Saturday, August 24, 2013

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၄)

မီဒီယာပေါင်းစည်းမှုနှင့် စာနယ်ဇင်း ကောင်စီ၏ အခန်းကဏ္ဍ
စာနယ်ဇင်းကောင်စီများကို စတင်ဖွဲ့စည်းခဲ့ချိန်က စာနယ်ဇင်းသမားများ၊ အထူးသဖြင့် သတင်းထောက်များ သို့မဟုတ် ဂျာနယ်လစ်များနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းရန် အတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သတင်း အချက်အလက် နည်းပညာများ၊ သတင်းတင်ဆက်ပုံ နည်းစနစ်များ ပြောင်းလဲတိုးတက် လာချိန်တွင် ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့် မီဒီယာနှင့် မီဒီယာသစ် ( New Media) ဖြစ်သည့် အွန်လိုင်း မီဒီယာများအကြား ကွဲပြားခြားနားမှုမှာ မရှိသလောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း မီဒီယာ ပေါင်းစည်းမှု ( Media Convergence ) ခေတ်ကာလတွင် စာနယ်ဇင်း ကောင်စီများ၏ အခန်းကဏ္ဍကိုလည်း လိုက်ပါပြောင်းလဲရန် လိုမလို စဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။ သြစတေးလျနိုင်ငံ ပင်လျှင်  ၂၀၁၁ ခုနှစ်တွင် Convergence Review Committee ကိုဖွဲ့စည်းခဲ့ပြီး မီဒီယာ ပေါင်းစည်းမှုကြောင့် ပြောင်းလဲ ဆောင်ရွက်ရမည့် စာနယ်ဇင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို လေ့လာလျှက်ရှိရာ ယခု  မေလတွင် ကော်မတီ၏ လေ့လာ တွေ့ရှိချက်များကို လွှတ်တော် သို့တင်သွင်းခဲ့ပြီးဖြစ်သည်။
ရုပ်သံလွှင့်မီဒီယာနှင့် ပတ်သက်လျှင်  ဆွီဒင်စာနယ်ဇင်း ကောင်စီက ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား ဆိုင်ရာ စာနယ်ဇင်း ကျင့်ဝတ် ( Code of Ethics for Press, Radio and Televesion in Sweden) ကို ပြဋ္ဌာန်းထားပြီး ဆွီဒင် ရေဒီယိုနှင့် ရုပ်မြင်သံကြား ဆိုင်ရာ အဖွဲ့ဖြစ်သည့် Swedish Radio and Televesion Authority က ထိုကျင့်ဝတ်များနှင့် အညီစီမံဆောင် ရွက်သည်ကိုတွေ့ရသည်။ ဖင်လန်နိုင်ငံတွင်မူ ၁၉၆၈ခုနှစ် စတင်ဖွဲ့စည်းစဉ်ကပင် မီဒီယာအားလုံးအတွက် ရည်စူးပြီး Council for Mass Media အမည်ဖြင့် ဖွဲ့စည်းခဲ့ပြီး ပုံနှိပ်နှင့် ရုပ်သံမီဒီယာ နှစ်ခုလုံးနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်လျှက် ရှိသည်။ ဒိန်းမတ်နိုင်ငံတွင်လည်း ဒိန်းမတ် ရုပ်သံလွှင့် လိုင်စင်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံမီဒီယာ အားလုံး စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်ဖြစ်ရန်နှင့် ဆုံးဖြတ်ချက်များကို လိုက်နာရန် ဥပဒေဖြင့် သတ်မှတ် ထားသည်ကို တွေ့ရသည်။ နယ်သာလန် နိုင်ငံတွင်မူ စာနယ်ဇင်း ကောင်စီအနေဖြင့် ရုပ်သံနှင့် အွန်လိုင်း သတင်းသမားများ အတွက်ပါ တာဝန်ယူရန် သင့်မသင့် သုံးသပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ဂျာမန် စာနယ်ဇင်းကောင်စီ အနေဖြင့်လည်း ရုပ်သံလွှင့် မီဒီယာများအပေါ် တာဝန်ယူမှု မရှိသော်လည်း ဂျာမန် ရုပ်မြင်သံကြား အာဏာပိုင်များ အနေဖြင့် ရုပ်သံ သတင်းထောက်များ၏ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်လျှင် စာနယ်ဇင်းကောင်စီ၏ သဘောထားကို ရယူလေ့ရှိသည်။ အာရှတိုက်ရှိ အင်ဒိုနီးရှားနှင့် အိန္ဒိယစာနယ်ဇင်းကောင်စီများသည်လည်း ရုပ်သံလွှင့်မီဒီယာအပေါ် တာဝန်ယူမှုမရှိဘဲ အစိုးရက ဖွဲ့စည်းပေးထားသည့် ရုပ်သံကောင်စီ ( Braodcast Council) များကသာ တာဝန်ယူ ဆောင်ရွက်သည်ကို တွေ့ရသည်။
အင်တာနက် မီဒီယာများ၏ အခြေအနေက တစ်မျိုးထူးခြားသည်။ အင်တာနက်ပေါ်မှာ ညစ်ညမ်း ၀က်ဘ်ဆိုက်များ၊ ငွေကြေး လိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး ဆိုင်ဘာမှုခင်း ဆိုင်ရာ ဥပဒေများ ရှိသော်လည်း ပြည်သူများက ၎င်းတို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ထုတ် ရေးသားခြင်းနှင့် ပတ်သက်လျှင်မူ ထိန်းချုပ်ရန်မသင့်ဟု ယူဆ ထားကြသည်။ သို့သော် မီဒီယာပေါင်းစည်းမှု မြင့်မားလာချိန်တွင် ပုံနှိပ် မီဒီယာများကလည်း အင်တာနက်ပေါ်တွင် လွှင့်တင်လာသကဲ့သို့ စာနယ်ဇင်း သမားများကလည်း ကိုယ်ပိုင် ဘလော့ဂ်၊ ဖေ့်စဘွတ်၊ တွစ်တာများအသုံးပြုပြီး မိမိတို့ အမြင်များကို ရေးသားလာခဲ့ကြသည်။ ထို့ပြင် ပြည်သူ တစ်ဦးချင်းကလည်း သတင်းသမားများ အဖြစ် သတင်းများ၊ သတင်းဓာတ်ပုံများ၊ ရုပ်သံဖိုင်များကို လွှင့်တင် လာသည်ကိုတွေ့ရပြန်သည်။ ထို့ကြောင့် အွန်လိုင်း သတင်းရေးသားမှုများ အနေဖြင့်လည်း စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်းသင့်သည်ဆိုသည့် အယူအဆများလည်း ပေါ်ပေါက်လာခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဆွီဒင် စာနယ်ဇင်း ကောင်စီက ပုံနှိပ်မီဒီယာများ၏ အင်တာနက် လွှင့်တင်မှုများသာမက အွန်လိုင်းသီးသန့် သတင်းလွှင့်တင်သူများပါ စာနယ်ဇင်း ကောင်စီအဖြစ် ၀င်ရောက် မှတ်ပုံတင် ခွင့်ပြုခဲ့ရာ ယခုအချိန်အထိ အွန်လိုင်းသတင်း အေဂျင်စီ ခုနှစ်ခုက မှတ်ပုံတင်ထားပြီး ဖြစ်သည်။ ထိုအေဂျင်စီများက ၎င်းတို့၏ ၀က်ဘ်ဆိုက်များတွင် စာနယ်ဇင်း ကောင်စီ ၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာ ဆောင်ရွက်နေကြောင်း