခြင်းထက် မိမိတို့ ခံစားချက်များ၊ သံသယများ၊ ပုဂ္ဂလိက အကျိုး စီးပွားများ အပေါ် တွင်သာ အခြေခံ နေသည်ကို လေ့လာ တွေ့ရှိရ ပါသည်။ တကယ်တော့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဆိုသည်မှာ မြန်မာ နိုင်ငံတွင် မရှိခဲ့သေးသည့် အင်စတီ ကျူးရှင်း တစ်ခု ဖြစ်ရာ ဥပဒေကြမ်းကို ဝေဖန်ရာ၌ မိမိတို့ ကိုယ်ပိုင် ခံစားချက်များ၊ အတိတ် အတွေ့အကြုံ များကို အခြေခံပြီး ဝေဖန် နေခြင်းထက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့် ပတ်သက်သည့် နိုင်ငံတကာ စံနှုန်း များကို အခြေခံပြီး ဝေဖန် သုံးသပ်မှသာ အားလုံးအတွက် အကျိုး ရှိမည် ဖြစ်ပါသည်။ ထိုသို့ ဓမ္မအဓိဋ္ဌာန် ကျကျ ဝေဖန် နိုင်ရန် အတွက် ယခု ဆောင်းပါးပါ အချက်အလက် များက အတိုင်းအတာ တစ်ခုအထိ အထောက် အကူပြု နိင်မည်ဟု မျှော်လင့်ပါသည်။
ဗညားအောင်
Read more

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၅)

အများပြည်သူဝန်ဆောင်မှုမီဒီယာပတ်ဝန်းကျင်
ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးပြီး နိုင်ငံများ သာမက ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်း ခဲ့သည့် နိုင်ငံ အများ အပြားတွင် အရည်အသွေး ပြည့်မီသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ တည်ထောင် နိုင်ရန် ကြိုးစား ခဲ့ကြသည်။ အထူးသဖြင့် ယခင် ဆိုဗီယက် ပြည်ထောင်စု ၀င်နိုင်ငံများနှင့် အရှေ့ ဥရောပ နိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ထွန်းကားရေး အတွက် ဥရောပ သမဂ္ဂက ဥရောပ သမဂ္ဂ ၀န်ကြီးများ အစည်းအဝေး (၁၉၉၄) ထုတ်ပြန်ချက် နှင့် ဥရောပ ကောင်စီ ( Council of Europe ) ဆုံးဖြတ်ချက် ၁၆၄၂ (၂၀၀၄) တို့ဖြင့် ဥရောပ နိုင်ငံများ၌ ဒီမိုကရေစီ စနစ်၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်သည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ခိုင်မာစွာ ပေါ်ပေါက် လာရေး ဆောင်ရွက် ရမည်ဟု တိုက်တွန်း ခဲ့ခြင်း သည်ကို တွေ့ရပါသည်။
ဤနေရာတွင် ယခုကဲ့သို့ အများ ပြည်သူ ၀န်ဆောင်မှု ၀န်ဆောင်မှု မီဒီယာ ရှိခြင်းကြောင့် အသွင် ကူးပြောင်းစ နိုင်ငံ များတွင် ပုဂ္ဂလိက မီဒီယာများ ပေါ်ပေါက်ရေးကို ထိခိုက်မှု ရှိနိုင်သလား ဆိုသည့် မေးခွန်းများ ပေါ်ထွက် လာခဲ့သည်။ သို့သော် ၁၉၉၉ ခုနှစ်တွင် ဘီဘီစီ အသံလွှင့် ဌာနအတွက် McKinsey & Company က ပြုလုပ် ပေးခဲ့သည့် ကမ္ဘာ တစ်ဝန်းမှ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အခြေအနေကို လေ့လာ ခဲ့သည့် အစီရင်ခံစာ အရမူ ထိုမီဒီယာ အမျိုးအစား များသည် အပြန် အလှန်အကျိုး ပြုနေပြီး ပြိုင်ဆိုင်မှု ကြောင့် ပြည်သူများ အတွက် ပိုပြီးအကျိုး ဖြစ်ထွန်း ကြောင်း တွေ့ရှိ ရသည်။ McKinsey အစီရင်ခံစာက အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ တည်ရှိ နေသည့် မီဒီယာ ပတ်ဝန်းကျင် အခြေအနေကိုအောက်ပါ အတိုင်း ဖော်ပြခဲ့သည်-
အထက်ပါ မီဒီယာ ပတ်ဝန်းကျင် တွင်  အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များက အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အခြေခံ မူများနှင့် အညီ ကွဲပြား ခြားနားသော အစီအစဉ်များ၊ ဈေးကွက် တောင်းဆိုမှု မရှိသည့်တိုင်  ပြည်သူ များကို အသိပညာ ပေးရန် လိုအပ်သော အစီအစဉ် များကို ထုတ်လုပ် ပေးသည်။ ပုဂ္ဂလိက စီးပွားဖြစ် မီဒီယာ များကမူ မိမိတို့ ရည်မှန်း ပရိသတ် (Audiences) အတွက် ရည်စူးသော အစီအစဉ်များကို ဦးစားပေး ထုတ်လုပ်သည်။ ပရိသတ်က အရည်အသွေးမြင့်မားသော အစီအစဉ်များ၊ ကွဲပြား ခြားနားပြီး အကြောင်းအရာ စုံလင်သော အစီအစဉ် များကို ပို၍ ပို၍ တောင်းဆိုသည်။ ထိုလိုအပ် ချက်ကို နှစ်ဘက်လုံးက အပြိုင်အဆိုင် ဖြည့်ဆည်းရန် ကြိုးစား ဆောင်ရွက် ရသည်။ ပုဂ္ဂလိက မီဒီယာများ အနေဖြင့်လည်း အရည်အသွေး မြင့်မားရေးကို ဦးစားပေးပြီး  အကျိုး အမြတ်ကို လျှော့ပေါ့ စဉ်းစားလာရ သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များကလည်း ဖျော်ဖြေရေးနှင့် ပညာပေးရေး ကို ချိန်ဆ စဉ်းစား ရသကဲ့သို့ ကွဲပြား ခြားနားသည့် အုပ်စုများ၏ လိုအပ်ချက် များကို ဖြည့်ဆည်း နိုင်ရန် အတွက် ပိုမို ကောင်းမွန်သော အစီအစဉ် များကို ထုတ်လုပ် လာရသည်။
အထက်ပါ ဖြစ်စဉ်တွင်  ဒုတိယ အဆင့် ပါဝင် ပတ်သက်သူ များလည်း ရှိသေးသည်။ ကြော်ငြာ ထည့်သွင်းမည့် လုပ်ငန်းရှင်များက မိမိတို့ ကုန်ပစ္စည်း အတွက် ရည်မှန်း ပရိသတ်ကို ဆွဲဆောင် နိုင်သည့် အစီအစဉ်များ ရှိသည့် မီဒီယာ များကို ရွေးချယ်ပြီး ကြော်ငြာများ ထည့်သွင်းသည်။ ထို့ကြောင့် မီဒီယာ အားလုံးက အမျိုးအစား စုံလင်သည့် အစီအစဉ် များကို ကြိုးစား ထုတ်လုပ် လာရသည်။ ၀န်ဆောင်မှု လုပ်ငန်း များက မီဒီယာများ ထုတ်လုပ်မှု တိုးချဲ့ နိုင်ရန် အတွက် လိုအပ်သော အခြေခံ အဆောက် အအုံများ၊ ပစ္စည်း ကိရိယာများကို ရောင်းချ ပေးသည်။ မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး လာသည်နှင့်အမျှ ၀န်ဆောင် မှုလုပ်ငန်း များလည်း ပိုမို ထွန်းကား လာပြီး အရည်အသွေး မြင့်မားသည့် ၀န်ဆောင်မှု များကို ပေးအပ်လာ နိုင်မည် ဖြစ်သည်။  ကျင့်ဝတ် ထိန်းကျောင်းသည့် အဖွဲ့အစည်း များက ကျင့်ဝတ်နှင့် လုပ်ငန်း ဆိုင်ရာ စံချိန် စံညွှန်းများ မြင့်မားအောင် ကြီးကြပ် ပေးသည်။ တစ်သီး ပုဂ္ဂလ အစီအစဉ် ထုတ်လုပ်သူ များက မီဒီယာ များအတွက် လိုအပ်သော အရည်အသွေးပြည့် အစီအစဉ် များကို ထုတ်လုပ် ပေးသည်။ မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး လာသည် နှင့်အမျှ အလွတ် သတင်းထောက်များ၊ တစ်သီပုဂ္ဂလ အစီအစဉ် ထုတ်လုပ် သူများ ( Independent Producers) များလည်း ပိုမို ဖွံ့ဖြိုး လာမည် ဖြစ်သည်။  