ဖော်ပြခြင်းဖြင့် ပရိသတ်၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာသည် ကိုတွေ့ရသည်။ ဆွီဒင် စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းများအရ အွန်လိုင်း သတင်း အေဂျင်စီများက မှတ်ပုံတင်ရာတွင် ပုံနှိပ် မီဒီယာများကဲ့သို့ပင် တာဝန်ခံအယ်ဒီတာ သို့မဟုတ် ထုတ်ဝေသူ အမည်ကို မှတ်ပုံတင်ရန် လိုအပ်သည်။ သို့သော် ပုံနှိပ် မီဒီယာများကဲ့သို့ အခကြေးငွေ ပေးဆောင်ရန် မလိုသော်လည်း ကျင့်ဝတ် ဖောက်ဖျက်မှုများနှင့် ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်သည်။ ထိုကဲ့သို့ စာနယ်ဇင်း ကောင်စီ ၀င်ထားခြင်း အားဖြင့် အွန်လိုင်းသတင်းအေဂျင်စီနှင့် အေဂျင်စီမှ သတင်းထောက်များသည့် ဆွီဒင် သတင်း လွတ်လပ်ခွင့်ဥပဒေ ( Freedom of Press Act ) မှပေးအပ်သော အကာအကွယ်များကို ရရှိမည်ဖြစ်သည်။
နော်ဝေစာနယ်ဇင်း ကောင်စီကလည်း ၂၀၁၁ ခုနှစ်တွင် ပုံနှိပ်မီဒီယာများ၏ ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်၊ တွစ်တာနှင့် အခြား လူမှု ကွန်ယက်များသာမက စာနယ်ဇင်းသမားများ၏ ကိုယ်ပိုင်လူမှုကွန်ယက်များပေါ်မှ ရေးသားချက်များအပေါ် စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိကြောင်း တိုင်ကြားချက်များကို လက်ခံစုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် စာနယ်ဇင်းသမားများ၏ ရေးသားချက်များနှင့် ပတ်သက်ပါက စာနယ်ဇင်းများတွင် ရေးသားဖော်ပြပြီး သတင်းနှင ပတ်သက်၍ ဆက်လက် ရေးသားမှုများ၊ စာနယ်ဇင်းတွင် ကျင့်ဝတ်အရ ဖော်ပြရန် မသင့်သဖြင့် ချန်လှပ်ခဲ့သော သတင်းများကို အင်တာနက်ပေါ်တွင် လွှင့်တင်မှုများနှင့် ပတ်သက်သည့် တိုင်ကြားချက်များကိုသာ လက်ခံစိစစ်ရန် သတ်မှတ်ထား သည်ကို တွေ့ရသည်။  
ဂျာမန်စာနယ်ဇင်းကောင်စီကလည်း ရုပ်သံလွှင့်မီဒီယာများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှု မပြုသော်လည်း ပုံနှိပ်မီဒီယာများ၏ ၀က်ဘ်ဆိုက်များပေါ်မှာ သတင်းနှင့်အယ်ဒီတာ့ အာဘော်ဆိုင်ရာ ရေးသားချက်များနှင့်ပတ်သက်သည့် တိုင်ကြားချက်များကို လက်ခံစိစစ်ရန် ၂၀၀၉ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ ဂျာမန်စာနယ်ဇင်း ကောင်စီဥက္ကဌ Bernd Hilder က အနာဂတ်တွင် အွန်လိုင်းသတင်းအေဂျင်စီများကို ကောင်စီအဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး စဉ်းစားလျှက်ရှိသည်ဟုလည်း ထုတ်ဖော် ပြောကြားထားသည်ကို တွေ့ရသည်။
ဖင်လန်မီဒီယာ ကောင်စီကတော့ တစ်နှစ်ကျော် အချိန်ယူဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်တာနက်မီဒီယာများနှင့် ပတ်သက်သည့် နောက်ဆက်တွဲ စည်းကမ်းချက်များကို ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစည်းမျဉ်းများအရ ၀က်ဘက် ဆိုက်များ၏ ရေးသားချက်များ သာမက ၀က်ဘ်ဆိုက်များပေါ်တွင် ပါဝင် ရေးသားချက်များ (User Generated Materials) နှင့် ပတ်သက်သည့် ကန့်ကွက်ချက်များကိုပါ ကျင့်ဝတ်နှင့် ညီမညီစိစစ်သွားမည် ဖြစ်သည်။
ဒိန်းမတ်စာနယ်ဇင်း ကောင်စီကမူ ပုံနှိပ်နှင့် ရုပ်သံမီဒီယာများကို စာနယ်ဇင်း ကောင်စီ မ၀င်မနေရ သတ်မှတ်ထား သော်လည်း အွန်လိုင်းအေဂျင်စီများ၊ ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ်များကိုမူ ဆန္ဒအလျှောက်သာ မှတ်ပုံတင်ရန် သတ်မှတ်ထားသည်။ သို့သော် စာနယ်ဇင်း ကောင်စီဝင် ဖြစ်မှုသည် အေဂျင်စီအပေါ် ယုံကြည်စိတ်ချမှုကို တိုးပွားစေသဖြင့် ထိုကဲ့သို့ မှတ်ပုံတင်ထားသူပေါင်း ၃၅၀ ကျော်ရှိသည်ကို တွေ့ရသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်များ၏ လူမှု ကွန်ယက်များကိုလည်း ကောင်စီတွင် မှတ်ပုံတင်ရန် သတ်မှတ်ထားသည်ကို တွေ့ရသည်။ ဒိန်းမတ်လွှတ်တော်က လည်း ယခုနှစ်တွင် စာနယ်ဇင်းကောင်စီနှင့် မီဒီယာပေါင်းစည်းမှု အခြေအနေကို ပြန်လည်သုံးသပ်ပြီးလိုအပ်ပါက ဥပဒေများ ပြင်ဆင် ရေးဆွဲရန် စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
အိုင်ယာလန်နိုင်ငံနှင့် သြစတေးလျ စာနယ်ဇင်း ကောင်စီများကတော့ အွန်လိုင်း မီဒီယာများ အနေဖြင့် ဆန္ဒအလျှောက် စာနယ်ဇင်းကောင်စီသို့ ၀င်လိုက ၀င်နိုင်ရန်ခွင့်ပြုထားသည်။ နယူးဇီလန်နိုင်ငံတွင်မူ ဥပဒေလေ့လာရေး ကော်မရှင်က The News Media Meets  New Media: Rights , Responsibilities, and Regulation in Digital Age  အမည်ဖြင့် အစီရင် ခံစာတစ်စောင် ပြုစုခဲ့ပြီး အွန်လိုင်းမီဒီယာများကို စာနယ်ဇင်းကောင်စီအတွင်း ပေါင်းစည်းနိုင်ရန်အတွက် အကြံပြုထား သည်။
အိန္ဒိယစာနယ်ဇင်း ကောင်စီအနေဖြင့် အွန်လိုင်း မီဒီယာအပေါ် တာဝန်ယူမှု မရှိသေးသော်လည်း ပြီးခဲ့သည့်ဧပြီလ ၁၂ ရက် ရက်နေ့တွင် စာနယ်ဇင်းကောင်စီ ဥက္ကဌ Markandey Katju က လူမှုကွန်ယက်များပေါ်တွင် တာဝန်မဲ့ရေးသားမှုများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ကိုင်တွယ် ဆောင်ရွက်မည်ကို လေ့လာသုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အိန္ဒိယအမျိုးသမီး သတင်းထောက်များ ညီလာခံတွင် ပြောကြားသွားခဲ့သည်ကို တွေ့ရသည်။ အင်ဒိုနီးရှား စာနယ်ဇင်းကောင်စီကလည်း ပြီးခဲ့ သည့် ဖေဖော်ဝါရီလတွင် အွန်လိုင်း သတင်းမီဒီယာများ၊ လူမှုကွန်ယက်များ အနေဖြင့် လိုက်နျာင့်သုံးသင့်သည့် Cyber Media News Coverage Guidelines ကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းကမ်းများတွင် သက်ဆိုင်ရာ သတင်းဌာနများက ရေးသား လွှင့်တင်မှုများ အပြင် ပရိသတ်တစ်ဦးချင်းက လွှင့်တင်သည့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များနှင့် ပတ်သက်ပြီး လိုက်နာရမည့် ကျင့်ဝတ်များကို ဖော်ပြထားသည်။ ထိုစည်းကမ်းများအရ အွန်လိုင်းမီဒီယာများ အနေဖြင့် ပုံနှိပ်မီဒီယာများ နည်းတူ အမှား ပြင်ဆင်ချက် ထည့်သွင်းခြင်း၊ နစ်နာသူ ကာယကံရှင်၏ ဖြေရှင်းချက်ကို ပြန်လည်ဖော်ပြခြင်း၊ သတင်းမှန် မမှန် စိစစ်ရန် ပျက်ကွက်ခြင်းများ အတွက် ဒဏ်ငွေ ရူပီးသန်းငါးရာ (အမေရိကန်ဒေါ်လာ ငါးထောင့်ခြောက်ရာခန့်) ပြစ်ဒဏ် ချမှတ်ရန် သတ်မှတ်ထားသည်ကိုလည်း တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ်
Read more

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၃)



လုပ်ပိုင်ခွင့်
စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းပြီးသည်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် စာနယ်ဇင်း သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက် ရသကဲ့သို့ စာနယ်ဇင်း အချင်းချင်း အငြင်းပွားမှုများ၊ စာနယ်ဇင်း သမားများ၏ ကျင့်ဝတ်နှင့် မကိုက်ညီသော ရေးသားမှုများ၊ အပြုအမူများအပေါ် စာဖတ်ပရိသတ်က ကန့်ကွက်တိုင်ကြားမှုများကို ဖြေရှင်း ပေးရတော့မည် ဖြစ်သည်။ ထို့ပြင် စာနယ်ဇင်းသမားများ လိုက်နာရမည့် ကျင့်ဝတ်များ၊ အယ်ဒီတာများက လိုက်နာရမည့် လမ်းညွှန်ချက်များ၊ အငြင်း ပွားမှုများ၊ တိုင်ကြားမှုများကို ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ရေးဆွဲ ချမှတ်ရတော့မည် ဖြစ်သည်။ သို့သော် စာနယ်ဇင်း ကောင်စီကို ဂျာမနီ၊ ဆွီင်္ဒင်တို့ကဲ့သို့ စာနယ်ဇင်းလောက အစီအစဉ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ၊ ဒိန်းမတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစသည့် နိုင်ငံများကဲ့သို့ လွှတ်တော် ဥပဒေဖြင့် ပြဋ္ဌာန်း ဖွဲ့စည်းသည် ဖြစ်စေ ကောင်စီ၏ သဘော သဘာဝကိုက စာနယ်ဇင်းသမားများက မိမိတို့ဘာသာ ထိန်းကျောင်း ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ် ဖောက်ဖျက်မှုများနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ စာနယ်ဇင်းကို ကာယကံရှင်ကို တောင်းပန်ရန် ညွှန်ကြားခြင်း၊ အမှားပြင်ဆင်ချက် ထည့်သွင်းစေခြင်း၊ ကောင်စီ၏ သတိပေးချက်၊ ပြစ်တင်ရှုံချချက် စသည်တို့ကို ထုတ်ပြန်ခြင်း စသောနည်းလမ်းများ ဖြင့်သာ ဆောင်ရွက်ရသည်။
သို့သော် စာနယ်ဇင်းကောင်စီ ဥပဒေများတွင် ကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာခြင်း မရှိပါက ထောင်ဒဏ်၊ ငွေဒဏ် စသည့် နည်းလမ်းများဖြင့် အရေးယူဖို့  ပြဋ္ဌာန်းလေ့မရှိ။ ထို့ကြောင့် စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ စာနယ်ဇင်းက လိုက်နာအောင် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း ဆိုသည့် ပြဿနာရှိသည်။  ဗြိတိန်နိုင်ငံတွင် စာနယ်ဇင်း ကောင်စီဟု မရှိသော်လည်း စာနယ်ဇင်း အဖွဲ့အစည်းများ ပူးတွဲ ဖွဲ့စည်းထားသည့် တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင် (Press Complaints Commission) ရှိသည်။ သို့သော် ၂၀၁၁ ခုနှစ်က ရစ်ချတ်ဒတ်စ်မွန် ပိုင်ဆိုင် သည့် သတင်းစာများ ဖြစ်သော Daily Experss, Sunday Experss, Daily Star, Daily Star Sunday သတင်းစာတို့က ၎င်းတို့ သတင်းစာများနှင့် ပတ်သက်သည့် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေဖြင့် ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီး သီးခြား ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။  ထို့ကြောင့် စာနယ်ဇင်း ကောင်စီ၏ ဆောင်ရွက်ချက် များကို စာနယ်ဇင်းများ၊ စာနယ်ဇင်းသမားများ၊ ထုတ်ဝေသူများက လိုက်နာလာအောင် မည်ကဲ့သို့ ထိန်းကျောင်း ဆောင်ရွက်မည် ဆိုသည့် အချက်သည်လည်း စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများ အသက်ဝင် ရှင်သန်ရေး အတွက် အရေးကြီးသော အချက်ဖြစ်သည်။
ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်ဥပဒေ ( Freedom of Press Act )က  တစ်နှစ်လျှင် အနည်းဆုံး လေးကြိမ် ထုတ်ဝေသည့် စာနယ်ဇင်းများကို ပုံမှန်ထုတ်ဝေသည့် စာနယ်ဇင်းဟု သတ်မှတ်ပြီး ဆွီဒင်မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန တွင်မှတ်ပုံတင်ရန် ဥပဒေဖြင့် သတ်မှတ်ထားသည်။ ထိုသို့မှတ်ပုံတင်ရာတွင် စာနယ်ဇင်းအတွက် တာဝန်ခံမည့် အယ်ဒီတာ ချုပ် သို့မဟုတ် ထုတ်ဝေသူကိုပါ တစ်ပါတည်း မှတ်ပုံတင်ရသည်။ ထို့ပြင် ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် ဥပဒေက တာဝန်ခံ အယ်ဒီတာ သို့မဟုတ် ထုတ်ဝေသူအနေဖြင့် အသရေဖျက်မှုဆိုင်ရာ စွတ်စွဲချက်များနှင့် ပတ်သက်ပြီး ဥပဒေအရ တာဝန်ယူရမည့် အချက်များ၊ ကင်းလွင့်ခွင့်များကို တိတိကျကျ ပြဋ္ဌာန်းထားသည်။ ထို့ပြင် ထိုဥပဒေက ပေးအပ်ထားသည့် ကင်းလွတ်ခွင့်များကို ခံစားနိုင်ရန်အတွက် စာနယ်ဇင်းများနှင့် စာနယ်ဇင်း သမားများသည် ဆွီဒင် စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဖြစ်ရမည်ဟုလည်း ပြဋ္ဌာန်းထားခြင်းဖြင့် စာနယ်ဇင်း ကောင်စီ၏ အခန်းကဏ္ဍကို မြှင့်တင် ပေးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆွီဒင်နိုင်ငံတွင် စာနယ်ဇင်းများ အနေဖြင့် စာနယ်ဇင်း ကောင်စီသို့ မ၀င်မနေရ သတ်မှတ်ထားခြင်း မရှိသည့်တိုင် စာနယ်ဇင်း အားလုံးမှာ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဖြစ်နေပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်နေသည် ကိုတွေ့ရသည်။