အထက်ပါ ဖြစ်စဉ်တွင် ပါဝင်နေသော အစိတ်အပိုင်း ခုနှစ်ခု လုံးသည် တစ်ခုနှင့် တစ်ခု အပြန် အလှန် မှီတွယ် ဆက်စပ် နေခြင်း ဖြစ်သည်။ အစိတ်အပိုင်း တစ်ခု၏ ပြောင်းလဲ မှုကြောင့် ကျန်အစိတ် အပိုင်းများ ကလည်း လိုက်ပါ ပြောင်းလဲ ရသည်။ ထို ပြောင်းလဲမှု၏ ရလဒ်ကို အကျိုး အများဆုံး ခံစား ရသူမှာ ပြည်သူများ ပင်ဖြစ်ရာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာပတ်ဝန်းကျင် သည်  မီဒီယာ လက်ဝါး ကြီးအုပ်မှုကို ကာကွယ်ပြီး ဗဟုမီဒီယာ ပတ်ဝန်းကျင်ကို ဖော်ဆောင် ပေးရုံ သာမက  အရည်အသွေး မြင့်မားသည့် မီဒီယာ ပတ်ဝန်းကျင် တစ်ရပ် ပေါ်ပေါက် လာအောင် အထောက်အကူ ပြုသည်ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် ပါဝင် ကူညီ ဆောင်ရွက် နေသည့် နိုင်ငံတကာ အဖွဲ့အစည်း များက မြန်မာ နိုင်ငံတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ဖွံ့ဖြိုး တိုးတက် စေရန်အ တွက် အားကြိုး မာန်တက် ကူညီ ပံ့ပိုး ပေးနေကြခြင်း ဖြစ်သည်။  
ဤနေရာတွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ( Public Service Media ) တွင် မည်သည့် မီဒီယာများ ပါဝင် သနည်းဟု မေးခွန်း ထုတ်သူ များလည်း ရှိနေသည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တွင် ပုံနှိပ် မီဒီယာ နှင့် ရုပ်သံလွှင့် မီဒီယာ နှစ်ခုလုံး ပါဝင်သည်။ သို့သော် အများ ပြည်သူ ၀န်ဆောင်မှု ရုပ်သံလွှင့် မီဒီယာ ( Public Service Broadcasting) က ပိုမို တွင်ကျယ်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အနောက် ဥရောပ နိုင်ငံ များတွင် ၁၉၂၇ ခုနှစ် ဘီဘီစီ အသံလွှင့် ဌာန အဖြစ် အများ ပြည်သူ ၀န်ဆောင်မှု ရေဒီယိုကို စတင် မိတ်ဆက် ချိန်၌ ပုဂ္ဂလိက ပုံနှိပ် မီဒီယာ များက ခိုင်ခိုင် မာမာ တည်ရှိ နေပြီဖြစ် သောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းနိုင်ငံများ၏ နည်းပညာ ထွန်းကားမှု အခြေအနေ အရ ရုပ်သံ မီဒီယာ များက ပိုမို ကျယ်ပြန့် လာပြီး သတင်းစာ ဖတ်ရှုသူ အရေအတွက်က ကျဆင်း လာခြင်း ကြောင့်လည်း ရုပ်သံ မီဒီယာကို ပိုမိုအားထား အသုံးပြု လာခြင်းလည်း ဖြစ်သည်။  ထို့ကြောင့် ဥရောပနိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု သတင်းစာ များကို ဒေသန္တ အစိုးရများ၊ မြူနီစပါယ် အဖွဲ့များ၏ ထောက်ပံ့ မှုဖြင့် တည်ထောင် ထားမှုများ သာရှိသည် သာကို တွေ့ရ ပါသည်။ သို့သော် ဂျာမန် နိုင်ငံတွင်မူ သတင်းစာ သမဂ္ဂက ဦးဆောင်ပြီး အစဉ်အလာ ကြီးမားသည့် သတင်းစာ များကို မီဒီယာ အုပ်စုများက ၀ယ်ယူခြင်းမှ ကာကွယ်ရန်နှင့်  သတင်းစာ ဖတ်ရှုသူ နည်းပါး လာခြင်းကြောင့် ပိတ်သိမ်း လိုက်ခြင်းမှ ကာကွယ်ရန် အတွက် အစိုးရဖြင့်  ပူးပေါင်းပြီး ထိုသတင်းစာ များကို အများ ပြည်သူ ၀န်ဆောင်မှု သတင်းစာ အသွင် ကူးပြောင်း နိုင်ရေး အတွက် ကြိုးစား လုပ်ဆောင် နေသည် ကိုလည်း တွေ့ရပါသည်။
ထိုကဲ့သို့ ဥရောပနှင့် ကမ္ဘာ့ အခြား နေရာ များတွင် သတင်းစာ ဖတ်ရှုမှု ကျဆင်း လာသော်လည်း မြန်မာ နိုင်ငံ အပါအ၀င် အာရှ ဒေသတွင် သတင်းစာ ဖတ်ရှုသူ အရေအတွက် တိုးပွား လာနေ သည်ကို တွေ့ရ ပါသည်။ World Association of News Papers and News Publishers အဖွဲ့ အစည်း၏ ၂၀၁၃ ခုနှစ် သတင်းစာ လောက အခြေအနေ အစီရင် ခံစာ၌ ပြီးခဲ့သည့် ငါးနှစ် အတွင်း မြောက်အမေရိက တိုက်တွင် သတင်းစာ ဖတ်သူ ၁၃%၊ အနောက် ဥရောပတွင် ၂၄.၈% ၊ အရှေ့ ဥရောပတွင် ၂၇.၄% ကျ ဆင်း ခဲ့သော်လည်း အာရှ တိုက်တွင် ဖတ်ရှုသူ အရေအတွက် ၉.၈% တိုးတက် ခဲ့သည်ဟု တင်ပြ ထားပါသည်။ မြန်မာ ပြည်သူများ၏ စာပေဖတ်ရှုမှု အလေ့အထ ကြောင့် လာမည့် နှစ်အတော် ကြာကြာ အထိ ပုံနှိပ် မီဒီယာသည် ပြည်သူများကို သတင်း အချက်အလက်များ ဖြန့်ဝေရာတွင် အဓိက အခန်းမှ ပါဝင်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို ဖော်ဆောင် ရာတွင် ရုပ်သံလွှင့် မီဒီယာ သာမက ပုံနှိပ် မီဒီယာ ကိုပါ ထည့်သွင်း ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။
လက်တွေ့ အခြေအနေတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၌ ပုံနှိပ် မီဒီယာနှင့် ရုပ်သံလွှင့် မီဒီယာများ သာမက ဒစ်ဂျစ်တယ် နည်းပညာ ကိုပါ ထည့်သွင်း စဉ်းစား လာသည်ကို တွေ့ရပါ သည်။ ဥရောပ ကောင်စီ၏ Public Service Media in the Information Society  နှင့် Public Service Media Regulation in Europe စာတမ်းများတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများကို သမားရိုးကျ နည်းလမ်းများ အပြင် အင်တာနက်နှင့် မိုဘိုင်း ဖုန်းများ ပေါ်တွင်ပါ တိုးချဲ့ ဆောင်ရွက် သင့်ကြောင်း အကြံပြု ထားသည့် အပြင် နောင်တွင် Public Service Media မဟုတ်တော့ဘဲ   Public Service Communication အဖြစ် ပြောင်းလဲသုံးစွဲရတော့မည်ဖြစ်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရ ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်
Read more