ဂျာမနီနိုင်ငံ၏ အခြေအနေက တစ်မျိုးထူးခြားသည်။ ဂျာမန်နိုင်ငံတွင် စာနယ်ဇင်းများ အနေဖြင့် စာနယ်ဇင်းကောင်စီကို မ၀င်မနေရ သတ်မှတ်ထားခြင်း၊ ကောင်စီ အဖွဲ့ဝင်ဖြစ်ပါက ရရှိမည့် အကျိုးခံစားခွင့်များကို သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ကောင်စီ၏ ဆုံးဖြတ်ချက်များကို မလိုက်နာမနေရ သတ်မှတ်ထားခြင်းလည်း မရှိပေ။ ထို့ကြောင့် ၁၉၈၁ ခုနှစ်တွင် Kolner Express သတင်းစာက ၎င်းတို့၏ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်မှုအပေါ် စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ ထိုအခါ စာနယ်ဇင်းကောင်စီက ထိုဖြစ်ရပ်ပေါ် ကန့်ကွက်သည့် အနေဖြင့် ကောင်စီလုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားခဲ့သည်။ ထိုအချိန်တွင် လွှတ်တော်နှင့် ပြည်သူများက စာနယ်ဇင်း ကောင်စီအနေဖြင့် ကျင့်ဝတ် ချိုးဖောက်မှုများကို ကိုင်တွယ်နိုင်ခြင်း မရှိပါက ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ရန် တောင်းဆိုမှုများ ပြုလုပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၈၅ ခုနှစ်တွင် စာနယ်ဇင်း လောကသားများ ပြန်လည် စုစည်းပြီး စာနယ်ဇင်း ကောင်စီကို အသက်သွင်း ခဲ့ရသည်။ ယနေ့အချိန်တွင် အဓိက စာနယ်ဇင်းများ အပါအ၀င် စာနယ်ဇင်း ၉၀% ကျော်သည် စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်လျှက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ဖင်လန်နိုင်ငံကတော့ ပုံနှိပ် မီဒီယာများသာမက ရုပ်သံ မီဒီယာများ အတွက်ပါ တာဝန်ခံသည့် Council for Mass Media ကို ဖွဲ့စည်းခဲ့ပြီး ရုပ်သံ၊ အင်တာနက်နှင့် ပုံနှိပ်မီဒီယာများ၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းနေသည်ကို တွေ့ရ သည်။ ဖင်လန်နိုင်ငံတွင်လည်း ကောင်စီကို မ၀င်မနေရ သတ်မှတ်ထားခြင်း မရှိသော်လည်း ရုပ်သံနှင့် စာနယ်ဇင်း ကုမ္ပဏီကြီး အားလုံးက အဖွဲ့ဝင် ဖြစ်နေသည့်အတွက် ကျန်မီဒီယာ အားလုံးကပါ ကောင်စီတွင် ပါဝင်လိုက်နာ ဆောင်ရွက် နေသည်ကို တွေ့ရသည်။ တနည်းအားဖြင့် ကောင်စီဝင် ဖြစ်ခြင်းသည်ပင်လျှင် သက်ဆိုင်ရာ စာနယ်ဇင်း၏ တိကျမှန်ကန်မှု နှင့် ကျင့်ဝတ် လိုက်နာမှုကို အာမခံရာရောက် နေသည့်အတွက် ဆန္ဒအလျှောက် ပါဝင်လာကြခြင်း ဖြစ်သည်။
အိုင်ယာလန်နိုင်ငံလည်း တစ်မျိုးကျင့်သုံးသည်။ အိုင်ယာလန်နိုင်ငံ၏ ၂၀၀၉ ခုနှစ် အသရေဖျက်မှု ဥပဒေအရ စွတ်စွဲခံရသူ အနေဖြင့် စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဟုတ်မဟုတ်နှင့် စာနယ်ဇင်း ကောင်စီ၏ ကျင့်ဝတ်များကို လိုက်နာပြီး သတင်းရေးသား ထုတ်ဝေဖြန့်ချိခဲ့ခြင်း ဟုတ်မဟုတ် ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားရန် သတ်မှတ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီအနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့် အဖွဲ့ဝင်များကို ထုတ်ပယ်နိုင်သည့် အာဏာ ပေးအပ်ထားသည်ကိုလည်း တွေ့ရသည်။
ဒိန်းမတ်နိုင်ငံကတော့ စာနယ်ဇင်းအားလုံး မှတ်ပုံတင်ရန်နှင့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်ဖြစ်ရန် ဥပဒေဖြင့် ပြဋ္ဌာန်းထား သည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရန် လိုအပ်ချက်ကို ဒိန်းမတ်မီဒီယာ အသရေဖျက်မှု ဥပဒေ ( Media Liability Act) ထည့်သွင်း ဖော်ပြထားသည်။ ဒိန်းမတ်နိုင်ငံ အသရေဖျက်မှု ဥပဒေအရ စာနယ်ဇင်းတို်င်းတွင် အယ်ဒီတာချုပ် သို့မဟုတ် တာဝန်ခံ အယ်ဒီတာ တစ်ဦးကို မှတ်ပုံတင်ထားရပြီး စာနယ်ဇင်းပါ ရေးသားချက်များနှင့် ပတ်သက်ပြီး ထို အယ်ဒီတာက တာဝန်ယူ ဖြေရှင်းရသည်။ သို့သော် ထိုဥပဒေအရ အသရေဖျက်မှုနှင့် ပတ်သက်လျှင် တရားရုံးတွင် တရားစွဲဆိုမှု မပြုလို ပါက စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်အရ တောင်းပန်ခြင်း၊ အမှားပြင်ဆင်ချက် ဖော်ပြခြင်း၊ နစ်နာသူ၏ ဖြေရှင်းချက်ကို ထည့်သွင်း ဖော်ပြပေးခြင်းတို့ကိုလည်း ဖြေရှင်းမှု နည်းလမ်း အဖြစ် သတ်မှတ်ထားသည်။ ထိုကဲ့သို့ သတ်မှတ် ထားခြင်းကြောင့် စာနယ်ဇင်း ကောင်စီ၏ အခန်းကဏ္ဍလည်း မြင့်မားလာသည်ကို တွေ့ရသည်။