Friday, September 27, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၄)

အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာေ ကာင်စီ
အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ လွတ်လပ်မှုကို ထိန်းသိမ်း ပေးသည့် စနစ် တစ်ခုမှာ သီးခြား လွတ်လပ်သည့် အုပ်ချုပ်ရေး ကောင်စီဖြင့် စောင့်ကြည့် ထိန်းကျောင်း ပေးခြင်း ဖြစ်သည်။ အစိုးရပိုင် မီဒီယာ များသည် ပြည်သူ့ ဘဏ္ဍာ ငွေဖြင့် လုပ်ငန်းများေ ဆာင်ရွက် သည်မှာ မှန်သော်လည်း ၎င်းတို့ကို အစိုးရ ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်း အဖြစ် ဖွဲ့စည်း ထားခြင်း ဖြစ်သည့် အတွက် စီမံခန့်ခွဲရေး ကိစ္စ များတွင် အစိုးရမှ ၀င်ရောက် ကြီးကြပ် နိုင်ပေသည်။

အများ ပြည်သူ ၀န်ဆောင်မှုမီဒီယာမှာမူ အစိုးရ အာဘော် မဟုတ်ဘဲ နိုင်ငံသား များ၏ အသံ (Voice of the Nation) ၊ ပြောရေး ဆိုခွင့် ကင်းမဲ့ နေသူများ၏ အသံ (Voice of the Voiceless) ဖြစ်ရာ ဘဏ္ဍာရေး လွတ်လပ်ခွင့် ရှိရန် လိုအပ် သကဲ့သို့ လွတ်လပ်စွာ စီမံ ခန့်ခွဲခွင့် ရှိရန်လည်း လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတကာ စံနှုန်းများအရ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို သီးခြား လွတ်လပ်သည့် အုပ်ချုပ်ရေးေ ကာင်စီ ( Governing Body or supervisory council ) မှ ကြီးကြပ်ပြီး ၎င်း၏ အောက်တွင် အမှုဆောင်အဖွဲ့ ( Executive Body or Management Board ) က နေ့စဉ် လုပ်ငန်းေ ဆာင်တာများကို စီမံ ခန့်ခွဲ လုပ်ဆောင်ရန် သတ်မှတ် ထားပါသည်။ ထို့ကြောင့်လည်း ဗြိတိန် နိုင်ငံမှ  BBC ကို BBC Trust   က လည်းကောင်း၊ သြစတေးလျ နိုင်ငံတွင် ABC ကို ABC Board of Directors မှ လည်းကောင်း၊ ပြင်သစ် နိုင်ငံမှာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များကို ရုပ်သံလွှင့် ကောင်စီ (CAS) က လည်းကောင်း၊ ထိုင်း နိုင်ငံမှာ Thai PBS ကို PBS Board of Governors ဖြင့် လည်းကောင်း စီမံခန့်ခွဲ လုပ်ဆောင် သည်ကို တွေ့ရမည် ဖြစ်သည်။ ဥရောပ နိုင်ငံများ အတွက် ဥရောပ ကောင်စီက အကြံ ပြုထားသည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အုပ်ချုပ်မှု ပုံစံကို အောက်ပါ အတိုင်း တွေ့ရှိ ရပါသည်-

အများပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ အုပ်ချုပ်ရေး ကောင်စီ၏ လွတ်လပ်စွာ လုပ်ဆောင် ခွင့်ကို ထိန်းသိမ်း နိုင်ရန် အတွက် ကောင်စီ ဖွဲ့စည်း ရာတွင် အောက်ပါ အချက်များကို လိုက်နာ ဆောင်ရွက် ရမည် ဖြစ်သည်-
(က)
ကောင်စီ၏ သီးခြား လွတ်လပ်စွာ လုပ်ဆောင် ပိုင်ခွင့်ကို ဥပဒေဖြင့် အကာအကွယ် ပေးခြင်း။
(ခ)
ကောင်စီ ၀င်များ ခန့်ထား ရာတွင် ပွင့်လင်း မြင်သာမှု ရှိပြီး ပြည်သူများ ပါဝင် အကြံပြုနိုင် ခြင်း။
(ဂ)
နိုင်ငံရေး၊ စီးပွားရေး အကျိုး စီးပွား များမှ ကင်းလွတ်ပြီး သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ် အလိုက် ထူးချွန်သူ များကို ရွေးချယ် တာဝန် ပေးခြင်း။
(ဃ)
ကောင်စီ ၏ တာဝန် ခံမှုကို ဥပဒေဖြင့် သတ်မှတ် ပေးထားခြင်း။
အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော ဥရောပ ကောင်စီ ( Council of Europe ) က ထုတ်ပြန် ထားသည့် Public Service Media Governance စံများတွင် အုပ်ချုပ်ရေး ကောင်စီ သည် အမှုဆောင် အဖွဲ့၏ နေ့စဉ် လုပ်ငန်း ဆောင်ရွက် မှုများ၊ အယ်ဒီတာ မူဝါဒ များကို ၀င်ရောက် စွက်ဖက်ရန် မဟုတ်ကြောင်း၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် လိုအပ်သည့် မူဝါဒများ၊ ရည်မှန်း ချက်များ ကို သတ်မှတ် ပေးပြီး စွမ်းဆောင် နိုင်မှုကို အကဲဖြတ် ရန်သာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပိုင်းခြား ထားမှုကို အများ ပြည်သူ ၀န်ဆောင်မှု ဆိုင်ရာဥပဒေတွင် တိကျစွာ ထည့်သွင်း ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဖော်ပြ ထားသည် ကိုတွေ့ရပါသည်။ အဆိုပါ စံများ၌ပင် နိုင်ငံအလိုက် မိမိတို့ အခြေအနေနှင့် လိုက်လျော ညီထွေရှိသည့် ကောင်စီဝင် ခန့်ထားမှု စနစ်ကို ကျင့်သုံး နိုင်ကြောင်း၊ မည်သည့် စနစ်ကို ကျင့်သုံးသည် ဖြစ်စေ ပွင့်လင်း မြင်သာမှု၊ ပြည်သူ လူထု ပါဝင် အကြံပြုနိုင်မှု၊ ကောင်စီဝင် ရွေးချယ်ရာတွင် မိမိတို့ လူ့အဖွဲ့အစည်း အတွင်းရှိ မတူ ကွဲပြားမှုများကို ထင်ဟပ် နိုင်ရန်အတွက် အလွှာ အားလုံး၊ အုပ်စုအားလုံး၏ သဘောထား များကို ကိုယ်စားပြု နိုင်သူများ ပါဝင်မှု စသည့် အချက်များနှင့် ပြည့်စုံရန် လိုအပ်ကြောင်း ဖော်ပြ ထားသည် ကိုလည်း လေ့လာ တွေ့ရှိရ ပါသည်။
ထို့ကြောင့် လည်း ဗြိတိန် နိုင်ငံတွင် အုပ်ချုပ်ရေး ကောင်စီဖြစ်သည့် BBC Trust ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းပြီး အဖွဲ့ဝင်များကို အစိုးရအ ဖွဲ့၏ ထောက်ခံချက် ဖြင့် ဘုရင်မက ခန့်အပ် တာဝန် ပေးသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ကောင်စီဝင် ဖြစ်လိုသူများ အနေဖြင့် မိမိကိုယ်တိုင် လျှောက်ထား ရပြီး အစိုးရအဖွဲ့က Norlan Principles အရ ရွေးချယ် ခန့်အပ် ပါသည်။ ထိုသို့ ခန့်အပ် ရာတွင် ယူနိုက်တက် ကင်းဒမ်း အဖြစ် စုပေါင်း ဖွဲ့စည်း ထားသည့် အင်္ဂလန်၊ ဝေလ ပြည်နယ်၊ စကော့ တလန်နှင့် မြောက် အိုင်ယာလန် တို့မှ ကိုယ်စားလှယ်များ ပါဝင်ရန် သတ်မှတ် ထားပါသည်။
ပြင်သစ် နိုင်ငံ၏ အုပ်ချုပ်ရေး ကောင်စီ ဖြစ်သည့် CAS ကို အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်း ထားပြီး သမ္မတက သုံးဦး၊ အထက် လွှတ်တော်က သုံးဦး နှင့် အောက် လွှတ်တော်က သုံးဦး ရွေးချယ် ခန့်အပ် ပါသည်။ စပိန် နိုင်ငံ၏ အုပ်ချုပ်ရေး ကောင်စီ ကိုမူ အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်း ထားပြီးေ အာက် လွှတ်တော်က ၈ ဦး၊ အထက် လွှတ်တော်က ၄ ဦး ရွေးချယ် ပါသည်။ အဖွဲ့ဝင်များ ရွေးချယ်ရာတွင် သက်ဆိုင်ရာ လွှတ်တော်၏ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံရန် လိုအပ် ပါသည်။