အင်ဒိုနီးရှားနိုင်ငံတွင်မူ စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များကို မလိုက်မနေရ ဥပဒေဖြင့် သတ်မှတ်ထား ခြင်းမရှိပေ။ သို့သော် စာနယ်ဇင်း ကောင်စီဝင် စာနယ်ဇင်းများ၏ ဥပဒေကြောင်းဆိုင်ရာ ပြဿနာများကို စာနယ်ဇင်းကောင်စီက ကူညီဖြေရှင်းပေးခြင်း၊ အသရေဖျက်မှုနှင့် သက်ဆိုင်သည့် တိုင်ကြားချက်များကို ကောင်စီက ကြားဝင် ဖြေရှင်းပေးခြင်းတို့ဖြင့် စာနယ်ဇင်း ကောင်စီကို စာနယ်ဇင်း လောကသားများက ယုံကြည် အားကိုးလာအောင် ဆောင်ရွက် ထားသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အသရေဖျက်မှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီ၏ ကြားဝင် ဆောင်ရွက်ပေးမှုကို လက်ခံပါက နောက်ထပ် တရားရုံးတွင် ဆက်လက် တရားစွဲဆိုမှုကို ခွင့်မပြုသည့် အပြင် စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်သေအထောက်အထားအဖြစ် အသုံးပြုခွင့် မပေးသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် အသရေဖျက်မှုနှင့် သက်ဆိုင်သည့် ကိစ္စအများစုမှ စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းချက်ဖြင့်သာ ပြေလည်သွားသည်ကို တွေ့ရသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် တရားရုံးတွင် အမှုစွဲဆိုသည့် ကိစ္စများမှာ ငွေကုန်ကြေးကျ များပြား လှသောကြောင့် နှစ်ဘက်လုံးက တရားရုံး သွားမည့်အစား ကောင်စီ၏ ကြားဝင် ဖြေရှင်းမှုများကိုသာ အားကိုး ဆောင်ရွက်လာသည်ကို တွေ့ရ သည်။
အိန္ဒိယစာနယ်ဇင်း ကောင်စီကမူ လွှတ်တော် ဥပဒေအရ ဖွဲ့စည်းခြင်း ဖြစ်သောကြောင့် စာနယ်ဇင်း အားလုံးက စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို မဖြစ်မနေ လိုက်နာရန် လိုအပ်သည်ကို တွေ့ရသည်။
အထက်ပါဥပမာများကို လေ့လာပါက စာနယ်ဇင်း ကောင်စီ၏ အခွင့်အာဏာကို ကျောထောက် နောက်ခံပြုသည့် နည်းလမ်းများမှာ အမျိုးမျိုး ကွဲပြားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် စာနယ်ဇင်းကောင်စီ အနေဖြင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ် ချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိလျှင် ကောင်စီ အပေါ်သာမက စာနယ်ဇင်းများ အားလုံးအပေါ် တွင်ပါ ပရိသတ်များ၏ ယုံကြည်အားကိုးမှုများ လျှော့နည်း သွားမည်ကတော့ သေချာနေပါသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီသည် စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများသာမက စာနယ်ဇင်းသမားများအပေါ် ဆက်ဆံမှုများ၊ သတင်း လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ရန် ကြိုးစားမှုများနှင့် ပတ်သက်ပြီး စာနယ်ဇင်းများ၏ တိုင်ကြားမှုများကို ကိုင်တွယ် ဖြေရှင်းရန် လည်းတာဝန်ရှိပေသည်။ ထို့ကြောင့် စာနယ်ဇင်းများ ကိုယ်တိုင်က စာနယ်ဇင်းကောင်စီကို လေးစားမှုမရှိလျှင် အာဏာပိုင်များဘက်ကလည်း စာနယ်ဇင်း ကောင်စီကို လျစ်လျူရှု ထားတော့မည် ဖြစ်ရာ စာနယ်ဇင်း အားလုံးက ကောင်စီ၏ လုပ်ငန်းများကို အလေးထား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်မှာ ထင်ရှားလှပါသည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
Read more

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၂)


ဘဏ္ဍာရေး
စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမှုတွင် နောက်ထပ် အရေးကြီးသည့် အချက်မှာ ဘဏ္ဍာရေး ကိစ္စဖြစ်သည်။ စာနယ်ဇင်း ကောင်စီ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည် ဘဏ္ဍာငွေ ရရှိရေးအတွက် အခြေခံ နည်းလမ်းနှစ်ခု ရှိသည်။ ပထမနည်းလမ်းမှာ အစိုးရက ကျခံပေးခြင်းဖြစ်သည်။ ဒုတိယ နည်းလမ်းမှာ စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းများ၊ ထုတ်ဝေရေး ကုမ္ပဏီများက ထည့်ဝင်ခြင်းဖြစ်သည်။ သို့သော် နည်းလမ်း နှစ်ခုလုံးတွင် ငွေကြေးထည့်ဝင်သူက စာနယ်ဇင်း ကောင်စီ၏ လုပ်ငန်းများကို သြဇာ လွှမ်းမိုးသွားလေမလား ဆိုသည့် စိုးရိမ်မှုများရှိသည်။ သြစတေးလျနိုင်ငံတွင် စာနယ်ဇင်း ကောင်စီ ရန်ပုံငွေကို စာနယ်ဇင်း ထုတ်ဝေရေး ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများက ထည့်ဝင်ရသည်။ ထိုထည့်ဝင်ငွေ၏ ၅၀% ကျော်မှာ ရူးပတ်ဖ်မားဒေါ့ပိုင် News Limited  ကုမ္ပဏီမှဖြစ်ရာ စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့် အချိန်များတွင် ရန်ပုံငွေ ထည့်ဝင်မှုကို လျှော့ချခဲ့သည့် အခြေအနေနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်လည်း သြစတေးလျ စာနယ်ဇင်းကောင်စီ အနေဖြင့် နိုင်ငံတော်၏ ပံ့ပိုးမှုကိုလည်း အတိုင်းအတာ တစ်ခုထိ လက်ခံရန် သင့်မသင့် စဉ်းစားနေရပြီ ဖြစ်သည်။ လက်ရှိအ ချိန်တွင်မူ သြစတေးလျ စာနယ်ဇင်း ကောင်စီသည် မားဒေါ့ပိုင် ကုမ္ပဏီအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရန် အတွက် ၂၀၁၁ခုနှစ်  မှစတင်ပြီး Myer Foundation ထံမှ ရန်ပုံငွေ လိုအပ်ချက်၏ ၁၅% ကို လက်ခံခဲ့သည်။   ထို့ကြောင့် နိုင်ငံတကာ စာနယ်ဇင်း ကောင်စီများ သည် ရန်ပုံငွေရရှိရေး အတွက် အစိုးရနှင့် စာနယ်ဇင်း အဖွဲ့အစည်းများ၊ ထုတ်ဝေရေး ကုမ္ပဏီများကို မှီခိုနေရသည့်တိုင် ကောင်စီ၏ လုပ်ငန်း ဆောင်တာများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရရှိစေမည့် နည်းလမ်းများကို ကြံဆ အသုံးပြုလျှက် ရှိသည်ကိုတွေ့ရပါသည်။
ဆွီဒင် စာနယ်ဇင်း ကောင်စီ၏ ရန်ပုံငွေ ၇၅% ကို သတင်းစာ ထုတ်ဝေသူများ အသင်းက ထည့်ဝင်ရပြီး ၅% ကို မဂ္ဂဇင်း ထုတ်ဝေသူများ အသင်းက ထည့်ဝင်ရသည်။ သတင်းထောက် သမဂ္ဂနှင့်အမျိုးသား သတင်းထောက် ကလပ်တို့က ၁% စီ ထည့်ဝင်ရသည်။ ကျန်လိုအပ်သော ရန်ပုံငွေကိုမူ ကျင့်ဝတ် စည်းကမ်းများကို ချိုးဖောက်သည့် စာနယ်ဇင်းများကို ဒဏ်ငွေ ချမှတ်ခြင်းက ရရှိသည်။