ပိုလန်နိုင်ငံ၏ အုပ်ချုပ်ရေး ကောင်စီကို အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်း ထားပြီး အောက်လွှတ်တော် က နှစ်ဦး၊ အထက် လွှတ်တော်က တစ်ဦးနှင့် သမ္မတက နှစ်ဦး ရွေးချယ် ခန့်အပ် ပါသည်။ ဒိန်မတ် နိုင်ငံ၏ အုပ်ချုပ်ရေး ကောင်စီကို အဖွဲ့ဝင် ဆယ်ဦးဖြင့် ဖွဲ့စည်းပြီး လွှတ်တော်က ၆ ဦး၊ ယဉ်ကျေးမှု ၀န်ကြီး ဌာန က သုံးဦးနှင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ၀န်ထမ်းများက တစ်ဦး ရွေးချယ် ခန့်အပ် ပါသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၏ အများ ပြည်သူ ၀န်ဆောင်မှု ဆိုင်ရာ မူဝါဒ ကော်မတီ ကိုမူ အဖွဲ့ဝင် ကိုးဦး ဖြင့် ဖွဲ့စည်းပြီး အစိုးရအဖွဲ့ ဖွဲ့စည်း ပေးသည့် ရွေးချယ်ရေး ကော်မရှင် ကရွေးချယ် ပေးပါသည်။ ထိုသို့ ရွေးချယ် ရာတွင် လူထု အခြေပြု အဖွဲ့ အစည်းများ အတွင်းမှ လေးဦး၊ စီမံ ခန့်ခွဲမှု ဆိုင်ရာ ကျွမ်းကျင် သူများ အတွင်းမှ သုံးဦးနှင့် မီဒီယာ ကျွမ်းကျင်သူ နှစ်ဦး ပါဝင်စေရန် သတ်မှတ် ထားပါသည်။
မိမိတို့ နိုင်ငံ၏ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာေ ကာင်စီကို ရွေးချယ် ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ မဏ္ဍိုင် သုံးခု အပြန်အလှန် ထိန်းကျောင်းသည့် အနှစ် သာရကို ထင်ဟပ်ေ စရန် အတွက်  အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း မည် ဖြစ်ပြီး နိုင်ငံတော် သမ္မတက ငါးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌက ငါးဦး၊ အမျိုးသား လွှတ်တော် ဥက္ကဌက ငါးဦး ရွေးချယ် ခန့်အပ် ရမည် ဖြစ်ပါသည်။  ကောင်စီဝင် အဖြစ် ရွေးချယ် ရာတွင် နိုင်ငံဝန်ထမ်း၊ အစိုးရ အဖွဲ့အစည်း တစ်ခု ခုတွင် ခန့်အပ် တာဝန်ပေး ခံရသူ၊ နိုင်ငံရေး ပါတီဝ န်ထမ်း သို့မဟုတ် တရားဝင် ရာထူး တာဝန် တစ်ခုခု ရယူထားသူ၊ မီဒီယာ လုပ်ငန်းကနေ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ အကျိုး အမြတ် သို့မဟုတ် ငွေကြေး ရရှိသူများကို ရွေးချယ်ခြင်း မပြုရန် သတ်မှတ် ထားပါသည်။ ထို့ပြင် ကြီးလေးသော ရာဇ၀တ်မှု သို့မဟုတ် အကျင့် စာရိတ္ထ ပျက်ပြားမှုနှင့် ပတ်သက်ပြီး တရားရုံး တစ်ခုခုမှ အပြစ်ပေးခြင်း ခံခဲ့ရသူ ကိုလည်း ခန့်အပ်ခြင်း မပြုဖို့ သတ်မှတ်ထား ပါသည်။
ထိုပြင် ကောင်စီဝင် ခန့်ထားရာတွင် စွမ်းဆောင်ရည် ကွဲပြား ခြားနားသော ပုဂ္ဂိုလ်များ၊ လူထု အဖွဲ့အစည်း ၀င်များ၊ တိုင်းရင်းသားများ၊ အမျိုး သမီးနှင့် လူငယ်များ၊ ပညာရှင်များ စသည်ဖြင့် ကွဲပြား ခြားနားသော အုပ်စုများမှ ရွေးချယ်ရန် သတ်မှတ် ထားသည့် အပြင် ကောင်စီဝင်အဖြစ် လျာထား သူများ ကို ပြည်သူ လူထုက ဝေဖန် အကြံပြု နိုင်ရန် အတွက်လည်း ကြိုတင် ထုတ်ပြန် ကြေညာ ပေးရမည်ဟု သတ်မှတ် ထားပါသည်။
အလားတူပင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ကောင်စီ၏ လွတ်လပ်မှုကို ကာကွယ်ရန် အတွက် ကောင်စီဝင် တစ်ဦးကို ကောင်စီဝင် အတွက် သတ်မှတ် ထားသော အရည်အချင်း ပျက်ယွင်းခြင်း၊ တာဝန် ထမ်းဆောင်စဉ် ကာလ တွင် တရားရုံးမှ ပြစ်ဒဏ် စီရင် ခံရခြင်း၊ ကောင်စီဝင် သုံးပုံနှစ်ပုံက တာဝန်မှ ရပ်စဲရန် ထောက်ခံ တင်ပြခြင်းနှင့် အကြောင်း တစ်ခုခုကြောင့် ငါးလထက် ပိုပြီး တာဝန်ထမ်း ဆောင်ရန် ပျက်ကွက်ခြင်း ဆိုသည့် အချက်များ ကြောင့်သာ တာဝန်မှ ရပ်စဲ နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။
ဥပဒေကြမ်းပါ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ကောင်စီ ဖွဲ့စည်းမှုကိုေ လ့လာပါက ဥရောပ ကောင်စီ ( Council of Europe ) က ထုတ်ပြန် ထားသည့် Public Service Media Governance  ဆိုင်ရာ စံနှုန်းများနှင့် အညီ ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်
Read more

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၃)



အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် ဘဏ္ဍာရေး အထောက်အပံ့
အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် လိုအပ်သည့် ရန်ပုံငွေကို မည်သည့် နည်းဖြင့် ထောက်ပံ့မည် ဆိုသည့် အချက်သည် အရေး ကြီးသော အချက် ဖြစ်သည်။ အခြေခံ အားဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် ရန်ပုံငွေ ထောက်ပံ့သည့် နည်းစနစ်သည် အယ်ဒီတာ လွတ်လပ်ခွင့် အပါအ၀င် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ အခြေခံ မူများ အပေါ် နိုင်ငံရေး အရ၊ စီးပွားရေး အရ ၀င်ရောက် စွက်ဖက်မှု မပြုနိုင်အောင် အကာ အကွယ် ပေးနိုင် ရမည် ဖြစ်သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် ရန်ပုံငွေ မည်မျှ ခွင့်ပြုမည် ဆိုသည့် ဆုံးဖြတ် ချက်သည်  အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ စွမ်းဆောင် နိုင်မှုနှင့် အနာဂတ် ရည်မှန်းချက် များ အပေါ် တွင်သာ မူတည် နေရမည် ဖြစ်ပြီး အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ သတင်း ရေးသားချက် များအပေါ် နှစ်သက်မှု မရှိခြင်း ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခြင်း၊ လျော့ချ ခြင်းမျိုး မဖြစ်အောင် ဥပဒေဖြင့် အကာအကွယ် ပေးထား ရမည် ဖြစ်သည်။ တစ်ဖက်ကလည်း အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အနေဖြင့် ရန်ပုံငွေ သုံးစွဲ မှုများ အပေါ် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု အပြည့်အ၀ ရှိမည် ဖြစ်သည်။ ထို့ပြင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ စွမ်းဆောင် နိုင်မှုနဲ့ ဘဏ္ဍာငွေ သုံးစွဲမှု များကို စောင့်ကြည့် အကဲ ဖြတ်မည့် သီးခြား လွတ်လပ်သော အဖွဲ့ တစ်ဖွဲ့လည်း ရှိရန် လိုအပ်မည် ဖြစ်သည်။
ထို့ပြင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အနေဖြင့် ဘဏ္ဍာရေး အရင်းအမြစ် တစ်ခုတည်း ကိုသာ အားကိုး နေရခြင်းမှ ရှောင်လွှဲ နိုင်ရန် အတွက် ကွဲပြားသည့် အရင်း အမြစ်များ ထံမှ ရန်ပုံငွေ ရရှိရန်လည်း လိုအပ် ပေသည်။ ထို့ကြောင့် နိုင်ငံတကာမှ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ များကို လေ့လာပါက အများစုသည် လွှတ်တော်မှ သတ်မှတ် ခွင့်ပြုသည့် ပြည်သူ့ ရန်ပုံငွေ (Public Funding) နှင့် ကြော်ငြာ အပါအ၀င် အခြား စီးပွားရေး လုပ်ငန်း များမှ ၀င်ငွေကို ပေါင်းစပ် အသုံးပြု သည်ကို တွေ့ရမည် ဖြစ်ပါသည်။ နိုင်ငံအချို့မှ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အတွင်း ရန်ပုံငွေ ထောက်ပံ့မှု စနစ် ကိုအောက်ပါ အတိုင်း လေ့လာ နိုင်ပါသည်-
နိုင်ငံ
ပြည်သူ့ရန်ပုံငွေ
ကြော်ငြာ
အခြား ( ရုပ်သံအစီ အစဉ် ရောင်းချခြင်း စသည်ဖြင့်)
ၾသစေတးလ် (ABC)
၈၀%
၂၀%
-
ကေနဒါ (CBC)
၆၆%
၂၃%
၁၁%
ပြင်သစ်
၉၉% မှ ၄၈% ထိ[1]


ဂျပန် (NHK)
၉၈%
၂ %

တောင်အာဖရိက (SABC)
၂၃.၅%
၇၆.၃%

ယူနိုက်တက်ကင်းဒမ်း (BBC)
၈၂%
၁၇%
၁%
ဂျာမနီ ( ARD)
၈၂%
၉%
၉%
နော်ဝေ (NRK)
၉၈%
၂%

ဆွီဒင် (SR, SVT)
၉၈%
၂%

ဒိန်းမတ် (DBC)
၉၁%
၁%
၈%
ထိုင်း ( Thai PSB)
၁၀၀%





[1]ပြင်သစ် နိုင်ငံတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ၈ ခုရှိပြီး လုပ်ငန်း အပေါ် မူတည်ကာ ပြည်သူ့ ရန်ပုံငွေ ရရှိမှု ကွာခြား ပါ သည်။ ပျှမ်းမျှ တွက်ချက် ပါက ၆၉.၁ % ရရှိပါသည်။