ဂျာမန်စာနယ်ဇင်း ကောင်စီသည် စာနယ်ဇင်း လောကသားများ သက်သက်ဖြင့် ဖွဲ့စည်းထားသော်လည်း ရန်ပုံငွေ၏ ၃၀% ကို အစိုးရထံမှ နှောင်ကြိုးမဲ့ အကူအညီဖြင့် ရယူသည်။ ၅၅% ကို ထုတ်ဝေသူများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများက ထည့်ဝင်ပြီး ၁၅% ကို သတင်းထောက်များကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများက ထည့်ဝင်ရသည်။ ဖင်လန် စာနယ်ဇင်း ကောင်စီသည်လည်း အလားတူ အစိုးရထံမှ ရန်ပုံငွေ ၃၀% ရယူသည့်စနစ်ကို ကျင့်သုံးသည်။ သို့သော် ဖင်လန်နိုင်ငံတွင် အစိုးရက စာနယ်ဇင်း ကောင်စီ အတွက် လိုအပ်သော ရန်ပုံငွေကို ရရှိရန်အတွက် သတင်းစာ ရောင်းချမှု အပေါ်တွင် ၉% VAT  အခွန်ကောက်ခံမှုကို ၂၀၁၂ ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။
ဒိန်းမတ်စာနယ်ဇင်း ကောင်စီ၏ ရန်ပုံငွေစနစ်က တစ်မျိုးထူးခြားသည်။ ရန်ပုံငွေ လိုအပ်ချက်ကို တရားရေး ၀န်ကြီးဌာနက ထုတ်ပေးပြီး စာနယ်ဇင်း ကုမ္ပဏီများ၊ အဖွဲ့အစည်းများက တရားရေး ၀န်ကြီးဌာနကို အချိုးကျရန်ပုံငွေ ပြန်လည်ပေးသွင်း ရသည်။ ဒိန်းမတ် စာနယ်ဇင်း ကောင်စီသည် ပုံနှိပ်မီဒီယာများ သာကမ ရုပ်သံလွှင့်မီဒီယာများ အတွက်ပါ တာဝန်ခံရသဖြင့်  ရန်ပုံငွေ လိုအပ်ချက်၏ ၅၀% ကို ပြည်သူ့ ၀န်ဆောင်မှု အသံလွှင့်ဌာနများ ( Public Servide Broadcasters ) ဖြစ်သည့် ဒိန်းမတ် ရေဒီယိုနှင့် ဒိန်းမတ် ရုပ်သံ ကော်ပိုရေးရှင်းတို့က ၂၉ % နှင့် TV2 ရုပ်သံလိုင်းက ၂၁% ထည့်ဝင်ပေးရသည်။ ကျန် ၅၀% ကို သတင်းစာ ထုတ်ဝေသူများ အသင်းက ၄၁ %၊ မဂ္ဂဇင်း ထုတ်ဝေသူများ အသင်းက ၃%၊ ဒေသန္တရ သတင်းစာများ ( Regional and Local ) က ၃% နှင့် ပုံနှိပ်စက် ပိုင်ရှင်များက ၃% ထည့်ဝင်ရသည်။
နယ်သာလန် စာနယ်ဇင်းကောင်စီအတွက် လိုအပ်သော ရန်ပုံငွေကို စာနယ်ဇင်း ဖောင်ဒေးရှင်း ပံ့ပိုးပေးသည်။ ထိုဖောင်ဒေး ရှင်းအတွက် လိုအပ်သော ရန်ပုံငွေများကို စာနယ်ဇင်းအသင်းအဖွဲ့များက ၁၃%၊ လုပ်ငန်းရှင်များက ၈၇% ထည့်ဝင် ရသည်။
အင်ဒိုနီးရှား စာနယ်ဇင်း ကောင်စီကတော့ ရန်ပုံငွေ ထည့်ဝင်ရမည့် ရာခိုင်နှုန်းကို သတ်မှတ်ခြင်းမရှိဘဲ ပုံနှိပ်မီဒီယာ ဥပဒေတွင် စာနယ်ဇင်း ကောင်စီ အနေဖြင့် စာနယ်ဇင်း ထုတ်ဝေသူ အဖွဲ့စည်းများ၊ စာနယ်ဇင်းအဖွဲ့အစည်းများနှင့် အစိုးရ/ အလှုရှင်များထံက နှောင်ကြိုးမဲ့ အကူအညီများကို ရယူရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
အိန္ဒိယ စာနယ်ဇင်းကောင်စီကမူ လိုအပ်သော ရန်ပုံငွေကို စောင်ရေ ငါးထောင်နှင့် အထက် ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များထံမှ စောင်ရေပေါ် မူတည်ပြီး အချိုးကျ အခွန်ကောက်ခံ စုဆောင်းသည်။ အကယ်၍ ဘတ်ဂျက် လိုငွေပြခဲ့လျှင် လိုအပ်သောငွေကို ပြန်ကြားရေး ၀န်ကြီးဌာနက ဖြည့်ဆည်းပေးသည်။
စာနယ်ဇင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားများ၏ အခွင့်အရေးနှင့် ပြည်သူများ၏ အမှန်တရား သိပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက် အကောင်အထည် ဖော်ရာတွင် စာနယ်ဇင်း ကောင်စီများသည် အရေးကြီးသည့် အခန်းက ပါဝင်နေပါသည်။  သို့သော်  စာနယ်ဇင်း ကောင်စီ တစ်ခုအနေဖြင့် ထိထိ ရောက်ရောက် လုပ်ငန်း ဆောင်ရွက် လိုသည်ဆိုလျှင် လုံလောက် သည့် ရန်ပုံငွေ ရှိဖို့လိုသည်။ စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှုကို မထိခိုက်စေပဲ လုံလောက်သည့် ရန်ပုံငွေ ရရှိအောင် မည်ကဲ့သို့ ဆောင်ရွက်မည် ဆိုသည်မှာ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရေး လုပ်ငန်းစဉ်တွင် အရေးအကြီးဆုံး အချက်ဖြစ်သည် ဟုပင် ဆိုချင်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
Read more

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၁)



စာနယ်ဇင်း ကောင်စီသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကျင့်သုံးနေသည့် နိုင်ငံ အတော်များများတွင် တွေ့နိုင်သော အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံ အများစုတွင် စာနယ်ဇင်း ကောင်စီ ရှိသည်ဖြစ်ရာ စာနယ်ဇင်း လွတ်လပ်ခွင့်၏ အင်္ဂါရပ် တစ်ခု အဖြစ်လည်း ဆိုနိုင် ပါသည်။
ဖွဲ့စည်းရခြင်းရည်ရွယ်ချက်
စာနယ်ဇင်း ကောင်စီ ဘာ့ကြောင့် ဖွဲ့ရသလဲဟု မေးလျှင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် စာနယ်ဇင်း သမားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများကို ကာကွယ် စောင့်ရှောက်ရန် ဖြစ်သည်ဟု ဆိုကြမည် ဖြစ်သည်။ တကယ်တော့ ထိုအဖြေသည် တစ်ဝက်သာ မှန်သည်။ နောက်ထပ် ကျန်သေးသည်။ ထိုအချက်မှာ ပြည်သူတို့၏ အခွင့် အရေးများကို ကာကွယ်ရန် ဖြစ်သည်။ စာနယ်ဇင်း ကောင်စီများက စာနယ်ဇင်း သမားများ အနေဖြင့် သတင်း အချက် အလက်များကို လွတ်လပ် စွာရယူ ဖြန့်ဖြူး ခွင့်ရအောင် ကာကွယ် စောင့်ရှောက်သလို  ပြည်သူများ အနေဖြင့် မှန်ကန် တိကျသော သတင်းများ ရရှိအောင်လည်း ကာကွယ် စောင့်ရှောက် ပေးရန် တာဝန်ရှိသည်။ ထိုအချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် စာနယ်ဇင်း သမားများ စောင့်ထိန်း အပ်သော ကျင့်ဝတ်များကို စာနယ်ဇင်း ကောင်စီက ရေးဆွဲ ပေးရသလို ထိုကျင့်ဝတ် ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်လျှင်လည်း စာနယ်ဇင်း ကောင်စီကသာ ဖြေရှင်း ပေးရသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် စာနယ်ဇင်းများ၏ ဂုဏ်သိက္ခာ မြင့်မားပြီး ပြည်သူလူထု၏ ယုံကြည်မှုကိုလည်း ပိုမို ရရှိ စေသည် ဖြစ်ရာ စာနယ်ဇင်းများ၏ အကျိုးစီးပွားကို တစ်ဖက် တစ်လမ်းက ဖော်ဆောင် ပေးခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင် သည်။