ထိုနိုင်ငံများ အနက် တောင်အာဖရိက နိုင်ငံတစ်ခု တည်းတွင်သာ ကြော်ငြာ ၀င်ငွေကို အဓိကထား အသုံးပြုသည်ကို တွေ့ရမည် ဖြစ်ပါသည်။ သို့သော် ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ များ၌ ရန်ကုန် မြို့တွင် ပြုလုပ် ခဲ့သည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေး ပွဲတွင် Political transition and media reform: South Africa experiences ခေါင်းစဉ်ဖြင့် ဆွေးနွေး ချိန်တွင် ပါဝင် ဆွေးနွေး သူများက တောင် အာဖရိက ၏ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာဖြစ် သည့် SABC သည် ကြော်ငြာ ၀င်ငွေကို အားထား ရသဖြင့် အခြား ပုဂ္ဂလိက စီးပွားရေး မီဒီယာ များနှင့် ပုံစံတူ သွားကြောင်း၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ အခြေခံ မူများကို ဖြည့်ဆည်း နိုင်ခြင်း မရှိတော့ကြောင်း ထောက်ပြ ဆွေးနွေး ခဲ့ကြသည်။ တောင် အာဖရိက ကိုယ်စား လှယ်ကလည်း အဆိုပါ ထောက်ပြချက် များကို လက်ခံခဲ့ပြီး ၎င်းတို့ အနေဖြင့်လည်း SABC ကို ပြန်လည် ဖွဲ့စည်းရန် ဆောင်ရွက် နေကြောင်း ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံ ကမူ အရက်နှင့် ဆေးလိပ် အပေါ် ကောက်ခံသည့် အခွန် အားလုံးကို အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာသို့ တိုက်ရိုက် လွှဲပြောင်း ပေးသည့် အတွက် ကြော်ငြာ ၀င်ငွေ အပေါ် မှီခိုရန် မလိုသည် ကိုလည်း တွေ့ရပါသည်။
ယနေ့ မြန်မာ နိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက် နေသည့် မီဒီယာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အရ နိုင်ငံပိုင် မီဒီယာ များကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်း ရမည် ဖြစ်သည်။ ထိုသို့ ဖွဲ့စည်း ရာတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အခြေခံ မူများကို ဖော်ဆောင် နိုင်ရန် အတွက် အယ်ဒီတာ လွတ်လပ်ခွင့်ကို အာမခံ နိုင်မည့်၊ စီးပွားရေး အကျိုး စီးပွား ဆိုင်ရာ ဖိအားများမှ လွတ်ကင်းသည့် ရန်ပုံငွေ ထောက်ပံ့သည့် စနစ်တစ်ခု ရှိရန် လိုအပ် ပါသည်။ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် အတွက် ယူနက်စကို အပါအ၀င် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်း များမှ ပညာရှင် များနှင့် ဆွေးနွေး တိုင်ပင် ခဲ့ရာတွင် နိုင်ငံ အများ အပြားတွင် ကျင့်သုံး နေသည့် ပြည်သူ့ ရန်ပုံငွေနှင့် ကြော်ငြာ ၀င်ငွေ နှစ်ခု ပေါင်းစပ် အသုံးပြုသည့် စနစ်ကို အသုံးပြုရန် ထောက်ခံ တင်ပြခဲ့ ကြပါသည်။ ရန်ပုံငွေ ရယူမှု အချိုးအစားကို စဉ်းစား ကြရာတွင် ပြည်သူ့ ဘဏ္ဍာငွေ အပေါ်တွင်လည်း ၀န်ထုပ် ၀န်ပိုး မဖြစ် စေရန်၊ စီးပွားရေး အကျိုး စီးပွား များလည်း လွှမ်းမိုးမှု မခံရ စေရန် သင့်တော်သည့် အချိုးအစား ဖြစ်သော ရန်ပုံငွေ လိုအပ်ချက်၏ ၇၀% ကို ပြည်သူ့ ရန်ပုံငွေ အဖြစ် နိုင်ငံတော် ဘဏ္ဍာမှ ရယူရန်၊ ၃၀% ကို ကြော်ငြာ ၀င်ငွေမှ ရယူရန် သတ်မှတ် ခဲ့ပါသည်။ တနည်း အားဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို အများပိုင် ကုမ္ပဏီ အဖြစ် ရှုမြင် ကြည့်လျှင် ပြည်သူ များက အစုရှယ်ယာ ၇၀% ကို ပိုင်ဆိုင်ပြီး ကြော်ငြာရှင် များက ၃၀% သာ ပိုင်ဆိုင် သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အနေဖြင့် အများစု ရှယ်ယာ ပိုင်ရှင် ဖြစ်သော ပြည်သူများ၏ အကျိုး စီးပွား ကိုသာ ဦးစားပေး ဆောင်ရွက် ရမည် ဖြစ်သည်။
ထို့ကဲ့သို့ ကြော်ငြာ ၀င်ငွေကို ၃၀% သတ်မှတ် ခဲ့ခြင်းကြောင့်  အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များတွင် အများဆုံး ထည့်သွင်း နိုင်သည့် ကြော်ငြာ စာမျက်နှာ အရေအတွက်၊ ထုတ်လွှင့်ချိန် စသည် တို့ကို ဥပဒေဖြင့် ကန့်သတ် ခဲ့ရသည်။ ယခု တင်သွင်း ထားသည့် ဥပဒေ ကြမ်းအရ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အနေဖြင့် ပုံနှိပ် စာမျက်နှာ၏ ၃၀% ကိုသာ ကြော်ငြာ ထည့်သွင်းခွင့် ရှိပြီး အများပြည်သူ ၀န်ဆောင်မှု အသံလွှင့် ဌာန အနေဖြင့် အစီအစဉ် တစ်ခု၏ ထုတ်လွှင့်ချိန် ၁၀ %၊ တစ်နေ့တာ ထုတ်လွှင့်ချိန် စုစုပေါင်း၏ ၇ ဒဿမ ၅  % သာ ကြော်ငြာ ဖော်ပြခွင့် ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံပိုင် မီဒီယာများ အနေဖြင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ ပြောင်းလဲ ပြီးချိန်တွင် ကြော်ငြာ မှ ရရှိသည့် အမြတ် အစွန်းများ လျော့နည်း သွားမည် ဖြစ်သည်။ သို့သော် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို စီးပွားရေး အကျိုး စီးပွား များ၏ ဖိအား ပေးမှုမှ ကင်းလွတ် စေရန် အတွက် အဆိုပါ ကန့်သတ် ချက်ကို မဖြစ်မနေ လိုက်နာရမည် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်

Read more