ဖွဲ့စည်းပုံအမျိုးမျိုး
 စာနယ်ဇင်း ကောင်စီကို မည်ကဲ့သို့ ဖွဲ့စည်းသည် ဆိုသည့် အချက်သည် စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှုနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ ကျင့်ဝတ်များကို ကာကွယ် စောင့်ရှောက်နိုင်မှု အတို်င်းအတာကို ပြဋ္ဌာန်းသည်။ စာနယ်ဇင်း ကောင်စီများကို ဖွဲ့စည်းရာတွင် အများဆုံး အသုံးပြုသော နည်းလမ်းမှာ စာနယ်ဇင်း သမားများ၊ ထုတ်ဝေသူများကို ကိုယ်စားပြု သူများနှင့် ပြည်သူများ အတွင်းက ဂုဏ်သတင်း ကျော်ကြားသူများ အထူးသဖြင့် ဥပဒေ ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းသည့် နည်းလမ်း ဖြစ်သည်။
ဆွီဒင် စာနယ်ဇင်း ကောင်စီသည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး စာနယ်ဇင်း ကောင်စီ ဖြစ်ပြီး ၁၉၁၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ အစပိုင်းတွင် ထုတ်ဝေသူများ၊ အယ်ဒီတာ များနှင့် သတင်းထောက် များအကြား အငြင်းပွားမှု များကို ဖြေရှင်း ရန်ရည်ရွယ် ခဲ့သော်လည်း နောက်ပိုင်းတွင် စာနယ်ဇင်းများနှင့် ပတ်သက်ပြီး ပြည်သူများ၏ တိုင်ကြားချက် များကိုပါ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။ ဆွီဒင် စာနယ်ဇင်း ကောင်စီကို မီဒီယာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Committee for Media Cooperation) ကကြီးကြပ် ဖွဲ့စည်းပေးသည်။ ထိုကော်မတီတွင် ဆွီဒင် သတင်းစာ ထုတ်ဝေသူများ အသင်း၊ မဂ္ဂဇင်းထုတ် ဝေသူများအသင်း၊ သတင်းထောက် သမဂ္ဂနှင့် အမျိုးသား သတင်းထောက် ကလပ် ဆိုသည့် အဖွဲ့အစည်း လေးခုမှ ကိုယ်စားလှယ် နှစ်ဦးစီ စုစုပေါင်း ၈ ဦးဖြင့် ဖွဲ့စည်းပြီး အမျိုးသား သတင်းထောက် ကလပ် ဥက္ကဌက ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူသည်။ ထို့ပြင် အဖွဲ့အစည်း တစ်ခုစီက အရန်အဖွဲ့ တစ်ဦးစီ ကိုလည်း ရွေးချယ် ပေးထား ရသည်။ ထိုကော်မတီက ဆွီဒင် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များကို ရွေးချယ်ခြင်း၊ စာနယ်ဇင်း ကောင်စီ အတွက် လိုအပ်သော ဘတ်ဂျက်များ လျာထားခြင်း တို့ကို ဆောင်ရွက်သည်။
ဆွီဒင် စာနယ်ဇင်း ကောင်စီတွင် အဖွဲ့ဝင် ၁၈ ဦးပါရှိပြီး တရားသူကြီး လေးဦး၊ စာနယ်ဇင်းနှင့် ထုတ်ဝေသူ လောကမှ ရှစ်ဦး နှင့် ပြည်သူလူထု အတွင်းမှ ခြောက်ဦး ပါဝင်သည်။ တရားသူကြီး လေးဦးက စာနယ်ဇင်း ကောင်စီ ဥက္ကဌ နှင့် ဒုတိယဥက္ကဌ သုံးဦးအဖြစ် တာဝန်ယူသည်။ မီဒီယာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ က တရားသူကြီး လေးဦးနှင့် စာနယ်ဇင်း လောက ကိုယ်စားပြုသူ ရှစ်ဦးကို ရွေးချယ်ပြီး ပြည်သူလူထု ကိုယ်စားပြု ခြောက်ဦးကို လွှတ်တော်နှင့် ရှေ့နေကောင်စီက ရွေးချယ် ပေးသည်။ သက်တမ်းအားဖြင် စာနယ်ဇင်းနှင့် ပြည်သူလူထု ကိုယ်စားပြု သူများသည် နှစ်နှစ် သက်တမ်း သုံးကြိမ် တာဝန် ထမ်းဆောင် တရားသူကြီး လေးဦးမှာ နှစ်နှစ်သက်တမ်း လေးကြိမ် တာဝန် ထမ်းဆောင် နိုင်သည်။
ဒိန်းမတ စာနယ်ဇင်း ကောင်စီကို ၁၉၆၄ ခုနှစ်တွင်စတင် ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ်တွင် စာနယ်ဇင်း ကောင်စီ အပါအ၀င် မီဒီယာ ဥပဒေများကို သီးခြား လွတ်လပ်သော ကော်မရှင် တစ်ရပ်က ပြန်လည် သုံးသပ် လေ့လာပြီး အစီရင်ခံစာ တင်သွင်း ခဲ့သည်။ ထိုအစီရင်ခံစာ ပေါ်မူတည်ပြီး ၁၉၉၂ ခုနှစ်တွင်  ဒိန်းမတ် စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန် များကို ပြောင်းလဲ သတ်မှတ်သည့် ဥပဒေတစ်ခုကို လွှတ်တော်က ပြဋ္ဌာန်း ပေးခဲ့သည်။ ထိုဥပဒေအရ ဒိန်းမတ် စာနယ်ဇင်း ကောင်စီတွင် ဥက္ကဌတစ်ဦး၊ ဒုတိယဥက္ကဌ တစ်ဦးနှင့် အဖွဲ့ဝင်ခြောက်ဦး၊ စုစုပေါင်း ရှစ်ဦးပါဝင်ပြီး ကောင်စီဝင် အားလုံးကို တရားရေး ၀န်ကြီး ( Minister of Justice ) က ခန့်အပ်သည်။ ဥပဒေအရ ဥက္ကဌနှင့် ဒုတိယ ဥက္ကဌတို့မှာ ဥပဒေဘွဲ့ရများ ဖြစ်ရန် သတ်မှတ် ထားပြီး လက်တွေ့ ဆောင်ရွက်ရာတွင် တရားရုံးချုပ် တရားသူကြီးများ ( memberof the Supreme Court ) ကို ခန့်အပ်တာဝန်ပေးလျှက် ရှိသည်ကို တွေ့ရသည်။ ကျန်အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် သတင်းထောက် အသင်းအဖွဲ့ များက နှစ်ဦး၊  ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်သံ အယ်ဒီတာ များကို ကိုယ်စားပြုသည့် အဖွဲ့ အစည်းများက နှစ်ဦးနှင့် အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများက နှစ်ဦး ရွေးချယ် ပေးရသည်။ ကောင်စီဝင်များ၏ သက်တမ်းကို လေးနှစ် သတ်မှတ် ထားပြီး ပြန်လည် အရွေး ခံနိုင်ခွင့် ရှိသည်။
ဂျာမန်စာနယ်ဇင်း ကောင်စီကတော့ ကျန်နိုင်ငံများနှင့် ကွဲပြား ခြားနားပြီး ကောင်စီကို စာနယ်ဇင်း လောကမှ ပုဂ္ဂိုလ်များနှင့် သာဖွဲ့စည်း ထားသည်။ ဂျာမန် စာနယ်ဇင်း ကောင်စီကို ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင်မူ စာနယ် ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်များကို သတင်းစာများက လိုက်နာရန် ပျက်ကွက်ခြင်းကို အကြောင်းပြုပြီး စာနယ်ဇင်း ကောင်စီ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။ ထိုအချိန်တွင် ဂျာမန် စာနယ်ဇင်းများ၏ တာဝန်မဲ့ ရေးသားချက်များကို မကျေနပ်သည့် ပြည်သူများက စာနယ်ဇင်း ကောင်စီတစ်ခုကို လွှတ်တော် ဥပဒေဖြင့် ဖွဲ့စည်းရန် တောင်းဆိုမှုများ ပေါ်ပေါက် လာခဲ့သည်။ ထိုကဲ့သို့ ကြိုးပမ်းမှုများကို ဟန့်တားရန်အတွက် ဂျာမန်စာနယ်ဇင်းများ ပြန်လည် ညှိနှိုင်းပြီး စာနယ်ဇင်း ကောင်စီကို ၁၉၈၅ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း ခဲ့ရသည်။
ထိုသဘော တူညီချက်အရ ဂျာမန် မီဒီယာ အဖွဲ့အစည်းကြီး လေးခု ( ထုတ်ဝေသူနှင့် သတင်းစာဆရာ အသင်းနှစ်ခု၊ သတင်းစာ ဆရာ သမဂ္ဂနှင့် စာပေလုပ်သား သမဂ္ဂနှစ်ခု )  စုပေါင်းပြီး association of sponsors of the German Press Council ကို ဖွဲ့စည်း ခဲ့ပါသည်။ ထိုအဖွဲ့ကြီးက စာနယ်ဇင်း ကောင်စီ၏ လုပ်ငန်းများကို ကြီးကြပ်ပေးမည့် ဘုတ်အဖွဲ့တစ်ခု ကို ထပ်မံဖွဲ့စည်း တာဝန်ပေး ခဲ့သည်။ ထိုဘုတ်အဖွဲ့တွင် စာနယ်ဇင်း အဖွဲ့အစည်းကြီး တစ်ခုလျှင် ကိုယ်စားလှယ် နှစ်ဦးကျ ပါဝင် ဖွဲ့စည်းထားပြီး ဥက္ကဌနှင့် ဒုဥက္ကဌ တာဝန်ကို ထုတ်ဝေသူနှင့် သတင်းစာဆရာ အသင်းနှစ်ခုက အလှည့်ကျ ပြောင်းလဲ တာဝန်ယူသည်။ ထိုဘုတ်အဖွဲ့၏ တာဝန်မှာ စာနယ်ဇင်းကောင်စီအတွက် လိုအပ်သော ညွှန်ကြားချက်များ ရေးဆွဲ ထုတ်ပြန်ခြင်း၊ ဘတ်ဂျက် သတ်မှတ်ခြင်းနှင့် ရာထူး ခန့်ထားရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်သည်။
စာနယ်ဇင်း ကောင်စီကိုမူ အဖွဲ့ဝင် နှစ်ဆယ့် ရှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး မီဒီယာ အဖွဲ့အစည်း တစ်ခုလျှင် မိမိတို့ နှစ်သက်သည့် နည်းလမ်းဖြင့် ကိုယ်စားလှယ် ခုနှစ်ဦးစီ ရွေးချယ် ရသည်။ ကောင်စီဝင်များ၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်ပြီး အများဆုံးထမ်း ဆောင်နိုင်သည့် သက်တမ်းကို ကန့်သတ်ထားခြင်း မရှိပါ။
အင်ဒိုနီးရှား စာနယ်ဇင်း ကောင်စီတွင် အဖွဲ့ဝင် ကိုးဦးရှိပြီး သတင်းထောက် အဖွဲ့အစည်းများ၊ ထုတ်ဝေသူ အဖွဲ့အစည်း များနှင့် ပြည်သူများ အတွင်းမှ ထင်ရှား ကျော်ကြားသူများ ဖြင့်ဖွဲ့စည်းသည်။ စာနယ်ဇင်း ကောင်စီတွင် ပါဝင်သူများက ဥက္ကဌ နှင့် ဒုတိယဥက္ကဌကို ပြန်လည် ရွေးချယ်သည်။ ကောင်စီတွင် ပါဝင်မည့် သူများကို သမ္မတက အမိန့် ဒီဂရီဖြင့် တာဝန် ပေးအပ်သည်။ စာနယ်ဇင်း ကောင်စီဝင်များ၏ သက်တမ်းသည် သုံးနှစ်ဖြစ်ပြီး နှစ်ကြိမ် ဆက်တိုက် တာဝန် ထမ်းဆောင်ခွင့် ရှိသည်။
အိန္ဒိယ စာနယ်ဇင်း ကောင်စီ၏ အဖွဲ့ဝင်များ ရွေးချယ်မှု ကလည်း တစ်မျိုး ကွဲပြားသည်။ အိန္ဒိယ ပါလီမန်က စာနယ်ဇင်း ကောင်စီ ဥပဒေကို သီးခြား ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေအရ စာနယ်ဇင်း ကောင်စီတွင် အဖွဲ့ဝင် ၂၈ ဦး ပါဝင်သည်။ ထိုအဖွဲ့ဝင်များ အနက် ၂၀ ဦးကို အစိုးရက အသိအမှတ်ပြု ထားသည့် စာနယ်ဇင်း ဆိုင်ရာ အဖွဲ့အစည်းများက ရွေးချယ် ပေးရသည်။ ငါးဦးကိုမူ လွှတ်တော် နှစ်ရပ်က ရွေးချယ်ပေးပြီး ကျန်သုံးဦးကို ပညာရေးဆိုင်ရာ အဖွဲ့အစည်း နှစ်ခုနှင့် ရှေ့နေကောင်စီတို့က ရွေးချယ် ပေးသည်။ ကောင်စီဝင်များ၏ သက်တမ်းမှာ သုံးနှစ် ဖြစ်သည်။ ကောင်စီဥက္ကဌ ရာထူးကိုမူ အငြိမ်းစား တရားရုံးချုပ် တရားသူကြီး တစ်ဦးကို တာဝန်ပေးရန် သတ်မှတ် ထားသည်။
ထို့ကြောင့် နိုင်ငံတကာ စာနယ်ဇင်း ကောင်စီများ ဖွဲ့စည်းမှုကို လေ့လာပါက အများစုမှာ စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များ နှင့် ပြည်သူလူထု အတွင်းမှ ထင်ရှား ကျော်ကြားသော၊ ဂုဏ်သိက္ခာ ရှိသူသောသူများ ပေါင်းစပ်ဖွဲ့စည်း ထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် ဖွဲ့စည်းမှု အချိုးတွင်လည်း စာနယ်ဇင်း လောက ကိုယ်စားပြုသူများက အများစု ပါဝင်သည်ကို တွေ့ရပါသည်။ သို့သော် အချို့ နိုင်ငံများတွင်မူ စာနယ်ဇင်းများ၏ ရေးသားချက်ကို တိုင်ကြားသည့် ကိစ္စများကို ကို်င်တွယ်သည့် ဆပ်ကော်မတီ မျိုးတွင်မူ ပြည်သူလူထု ကိုယ်စားပြု ပုဂ္ဂိုလ်များကို အများစုထားပြီး ဖွဲ့စည်း လေ့ရှိသည်ကို လည်းလေ့လာ တွေ့ရှိရပါသည်။ နောက်ထပ် သတိပြုသင့်သည့် အချက်မှာ နိုင်ငံ အတော်များများတွင် ဥပဒေရေးရာ ကျွမ်းကျင်သူများကို စာနယ်ဇင်း ကောင်စီတွင် ထည့်သွင်း ဖွဲ့စည်းသည့် အချက် ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းခြင်း အားဖြင့် အငြင်းပွားမှု များကို ဖြေရှင်းရာတွင် လည်းကောင်း၊ ကောင်စီ၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းများကို ရေးဆွဲရာတွင် လည်းကောင်း များစွာ အထောက်အကူ ဖြစ်နိုင်သည့် အတွက် ထည့်သွင်း စဉ်းစား သင့်သည့် အချက် ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်-
ရဲထွဋ်
Read more